Chapter 8
Viewers 680

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch8


"... လူနာက ဒီမှာ မရှိဘူးတဲ့လား"

"ဟုတ်တယ်။သူမက အနားယူဖို့ ပဲလ်နယ်မြေကိုသွားတာ။ မြို့စားလေး မကြားခဲ့ဘူးလား"

လူနာမရှိတော့သောသတင်းကြောင့် ဖယ်ဆန်သည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး မျက်နှာကို လက်နဲ့အုပ်လိုက်မိသည်။

သူမ သူ့ကို ရှောင်ဖို့ ပဲလ်နယ်မြေကို သွားခဲ့တာ များလား။

ထိုအတွေးက သူ့စိတ်ထဲ ဖြတ်သွားခဲ့သည်။ ဖြစ်နိုင်ချေများပေသည်။ မကြာသေးမီမှစ၍ သူမသည် သူ့ကို ရှောင်နေမှန်း သိသာလာခဲ့သည်။ နားလည်မှုလွဲမှားခြင်း သို့မဟုတ် တစ်ခုခုကြောင့် ထပ်မတွေ့ဆုံကြရန်ပင် အကြံပြုခဲ့သည်။

သူသည် အချိန်တိုင်း ကောင်းစွာပြုမူခဲ့သော်လည်း သူမ ဘာကြောင့်ဒီလိုလုပ်နေရတာလဲဆိုတာ သူ နားမလည်နိုင်ခဲ့ပေ။

'တစ်ခုခုမှားနေလို့များလား။ဒါမှမဟုတ် သူမနေလို့မကောင်းလို့များလား ခေါင်းကိုက်တာမျိုး တစ်ခုခုဖြစ်တာမျိုးလေ'

မဟုတ်ပါက ဒီအခြေအနေအားလုံးသည် အဓိပ္ပာယ်မရှိနေချေ။ ဆိုင်ယာ၏ အကြောင်းပြချက်သည်လည်း ထူးဆန်းလှသည်။

ကြင်နာတတ်သော စိတ်ကြောင့် လူသိများသည့်အလျောက် ဆိုင်ယာသည် ဘာမှ ဂရုမစိုက်ပေ။

သူသည် ဆိုင်ယာနှင့် ထိပ်တိုက်ဆုံကာ အရင်ကမျက်ရည်များဖြင့် ထွက်ပြေးရသည့်အကြောင်းအရင်းအား မေးခဲ့ချိန်တွင် သူမက ဘာမှမဟုတ်ကြောင်း ဒီတိုင်းစိတ်အားငယ်သလို ခံစားခဲ့ရလို့ ငိုခဲ့မိကြောင်းသာ ပြန်ဖြေခဲ့သည်။ ဒါကြောင့် လူနာဘက်ကသာ မလိုအပ်ဘဲ စိတ်ပူပြီး နားလည်မှုလွဲခဲ့သည်မှာ ထင်ရှားပေသည်။

'ဘယ်သူကများ ဖြူစင်တဲ့လူနာကို ဒီလိုအတွေးမျိုး လာစိုက်ပျိုးခဲ့တာလဲ'

အရင်ကလိုအခြေအနေမဟုတ်တော့ကာ လူနာတွင် သေချာပေါက် အပြောင်းအလဲတစ်ခုခု ရှိမှာသေချာပေသည်။ ဖယ်ဆန်သည် သူ၏ချစ်လှစွာသော သူငယ်ချင်းအတွက် စိုးရိမ်မှုဖြင့် သွေးတိုးလာသလိုပင်ခံစားလိုက်ရသည်။

"သူမ ဘယ်တော့ ပြန်လာမယ်ပြောလဲ"

"အင်း...တကယ်တော့ ငါလည်းမသိဘူး။ သူမ အနားယူချင်တယ်လို့ပဲ ပြောခဲ့တာ။ဒါပေမယ့် သူမမှာ ပိုက်ဆံအများကြီးမရှိတော့ မကြာခင် ပြန်လာလောက်မှာပါ"

"…သိပါပြီ"

ပဲလ်နယ်မြေ...ထိုနေရာတွင် ဘာမှမရှိနေပေ။ သူမ ဗင်းဆင့်နယ်မြေသို့သွားသည်မှာပိုဖြစ်နိုင်သည်။

ရုတ်တရက် ဖယ်ဆန်၏နှလုံးသားသည် မငြိမ်မသက်ဖြစ်လာရသည်။ သူသည် ဘယ်ရွန်ပဲလ်မြို့စားနှင့် အတူသွားရမည့် စားသောက်ဆိုင်၏ ဆန့်ကျင်ဘက်သို့ သူ့ခြေလှမ်းများကို ပြန်လှည့်လိုက်သည်။

"တောင်းပန်ပါတယ်၊ ဒါပေမယ့် အခု ကျွန်တော်သွားရမယ်ထင်တယ်။ အရေးတကြီးတာ တစ်ခုခုကို အခုမှပြန်သတိရလာလို့"

"အိုး တကယ်လား။ ဒါဟာ နှမြောစရာပဲ။ဒါပေမယ့် မတတ်နိုင်ဘူးလေ။ လူနာရော မြို့စားလေးပါ ဒီမှာရော မရှိဘူးလားဆိုတော့ ဒီမနက်စာကို တစ်ယောက်တည်း စားရမယ်ထင်ပါတယ်"

"တောင်းပန်ပါတယ်။ ကောင်းကောင်းစားပါ။ဒါဆို ကျွန်တော်သွားလိုက်ပါအုံးမယ်"

ဖယ်ဆန်သည် အပေါ့စားခရီးဆောင်အိတ်၊ မြင်းလှည်းတစ်စီးနှင့် အစောင့်အကြပ်အချို့ယူဆောင်ရန် မြို့စားကြီးစံအိမ်သို့ ပြန်လာခဲ့သည်။ သူ၏ဦးတည်ရာမှာ လူနာရှိရာ ဗင်းဆင့်နယ်မြေ ဖြစ်သည်။

"သခင်လေး ဖယ်ဆန်... ခရီးဝေးကိုအကြာကြီးသွားဖို့စီစဉ်နေတာဆိုရင် မသွားခင် မစ္စဆိုင်ယာကို အနည်းဆုံးစကားနည်းနည်းလောက် ပြောသင့်တယ်နော်"

"အာ…"

သူ့ကို လှမ်းကြည့်နေသော အိမ်တော်ထိန်း၏ စကားကြောင့် ဖယ်ဆန်သည် ယခုမှ ဆိုင်ယာအား သတိရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။

"အိုး၊ ကျွန်တော် လုံးဝမေ့သွားတာ။ အခု ကျွန်တော်ဘာလုပ်သင့်သလဲ။ စာတစ်စောင်ဆို အဆင်ပြေလောက်လား။ ဗင်းဆင့်နယ်မြေကိုသွားဖို့အတွက်က အနည်းဆုံး တစ်ပတ်ကနေ ဆယ်ရက်လောက် ကြာလိမ့်မယ်"

ထို့အပြင် လူနာကို ရှာဖွေရမည်ဖြစ်သောကြောင့် နှစ်ပတ်ကျော်မျှ ကြာနိုင်ဖွယ်ရှိသည်။

ဖယ်ဆန်၏ စိုးရိမ်သောကစကားများကို တုံ့ပြန်သည့်အနေဖြင့် အိမ်တော်ထိန်းသည် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"စာတစ်စောင်ဆိုရင်လည်း အဆင်ပြေပါတယ်။ သခင်လေးအတွက် ပြင်ဆင်ပေးရမလား"

“ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကျွန်တော့်အစားရေးလိုက်ပါ။ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖို့ ဗင်းဆင့်နယ်မြေကို ခဏသွားမယ်ဆိုပြီးတော့။ အာ! ပြီးတော့လက်ဆောင်တစ်ခုမျှော်နေဖို့ပါ သူမကိုပြောလိုက်ပါ။ ဒါမှ သူမစိတ်မပူနေမှာ"

"နားလည်ပါပြီ သခင်လေး။နှင်းဆီပန်းစည်းနဲ့ပါ ပို့ပေးလိုက်ပါမယ်။ ကျေးဇူးပြုပြီး လမ်းမှာဂရုစိုက်ပါ"

"ကျေးဇူးပါ"

အိမ်တော်ထိန်းအဘိုးအိုသည် လေးလေးနက်နက် ဦးညွှတ်ပြလိုက်ပြီး ရထားပြတင်းပေါက်ကို ပိတ်လိုက်သည်။

* * *

ကတိပြုထားသည့်အတိုင်း ထိုလူသည် ဧကရာဇ်နန်းတော်မှ ဂုဏ်သိက္ခာရှိသော အာမခံချက်နှင့် အသိအမှတ်ပြုလက်မှတ်ကို အမှန်တကယ် ပေးဆောင်လာခဲ့သည်။

လူနာသည် စာရွက်စာတမ်းများအား အတုများလုပ်ထားသည်လားဟု သံသယဝင်ကာ စာရွက်စာတမ်းများကို ဂရုတစိုက် စိစစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စာရွက်များပေါ်ရှိ တံဆိပ်သည် ရှင်းရှင်းလင်းလင်းမြင်နေရပြီး ပူးတွဲပါရှိသော အင်ပါယာကြီးကြပ်ရေးမှူး၏ ခိုင်ခံ့သော အထောက်အထားသည် သူမ၏သံသယများကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်သည်။

ထို့ကြောင့် အလုပ်သမားများအဖြစ် ငှားရမ်းထားသော အလုပ်သမားသုံးဦး၊ 'ခေါင်းဆောင်'ဟုခေါ်သောထိုလူ၊ လူနာ နှင့် နောက်ဆုံးတွင် တော်ဝင်မိသားစု၏ ကိုယ်ရံတော်များ ပါဝင်ထားသော အတော်လေးကြီးမားကာအင်အားတောင့်သည့် အုပ်စုတစ်စုသည် ဗင်းဆင့်အိမ်ယာမှ ပဲလ်နယ်မြေသို့ ထွက်ခွာလာခဲ့ကြသည်။

"ကျွန်တော်တို့ ဒီမှာ ဘာလုပ်ကြမှာလဲ"

သူမတို့ ဦးတည်ရာကို ရောက်လာချိန်မှာပဲ ကြီးကြပ်ရေးမှူးသည် သူ့လက်နှစ်ဖက်ကို ပိုက်ကာ လှည့်ကြည့်ရင်း မေးလာခဲ့သည်။ထိုနေရာတွင်မြင်နေရသည်မှာ ကျောက်တုံးများမှလွဲ ဘာမျှမရှိလေသောကြောင့် အသိပြုလက်မှတ်လုပ်ငန်းစဉ်ကို အဘယ်ကြောင့် ဖြတ်ကျော်ရသည်ကို နားလည်ရခက်စေသည်။

တခြားသူတွေသည်လည်း ဒီနေရာကို လာဖို့ အသိအမှတ်ပြုလက်မှတ် အဘယ်ကြောင့်လိုကြောင်း မေးခွန်းထုတ်သလို ရှုပ်ယှက်ခတ်နေသော အမူအရာတွေ ဖြစ်နေကြသည်။

တုံ့ပြန်သည့်အနေဖြင့် လူနာသည် ပုခုံးကိုတွန့်ပြကာ ကျောက်တုံးတောင်များအား တူးရန် အမိန့်ပေးခဲ့သည်။

"တောင်အောက်မှာ ရှိနေတဲ့ ပစ္စည်းတွေ ရောင်းမယ်။ တောင်ကြီးတစ်ခုလုံး အကုန်မပျောက်မချင်းတူးရမယ်"

"ကောင်းပြီ၊ ဒါပေမယ့် ဒါတွေအားလုံးပြီးဖို့ ကိုယ်တို့မှာ လုံလောက်တဲ့ အင်အားမရှိဘူးလေ"

"ဒီနေ့က အစပဲရှိသေးလို့ပါ။ နောက်ပိုင်းကျရင် ဒါတွေလည်ပတ်အောင် ကိုင်တွယ်ဖို့ဝန်ထမ်းတွေ တရားဝင်ခန့်အပ်ဖို့ စီစဉ်ထားတာမို့ အရမ်းကြီး စိတ်မပူကြပါနဲ့။ဒီနေ့တော့ သတ်မှတ်ထားတဲ့ပမာဏကို တူးပြီးရင် ရပ်လိုက်မှာပါ"

'ဒါကြောင့် ရှင့်လက်ထဲက ပေါက်တူးနဲ့စတူးတော့ဟုတ်ပြီလား။ကျွန်မတို့ ကတိတစ်ခုပေးခဲ့တယ် မှတ်မိတယ်ဟုတ်။ လွတ်လွတ်လပ်လပ်ပြောဆိုတာအသုံးပြုတဲ့အတွက် အခြေအနေတစ်ရပ်အနေနဲ့လေ'

လူနာက ခေါင်းညိတ်လိုက်သည်နှင့် မျက်နှာပေါ်တွင် သံသယများရှိနေသေးသည့် အမူအရာများဖြင့် ကြေးစားအလုပ်သမားများသည် ကျောက်တောင်ကို စတင်တူးကြတော့သည်။

ထို့နောက် ခဏအကြာတွင်…

"ဒါက ဘာကြီးလဲ"

"ဒါ..ဒါက ရွှေမလား!!"

ဝတ္ထုတစ်ပုဒ်လိုပင် ရွှေတုံးများက တစ်ခုပြီးတစ်ခု ထွက်ကျလာခဲ့သည်။ ကြေးစားအလုပ်သမားများသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြကာ ခဏတာ စကားမပြောနိုင်ဖြစ်သွားကြ၍ လူနာ ကိုယ်တိုင်သည်လည်း ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့သည်။

မူလလူနာပဲလ်သာ သူမသည်ရွှေတောင်ကြီးတစ်ခုလုံးကိုဈေးချိုချိုဖြင့်ရောင်းချခဲ့မိကြောင်း သိသွားပါက မည်ကဲ့သို့ ခံစားခဲ့ရမည်နည်းဟု သူမ တွေးလိုက်မိသည်။ ၎င်းသည် ကြီးမားသော ရွှေတောင်ကြီးတစ်ခုပင်။

"ဆိုတော့...ဒါကြောင့် မင်းကအရမ်းစိတ်ပူနေတာကိုး"

ထိုလူက လက်ထဲတွင် ရွှေတုံးကို ကိုင်ထားကာ အနီးကပ်ကြည့်သည်။ ထို့နောက် အာမေဋိတ်သံတစ်ခု ထွက်လာခဲ့သည်။

"ဝိုး ဒါက ထိပ်တန်းရွှေတုံးပဲ။ ကိုယ်မြင်ဖူးသမျှထဲမှာ အသန့်ရှင်းဆုံးရွှေပဲ။ ပြီးတော့ ဒါက အမြတ်ထွက်လား မထွက်ဘူး‌လားတွက်ဆဖို့တောင် မလိုအောင်ကြီးမားလွန်းတဲ့ ပမာဏပဲ…"

သူ့စကားအတိုင်း လူနာသည်လည်း သူ့လက်ထဲရှိ ရွှေတုံးလေးကို သတိပြုမိသည်။

သူမသည် အတိတ်ဘဝ သို့မဟုတ် ယခုဘဝတွင် ရွှေနှင့်မနီးစပ်ခဲ့ဖူးသောကြောင့် ရွှေအကြောင်းကို သိပ်မသိသော်လည်း ၎င်း၏အရောင်သည် အလွန်တောက်ပနေကာ 'ကဲ မင်းအနားယူနိုင်ပြီ အချစ်ကလေး။ မင်း ချမ်းသာသွားပြီ' ဟုပြောနေသလိုပင်။

ဤပမာဏဖြင့်သာဆိုလျှင် သူမသည် ဆိုင်ယာ အပါအဝင် သူမ၏သူငယ်ချင်းများအားလုံးကို ချက်လက်မှတ်များဖြင့်ပစ်ပေါက်ပြီး ရေချိုးပေးနိုင်ပေသည်။ 

မဟုတ်သေးဘူး။ သူမသည် ကြီးမားသော အိမ်ကြီးတစ်လုံးကို ဝယ်ယူပြီး ရေကူးကန်ကို ချက်လက်မှတ်များဖြင့် အပြည့်ဖြည့်ပေးနိုင်သည်။

"ရူးမိုက်တဲ့ အတွေးတွေ မတွေးနေကြပါနဲ့။ရှင်တို့ အာမခံချက်နဲ့ လက်မှတ်ကို မေ့နေပြီလား"

ရွှေများအပေါ် စွဲလန်းနေသော ကြီးကြပ်ရေးမှူးသည် ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏အခန်းကဏ္ဍအပေါ် သစ္စာရှိနေသေးပေသည်။

"အဲ့လို မပြောပါနဲ့! ကျွန်တော်တို့က တကယ့်လူဆိုးတွေမဟုတ်ပါဘူး!"

"ဒါတော့ မင်းအရမ်းလွန်သွားပြီ လေဒီ!"

"ကျွန်တော့်မှာ ပြုစုဖို့အတွက် ကလေးတွေရှိတယ်။ ဒီလောက်ဆိုးတဲ့ဟာမျိုးကို လုပ်မှာတဲ့လား။ ကျွန်တော်တို့က ထိုက်တန်တဲ့ လစာ ရပြီးပါပြီ။ကျွန်တော့်မှာ ဒီလောက် လိုချင်လောဘ မရှိပါဘူး"

ကြေးစားအလုပ်သမားများ ဒေါသပိုထွက်လာကြသည်နှင့်အမျှ လူနာသည်အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူတို့သည် လူဆိုးများနှင့် ဆက်စပ်နေသော မားချက်စ်အလုပ်သမားအစည်းအရုံးမှဖြစ်တာကြောင့် သူမသည် ခဏတာမျှရှုပ်ထွေးသွား၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ယုံကြည်စိတ်ချမှုမရှိဖြစ်မိသွားသည်။

သူတို့သည် သူမအား အစွမ်းကုန်ကူညီခဲ့ကြသောကြောင့် ရိုးသားစွာပြန်တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်။ကျွန်မက တစ်ယောက်တည်းဆိုတော့ နည်းနည်း အထိမခံဖြစ်မိသွားတာပါ။ ရှင်တို့က စေတနာနဲ့လုပ်ပေးကြတာဆိုတော့ ကျွန်မလိုအပ်တဲ့ပမာဏတစ်ခုလောက်ရပြီးရင် တချို့ကျန်တာကို ရှင်တို့ယူလို့ရပါတယ်"

"…!!"

ဒါသည် အလွန်အကျွံဆုကြေးငွေဖြစ်သော်လည်း နောက်ပိုင်းတွင် သူမ၌ရွှေတွင်းမှသည် စိန်တွင်းများ ရှိလာတော့မည်ဖြစ်သည်။ ထိုကြောင့် ယခုသည် တိကျသေချာသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။

နေရာအတိအကျကို သူမမှတ်မိသော်လည်း သူမသည် ဇကာတင်နေရာအချို့အားသိလေသည်။ သူမသည် ၎င်းတို့အားလုံးကို ဝယ်ယူမည်ဆိုပါက တစ်နေရာရာတွင်တော့ စိန်တွင်းအားတူးမိလေမည်ဖြစ်သည်။ ထို့နောက် သူမသည် ရွှေနှင့်ပင် ယှဉ်၍မရနိုင်လောက်အောင် များပြားလှသော ပမာဏကို ရယူနိုင်လိမ့်မည်။

လူနာ၏ ကရုဏာကြောင့် ကြေးစားအလုပ်သမားများ၏ စိတ်ဓာတ်များသည် မြင့်တက်လာခဲ့ကြပြီး နာရီအနည်းငယ်အတွင်း ရွှေအမြောက်အမြားကို တူးဖော်နိုင်ခဲ့သည်။ ထို့နောက်ကြေးစားအလုပ်သမားများသည် စိတ်လှုပ်ရှားလာခဲ့ပြီး သူတို့၏ ရှယ်ယာများကို စတင်ရယူခဲ့ကြသည်။

"ငါတို့ရဲ့အပိုင်းကို မားချက်စ်အလုပ်သမားအစည်းအရုံးကိုရောင်းကြရအောင်"

တခြားသူများ သူတို့လက်နှင့် ကိုယ်တိုင်တူးထားသော ရွှေများကို မြတ်နိုးနေကြကာ သူတို့ဘယ်လောက် ချမ်းသာလာတယ်ဆိုတာ သဘောပေါက်နေကြသည့်အချိန်တွင် ခေါင်းဆောင်ဆိုသည့်လူသည် သူ့ဝေစုကိုစိတ်မဝင်စားဟန်ဖြင့် လူနာအနားကို ချဉ်းကပ်လာခဲ့သည်။

"မင်း ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို ရောင်းမှာ ဟုတ်တယ်မလား။ အဲဒါဆိုရင် မားချက်စ်မှာ ရောင်းသင့်တယ်"

"ကောင်းပြီလေ။ဒါပေမယ့် မရောင်းခင် စျေးကွက်ပေါက်ဈေးကို စစ်ဆေးကြည့်လိုက်အုံးမယ်"

"ကိုယ် မင်းကို အမြင့်ဆုံးဈေးပေးပါ့မယ်"

"အဲ့တာကဘယ်လောက်မြင့်လဲ ကြည့်ရအောင်"

"ကော်မရှင်ခမပါဘဲ အလုပ်သမားတွေကို ပေးနိုင်တယ်။ပြီးတော့ ရွှေထပ်တူးဖို့ အလုပ်သမားတွေလည်း ငှားရအုံးမှာ မလား။ ပြီးတော့ရင်းနှီးမြုပ်နှံမှုတွေလည်း လုပ်ထားသင့်တယ်။ ကိုယ်တို့ မားချက်စ်အလုပ်သမားအစည်းအရုံးကနေ အပြည့်အဝတာဝန်ယူပေးပါ့မယ်။ ဒါကြောင့် စာချုပ်ချုပ်ကြရအောင်"

* * *

"ကိုယ်တို့ မားချက်စ်အလုပ်သမားအစည်းအရုံးကနေ အာမခံချက်တင်မဟုတ်ဘူး တော်ဝင်မိသားစု အသိအမှတ်ပြုလက်မှတ်ကိုပါပေးအုံးမှာ"

"မင်း တခြားဘာလိုသေးလဲ။နာမည်ပြောလိုက်ရုံပဲရစေရမယ်”

ထိုလူသည် သူမတောင်းဆိုလာသမျှ ဘာမဆို ပေးမလိုမျိုး ဖြားယောင်းလာသည်။ တောက်ပသောအပြုံးနှင့် တိုက်တွန်းလာခဲ့ကာ သူသည် အမှန်တကယ် စိတ်အားထက်သန်နေပုံရသည်။

အမှန်တွင် သူ့စကားတစ်ခွန်းတည်းနှင့် လုံလောက်တာကြောင့် သူအရမ်းကြီးကြိုးစားအားထုတ်ရန် မလိုအပ်ပေ။သူမတွင် တခြားတောင်းဆိုစရာများ မရှိတော့သော်လည်း သူသည်ပြဿနာကိစ္စအားလုံးကို ဂရုစိုက်ပေးမည်ဟု ကတိပေးလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ…

'ဒါက အန်းသန့်စ်ဗင်းဆင့်နဲ့ မားချက်စ်အစည်းအရုံးကြီးနဲ့ဆိုင်တာဆိုတော့... ငါတို့ ဒီမှာ အရောင်းအဝယ်တွေ တကယ်လုပ်နိုင်ပါ့မလား။ ဘေးကင်းလောက်ပါ့မလား။ ဖြစ်နိုင်ပါ့မလား'

လူနာသည် ထိုအတိုင်းအတာအထိ စဉ်းစားနေချိန်တွင် ဆိုင်ယာ၏ မျက်နှာကို ချက်လက်မှတ်တစ်ခုဖြင့် ပစ်ပေါက်ရင်းပြောခဲ့သည့် လွန်ခဲ့သော ရက်အနည်းငယ်က အခိုက်အတန့်ကို ရုတ်တရက် သတိရမိသွားသည်။

'အာ...အဲဒီတုန်းက ငါတော်တော် အခြေအနေဆိုးခဲ့တာပဲ'

အမျိုးသမီးဇာတ်ဆောင် ဆိုင်ယာနှင့် အမျိုးသားဇာတ်ဆောင် ဖယ်ဆန်တို့ကသာ တကယ့်ဗီလိန်များကဲ့သို့ပင် ထင်ရသည်။

မားချက်စ်အစည်းအရုံးကဗီလိန်ကို ကြောက်စရာမလိုနေပေ။ ဗီလိန်ဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့နှင့် အရောင်းဝယ်ပြုလုပ်ပြီး သူမဘဝပိုမိုကောင်းမွန်စေဖို့ သူရဲကောင်းများကို ငှားရမ်းရန် ငွေရှာခြင်းက ပိုကောင်းမည်ဖြစ်သည်။

"ကောင်းပါပြီ။ဒါဆို စာရွက်စာတမ်းတွေကို သေချာရှင်းလင်းအောင်ထားပေးပါ။ ယုံကြည်စိတ်ချရတဲ့ သက်သေအမည်တွေကို ထည့်သွင်းပေးပါ။ပြီးတော့ တစ်ယောက်ယောက်က ရွှေကို သူတို့ထက် မြင့်မားတဲ့စျေးနှုန်းနဲ့ ဝယ်ဖို့ ကမ်းလှမ်းရင် စာချုပ်ကို ရပ်စဲနိုင်တယ်ဆိုပြီးပါထည့်ပေးလို့ရမလား။ မသင်္ကာစရာအချက်တွေ့ရင်လည်း အတူတူပဲ၊ 'ချက်ချင်း ရပ်မယ်' ဆိုတဲ့အချက်လေးသေချာပါအောင်ထည့်ပေးပါနော်"

လူနာသည် အရာအားလုံးစနစ်တကျဖြစ်စေရန် ပြောလိုက်ပြီး ကံစီရာအတိုင်းပေါ့ ဟူသောခံစားချက်ကို ခံစားရလိုက်သည်။သူတို့ဘက်မှ မကြိုက်ပါက ငြင်းလို့ရပေသည်။

သူမတွင် ရွှေများရှိနေခြင်းကြောင့် မည်သူမဆိုလောဘက နှိုးဆွလာပြီးသွေးဆောင်ခြင်း ခံရပေမည်။ တုံ့ပြန်သည့်အနေနှင့် ထိုလူသည် လူနာ၏ ရဲစွမ်းသတ္တိနှင့် စနစ်ကျမှုကို သဘောကျကာ ပြုံးပြလာသည်။

"မင်းက စေ့စပ်သေချာတာပဲ။ဒါက ကောင်းတယ်။ ဒီမားချက်စ် အဖွဲ့အစည်းက မင်းရဲ့ယုံကြည်မှုကို တည်ဆောက်လိမ့်မယ်ကိုယ်ထင်တယ်။ သံသယမရှိပါနဲ့။ ပြန်သွားပြီးတော့ စာရွက်စာတမ်းတွေ ပြင်လိုက်ပါ"

"…ဒါနဲ့ ကျွန်မတောင်းပန်ပါတယ်။ဒါပေမယ့် ရှင်တို့မှာ ကြိုတင်ငွေပေးချေတာရှိလား။ ကျွန်မမှာ ဂရုစိုက်စရာလေးနည်းနည်းရှိနေလို့ပါ"

"ရတာပေါ့ မင်း စာချုပ်ချုပ်မယ်ဆိုရင် မင်းကို ရွှေတစ်သန်းတောင်ပေးလိုက်အုံးမယ်"

လူနာသည် ထိုလူ၏အဖြေကို တုံ့ပြန်ကာ ခေါင်းညိတ်လိုက်သည်။ထို့နောက် မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ကြကာ စာချုပ်က ချက်ခြင်း ပြီးသွားခဲ့သည်။


TK Team