Chapter 7
Viewers 682

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 7


"ဟုတ်တယ် ဟုတ်တယ်။ရှင်မှန်တယ်။ မြို့စားလေး ရိုဒရီယန်က တကယ်ကို ဦးနှောက်မရှိတဲ့ အရူးပဲသိလား။ဒီလောက်အချိန်အတော်ကြာပြီးမှ ဒီလိုအမြင်မှန်ရှိတဲ့သူနဲ့ တွေ့ရတာ ကြည်နူးစရာပဲ"

တစ်ချိန်တည်းမှာပင် လူနာအား စူးစူးစိုက်စိုက်ကြည့်နေကျသော သူများသည်လည်း ရွှင်မြူးစွာရယ်မောလာခဲ့ကြသည်။

'ဘာဖြစ်သွားတာလဲ။ ဘာလို့ ရုတ်တရတ် ကြည်နူးစရာ ကောင်းတဲ့ လေထုဖြစ်သွားရတာလဲ' 

ဘာဖြစ်သွားတာလဲ၊ဘာကြောင့်လဲဆိုတာ သူမမသိသော်လည်း ထူးဆန်းစွာဖြင့် သူမရှေ့မှထိုလူသည်လည်း ဖယ်ဆန့်ကို အမြင်ကပ်သော လူနည်းစုထဲမှ တစ်ယောက်ဖြစ်ပုံရနေသည်။

"ကောလဟာလ အမှားတွေအတွက် တောင်းပန်ပါတယ်။ ကိုယ်က သူ့ကိုမကြိုက်လို့ နည်းနည်းရိုင်းစိုင်းမိသွားတာပါ။ ဆိုတော့ ဒါက မြို့စားငယ် ရိုဒရီယန်ရဲ့ တစ်ဖက်သတ်အချစ်ပဲပေါ့"

သူသည် စိတ်ဝင်စားစရာတစ်ခုတွေ့သကဲ့သို့ မေးလာခဲ့သည်။ လူနာသည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့စကားကို တစ်ကြိမ်ထပ်ငြင်းလိုက်သည်။

"မဟုတ်ဘူး၊ လုံးဝကို မဟုတ်ဘူး။ သူ့မှာ ချစ်သူသက်သက်ရှိပြီးသား"

ဖယ်ဆန်သည် ဆိုင်ယာကိုသာ ချစ်သည်။ မူရင်းဝတ္ထုကိုဖတ်ပြီးနောက် သံသယကင်းစွာ ယုံကြည်ရသည့်တစ်ခုပင်ဖြစ်သည်။

"ဒါဆို မြို့စားငယ် ရိုဒရီယန်က ဘာလို့ အပြင်မှာ ဒီလိုမျိုး ပြုမူနေရတာလဲ"

"သူက ရူးနေတာလေ။ သူ့စိတ်ကမှန်နေတာမဟုတ်ဘူး။ ဒါကိုပဲလူတိုင်းက မှန်တယ်ထင်ပြီး သူရဲ့လုပ်ရပ်တွေက တရားမျှတတယ်ထင်နေတာ"

လူနာက ခါးသီးသောလေသံဖြင့် ပြန်ဖြေလိုက်ချိန်၌ ထိုလူက ပျော်နေသလိုမျိုး ပြုံးလာခဲ့သည်။ ဖယ်ဆန်က ဝေဖန်ခံနေရတာကို ကြားသည်နှင့် သူ အလွန်ပျော်နေပုံရသည်။

"ကြည့်ရတာ လေဒီက မှန်ကန်တဲ့ အမြင်ရှိတဲ့ပုံပဲ။ သူ့စိတ်ထဲက ပုံမှန်မဟုတ်ဘူးဆိုတာ အမှန်ပဲ။ဒါပေမယ့် သူ့လုပ်ရပ်က မှန်တယ်လို့ သူထင်နေတာလေ"

"ဟုတ်တယ် သူက စိတ်မမှန်ရုံတင်မကဘူး။တခြားသူတွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေသေးတယ်"

ဖယ်ဆန်သည် သူမ အခုလိုတစ်ယောက်တည်း ရွှေလာတူးရသည်အထိ စိတ်ပျက်စရာ အခြေအနေတစ်ခုကို ဖန်တီးခဲ့သည်။ ဖယ်ဆန်သာ မှန်ကန်စွာ ပြုမူခဲ့ပါက ဤအခြေအနေမျိုး ဖြစ်လာမည်မဟုတ်ပေ။

စကားဝိုင်းကို နားထောင်နေသော ကြေးစားများသည် ခေါင်းညိတ်လာကြပြီး၊ ထိုလူကလည်း ဖယ်ဆန့်ကို မကြိုက်သလိုမျိုး လူနာ၏ စကားကို သဘောတူကာ တုံ့ပြန်လာခဲ့သည်။

"ကိုယ်တို့ ကြုံခဲ့ရတဲ့ထိခိုက်နစ်နာမှုတွေကိုသုံးသပ်ရရင် သူက တကယ်ကို အင်ပါယာမှာ အဆိုးဆုံးလို့ယူဆလို့ရတယ်"

"အင်ပါယာထဲမှာလား။ အိုး ရှင့်ရဲ့ အကဲဖြတ်မှုက ပြင်းထန်သားပဲ။ အင်ပါယာတစ်ခုလုံးကိုတောင် စဉ်းစားလိုက်တာပဲ။ သူ့မှာ ပြင်းထန်တဲ့ ထင်ယောင်ထင်မှားစိတ်တွေနဲ့ ထူးထူးခြားခြား အရာတွေကို သူနှစ်သက်သလို အဓိပ္ပာယ်ဖွဲ့နိုင်စွမ်းရှိတယ်"

"ဟုတ်တယ်၊ မှန်တယ်။ သူ့မှာ မရှိတဲ့အဖြစ်အပျက်တွေကိုတောင် လုပ်ကြံဖန်တီးပြီး သူ့ကိုယ်သူ ထိခိုက်သွားတဲ့လူလို့ တွေးလိုက်သေးတယ်"

'ဝိုး ဘာတွေဖြစ်နေတာလဲ'

ထိုသူသည် သူတစ်ခါမှ မတွေ့ဖူးသော သူတစ်ယောက်ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ ကောင်းမွန်စွာ လေပေးဖြောင့်နေတာလဲ။သူတို့နှစ်ယောက်သည် ပျောက်ဆုံးနေသော ဝိညာဉ်ဖက်နှစ်ခုလို့တောင်ထင်ရသည်...

လူနာသည် ဒီကမ္ဘာကြီးတွင် စတင်မွေးဖွားလာချိန်ကတည်းမှယခုအချိန်ထိ တခြားသူဆီက လေးနက်သော စာနာမှုကိုခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် သူသည် သူမဆယ်နှစ်ကျော်မျှသိကျွမ်းခဲ့သော ဖယ်ဆန်နှင့် ပေါင်းသင်းဆက်ဆံရသည်ထက် များစွာပို၍ကောင်းမွန်ကြောင်း သူမတွေ့ရှိခဲ့ရသည်။

ဖြတ်သွားဖြတ်လာ လူတစ်ယောက်သည်ပင် ဖယ်ဆန်ထက်ပို၍ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ကာ ၎င်းသည် ထူးဆန်းသောနှိုင်းယှဉ်မှုတစ်ခုဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူမတို့သည်စကားလုံးအနည်းငယ်သာ ဖလှယ်ခဲ့ကြသော်လည်း သူမ၏ဖခင်ထက်ပင် သာလွန်ကောင်းမွန်သော စကားပြောဆိုမှုနှင့်အတူ လူနာသည် ထိုယောက်ျားအပေါ် သဘောကျမှု မြင့်တက်လာခဲ့သည်။ လူနာ၏မျက်လုံးများသည် သူ့စကားများထွက်လာနေချိန်တွင် တလက်လက် တောက်နေခဲ့ပေသည်။

"အဲ့တာအမှန်ပဲ။ သူလောက် နှောင့်ယှက်တတ်တဲ့သူကို ကျွန်မဘဝမှာပထမဆုံးတွေ့ဖူးတာပဲ။ သူ့လိုလူရှိနေတာထက်စာရင် လုံးဝမရှိတာ ပိုကောင်းအုံးမယ်။သူက ဒုက္ခပဲပေးတတ်တာ...ဒါက လောကရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်နေတာပဲ"

"ဒါကအကြံကောင်းပဲ။ ဒါဆို ကိုယ်တို့သူ့ကို ရှင်းပစ်လိုက်ကြမလား”

ထိုလူ၏မျက်လုံးများသည် ခဏတာမှိတ်တုပ်မှိတ်တုပ်ဖြစ်သွားပြီး သူသာလုပ်နိုင်ပါက ဖယ်ဆန်အား ဒီကမ္ဘာကနေဖျောက်ပစ်မလိုမျိုးပြောလာခဲ့သည်။ သေချာတာပေါ့ ဖယ်ဆန်က ဒီကမ္ဘာကြီး၏ဇာတ်ဆောင်ဖြစ်တာကြောင့် ဒါကဖြစ်လာမှာ မဟုတ်သော်လည်း လူနာသည် ထိုလူက ဖယ်ဆန်ကို ဖယ်ရှားဖို့ အနည်းဆုံးလုပ်နိုင်ရင်တောင်ကောင်းသည်ဟု မျှော်လင့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ဖြစ်နိုင်ရင်ပေါ့"

"မင်းက အဲဒါကို ကိုယ်မလုပ်နိုင်ဘူးထင်နေတာလား။ဒါဆိုရင်တော့ ပိုအားထုတ်ရတော့မှာပေါ့"

ထိူလူက တောက်ပသော အပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်သည်လည်း တောက်ပလာခဲ့သည်။ တစ်စုံတစ်ဦးကို ဖယ်ရှားခြင်းဆိုင်ရာ စကားဝိုင်းသည် သူ၏ အပြုံးများဖြင့် ကောင်းချီးပေးခံရသလို ပြောင်းလဲသွားခဲ့သည်။

ထိုလူတွင် ထူးထူးခြားခြား ချောမောသောမျက်နှာရှိသော်လည်း လူနာကတော့ သူ့စကားများကိုသာ ပိုအာရုံစိုက်လိုက်သည်။

"ဒါဆို ကျွန်မ ရှင့်ကို အားကိုးနေမယ်နော်။ ကျေးဇူးပြုပြီး သေချာလုပ်ပေးပါ"

"ကောင်းပါပြီ။ အချိန်အတော်ကြာပြီးမှ တကယ်သဘောကျစရာကောင်းတဲ့သူနှင့် တွေ့ရတာ ဝမ်းသာစရာပဲ။ ဆိုတော့ ကိုယ်တို့က ဗင်းဆင့်နယ်မြေကို အတူတူ ခရီးသွားကြမှာပေါ့ ဟုတ်လား"

"အိုး ဟုတ်တယ်"

လူနာသည် ဖယ်ဆန်အားဝေဖန်နေရင်း ထိုသူအား သူမနှင့်အတူ ဗင်းဆင့်နယ်မြေသို့တူတူသွားဖို့ဖိတ်ခေါ်ရန်စီစဉ်ထားသည်။

"ကိုယ် ဒါကိုခွင့်ပြုတယ်။ တစ်ယောက်ယောက်နဲ့ ခရီးသွားရတာ ပုံမှန်မဟုတ်ပေမယ့်လို့ မင်းလို ထူးခြားတဲ့ ဧည့်သည်ကို ငါလက်မလွှတ်လိုက်နိုင်ဘူး"

အမ် သူဘာပြောလိုက်တာလဲ။ တစ်ယောက်ယောက်နဲ့ ခရီးသွားရတာ ပုံမှန်မဟုတ်ဘူးလား။

လူနာသည် ရထားအငှားအေးဂျင့်၏ လှည့်စားခြင်းကိုခံလိုက်ရသည်ဟု ထင်ကာ တုန်လှုပ်သွားခဲ့မိသည်။ သူတို့က သူမ အလျင်လိုနေသောကြောင့် နှစ်ဆတိုးတောင်းခဲ့လေသည်။ သူတို့ကို ဆုတ်ယုတ်နေသော မိသားစုဆိုပြီး လှောင်ပြောင်ခဲ့ကြတာလား။

ဆင်းရဲနွမ်းပါးမှု၏ အကျိုးဆက်များသည် ထိုကဲ့သို့သော အရေးမပါလှသည့်နေရာသို့ပင် ရောက်ရှိသွားခဲ့ပြီလား။ ထို့နောက် သူသည် ပို၍ ထိတ်လန့်စရာကောင်းသည့် စကားလုံးများကို ထပ်မံထည့်သွင်းလိုက်၍ ညင်သာစွာ ပြုံးပြလာခဲ့သည်။

"အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းကနေ လှိုက်လှဲစွာကြိုဆိုလိုက်ပါတယ်။ လေဒီဘယ်ရွန်ပဲလ်"

"…ရှင် ဘယ်လို"

'သူဘာပြောလိုက်တာလဲ... 'အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်း' ဆိုတာဘာကြီးလဲ။ ဒီဝတ္ထုရဲ့ ဗီလိန်ဖြစ်တဲ့ 'အန်းသန့်စ်ဗင်းဆင့်' နဲ့ ဆက်စပ်နေတာလား…!'

* * *

အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်း အဲဒါကဘယ်နေရာမို့လို့လဲ။ ထိုနေရာသည် ဤဝတ္ထု၏ဗီလိန်ဖြစ်သော အန်းသန့်စ်ဗင်းဆင့်အား ငွေပေးနေသည့်နေရာမှလွဲ၍ အခြားမဟုတ်ပေ။ သူ့ကိုတောင် ချီးကျူးကြပြီး သူတို့ကိုယ်သူတို့ သူ့နောက်မှနာမည်ပေးကြသည်။

မားချက်စ်အဖွဲ့အစည်း ကိုယ်တိုင်က တရားမ၀င် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိသော်လည်း အန်းသန့်စ်ဗင်းဆင့်နှင့် ဆက်စပ်နေသည့်အချက်က လူနာအား စိတ်မသက်မသာဖြစ်စေခဲ့သည်။

'မူရင်းဇာတ်ကြောင်းကနေ သွေဖယ်လိုက်တာနဲ့ ဒီလိုမျိုး ကြုံလာရတာပဲလား'

ကောင်းချီးလား ကံဆိုးမှုလား ဆုံးဖြတ်ရခက်သည်။

သို့သော် သေချာသော တစ်ချက်မှာ- သူမ မည်သို့ပင် လုပ်လုပ် ဘုရားသခင်သည် သူမအား အဆုံးစွန်ထိအထင်သေးကြောင်း ညွှန်ပြနေသည့် ပြင်းထန်သော အခြေအနေများ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် လူနာသည် အံကြိတ်ကာ အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းဖြင့် ဗင်းဆင့်နယ်မြေသို့ ဦးတည်သွားခဲ့လိုက်သည်။ ဘာကိုမှ ဆုပ်ကိုင်မထားနိုင်သော လက်ရှိအခြေအနေတွင် မလိုအပ်သောလှုပ်ရှားမှုများကိုမလုပ်နိုင်ပေ။

ဆုံးဖြတ်ချက်ချပြီးနောက် ငါးနာရီအကြာတွင် လူနာသည် ဗင်းဆင့်အဖွဲ့အစည်းက အလုပ်သမားများနှင့်အတူ အာလူးဟင်းချိုတစ်ခွက်ကို အရသာခံ၍ ထိုင်နေခဲ့သည်။

"ဒီလိုမိန်းမလှလေးအကြောင်း ဆိုးရွားတဲ့ ကောလဟာလတွေ ပြန့်နေတာက တကယ်ကိုမျှော်လင့်ချက်မဲ့တာပဲ"

"အဲဒါ ငါပြောချင်တာပဲ! လေဒီပဲလ်ရဲ့ ဒီကောလဟာလတွေကြောင့် မင်္ဂလာမဆောင်နိုင် ဖြစ်နေပြီ"

"လူအများစုက သူမကို အဲဒီတစ်ယောက်ရဲ့ ချစ်သူလို့ ထင်နေကြတုန်းပဲ။ ဒါက ကြီးမားတဲ့ကိစ္စပဲ"

"ဒါဆို ငါတို့တွေ့တဲ့သူတိုင်းကို ပြန်‌ပြင်ပြောရမှာပေါ့"

"အိုး၊ အဲဒါ အကြံကောင်းပဲ!ဒါဆို ငါတို့ ဒီမြို့ကနေ စရမယ်!"

ရန်သူ၏ရန်သူသည် ရဲဘော်ရဲဘက်ကောင်းဖြစ်ပေသည်။ သူတို့သည် မမျှော်လင့်ဘဲကြုံတွေ့ခဲ့ရသော ဖယ်ဆန်၏ ရန်ဘက်ဖြစ်သူအား ခိုင်ခိုင်မာမာ သဘောကျလာကြသည်။

အထူးသဖြင့် ဖယ်ဆန်နှင့်ရင်းနှီးသည်ဟုလူသိများသော လူနာပဲလ်ဖြစ်နေသောကြောင့် ပို၍ပင်အားပြင်းသောထိရောက်မှုရှိလေသည်။

လူနာသည် သူတို့နှင့် စကားစမြည်ပြောဆိုပြီးနောက်တွင်တော့ သူတို့သည်အနည်းငယ် ကြောက်စရာကောင်းသော်လည်း အခြားသူများ၏ နာကျင်မှုကို ကိုယ်ချင်းစာတတ်ကာ ရွှင်လန်းသော လူငယ်လေးများသာဖြစ်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။

လူနာသည် ဖယ်ဆန်အကြောင်း အတင်းအဖျင်းပြောနေဆဲဖြစ်သော ကြေးစားအလုပ်သမားများကို ကြည့်ရင်း သူမ၏အာလူးစွပ်ပြုတ်ကို ဆက်လက်အရသာခံနေခဲ့သည်။ သူတို့သုံးသောစကားအသုံးအနှုန်းများက မယဉ်ကျေးသော်လည်း အကြောင်းအရာက နွေးထွေးပြီး နှစ်သိမ့်မှုရှိလှသည်။

ထို့နောက် လူနာတွင် စူးစမ်းလိုစိတ်တစ်ခု ရုတ်တရက်ပေါ်လာသည်။ သူမ ဟင်းချိုပန်းကန်လုံးကို ချလိုက်ပြီး သူမဘေး၌ ထိုင်နေသော ရွှေရောင်ဆံနွယ်များဖြင့်လူကို မသိမသာ မေးလိုက်သည်။

"စကားမစပ် ရှင့်နာမည်ဘယ်လိုခေါ်လဲ။ ဗင်းဆင့်နယ်မြေသို့ရောက်ဖို့က ရက်အနည်းငယ်ကြာဦးမှာဆိုတော့ ရှင့်ကို ဘာခေါ်ရမှန်းသိရရင် ပိုကောင်းမှာ"

ဒီလူက ဘယ်သူဖြစ်နိုင်မလဲ။ ဖယ်ဆန်ကလွဲလို့ သူ့လောက် ချောမောသောသူ တစ်ယောက်မှ မရှိဘူးပေ။ ဒီတိုင်း အပိုဇာတ်ကောင်တစ်ခုအနေနှင့် ဒီလိုထူးခြားသောမျက်နှာမျိုးရှိဖို့က မဖြစ်နိုင်ပေ။သူသည်လည်း အရေးကြီးသော ဇာတ်ကောင်ဖြစ်ရမည်။

လူနာ မေးခွန်းထုတ်လိုက်စဉ်မှာပဲ ယခင်က စကားစမြည်ပြောဆိုနေကြကာ ဗရုတ်ကျနေသော ကြေးစားအလုပ်သမားများသည် တိတ်သွားကြပြီး သူမအား မျက်လုံးပြူးကျယ်ကာ ကြည့်လာကြသည်။ သူတို့၏ အမူအရာများသည် မမျှော်လင့်စွာ ပြင်းထန်လာခဲ့သည်။

တင်းမာသောအငွေ့အသက်များကြားမှ ထိုလူသည် တောက်ပသောအပြုံးဖြင့် တိုတိုတုတ်တုတ် ပြန်တုံ့ပြန်လာခဲ့သည်။

"ခေါင်းဆောင်"

"အမ်...ရှင့်နာမည်က ခေါင်းဆောင်လား"

"ကိုယ့်ကို ခေါင်းဆောင်လို့ပဲ ခေါ်လို့ရတယ်။ကိုယ့်နာမည်က ရှည်လွန်းတော့ ပြောဖို့ အဆင်မပြေဘူး။ မင်းမကြိုက်ရင် ကိုယ်ကို 'ဟေး' ဒါမှမဟုတ် 'ရှင်' လို့ခေါ်နိုင်တယ်။ ယဉ်ကျေးနေစရာ မလိုဘူး"

'သူက ရာဇဝတ်သားမို့လို့လား...ဒါမှမဟုတ် အန်းသန့်စ်ဗင်းဆင့်နဲ့ အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းတို့နဲ့ ဆက်စပ်နေလို့လား....'

လူနာ၏ သံသယအကြည့်များကို အာရုံခံမိလိုက်သလိုဖြင့် ထိုလူသည် အသေးအဖွဲကိစ္စများအပေါ်အာရုံမစိုက်ရန် ပြောလာသကဲ့သို့ နူးညံ့စွာ ပြုံးပြလာခဲ့သည်။

လူနာသည် သူ့နာမည်ကို ထုတ်ဖော်ရန် ဝန်လေးနေသည်ဟု ခံစားရသဖြင့်ဆက်လက်စူးစမ်းရန် အမြန်စွန့်လွှတ်လိုက်ပြီး နောက်မေးခွန်းတစ်ခုဆီသို့ ဆက်သွားခဲ့လိုက်သည်။

“ဒါဆို နောက်တစ်ခု...အမ်းပြောရရင် မေးခွန်းတစ်ခုဆိုတာ စူးစမ်းချင်တယ်ဆိုတာပိုမှန်လိမ့်မယ်"

ထိုယောက်ျားက ခေါင်းညိတ်ပြလာပြီး သူ့အမူအရာက သူမအား သင့်လျော်သည့်အရာမဟုတ်ရင်တောင်မှ ဘာဖြစ်ဖြစ်မေးလို့ရကြောင်း ဖော်ပြနေပေသည်။

နာမည်ကိစ္စ ပြေလည်သွားသည်နှင့် အလုပ်သမားများသည် သူတို့၏ စွပ်ပြုတ်ကို ပြန်အာရုံစိုက်လိုက်ကြသည်။ လူနာသည် မတတ်နိုင်ဘဲ မေးလိုက်သည်။

"အစကတော့ ကျွန်မ သတိမထားမိပေမယ့် ရှင် ဘာလို့ ကျွန်မကို လွတ်လပ်တဲ့ပြောဆိုဆက်ဆံမှုကို ဆက်သုံးနေတာလဲ”

"…!"

အရင်ကနှင့် ယှဉ်ပါက ပိုအေးစက်သော တိတ်ဆိတ်မှုတစ်ခု သူတို့ဆီ ရောက်လာခဲ့သည်။

အဖွဲ့တွင် သူမနှင့် လွတ်လပ်စွာ‌ပြောဆိုသုံးနှုန်းနေသောသူမှာ သူတစ်ဦးတည်းသာရှိသောကြောင့် လူနာသည် မမေးဘဲ မနေနိုင်တော့ပေ။

"…ဘာလို့လဲ"

ထိုလူသည် သူ့ကိုယ်သူ လက်ညိုးထိုးပြပြီး အသံတိတ်မေးလာခဲ့သည်။ လူနာသည် အတည်ပြုသည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်ရာ ကြေးစားသမားများသည် သူတို့၏ စိတ်ရှုပ်ထွေးနေသော အမူအရာများကို မဖုံးကွယ်နိုင်တော့ပေ။

"ဒါ-ဒါကဘာကိစ္စမို့လို့လဲ"

"ဟားဟား! -အဲဒါကိုစိတ်မပူပါနဲ့။ဒါကဒီလောက်လဲ အရေးမကြီးဘူးမလား"

"ဟုတ်တယ် ဟုတ်တယ်"

အလွန်အရေးကြီးသော ကိစ္စဖြစ်သော်ငြား အလုပ်သမားများသည် ထူးထူးခြားခြား ဘာမှမဟုတ်ရန်ပြောကြသည်။ ထို့ကြောင့် လူနာသည် ထိုလူကို လှည့်မကြည့်ဘဲ အဖြေတစ်ခုထပ်တောင်းလိုက်သည်။

"မဟုတ်ဘူး အရေးကြီးတယ်။ ကျွန်မ မသိတဲ့နာမည်နဲ့လူကို အလွတ်သဘောပြောရတာကြီး အဆင်မပြေနေဘူး"

ထိုလူသည် အမူအရာကို အချိန်အတော်ကြာထိန်းထားရန် ရုန်းကန်ပြီးနောက် ပါးစပ်ထောင့်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လူနာ၏မေးခွန်းကို တုံ့ပြန်လိုက်သည်။

"အခု မင်းပြောနေတာကို ကိုယ်သဘောပေါက်ပါတယ်။ မြို့စားအနွယ်ဝင်မြင့်မြတ်တဲ့ အမျိုးသမီးကို မယဉ်မကျေးအလွတ်သဘောစကားပြောသုံးတာက မယဉ်ကျေးဘူး"

"ဒါဆို အခုကစပြီး…"

"ဒါပေမယ့်..."

လူနာက သူမအပေါ် လေးစားမှုပြရန် မတောင်းဆိုခင်မှာ ထိုအမျိုးသားက သူမစကားကို ဖြတ်ပြောလာပေးခဲ့သည်။

"ယဉ်ကျေးတဲ့အသုံးအနှုန်းတွေကို ကိုယ် တစ်ခါမှ မလေ့လာဖူးလို့ ဖြစ်နိုင်တယ်။ကိုယ်က အဲ့လို တခမ်းတနားစာတွေနဲ့မရင်းနှီးဘူး။ ရိုးရိုးသားသားပြောရရင် မိဘတွေကိုတောင်မှ ရိုသေသမှုပြစကားလုံးမျိုး မသုံးဖူးဘူး။ မွေးကတည်းက ဒီလိုမျိုးနေခဲ့တာဆိုတော့ ဘယ်လိုသုံးရမှန်းမသိဘူး"

ဒီလိုလူမျိုးရှိသည်ဆိုတာ ယုံရခက်ပေသည်။ လူနာသည် ဆက်လက် ငြင်းခုံချင်သော်လည်း ထိုသူသည် တောက်ပစွာ ရယ်မောလာပြီး သူမ၏စကားများကို ရပ်လာခဲ့သည်။ သူ့အပြုံးများသည် ပန်းလယ်ကွင်းများကိုပင် ချက်ချင်း ပန်းများပွင့်နိုင်စေပေသည်။

"ဒီတိုင်း လွတ်လွတ်လပ်လပ် ပြောလို့ရမလား။ တကယ်ဆို ဒီနည်းက ပိုပြီးတောင်ကောင်းသေးတယ်။ မင်းကိုယ့်ကိုကျိန်ဆဲချင်ရင်တောင်မှ ကျိန်ဆဲလို့ရတယ်"

"ရှင် ဘာပြောလိုက်တာလဲ"

ထိုသူ၏ စကားကြားများကိုကြားသည်နှင့် လူနာသည် သူ့ရှေ့ကလူအား 'ဟေး' 'ရှင်' 'မျိုးမစစ်' လို့ ခေါ်နေမည့်သူမကိုယ်သူမအား တွေးလိုက်မိသည်။

'မဟုတ်ဘူး.. ထူးဆန်းနေတုန်းပဲ'

နှစ်အတော်ကြာ ခင်မင်ရင်းနှီးခဲ့ကြသည်ဆိုပါက သူမစိတ်မဝင်စားသော်လည်း ယခုတွင်မူ ဘယ်လိုပဲတွေးနေပါစေ မမှန်နေပေ။

အရင်ချိန်တုန်းကတော့ သူမစိတ်မရှိပေမယ့်လို့ ယခုလို ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ ထိုစကားပြောဖြင့်သာ အသားကျလာခဲ့သည်။

"မင်း မကြိုက်ရင်လည်း...အင်း၊ မင်းနည်းနည်းတော့ သည်းခံပေးလေ။ကိုယ် နောက်ပိုင်းကျ ရိုသေသမှုပြုစကားတွေ သင်ယူပြီးတဲ့အခါကျ မင်းကို လေဒီဆိုတာနဲ့ ခေါ်မယ်"

ထိုသူသည် သူ၏အလှကို အားသာချက်အဖြစ် အသုံးပြုကာ ဤအတားအဆီးကို ရှောင်ရှားလိုသကဲ့သို့ ယခင်ကထက် ပိုမိုတောက်ပစွာ ပြုံးပြလာခဲ့သည်။ ထိူလူသည် ပန်းတစ်ပွင့်ကဲ့သို့ လှပကာ စူးရှထက်မြက်သော မျက်လုံးများရှိလေသည်။ ထို့အပြင် ကောင်းကင်က သူ့ကို သဘောကျနေသကဲ့သို့ နွေးထွေးသောလေနုအေးက သူ့ရွှေဆံနွယ်ဘေးမှတဆင့် ညင်သာစွာ ဖြတ်တိုက်ခတ်သွားကာ သူ့မျက်နှာကို ပို၍ပင် လှပစေရန်ထောက်ပံ့ပေးခဲ့သည်။

ပြောရမယ်ဆိုရင် သူ့မျက်နှာလှလှလေးကြောင့် ထားလိုက်သင့်ပေသည်။

သို့သော် ကံမကောင်းစွာဖြင့် လူနာအတွက်မူ သူမသည် အချောဆုံးဇာတ်လိုက်ဖြစ်သည့် ဖယ်ဆန်နှင့် ဆယ်စုနှစ်များစွာ တွေ့ခဲ့သည်ဖြစ်လေရာ ခံနိုင်ရည်ရှိလေပေသည်။ ထို့အပြင် သူမသည် သွားလေရာ၌ တစ်စုံတစ်ယောက်၏ အသွင်အပြင်ကြောင့် အလွယ်တကူ ကျဆင်းမည့်သူမျိုးမဟုတ်သောကြောင့် ထိုယောက်ျား၏ အလှကြောင့် လှည့်စားခံရမည်မဟုတ်ဟု ယုံကြည်ထားသည်။

"…"

သူမသည် ခေါင်းညိတ်ဖို့ကိုလည်း မလိုလားသောကြောင့် ဘာမှမပြောဘဲ ထိုလူနှင့်သာ အကြာကြီးစိုက်ကြည့်နေခဲ့ကြသည်။ လေထုကို ပြောင်းလဲရန် အလုပ်သမားများသည် စကားစမြည်ပြောကာ ကြားဝင်စွက်ဖက်ရန် ကြိုးစားလာခဲ့ကြသည်။

"အမ်-အမ်၊ဒါနဲ့ လေဒီလူနာက ပဲလ်နယ်မြေမှာ စီးပွားရေးလုပ်မလို့လို့ ပြောခဲ့တယ်မလား"

"အိုး ဟုတ်တယ်! အဲ့တာအမှန်ပဲ။ အဲဒီဘာမှမရှိတဲ့အရပ်မှာ မစ္စက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလုပ်မယ်ဆိုတာ ကျွန်တော်သေချာမသိပေမယ့် ပဲလ်နယ်မြေကို အဖော်ပြုလိုက်သွားဖို့ကမဆိုးဘူးပဲ"

"မှန်တယ်! ဒါကရှားရှားပါးပါး တွေ့ဆုံမှုပဲ!”

"အဲဒီလို ဖြေရှင်းရင်ရော မင်းဘယ်လိုထင်လဲ"

"ဘာကြီး.."

အလွတ်သဘော ပြောဆိုခွင့်နှင့် သူမကို အခမဲ့ လိုက်ပို့ပေးတာလဲချင်တာလား။ ဒါက ဆွဲဆောင်မှုရှိသောကမ်းလှမ်းမှုတစ်ခုဖြစ်ပေမယ့် လူနာက စိတ်တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့ပြီး ခေါင်းယမ်းပြလိုက်သည်။

"မလိုပါဘူး ကျေးဇူးတင်ပါတယ်။ ကျွန်မတစ်ယောက်တည်း လုပ်စရာရှိတယ်။"

သူမအလုပ်၏သဘောသဘာဝအရ တစ်စုံတစ်ယောက်နှင့် အတူသွားရခြင်းအတွက် စိတ်မသက်မသာခံစားမိသည်။ ထို့ကြောင့်ပင် သူမဘာသာ သင့်တော်သော ရွှေပမာဏကို တူးဖော်ရန် ကြံစည်ခဲ့သည်။ လက်ကျိုးရင်ကျိုးပါစေ သူမသည် ၎င်းအတွက် နေ့ရောညပါ လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည်။

"မင်းအဲဒီမှာလုပ်စရာရှိလို့လား။ တစ်ယောက်တည်းလေ"

"ဟုတ်တယ် တစ်ယောက်တည်းပဲ"

"ဒါပေမယ့် မင်းက အဖွဲ့နဲ့ လုပ်ရင်ပိုသက်သာမယ် မဟုတ်ဘူးလား။ နောက်ပြီး မင်းဘာတွေလုပ်နေလဲ ကိုယ်မသိပေမယ့် ကိုယ်တို့နှစ်ယောက်ဆိုရင်တော့ ပိုလွယ်မယ်ဆိုတာသေချာတယ်"

"မှန်တယ်!"

'ဒီစကားက ဘာသဘောလဲ' 

ကြေးစားအလုပ်သမားများကလည်း သူတို့အား သူမနှင့်အတူ ခေါ်သွားရန် ပြောဆိုလာကြသည်။

"ဒါက ပင်ပန်းတဲ့အလုပ်မို့ ကျွန်မတစ်ယောက်တည်းသွားမှရမယ်"

"အားသုံးရတဲ့ အလုပ်လား။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေကိုမြင်ပြီးတာတောင်မှ ဒီလိုပြောနေသေးတာလား။ ဟားဟား! မစ္စက တကယ် အတွေ့အကြုံမရှိတာပဲ ဟားဟား!"

"ရှင်တို့ရဲ့ ခန္ဓာကိုယ်ကိုမြင်ရလို့ ပိုပြီးစိတ်မလွယ်သလိုခံစားရတာ။ တကယ်လို့ အတူတူသွားမယ်ဆိုရင် ကံဆိုးမှုတစ်ခုခုဖြစ်လာမှာကို ကျွန်မစိုးရိမ်မိတယ်"

ကြေးစားအလုပ်သမားများသည် လူနာ၏အဖြေကြောင့် စိတ်ပျက်သောမျက်နှာဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြပြီး သူတို့၏ကန့်ကွက်မှုကို ဖော်ပြခဲ့သည်။

"မစ္စသိတဲ့အတိုင်းပဲ အသိအမှတ်ပြုခံထားရတဲ့ မားချက်စ်အလုပ်သမားအဖွဲ့အစည်းကို အစိုးရက တရားဝင် ခန့်ထားတာပါ။ ဒါတောင်မှကံဆိုးမှု တစ်ခုခု ဖြစ်လာနိုင်တယ်လို့ ပြော‌တာလား"

"ရုပ်ရည်အပေါ် မူတည်ပြီး မဆုံးဖြတ်ပါနဲ့!"

သူတို့သည် ယခုတစ်ကြိမ်တွင် ထင်ရှားပေါ်လွင်မှုကို အခြေခံ၍ ပြောဆိုလာကြကာ သူတို့၏ စကားလုံးများက ရောထွေးလာကြသည်။ လူနာသည် သူတို့၌ ရှင်းလင်းသော အထောက်အထားများ ရှိနေသော်လည်း သိပ်မသေချာသေးပေ။ လူနာက ခေါင်းကို ထပ်ခါယမ်းလိုက်ချိန်မှာပဲ ဆွဲဆောင်မှုရှိသည့် ယောက်ျားက စကားပြောလာခဲ့တော့သည်။

"သူတို့ကို မင်းနဲ့အတူ ခေါ်သွားလိုက်ပါ။ မင်းဘာတွေလုပ်နေလဲ ကိုယ်မသိဘူး၊ ဒါပေမယ့် မင်းဒီလောက်စိုးရိမ်နေရင် မားချက်စ်အဖွဲ့အစည်းဆီကနေ အာမခံချက်ပေးလို့ရနိုင်တယ်"

"...အာမခံလား"

"ဟုတ်တယ်။ မင်းလိုချင်ရင် ကိုယ် တော်ဝင်မိသားစုဆီက အသိအမှတ်ပြုလက်မှတ်တောင်ယူပေးလို့ရနိုင်တယ်။ ဒါဆို မင်းသူတို့ကို စိတ်ချလက်ချစွာ အသုံးနိုင်မှာ"

"…"

'ဒါက တကယ်ပဲ ဝတ္ထုထဲက ဇာတ်လိုက်ရန်ဘက်ရဲ့ မားချက်စ်အဖွဲ့အစည်းရောဟုတ်ရဲ့လားဘာလို့ဒီလောက်သဘောကောင်းနေရတာလဲ'

တော်ဝင်အသိအမှတ်ပြုလက်မှတ်လား အင်း....

တော်ဝင်အသိအမှတ်ပြုလက်မှတ်သည် စျေးကြီးသော အာမခံတစ်ခုဖြစ်သည်။ ကံဆိုးမိုးမှောင်ကျတဲ့ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့ရင်တောင်မှ တော်ဝင်မိသားစုက နစ်နာမှုအတွက် တာဝန်ရှိပေသည်။ ပို၍တိကျသည်မှာ ၎င်းတို့ တော်ဝင်မိသားစုသည် ဆုံးရှုံးမှုများကို ကိုယ်စားကနဦးခံယူမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ၏ ဆွေမျိုးများမှအစ အဖိုးအခပြန်ပေးဆောင်ရန်သေချာစေပေသည်။

'ဒါပေမယ့် ဒီလောက်ကောင်းတာကိုလုပ်ပေးတာကဘာလို့လဲ'

ဤသို့ပြုလုပ်ရသည့်အကြောင်းရင်းကို အဖြေရှာမရနိုင်သောကြောင့် လူနာသည် မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် ထိုလူက အခြေအနေကိုရိပ်မိဟန်ဖြင့် ပြောလာခဲ့သည်။

"ကိုယ်မင်းနဲ့ လွတ်လွတ်လပ်လပ်သဘောပဲ ဆက်ပြောပါရစေ"

'အလွတ်သဘော ပြောဆိုခြင်းလား...'

ဘာလို့လူတစ်ယောက်က ထိုကိစ္စလေးနှင့် ကိုယ့်ကိုကိုယ် ဒုက္ခရှာရလဲဆိုတာနားမလည်နိုင်ပေ။ ရိုသေသမှုပြုအသုံးအနှုန်းများကို အသုံးပြုခြင်းဖြင့် သေစေနိုင်သောရောဂါ ဖြစ်မှာလည်းမဟုတ်ဘဲနဲ့။

ထိုအချိန်တွင် လူနာသည် ငြင်းပယ်ကာ ထိုယောက်ျားကိုသာ ရိုသေသမှုပြုအသုံးအနှုန်းများအား အသုံးပြုခိုင်းရန်စဉ်းစားခဲ့သော်လည်း သူမ၏ ငွေကြေးနှင့် အဆင်မပြေမှုတို့သည် ထိုဆန္ဒထက်ပင် ပို၍ တွန်းအားဖြစ်စေခဲ့သည်။ ထို့ကြောင့် သူမသည် ခေါင်းကို တိတ်တဆိတ် ညိတ်ပြလိုက်ပြီး သူ့ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။

"…ကောင်းပြီလေ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးသရွေ့ပေါ့"

"ဒါပေါ့။ စာချုပ်ကအမြဲတမ်းအခြေခိုင်ပြီးသားပါ"


TK Team