Chapter 6
Viewers 684

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 6


လူနာသည် မနက်အစောကြီးကတည်းစ ဆိုင်ယာ နှင့် ပြောဆိုဖြေရှင်းခဲ့ရပြီး သူမ၏ ခရီးအတွက် ပစ္စည်းများဝယ်ရန် အပြင်ထွက်ရသေးသောကြောင့် အိမ်ပြန်ရောက်သောအခါတွင် အလွန်မောပန်းနေခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုမျိုးမစစ် ဖယ်ဆန် သည် ဘယ်ရွန်စံအိမ်သို့ ထပ်မံရောက်ရှိလာခဲ့ပြီး လူနာ၏ စိတ်ကို လုံးဝဖျက်စီးလာခဲ့သည်။


သူသည် ကျေနပ်စွာပြုံးပြီးပြောလာသည်။

 

"ဆိုတော့ မင်းအခုပြန်လာပြီပေါ့" 


ဖယ်ဆန်သည် လူနာ၏စိတ်ကိုလာဆွလာခဲ့သည်။


လူနာသည် စိတ်တိုလွန်းပြီး ဘာလုပ်ရမှန်းမသိတာကြောင့် သူ့ကိုပစ္စည်းများဖြင့်ပစ်ပေါက်ခဲ့သည်။ဖယ်ဆန်သည် လူနာ့ကိုတားရန် ရုန်းကန်လာခဲ့သော်လည်း နောက်ဆုံးမှာတော့ ကိတ်မုန့်ကိုသာထားခဲ့ပြီးပြန်သွားခဲ့သည်။


ထို့ကြောင့် တစ်ရက်အတွင်း မြို့တော်မှ ထွက်ခွာရန် ပြင်ဆင်ပြီးနောက် လူနာ သည် ငှားထားသော ရထားပေါ်တက်ကာ သူမအဖေကို နှုတ်ဆက်ခဲ့သည်။


သူမ၏ဦးတည်ရာမှာ ရွှေတွင်းရှိသည့် ပဲလ်နယ်မြေဖြစ်သည်။ သူမကိုယ်တိုင် ရွှေတူးပြီး ဆိုင်ယာ၏ မျက်နှာအား ပိုက်ဆံများဖြင့် ပစ်ပေါက်ရန် ရည်ရွယ်ပြီး ဖယ်ဆန်အား အနိုင်ယူရန် ကိုယ်ရံတော် ဒါဇင်ပေါင်းများစွာကိုလည်း ငှားရမ်းလိမ့်မည်ဖြစ်သည်။


"သမီးပြန်လာခဲ့ပါ့မယ်"


ဖယ်ဆန်ကိုရှောင်ဖို့ရာ လူနာသည် မနက်စာတောင်မစားဘဲ ထွက်သွားဖို့ဆုံးဖြတ်ခဲ့သည်။ ဘယ်ရွန်မြို့စား သည် သူမ၏ စရိတ်စကများအတွက် ငွေကြေးအမြောက်အမြားကို စုဆောင်းပြီး ခရီးစရိတ်အဖြစ် လွှဲပြောင်းပေးခဲ့ကာ မလုံလောက်မည်ကို စိုးရိမ်နေခဲ့သည်။


လူနာသည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး အလဟသမဖြစ်ခင် သူမလက်ထဲသို့ ပဲလ်နယ်မြေကျရောက်သွားသည့်အတွက် ကျေးဇူးတင်မိသည်။ထို့အပြင်သူမသည် ဖခင်ဖြစ်သူအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။


"ကျေးဇူးတင်ပါတယ် ဖေဖေ"


"ဒါကဘာမှမဟုတ်ပါဘူး။အဖေက မလုံလောက်တော့မှာကို စိုးရိမ်နေတာ။ ဒါနဲ့ ဒီလိုမျိုး အားလပ်ရက်ခရီးထွက်တာက ရုတ်တရတ်ကြီးဖြစ်သွားတာပဲနော်… အဖေက ဒီတိုင်းအဲ့နေရာက သမီး အနားယူလို့ရမယ့် နေရာ မဟုတ်မှာကို စိတ်ပူမိတယ်”


ပဲလ်နယ်မြေတွင် ဘာမှမရှိပေ။ ရွာလည်းမရှိနေကာ နေထိုင်သူမပြောနှင့် ပျက်စီးယိုယွင်းနေသည့်အိမ်တစ်လုံးတောင် မရှိနေပေ။


ဘယ်သူမှ မရောက်ဖူးသည့်အတွက် ရေတွင်းတောင် မရှိနေပေ။ကျန်တာဆိုရင်တော့ မပြောနဲ့တော့....


နယ်မြေသည်သည် အနည်းငယ်ပိုကြီးပါက ခရီးတွင် ခေတ္တအနားယူနိုင်ရန် တည်းခိုခန်း သို့မဟုတ် နေရာတစ်ခုရှိကောင်းရှိနိုင်သော်လည်း ၎င်းသည် အလွန်သေးငယ်သောကြောင့် ဒီတိုင်းဖြတ်သန်းသွားလာသည့်နယ်မြေတစ်ခုလိုသာဖြစ်နေသည်။


အနီးနားရှိမြို့သည် မြို့တော်ပြီးပါက ဒုတိယအချမ်းသာဆုံး ဗင်းဆင့်အိမ်ယာဖြစ်တာကြောင့် ပဲလ်နယ်မြေလေးသည်တည်ရှိနေမှန်းတောင် မသိသာဘဲ ဖြတ်သန်းသွားတဲ့ လမ်းတစ်ခုသာ ဖြစ်ပေသည်။


ထို့ကြောင့် ဘယ်ရွန်အနေဖြင့် မစိုးရိမ်ရန် မဖြစ်နိုင်ပေ။ လူနာသည် သူ့အား စိတ်ချလက်ချ ပြုံးပြလိုက်ပြီး သူ့စိုးရိမ်မှုများကို လျှော့ချဖို့ ကြိုးစားလာခဲ့သည်။


"သမီး အဆင်ပြေပါတယ်။ ပဲလ်နယ်မြေမှာ အနားယူမယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ အနီးနားမြို့ဖြစ်တဲ့ ဗင်းဆင့်နယ်မြေမှာပဲ နေမှာပါ။ လုံခြုံရေးလည်း အဆင်ပြေပါတယ်"


"ဒါပေမယ့်...အဲ့တာ..အဲ့တာက သမီးလို ချစ်စရာကောင်း ကြင်နာပြီး အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်က အစေခံတောင်မပါဘဲ တစ်ယောက်တည်း သွားတာဆိုတော့.."


"အဖေရယ် အခုမှ ဘာဖြစ်တာလဲ။ သမီးဘယ်တုန်းကများ အပြင်ထွက်ရင်အစေခံခေါ်ခဲ့လို့လဲ"


ဘယ်ရွန်၏အိမ်တွင် အလုပ်လုပ်သော အစေခံ သုံးယောက်သာ ရှိသည်။


တစ်ယောက်မှာ လော်ရာ၊ လူနာ ၏ ကိုယ်ရေးကိုယ်တာ အိမ်အကူဖြစ်ပြီး ဘယ်ရွန်မြို့စား၏အိမ်အကူလည်းဖြစ်ကာ အိမ်ကြီးရှိ တစ်ဦးတည်းသောအိမ်အကူလည်း ဖြစ်သည်။ သူမကို အိမ်အကူဟု ခေါ်သော်လည်း သူမသည် သစ္စာခံအစေခံတစ်ဦးပင်ဖြစ်သည်။


နောက်တစ်ယောက်သည် ဟယ်နရီဖြစ်သည်။သူသည် အိမ်ကြီး၌ အလုပ်ကြိုးစားပြီး ဘယ်ရွန်မြို့စား၏ အသွားအလာ ရထားစီမံခန့်ခွဲမှုကို တာဝန်ယူသူဖြစ်သည်။


ကျန်တစ်ဦးမှာ စားဖိုမှူးအကြီးအကဲဖြစ်သူ အမ်မာဖြစ်သည်။ သို့သော် သူမလက်များ လွတ်သွားချိန်တွင် အိမ်ကြီး၏ သန့်ရှင်းရေးကိုလည်း ကူညီပေးသည်။


အမှန်မှာ သူတို့အားလုံး လက်ထဲတွင်ရှိနေသည့် အလုပ်များထက်ပိုစွာလုပ်ရသောကြောင့် ထိုသို့ ခွဲခြားထားမှုများမှာ သိပ်တော့အဓိပ္ပါယ်မရှိပေ။


မည်သို့ပင်ဆိုစေကာမူ ထိုသို့သောအခြေအနေများကြောင့် အိမ်အစေခံများကဲ့သို့ ပြုမူသော အစေအခံများမရှိတာကြောင့် တစ်စုံတစ်ဦးကို ခေါ်ဆောင်သွားပြီး တစ်နေရာရာသို့ ထွက်ခွာရန် မဖြစ်နိုင်ပေ။ ထို့အပြင်သူတို့သည် အစကတည်းက ပိုက်ဆံမရှိတာကြောင့် အပြင်သိပ်မထွက်ဖြစ်ပေ။


လူနာသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း ထောက်ပြသောကြောင့် ဘယ်ရွန်သည် ရှက်ရွံ့စွာ ချောင်းဆိုးလာခဲ့သည်။


"…တောင်းပန်ပါတယ်။ ဒီအဖေက အရည်အချင်းမရှိလို့ပါ... မဟုတ်ရင်…”


"ရပါတယ်အဖေ။ ဒါက အဖေ့အမှားမဟုတ်ပါဘူး။ မျိုးဆက်တွေအတွက် စုဆောင်းထားတဲ့ ငွေတွေက အကြွေးတွေပြန်ဆပ်ရတာကြောင့်ပြဿနာဖြစ်သွားတာ။ ဘယ်သူက နေ့ချင်းညချင်း ဘယ်လိုချမ်းသာနိုင်မှာလဲ။ နောက်ပြီး သမီးက နေ့ခင်းဘက်သွားမှာဆိုတော့ လမ်းမကြီးတွေပေါ်မှာ ခရီးသွားတွေရှိမှာပါ စိတ်မပူပါနဲ့။သမီးက ဗင်းဆင့်နယ်မြေကိုဦးတည်မယ့်အဖွဲ့ကြီးနဲ့ ခရီးထွက်ရမှာဆိုတော့ သူခိုးတွေလည်း တွေ့ရမှာမဟုတ်တော့ဘူးလေ"


သူတို့သည် ငွေပေးချေကာကြေးစားအလုပ်သမား ဒါဇင်နှင့်ချီ၍ ခေါ်သွားနိုင်သည်။ သူခိုးတွေကသာ ရူးသွပ်တာမဟုတ်ပါက ဒီလောက်ကြီးမားသော အုပ်စုကြီးကို တိုက်ခိုက်ဝံ့မှာ မဟုတ်ပေ။


"သမီး ရောက်လာတဲ့အခါကျရင် စာတစ်စောင်ပို့ဖို့ သေချာပါစေနော်။ တစ်ခုခုဖြစ်ရင် ချက်ခြင်းပြန်လာခဲ့ဟုတ်ပြီလား”


"ဟုတ်ကဲ့ပါ ဖေဖေ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်။ပြန်လာရင် လက်ဆောင်ယူခဲ့ပါ့မယ်"


လူနာသည် အဖွဲ့နှင့်ခရီးထွက်မည်ဟု ပြောသည့်အခါမှသာ နောက်ဆုံးတွင် ဘယ်ရွန်သည် အနည်းငယ် စိတ်အေးလက်အေးနဲ့သွားခွင့်ပြုလိုက်တာကြောင့် လူနာသည် ရထားကို အမြန်မောင်းခဲ့လိုက်တော့သည်။


သူမသည် အချိန်မဖြုန်းချင်သလို ဖယ်ဆန်၏ အကြောင်းပြချက်မရှိ တားလာခြင်းကိုလည်းရှောင်လိုခဲ့သည်။


* * *


မကြာခင်မှာပဲ လှည်းအငှားကုန်သည် ပြောကြားထားခဲ့သော စုဝေးရပ်ဆီသို့ ရောက်လာခဲ့တော့သည်။ လူနာသည် ချက်ခြင်းထွက်ခွာရန် တောင်းဆိုထားခဲ့သောကြောင့် အဖွဲ့သည် ညံ့ဖျင်းမည်ကို သူမစိုးရိမ်ခဲ့သော်လည်း သူမအမှန်တကယ်ရောက်လာသောအခါမှာတော့ အတိုင်းအတာတစ်ခုအထိ အံ့အားသင့်ခဲ့ရသည်။


လူနှစ်ဆယ်ကျော်၊ ဒါဇင်နဲ့ချီသည့် ရထားကြီးများနှင့် သပ်သပ်ရပ်ရပ်ဝတ်စားထားသော အဖွဲ့ဝန်ထမ်းများ၏ ရှားရှားပါးပါး မြင်ကွင်းကိုတွေ့ခဲ့ရသည်။


အရင်က တစ်နေရာရာ၌ မြင်ဖူးခဲ့သော ချီတက်ပွဲတစ်ခုလို မြင်ကွင်းမျိုးဖြစ်သော်လည်း တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားရသည်။


'သူတို့ရုပ်ရည်က နည်းနည်းကြမ်းပေမယ့်လည်း...'


ကြေးစားသမားများသည် ကြမ်းတမ်းသောပုံပေါက်ရမည့် ဥပဒေတစ်ခု ရှိကောင်းရှိနိုင်သည်။ သူတို့၏ အသွင်အပြင်သည် မကြမ်းတမ်းဘူးဆိုရင်တောင်မှ သူတို့၏ ကိုယ်လုံးကိုယ်ပေါက်နှင့်အကြည့်များက သာမန်မဟုတ်ပေ။ သူတို့၏ အကြည့်များက သာမန်ဆိုရင်တောင်မှ သူတို့၏ အရေပြားပေါ်ရှိ တက်တူးများက ကြောက်စရာကောင်းလှသည်။


'သူတို့က ပိုကြည့်ကောင်းရင် ကောင်းမှာပဲ...'


သူတို့ပုံစံသည် အလွန်ကောက်ကျစ်ပြီး ရုပ်ဆိုးနေသောကြောင့် သူတို့ကိုယ်တိုင်ကိုက တက်တူးထဲကအရုပ်များဟုပင် ထင်ရသည်။ ထို့အပြင် တစ်စုံတစ်ဦး၏လည်ပင်းကိုဖြတ်နေပုံ သို့မဟုတ် ဦးခေါင်းခွံကို ဖျက်ဆီးနေပုံပေါ်သည့် တက်တူးများရှိသောသူများလည်းရှိကြသေးသည်။ လူနာသည် မည်မျှပင် သတ္တိရှိသည့်သူဖြစ်ပါစေ လူသတ်မှုကို ကိုယ်စားပြုသည့် တက်တူးများကတကယ်ပဲ ကြောက်လန့်စရာကောင်းလှသည်။


ထို့ကြောင့် သူမသည် အန္တရာယ်ကင်းပုံပေါက်ပြီး ရထားပေါ်မှမဆင်းဘဲ စကားစမြည်ပြောရန် ချဉ်းကပ်နိုင်မည့်သူအား အသဲအသန်ရှာဖွေခဲ့လိုက်သည်။


'အဲ့လူဆိုရင်ရော...'


သူက အဆင်ပြေနိုင်လောက်သည်။


သူမသည် သူ့နောက်ကျောကိုသာ မြင်ရသော်လည်း သပ်ရပ်သောအသွင်အပြင်နှင့် မည်သည့်လက်နက်ကိုမျှ ကိုင်ဆောင်ထားပုံမပေါ်တာကိုတွေ့ခဲ့ရသည်။ သူက ကြေးစားထဲကမဟုတ်ပဲ ဒီတိုင်းအဖွဲ့ထဲက ဝန်ထမ်းတစ်ယောက်ယောက်ဖြစ်နိုင်သည်။


လူနာသည် ရထားပေါ်မှ လျင်မြန်စွာ ထွက်လာလိုက်ပြီး ဒဏ်ရာအနာတရမရှိသော မျက်နှာဖြင့်လူအား လှမ်းခေါ်လိုက်သည်။


"အမ်...မေးစရာတစ်ခုရှိလို့.."


"အိုး...ဘာလဲ"

ထို့နောက် ပြင်းထန်ခြိမ်းခြောက်သော အကြည့်များက သူမအပေါ်သို့ ကျလာခဲ့သည်။


အကြောင်းတစ်ခုခုကြောင့် ရွှေရောင်ဆံပင်နှင့်ထိုလူစကားပြောလာခဲ့သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ကြမ်းတမ်းသော ယောက်ျားများက သူမကို စိုက်ကြည့်လာခဲ့ကြသည်။


မထင်မှတ်ထားသော အခြေအနေကြောင့် အံ့အားသင့်သွားရပြီး လူနာသည် မျက်လုံးများကို ပြူးကျယ်လိုက်မိသည်။ သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသော အမျိုးသားက လက်ညှိုးကိုပင့်မြှောက်ကာ သူ့ပတ်ဝန်းကျင်မှ လူများအား စိတ်တည်ငြိမ်စေရန် အချက်ပြလိုက်သည်။


ထို့နောက် ဘာမှမထူးခြားသော မျက်နှာဖြင့် ပြန်လှည့်ကြည့်လာပြီးနောက် မေးလာခဲ့သည်။


"ဘယ်သူလဲ"


'ဒါပေမယ့်... ဘာလို့သူက... သူဒီလောက်ချောနေရတာလဲ!'


သူ နောက်လှည့်နေချိန်တုန်းက သူမသတိမထားမိသော်လည်း ထိုယောက်ျားသည် အံ့ဩစရာအသွင်အပြင်ရှိပေသည်။ ၎င်းသည် သူမ ကြေးစားစစ်သားများအားမြင်ရသည့်အချိန်နှင့် ခြားနားသောနည်းလမ်းဖြင့် သူမအား စကားမပြောနိုင်ဖြစ်စေခဲ့သည်။


ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ရွှေရောင်ဆံပင်များနှင့် အပြစ်ကင်းစင်သော မြစိမ်းရောင်မျက်လုံးများသည် တောက်ပသော ဇာတ်လိုက်တစ်ဦးကဲ့သို့ပင်ထင်နေရပြီး အရပ်ရှည်ရှည်ယောက်ျားလေးများအားလုံးထက်ကို ဆွဲဆောင်နိုင်ပေသည်။ သို့သော် သူ့မျက်နှာသည် မိန်းမတစ်ယောက်ဟု မထင်ရနိုင်ပေ။၎င်းသည် ချောမောမှု လှပမှုများကို အချိုးဆတူပေါင်းထားကာ သန့်ရှင်းသပ်ရပ်သော အသွင်အပြင်ရှိပေသည်။


အတိုချုပ်ပြောရလျှင် ချောမောသောမျက်နှာလေးပင်။


ထက်ရှသော မျက်ခုံးမွှေးများ၊ ရွှေရောင်ဆံပင်၊ အဖြူရောင်ရှပ်အင်္ကျီနှင့် ပေါင်းစပ်ထားသော အလှသည် နားမလည်နိုင်သော အလှတရားတစ်ခုကို ပေါ်လွင်လာစေသည်။


"ဟေး မင်း ကိုယ့်မျက်နှာဆီကနေ ညှို့ယူခံလိုက်ရတာလား"


တက်တူးများကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် လူနာသည် မမျှော်လင့်ထားသော သူမရှေ့မှ လူ၏မျက်နှာကြောင့် အံ့ဩသွားခဲ့ရပြန်သည်။ ထိုလူက ရင်းနှီးပြီးသား အဖြစ်အပျက်တစ်ခုလိုမျိုး ပြုံးကာ မေးလာခဲ့သည်။


ထိုလူသည်ပင် အလွန်ချောမောလှပလွန်းသော်လည်း ပိုအရေးကြီးသော ကိစ္စများကြောင့် လူနာသည် သူ၏အသွင်အပြင်မှ သူမ၏အာရုံကို အမြန်လွှဲလိုက်ပြီး လာရင်းကိစ္စကိုပြောလိုက်သည်။


"ကျွန်မ အဖွဲ့တာဝန်ခံနဲ့ တွေ့ချင်လို့"


"တာဝန်ရှိသူလား"


ရုတ်တရက်ကြီး....


တာဝန်ရှိသူကို ရုတ်တရက်တွေ့လိုသော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ထိုလူကမယုံကြည်နိုင်သော အကြည့်များဖြင့်ကြည့်လာသည်။ ထိုလူက လူနာကို ခဏလောက် စိုက်ကြည့်ပြီးမှ ဖြည်းညှင်းစွာပြောလိုက်သည်။


"မင်း ကိုယ့်ကိုစကားပြောလို့ရတယ်...ဘာကိစ္စလဲ"


သူ့ပတ်ဝန်းကျင်က လူတွေသည် သူ့စကားအပေါ် မတုံ့ပြန်ခဲ့ပေ။ အလှဆုံးပုံပန်းသဏ္ဍာန်နှင့် သူသည် တာဝန်ရှိသူနှင့် ပိုဆင်တူနေလှသည်။


အချိန်သည် အရေးကြီးသောကြောင့် လူနာသည် လျှင်မြန်စွာသဘောတူကာ ခေါင်းညိတ်လိုက်ပြီး သူမ၏ ရည်ရွယ်ချက်ကိုပါ ထုတ်ဖော်ခဲ့လိုက်သည်။


"ကျွန်မက လူနာပါ။ ဗင်းဆင့်နယ်မြေကို အတူလိုက်မယ့်သူပါ"


"လူနာလား"


ထိုလူသည် ထိုနာမည်အား ပထမဆုံးအကြိမ်ကြားလိုက်ရသလိုပင် မျက်ခုံးပင့်လိုက်သည်။


"ကျွန်မ မျိုးရိုးနာမည်ကိုပါ ပြောဖို့လိုသေးလို့လား။ ပြောလို့အဆင်ပြေပါတယ်။ ကျွန်မကတစ်ယောက်တည်း ခရီးသွားတာဆိုပေမယ့်လို့ ရထားအငှားရုံးခန်းမှာ ကျွန်မအချက်အလက်တွေ ပေးခဲ့ရတာမို့လို့ မျိုးရိုးနာမည်ပါသိချင်ရင်မေးလို့ရပါတယ် ရှင့်တွန့်ဆုတ်နေစရာ မလိုပါဘူး။ကျွန်မက လူနာပဲလ်ပါ။ကျွန်မကို ဒီကိုလာဖို့ လှည်းအငှားရုံးကနေ ပြောလိုက်လို့"


"...လူနာပဲလ်လား"


ထိုလူသည် သုမ၏မျိုးရိုးနာမည်ကြားသည်နှင့် အေးစက်စက်မျက်နှာဖြင့် မေးလာခဲ့သည်။


လူနာသည် ၎င်းက အရေးမပါသော မျိုးရိုးအမည်ဟု ထင်သောကြောင့် မေးခွန်းပြန်ထုတ်ခြင်းလားဟု တွေးမိသော်လည်း ထိုသည်မှာ သူမ၏ အထင်အမြင်လွဲမှားခြင်းသာဖြစ်သည်။ လူနာသည် သူမထင်ထားတာထက်ပင် ပို၍ကျော်ကြားပေသည်။


"အိုး… မြို့စားကြီးသား ရိုဒီယန်ရဲ့ ချစ်သူလား!"


"မင်းပြောမှပဲ၊ ငါ အဲ့နာမည်လို့ ထင်မိတယ်!"


ဖယ်ဆန်၏ချစ်သူလား...


နောက်ကွယ်မှ ရဲဘော်များ၏ အသံကြောင့် ထိုလူ၏အမူအရာမှာ ပို၍ပင် အေးစက်လာခဲ့သည်။


ကြမ်းတမ်းသော စစ်သည်များ၏ ခြိမ်းခြောက်သော အကြည့်များကြောင့် သူမသည် ကြောက်ရွံ့နေသင့်သော်လည်း လူနာသည် ကြောက်သည်ထက် ဒေါသပိုထွက်သွားကာ အမှန်တရားကို အခိုင်အမာ ပြန်ပြောကြားခဲ့သည်။


"ဟေး ရှင်တို့တွေ ဘာပြောလိုက်တာလဲ။ ဒါက ကျွန်မတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပေမယ့် ရှင်တို့ဆက်ဆံတာက အရမ်းရိုင်းတာပဲ။ ရှင်တို့ဆိုရင်ရော ရန်သူရဲ့ချစ်သူလားလို့ အမေးခံရရင် ကျေနပ်မှာလား"


အချို့သော ကြေးစားသမားများသည် အဖြစ်မှန်ကို မစစ်ဆေးလိုက်နိုင်ဘဲ သူတို့ရိုင်းစိုင်းမိသွားသောကြောင့် ရှက်ရွံ့သွားကြသည်။


လူနာ၏ စစ်မှန်သော ဒေါသကို မြင်လိုက်ရသဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသော ထိုယောက်ျားသည် တစ်စုံတစ်ခု ထူးဆန်းနေသကဲ့သို့ ဖြည်းညှင်းစွာမျက်တောင်ခတ်လာပြီး မေးလာခဲ့သည်။


"ဒါက ကောလဟာလပဲလား။ ဒါပေမယ့် ဒီအကြောင်းကို မြို့စားကြီးရိုဒီယန် ကိုယ်တိုင်က ငယ်ငယ်လေးကတည်းက ပြောတာကြားခဲ့ဖူးသလိုပဲ။ မင်းက သူ့ရဲ့ချစ်သူမဟုတ်တာ မဖြစ်နိုင်သလောက်ပဲ"


'ဖယ်ဆန်!! သူ အပြင်မှာ ဘာတွေလိုက်ပြောထားတာလဲ... ဒီလိုကြောက်စရာကောင်းတဲ့ ကောလာဟလတွေက ဘယ်လိုပျံ့နှံ့သွားနိုင်တယ်ဆိုတာ တွေးတောင်မတွေးဝံ့စရာပဲ'


စိတ်ဆိုးနေသော လူနာသည် ကောလာဟလများကို အမြန်ပြင်လိုက်သည်။


"မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။ ဖယ်ဆန်ရဲ့ အကျင့်စရိုက်ဆိုးကြောင့်ဖြစ်ပြီး သူနဲ့သူငယ်ချင်းဖြစ်ဖို့ကလွဲပြီး ကျွန်မမှာရွေးချယ်စရာမရှိခဲ့လို့ပါ။ဒါတွေအားလုံးက နားလည်မှုလွဲမှားမှုနေတာမို့လို့ ဖယ်ရှားပေးကြပါနော်။ ပြီးတော့ တကယ်တမ်းပြောရရင် ကျွန်မ ဖယ်ဆန့်ကိုတောင် မုန်းနေသေးတယ်။ ကျွန်မသာ သန်မာတယ်ဆိုရင် သူ့လက်တွေ ခြေထောက်တွေကို ကျိုးသွားအောင်ချိုးပစ်မိလိမ့်မှာ"


လူနာသည် ဖယ်ဆန်၏မကောင်းအကြောင်းများကို သူမအခုမှတွေ့ဖူးသောလူများအား ပြောရန်မှာ ခက်ခဲလှသော်လည်း တစ်ဖက်တွင် ဖယ်ဆန်ကြောင့် အထင်လွဲမှုများလာပြီး သူမအခုမှတွေ့ဖူးသောလူများက အတင်းအဖျင်းပြောလာသောကြောင့် သူမ၏ဒေါသများ ပြန်လည်ထွက်ရှိလာခဲ့သည်။


"မုန်းတာလား။ ဘာလို့လဲ။ မင်း သူ့ကို သူငယ်ချင်းလို့ ခေါ်တာပဲလေ"


"ဒါပေမယ့် ရှင်တို့အခုမှတွေ့ဖူးတဲ့ လူတစ်ယောက်အကြောင်း ထူးဆန်းတဲ့ ကောလာဟလတွေ ပြန့်နေပြီးတော့ သူက မင်းရဲ့ချစ်သူလားလို့မေးတဲ့အထိ ဖြစ်ခဲ့တာက အဓိပ္ပာယ်မရှိဘူးလေဟုတ်တယ်မလား။သူနဲ့စကားပြောတာက ဘယ်လိုမှအသုံးမဝင်ဘူး။ကျွန်မဆို သူ့မှာ ဦးနှောက်ရှိရဲ့လားလို့တောင် သံသယဝင်မိတယ်"


သူမကိုယ်သူမ သိမ်သိမ်မွေ့မွေ့မိန်းကလေးဟု ခေါ်ရန်ရှက်ရွံ့မိသော်လည်း အရွယ်ရောက်ပြီးသား အမျိုးသားတွေနှင့် ယှဉ်ရင် ဒီလောက် အန္တရာယ်များသောလမ်းကို လျှောက်ဖို့အတွက် သူမအရူးတစ်ယောက်လို ဟန်ဆောင်သင့်ရင်ဟန်ဆောင်ရမည်။


ဖယ်ဆန်အား သူမ ပွင့်ပွင့်လင်းလင်း ဝေဖန်သည်ကိုကြားလိုက်ရသောအခါ ကြေးစားများအားလုံး တိတ်ဆိတ်သွားကြသည်။ ထိုလူသည်လည်း လူနာကို စူးစူးစိုက်စိုက်စိုက်ကြည့်လာကာ သူမ၏မျက်လုံးများထဲမှ အမှန်တရားကို ရှာဖွေလာခဲ့သည်။


လူနာသည် ဖယ်ဆန်၏ချစ်သူအဖြစ် အထင်လွဲခံရသည့်အတွက် ထွက်ခဲ့သော ဒေါသများပြန်ပြေသွားချိန်တွင် သူမသည် အနည်းငယ်အေးစက်သော ထိုယောက်ျား၏ချောမောသောမျက်နှာအား မသိစိတ်မှ ရှောင်ထွက်သွားခဲ့မိသည်။


"ဦးနှောက်မရှိတဲ့ အရူးပေါ့…ဟင်"


ခဏအကြာတွင် ထိုလူသည် မျက်လုံးလှည့်လိုက်ပြီး လူနာ၏စကားကို တစ်ခါထပ်ပြောလာခဲ့သည်။ ထို့နောက် သူသည် ရယ်စရာကောင်းတာကို တွေ့လိုက်သကဲ့သို့ မျက်လုံးများကို အမြန်မှိတ်လိုက်သည်။



TK Team