Chapter 3
Viewers 685

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch 3


'ဒီနေ့ကစပြီး မတူလောက်တော့ဘူးထင်တယ်...'


နောက်တစ်နေ့မနက်တွင် လူနာ့သည် ထမင်းစားခန်းထဲသို့ ပျော်ရွှင်စွာ ဆင်းလာခဲ့သော်လည်း သူမ မထင်မှတ်ထားသူ တစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အေးခဲသွားမိသည်။


"လူနာ့!"


"...ဖယ်ဆန်!"


မနက်မိုးလင်းတာနဲ့ ဒီကောင်က ဘယ်ရွယ်စံအိမ်ဆီကို ဘာလို့ရောက်လာပြန်ရတာလဲ... သူမက သူ့ကို အထဲဝင်ခွင့်မပေးဖို့ တံခါးဖွင့်မပေးဖို့တောင်းဆိုထားတာတောင် သူကဘာလို့ရောက်လာပြန်ရတာလဲ!


လူနာ့ ကြောင်အနေချိန်မှာပဲ ဖယ်ဆန်က သူ့ဆံပင်ကို သူညွှန်ပြလာသည်။


"ဘယ်လိုနေလဲ.."


"ဘာကိုလဲ"


'ဗလာဖြစ်နေတဲ့ သူ့ခေါင်းအကြောင်းကို မေးနေတာလား...'


ထိုသို့ဆိုလျှင် သူမသည် ပြင်းပြင်းထန်ထန်ဝေဖန်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဖယ်ဆန်၏မေးခွန်းမှာ ထိုအကြောင်းမဟုတ်ပေ..


"ငါ့ဆံပင်လေ"


သူ့ဆံပင်လား... သူက ဆံပင်ကိုတစ်ဖက်သို့သပ်ပြလာသည်။ သို့သော် လူနာသည် သူ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်သွားပြီးမျက်ခုံးပင့်လိုက်မိသည်။


"မမိုက်ဘူးလား...ဒီရက်တွေထဲ ခေတ်စားနေလို့လေ စမ်းကြည့်လိုက်တာ"


"မနက်စောစော ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ"


"အဓိပ္ပာယ်မရှိတာလား... ငါက မင်းကို ပထမဆုံးအရင်ပြဖို့ လာခဲ့တာလေ... မင်း ဒီနေ့ စိတ်အဆင်မပြေနေဘူးလား... ဒါမှမဟုတ် ငါ့ဆံပင်က မကောင်းလို့လား"


"အဲဒါက ကောင်းတာပဲဖြစ်ဖြစ် ခေတ်မီတာပဲဖြစ်ဖြစ် အရေးမကြီးဘူး...အရေးကြီးတာက နင်ဘာလို့ဒီရောက်နေတာလဲ.. ထပ်မလာနဲ့လို့ ငါပြောထားတယ်လေ!"


"အတူတူထမင်းစားဖို့.."


ဖယ်ဆန်သည် လူနာ၏ အေးစက်သော တုံ့ပြန်မှုအားယိမ်းယိုင်ဘဲ သူ့ဘေးရှိ ထိုင်ခုံဆီသို့ ပေါ့ပေါ့ပါးပါး ညွှန်ပြခဲ့သည်။ လူနာက စိတ်ပျက်လက်ပျက်ဖြင့် ရင်ဘတ်ကို တစ်ချက်ဖိပြီး ထပ်မေးလိုက်သည်။


"ဒီမှာစားမလို့လား ဘာလို့လဲ.."


"အင်း... ဘာလို့ဆိုငါမင်းနဲ့ အတူစားချင်လို့လေ လူနာ"


"…ဖယ်ဆန်...နင်အခု လာနောက်နေတာလား.... မနေ့က ငါပြောတာ မကြားလိုက်ဘူးလား... ထပ်မလာခဲ့နဲ့တော့လို့ ပြောခဲ့တယ်လေ ငါက နင့်အတွက် ဟာသကြီးလား"


'ငါနင်နဲ့တွေ့နေလို့ ငါအသတ်ခံလိုက်ရမှ နင်စိတ်ကျေနပ်မှာလား'


မနက်စောစောစီးစီးထဲက ချောက်ထဲ ကျသွားသလို ခံစားရပြီး လူနာသည် သူမဆံပင်ကိုသူမ ဆုပ်ကိုင်လိုက်ကာ ဒေါသကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူမကို စေ့စေ့ကြည့်နေသော ဖယ်ဆန်သည် အဓိပ္ပါယ်မဲ့သောစကား ထပ်ပြောလာခဲ့ပြန်သည်။


"မင်းက စိတ်ဆိုးနေရင်တောင် လှတာပဲ"


"ဘာအဓိပ္ပာယ်မရှိတာပြောနေပြန်ပြီလဲ!"


"ငါက အမှန်တိုင်းပြောတာလေ..."


"နင်..တကယ်ကို...!"


လူနာ ဒေါသပေါက်ကွဲတော့မည့်အချိန်တွင် ဘယ်ရွန်ပဲလ်မြို့စားသည် ကြင်နာသောအပြုံးတစ်ခုဖြင့် ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည် ။


"လူနာ! မောနင်း သမီးလေး...ငါတို့ ဒီနေ့ အထူးဧည့်သည်တစ်ယောက်ရှိတယ်ဆိုတော့ မနက်စာက အရသာရှိနေတော့မှာပဲ"


ဖယ်ဆန်ကို ဝင်ခွင့်ပြုလိုက်ယသူမှာသူ့အဖေမှန်းသိလိုက်ရသည်နှင့် လူနာသည် သူမလက်ကို ခေါင်းပေါ်သို့တင်လိုက်မိတော့သည်။


ဟုတ်တာပေါ့! တစ်ယောက်တစ်ယောက်က ခွင့်ပြုထားလို့သာ သူဒီလိုမျိုးထိုင်နေနိုင်တာဖြစ်သည်။ထို့အပြင် ဒီအိမ်ကြီး၌ ဒီလိုလုပ်နိုင်သော တစ်ဦးတည်းသော သူမှာ ဖယ်ဆန်နှင့် ရင်းနှီးသော သူမအဖေသာရှိလေသည်။


မနေ့ကမှ ထပ်မတွေ့တော့ပါဘူးဟု ကတိပေးခဲ့ပေမယ့် 24 နာရီတောင် မကြာသေးဘူး မနက်စာ အတူတူစားကြရတော့မည်။ မည်သူမဆို သူတို့ကို မြင်ပါက မှားယွင်းစွာ ကောက်ချက်ချပြီး ကျိန်ဆဲကြလိမ့်မည်ဖြစ်သည်။ ဒါက တကယ်ကို ရူးချင်စရာ အခြေ အနေတစ်ခုပင်ဖြစ်သည်။


“ကျေးဇူးပြုပြီး ထိုင်ကြပါ...မနက်စာစားကြရအောင်"


"အဖေ…"


လူနာသည် သူမအဖေကို လှည့်ကြည့်လိုက်ရင်း သူမ၏စိတ်ပျက်လက်ပျက် အမူအရာတွေအား ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ပေ။


ဘယ်ရွန်ပဲလ်သည် သူ့မိသားစုကို ချစ်ခင်မြတ်နိုးသူဖြစ်သည်။ သို့သော်လည်း သူ့တွင် ကြီးမားသော ချို့ယွင်းချက်အချို့ ရှိနေခဲ့သည်။ ပြောရလျှင် သူသည်ငွေကြေးကို အလွန်ဖြုန်းတီးမိခြင်း နှင့် လူမှုရေးပတ်ဝန်းကျင်ကို လုံးဝသတိမမူမိခြင်း ပင်ဖြစ်သည်။ ဖယ်ဆန်ကြောင့် သူ့ကလေးသည် အမျိုးမျိုးသော စော်ကားမှုတွေကို ခံနေရတာကို သူသေချာမသိပေ။


လူနာသည် ယခင်က သူနှင့် အကြိမ်ကြိမ် စကားပြောရန် ကြိုးစားခဲ့သော်လည်း သူသည်အမြဲတမ်းတစ်ပုံစံထဲသာတုံ့ပြန်ခဲ့သည်။


'ဟားဟား! သမီးတို့က တကယ့်ကို ရင်းနှီးတဲ့သူငယ်ချင်းတွေမို့လို့ လူတွေက ထူးဆန်းပြီး နားလည်မှုလွဲနေကြတာပါ!' 


ဒီကိစ္စသည် သူ့ဆီရောက်သွားတော့မှ ဘာမှမဟုတ်သလိုဖြစ်သွားရသည်။သူသည်လည်း ဒီကိစ္စတွင် ဖယ်ဆန်နှင့် ဘာမှမခြားပေ။


ဖြေရှင်းရင်ဆိုင်စရာတွေ များလာသည်နှင့်အမျှ လူနာသည် လည်ပင်းအင်္ကျီစကိုတင်းတင်းဆွဲကာ စိတ်ကိုရှင်းဖို့ကြိုးစားလိုက်သည်။ သူမသည် မလိုအပ်သော စကားများဖြင့် လန်းဆန်းသော နံနက်ခင်းကို ပျက်ပြားစေရန် မရည်ရွယ်ချင်သောကြောင့် နောက်ဆုံးတွင် ငြိမ်သက်စွာသာထိုင်လိုက်တော့သည်။


သူတို့နှစ်ယောက်သာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကောင်းကောင်းနဲ့ ပေါင်းစည်းခဲ့မယ်ဆိုပါက ဒီအခြေအနေတွင် ကျရှုံးမည့်သူမှာ လူနာ ကိုယ်တိုင်ပဲ ဖြစ်မည်ဆိုတာ ထင်ရှားသည်။ ဤအတားအဆီးကို ကျော်လွှားရန် အခြားနည်းလမ်းကို သူမ ရှာဖွေရပေမည်။


"ဒီနေ့ အလုပ်သွားတဲ့အခါကျ ကျွန်တော့်ရထားနဲ့တစ်ခါတည်းလိုက်ခဲ့ရင်ရောဘယ်လိုလဲ..."


ဆရာဝန်က "ခွဲစိတ်မှုအဆင်ပြေသွားပါပြီ"ဟုပြောတာကို သူတို့ကြားခဲ့ရသည်။


"ဒါပေမယ့် အပြန်လမ်းမှာ အဆင်မပြေဖြစ်နိုင်တယ်"


"မြို့စားကြီးရဲ့ရထားနဲ့ပဲ ပြန်လိုက်စီးလိုက်လေ..."


"ဟမ်... အဲဒါက အဆင်ပြေပါ့မလားတော့ မသိဘူး"


"ဟားဟား...အဲ့တာကအဆင်ပြေတာပေါ့ ကျွန်တော်လည်း အတူလိုက်လာခဲ့ပြီး ညစာ အတူတူစားလို့ရတာပဲ"


"တကယ်လား... ကောင်းလိုက်တဲ့အကြံပဲ!"


ထို့အပြင် လူနာသည် ဘယ်ရွန်မြို့စား၏ရှေ့တွင်ဖယ်ဆန်အပေါ်ထားသည့် သူမ၏ဒေါသကို ပေါ်ပေါ်ထင်ထင်ထုတ်မပြနိုင်သည့်နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိသေးသည်။ ဘယ်ရွန်ပဲလ်သည် ဖယ်ဆန်၏မိသားစုအတွက်အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။


တစ်ပြားတစ်ချပ်မှမရှိဘဲ သူ့ကိုယ်ပိုင်မိသားစု နေထိုင်စားသောက်နိုင်ရန်နှင့်ပတ်သက်၍ ဘယ်ရွန်မြို့စားသည် အခြားမိသားစုအတွက် ဘတ်ဂျက်ကို စီမံခန့်ခွဲရန် တာဝန်ယူခဲ့သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်အလုပ်မဟုတ်သော်လည်း စာဖြင့်ရေးသားရရှိထားသော ဘတ်ဂျက်ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရန်နှင့် မှတ်တမ်းတင်ပြီး စစ်ဆေးရန်သာရှိသော ရိုးရှင်းသောအလုပ်ဖြစ်သည်။ သေချာတာပေါ့... ဒီအလုပ်အတွက် ပညာရေးနှင့် အသိပညာအဆင့်တစ်ခုအထိရှိရန်လည်း လိုအပ်ပေသည်။ ဒါကြောင့် မြို့စားငယ်လေးတစ်ဦးဖြစ်သည့် ဘယ်ရွန်ပဲလ်သည် ဒီတာဝန်ကို ထမ်းဆောင်ခဲ့သည်။


ထို့အတွက်ကြောင့် လူနာကိုယ်တိုင်သည် အခက်အခဲများကို ကျော်လွှားနိုင်ရန်စီစဥ်ခဲ့ရပြီး ဖယ်ဆန်နှင့် ငယ်သူငယ်ချင်းများ ဖြစ်လာခဲ့ရသည်။


'နောက်ကြမှသိလာရတာက ဒါက ဆင်ခြေတစ်ခုဆိုတာကိုပဲ'


ဖယ်ဆန်နှင့် ငယ်စဉ်က သူငယ်ချင်းဖြစ်ရခြင်း တကယ့်အကြောင်းပြချက်မှာ ဒီလိုဖြစ်မှသာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေအောင် ထောက်ပံ့ပေးမည့်အသုံးချခံသူဖြစ်လာရမည်ဖြစ်တာကြောင့်ပင်...


'ဒါပေမယ့် ငါကတော့ဒါကို ဒီအတိုင်းမထားလိုက်နိုင်ဘူး'


မဟုတ်ပါက မနေ့က ဆိုင်ယာ့ကို ဖယ်ဆန်နှင့်ထပ်တွေ့တော့မှာမဟုတ်ဘူးလို့ သူမပြောခဲ့သည့်စကားသည် အလိမ်အညာတစ်ခုဖြစ်သွားနိုင်သည်။ သူ့ကို သူမကစံအိမ်ဆီ မဖိတ်ခဲ့ပေမဲ့လို့ အခုအခြေအနေသည့် နားလည်မှုလွဲသွားနိုင်ပေသည်။


'အဖေ သူ့ကိုဆက်ခေါ်နေတာကအဓိပ္ပာယ်မရှိရယ်စရာဆိုပေမယ့် ငါလည်းဘာမှမတတ်နိုင်ဘူး'


လူနာသည် ပျော်ရွှင်စွာဖြင့် အရသာရှိရှိသုံးဆောင်နေသော ဘယ်ရွန် နှင့် ဖယ်ဆန် တို့ကို ဘေးဖယ်ထားရင်း အနည်းငယ်သာစားပြီး ထမင်းစားခန်းထဲမှ ထွက်လာခဲ့လိုက်သည်။


***


မနက်တုန်းက ကတိပြုခဲ့သည့်အတိုင်း ဖယ်ဆန်သည် ညနေပိုင်းတွင် ဘယ်ရွန်မြို့စားနှင့်အတူ အိမ်ပြန်ပါလာခဲ့သည်။


‌ချီးပဲ! သူမအဖေကို တစ်ယောက်တည်းလာခဲ့ဖို့ တောင်းဆိုခဲ့တာ သေချာတာကို!!


မျှော်လင့်ထားသလိုပဲ ဘယ်ရွန်မြို့စားသည် ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားခဲ့သည့်အတွက်ကြောင့် ဒီတစ်ကြိမ်လည်း အဆင်မပြေခဲ့ပေ။


အဝတ်အစားလဲပြီး အခန်းထဲသို့ ပျောက်ကွယ်သွားသော ဘယ်ရွန်မြို့စားကြောင့် သူမသည် စံအိမ်ကြီး၏အပြင်ဘက်တွင် ဖယ်ဆန်ကိုအဖော်ပြုနေရ၍ မျက်မှောင်ကြုတ်လိုက်မိသည်။


"လူနာ မင်းကြိုက်တဲ့ ကိတ်မုန့်ဝယ်လာခဲ့တယ်... ညစာစားပြီးရင် အတူတူစားကြရအောင်!” 


ဖယ်ဆန်က တောက်ပစွာ ပြုံး၍ ကျေနပ်စွာ ပြောလာခဲ့သည်။


ဒီအရူးကတော့!သူ အခု ဘာလုပ်နေလဲ သူ့ကိုယ်သူသိရဲ့လား...


"ကိတ်မုန့်ကို မေ့လိုက်တော့..ငါအဲ့တာနဲ့ နင့်မျက်နှာကို မပစ်ပေါက်ခင်ပြန်ယူသွားလိုက်"


"ဟားဟား... မင်းဒီလိုပြောတဲ့အချိန်တိုင်း ငါ့ကိုအရင်အချိန်တွေပြန်သတိရမိစေတယ်... ငယ်ငယ်တုန်းက မင်း ငါ့မျက်နှာကိုကိတ်မုန့်နဲ့ မတော်တဆ ပစ်မိတဲ့အချိန်တုန်းက.... မင်း အံ့သြစရာသွားတဲ့ မျက်နှာလေးက အရမ်းချစ်စရာကောင်းတာလေ"


ဖယ်ဆန်သည် သူ့စကားသူ သဘောကျနေသလိုမျိုး ရယ်လာသည်။ ဒီအရူးက ဘယ်လိုဖော်ပြရမလဲ။


သူမ ချစ်ဖို့ကောင်းသည်ဟု ဒုတိယအကြိမ်ထပ်ထင်ရန် ဖယ်ဆန်၏မျက်နှာကို ကိတ်မုန့်နှင့်ထပ်ပစ်ပေါက်လိုက်ရမလားဟုတွေးလိုက်မိသည့်အခိုက်အတန့်မှာပင် အိမ်အပြင်ဘက်မှ မရင်းနှီးသောရထားသံကို သူမကြားလိုက်ရသည်။


အံ့ဖွယ်ရာ အချိန်ကိုက်မှုပဲ! ငရဲ၌ ပိတ်မိနေသည့်ခံစားချက်က ရုတ်တရက်ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသလိုခံစားလိုက်ရသည်။ သူမနတ်ဆိုးအဖြစ်မပြောင်းသွားခင် သူရောက်လာသည်မှာတကယ်ကိုကံကောင်းပေသည်။


"အိုး ကြည့်ရတာ သူမ ဒီကိုရောက်လာတဲ့ပုံပဲ"


"ဟမ် သူမ ဒီရောက်လာတယ်လား... ဘယ်သူလဲ"


"အိုး ဖယ်ဆန် နင်လာမယ်မှန်းသိလို့ ငါ တခြားဧည့်သည်ကိုလည်း ထပ်ဖိတ်ခဲ့တယ်လေ"


"တခြားဧည့်သည်..."


လူနာသည် ရွှင်ပြုံးပြုံးရွှင်ဖြင့် ဧည့်သည်ကို နှုတ်ဆက်ရန် ဝင်ပေါက်ကနေ သွားခဲ့လိုက်သည်။


လူနာသည် တင်းမာသောလေထုမှရုတ်တရက် လွတ်မြောက်သွားသလ်ု ခံစားလိုက်ရသော်လည်း ဖယ်ဆန်သည် သူမနောက်မှ ခွေးပေါက်‌တစ်ကောင်လို လိုက်လာခဲ့ပြီး ကောင်းသောအရာများက ကောင်းသည့်အချိန်မှာဖြစ်ပျက်လာ‌သည်ဟုဆိုလာပြန်သည်။


ရထားပေါ်မှ ဆင်းလာသော ဆိုင်ယာ သည် သူ၏ ဖျော့တော့သောအမူအရာကို ဖုံးကွယ်ရန် ရုန်းကန်လိုက်ကာ လူနာကို နှုတ်ဆက်လာခဲ့သည်။


"…ပြန်တွေ့ရတာဝမ်းသာပါတယ်..."


"ဟုတ်ကဲ့"


ငါလည်း နင့်ကို ပြန်မတွေ့ချင်ပါဘူး...ဒါပေမယ့် နင်ရော ဖယ်ဆန်ရောကို ငါ ဘယ်လိုလုပ်ရမလဲ...နင့်ရဲ့ရည်းစားက ဒီမှာ ဒုက္ခထပ်လာပေးနေပြန်တာကြီးကို...


ဖယ်ဆန်နှင့် တစ်ယောက်တည်းနေပြီး အထင်လွဲခံရမယ့်အစား ဆိုင်ယာဒီမှာ ရှိနေသည်က ပိုကောင်းပေသည်။ အဖြစ်မှန်ကို တိုက်ရိုက်ပြသခြင်းဖြင့် လူနာသည် ဖယ်ဆန်ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားနေသည်ဟူသော နားလည်မှုလွဲမှားမှုကို ရှင်းပစ်နိုင်မည်ဟုလည်း မျှော်လင့်မိသည်။


ဟုတ်တာပေါ့ ဆိုင်ယာနှင့် အမျိုးမျိုးစကားစမြည်ပြောဆိုခြင်းအားဖြင့် ခင်မင်ရင်းနှီးမှုတည်ဆောက်နိုင်ကာ ဒီအခက်အခဲကိုကျော်ဖြတ်ရန် နည်းလမ်းရနိုင်လေသည်။ ဆိုင်ယာ သည် ကြင်နာတတ်သူဖြစ်သောကြောင့် ရင်းနှီးရန် လွယ်ကူလောက်ပေသည်။


လူနာ့ကို သတ်ခဲ့သူက သူမ မဟုတ်ပေ... သူမပတ်ဝန်းကျင်က လူတွေသာဖြစ်သည်။


တကယ်တော့ ဆိုင်ယာသည် လူနာ ၏သေဆုံးမှုအတွက်အလွန်တုန်လှုပ်သွားကြောင်းကိုဖော်ပြခဲ့သည်။ သူမသည် ဝမ်းနည်းပူဆွေးနေသော ဖယ်ဆန်နှင့်အတူ ငိုခဲ့သေးသည်။


ထို့ကြောင့် ဆိုင်ယာကိုခေါ်လိုက်ခြင်းက ပိုကောင်းပေသည်။


"လေဒီဆိုင်ယာ... မင်းဒီကိုဘယ်လိုရောက်လာတာလဲ..."


ဆိုင်ယာ နှင့် အပြန်အလှန်နှုတ်ဆက်နေသော လူနာ ၏နောက်တွင် ဖယ်ဆန် ၏ခေါင်းက ရုတ်တရက်ပေါ်လာသည်။


ဆိုင်ယာရှိနေသည်ကို ရုတ်တရက် သတိပြုမိပြီး သူ့မျက်နှာသည် သူမဒီကို ဘာကြောင့်ရောက်နေတာလဲဟု မေးနေပုံပေါ်ပုံနေသည်။


ဆိုင်ယာသည် သူမ၏ ကြည်လင်သော မျက်လုံးများမှ စူးစူးရှရှ အကြည့်ဖြင့် သူ့ကို ပြန်ကြည့်လာခဲ့သည်။ လူနာသည် ဇာတ်လိုက်မက ဒီလိုအခြေအနေမျိုးကို မည်သို့ခွင့်လွှတ်နိုင်မည်လဲဟု တွေးမိသွားတော့သည်။ ထို့ကြောင့် လွန်ခဲ့သည့်အခိုက်အတန့်က သူမအား အတွင်းကျကျ ချီးကျူးခဲ့သော လူနာသည် အနည်းငယ် ထိတ်လန့်သွားတော့သည်။ သို့သော် တံခါးဝတွင် ရန်ဖြစ်ခြင်းမှာ မကောင်းတာကြောင့် သူမသည် လျင်မြန်စွာ နူးညံ့သောအပြုံးကို ဆောင်လျက် နှစ်ယောက်ကြား ဖျန်ဖြေပေးခဲ့လိုက်သည်။


"အာ...ငါ သူ့ကို ဖိတ်ထားတာလေ...ဒါပေမယ့် ဖယ်ဆန် ရောက်နေမှတော့ လေဒီဂရန်းဒါကို ချန်ထားမယ်ဆိုရင်အဓိပ္ပာယ်မရှိဘူးလေ... မင်းနှစ်ယောက်က မခွဲထားသင့်ဘူး‌... ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပါ"


ဆိုင်ယာသည် သူမ၏ မကျေနပ်မှုကို ဖုံးကွယ်ရန် ကြိုးစားလိုက်ပြီး ဖယ်ဆန် အနားတွင် ရပ်လိုက်သည်။ သူသည် ဤအခြေအနေကို ဖြစ်ပေါ်စေခဲ့သောသူပင်ဖြစ်သော်လည်း ၎င်းကို တွန်းလှန်ရန် သတ္တိမရှိပေ။


လူနာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။ ဖယ်ဆန် နှင့် ဆိုင်ယာ သည် သူမနောက်မှ လိုက်လာခဲ့သည်။


ထို့ကြောင့် ဤထူးဆန်းသောပေါင်းစပ်မှုဖြင့် နားလည်မှုလွဲခြင်း၏အရင်းအမြစ်ဖြစ်သည့် ဘယ်ရွန်တွင် ညစာစားခဲ့ကြသည်။


သေချာတာပေါ့...ဒါက အဆိုးဆုံးပင်... ဘယ်သူ့အတွက် အဆိုးဆုံးလဲဟု မေးပါက ဆိုင်ယာအတွက်သာ ဖြစ်သည်။ သူ့ကောင်မလေး ကအနားမှာ ရှိနေသော်လည်း ဖယ်ဆန်သည် သူမကို နည်းနည်းလေးတောင် ဂရုမစိုက်ခဲ့ပေ။


"တကယ်တော့ ဘယ်ရွန်ပဲလ် ဆီရောက်တိုင်း အရမ်းနွေးထွေးပြီး သက်တောင့်သက်သာရှိသလိုခံစားရတယ်....ဒီမှာတစ်ညလောက်နေပြီး မနက်ဖြန်မနက်ကျ ဘယ်ရွန်မြို့စား နဲ့ မြို့စားကြီးအိမ်ကိုပြန်မလားလို့"


"ဟားဟား....ငါလည်း ဒီလိုနေခိုင်းဖို့ ဆန္ဒရှိပေမယ့် အပိုအဝတ်အစားတွေမရှိလောက်ဘူးထင်တယ်”


"အဝတ်အပိုမရှိတာလား....ဘာလို့မရှိရတာလဲ... နောက်ဆုံးတစ်ခေါက် လာနေတုန်းက တစ်ခုခုကျန်ခဲ့လောက်မှာပါ"


"ဟုတ်လား...ကောင်းပြီလေ ဒါဆိုဒီလိုလုပ်ကြတာပေါ့ သခင်လေးဆိုပေမယ့်လည်း မြို့စားကြီးရဲ့ရထားကို လိုက်စီးရတာက သက်တောင့်သက်သာရှိပြီး ကြည်နူးဖွယ်ကောင်းတာတွေ့ရတယ်"


ဖယ်ဆန်ကတော့ ဟုတ်ပါပြီ... ဒါပေမယ့် အဖေက ဘာဖြစ်နေတာလဲ...


လူနာ၏ခေါင်းသည် စတင်ကိုက်ခဲလာခဲ့ကာ စားပွဲပေါ်ကိုဓားဖြင့် ကျယ်လောင်စွာ ထုလိုရ်ရင်း သူတို့၏ စကားဝိုင်းတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။


"အဖေ ဘာတွေပြောနေတာလဲ... လေဒီဂရန်းဒါကိုကော ဘယ်လိုလုပ်မလဲ.... ဖယ်ဆန် လေဒီဂရန်းဒါကို တစ်ယောက်တည်း ပြန်ပို့ဖို့ မစဉ်းစားထားဘူးမလား... ဒီလိုမှောင်မိုက်တဲ့ညမှာ မိန်းမပျိုတစ်ယောက်တည်း ပြန်သွားရရင် နင့်စိတ်တွေ သက်သာမှာ မဟုတ်ဘူးမလား”


"ဟုတ်သားပဲ ငါ အတွေးမဲ့နေတာပဲ... ငါ လေဒီဂရန်းဒါကို စော်ကားမိသွားတယ်... သခင်လေးက သူမကို လိုက်ပို့ပေးရင် ပိုကောင်းလိမ့်မယ်"


အစထဲက ဆိုင်ယာကို မကြည့်ရသေးသော ဖယ်ဆန်သည် နောက်ဆုံးတွင်တော့ သူမဘက်သို့ လှည့်ကြည့်လိုက်တော့သည်။


မျက်နှာဖြူဖျော့နေသော ဆိုင်ယာသည် သူမ၏ အစားအစာကိုပင် မထိနိုင်ဘဲ ပန်းကန်ထဲမျက်နှာဝင်မတတ်ခေါင်းငုံ့နေခဲ့သည်။



TK Team