အပိုင်း ၂၄၉
Viewers 33k

Chapter 249


ရှအန်းက အတွေးချော်နေပြီးနောက် အသိပြန်ဝင်လာသောအခါတွင် ကုရှုမော့နှင့် ရှရှင်းချန်တို့က သူမရှေ့တွင် ရပ်နေကြပြီဖြစ်ကြောင်း မြင်လိုက်ရလေသည်။


ကုရှုမော့က ပျော်နေပုံပေါက်လေသည်။ ရှရှင်းချန်ကတော့ ပျော်နေသော်လည်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည့်ပုံပင်။ ရှအန်းက အသက်ပြင်းပြင်းရှူလိုက်ရသည်။


"ရှောင်ချန်ဘယ်လိုဖြစ်ရတာလဲ.. အန်တီက ရှောင်ချန်ကိုခေါ်ပြီး ပြန်လာခဲ့ပါ့မယ် အဆောင်မှာ လိမ်လိမ်မာမာလေးနေပါလို့ မပြောခဲ့ဘူးလား... သားက ဘယ်လိုလုပ် ဒီမှာရောက်နေရတာလဲ..."


ရှအန်းက ကုရှုမိုကို အပြစ်စကားဆိုလိုက်သည်။


"မမနတ်သမီး... သားက မမရှောင်ရှင်းကို လွမ်းလို့ပါ..."

ကုရှုမော့က မှားယွင်း အပြစ်တင်ခံနေရသလို ရေရွတ်လေသည်။


ရှအန်းက သက်ပြင်းချလိုက်ကာ ကုရှုမော့၏ ခေါင်းလေးကို ထိလိုက်သည်။


"ထားလိုက်ပါတော့လေ...."


"မမနတ်သမီး.... ရှောင်ချန်က တကယ် လိမ္မာပါတယ်... သား အပြင်ထွက်ခွင့်တောင်းလာခဲ့တာပါ..."

ကုရှုမော့က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီး ရှအန်းကို ကြည့်ရင်း ပြောလေသည်။


ရှအန်းက လက်သာခါပြပြီး သူ့ကိုပြောလိုက်သည်။

"ဒါဆို ရေသွားချိုး.... ပြီးရင် ဧည့်သည်ခန်းထဲသွားအိပ်ချေ...အန်တီ့မှာ ရှောင်ရှင်းနဲ့ပြောစရာရှိသေးတယ်... သားက ကိုယ့်ဘာသာ သွားအိပ်နေနှင့်..."


ကုရှုမော့က ထိုသို့မလုပ်ချင်သော်လည်း ရှအန်းက တစ်ချက်လွှတ်အမိန့်တော်နှင့်အတူ ရေချိုးခိုင်းလိုက်တော့သည်။


ကုရှုမော့ထွက်သွားသည်ကို မြင်သည်နှင့် ရှအန်းက သူမ၏ ဗီလိန်သားလေးကို ကြည့်လိုက်သည်။


သူမ၏သားလေးက သူမရောက်ကတည်းက စကားတစ်လုံးမှ မပြောသေးပေ။


"ရှောင်ရှင်း စာကြည့်ခန်းထဲသွားရအောင်... မာမားမှာ သားကိုပြောပြစရာရှိတယ်..."


သူမထိုသို့ပြောလိုက်သည်နှင့် ရှရှင်းချန်လေး တောင့်ခဲသွားသည်ကို မြင်လိုက်ရသည်။


ရှအန်းကိုကြည့်နေသော မျက်ဝန်းနက်နက်များတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်တို့ လွှမ်းခြုံနေသည်။


၎င်းက ရှအန်းကို သူမအတွေးက မှန်ကြောင်း သိသွားစေပြီး ကောင်ငယ်လေးအစား ပိုမိုစိတ်ဖိစီးလာရသည်။


သူမက အတော်လေး ရှက်ရွံ့မိသွားသည်။ ရှောင်ရှင်းတစ်ယောက် အခုတလော မူမမှန်ဖြစ်နေသည်ကိုပင် သတိမပြုမိရအောင် သူမက တုံးအလွန်းခဲ့သည်။


သူမ ထိုအကြောင်းကို ဘယ်လိုတွေးတွေး ကလေးတစ်ယောက်က သူ၏မာမားက သူ၏အမေအရင်းမဟုတ်ပဲ သမီးအရင်းပင် ရှိနေသေးကြောင်း သိသွားပါက အတောအလေး ကူကယ်ရာမဲ့ကာ ကြောက်ရွံ့သွားမည်မှာ သေချာပေါက်ပင်ဖြစ်သည်။


ဤကလေးက အတွေးများတတ်သူလည်း ဖြစ်လေရာ ဤအချိန်အတောအတွင်းတွင် သူမက သူဘယ်လိုတွေးနေလဲပင် မခန့်မှန်းနိုင်တော့ပေ။


သူမ ထိုအကြောင်းကိုတွေးလေလေ သက်ပြင်းချလေလေဖြစ်သည်။


မူလက သူမက ဤအကြောင်းကို တစ်သက်လုံးဝှက်ထားပြီး ရှရှင်းချန်ကို ဘယ်သောအခါမှ မသိအောင် ဖုံးကွယ်ထားမည်ဟု တွေးထားခဲ့သော်လည်း ယခုတွင် ရှောင်ရှင်းက သိနေပြီးသားဖြစ်လေသည်။


ကောင်ငယ်လေးက သူ့ခြေမသူငုံ့ကြည့်နေဟန် ခေါင်းကြီးငုံ့နေလေသည်။ ဤသို့ဖြစ်လာမည်မှန်းသိပါက အစကတည်းက ကောင်ငယ်လေးကို အမှန်အတိုင်းပြောပြပြီး သူမ၏ရွေးချယ်မှုကို တိုက်ရိုက်ပြောပြလိုက်မည်သာဖြစ်သည်။


ကောင်ငယ်လေးကို စာကြည့်ခန်းထဲခေါ်ပြီးနောက်တွင် ရှအန်းက တံခါးပိတ်လိုက်ပြီး ကောင်ငယ်လေး၏လက်ကိုဆွဲကာ ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။


"ရှောင်ရှင်း မာမားကိုပြောပြ... သားအကုန်လုံးကိုသိနေတာလား..."


ရှအန်းက ရှောင်ရှင်းချန်နှင့်အတူ ဆိုဖာပေါ်ထိုင်ပြီး ရှောင်ရှင်းကို နူးနူးညံ့ညံ့လေးကြည့်ကာ မေးလိုက်သည်။


ကောင်ငယ်လေး၏မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်နေသော အမူအယာပေါ်လာခဲ့သည်။


သူက သူ့ကိုယ်သူ သူမ၏သားအရင်းမဟုတ်ကြောင်း သိနေပြီးသားဖြစ်လေသည်။


"ရှောင်ရှင်း... မာမားတကယ်စိတ်မဆိုးဘူး... မကြောက်နဲ့နော် မာမားကိုပြောပြ..."

ရှအန်းက နူးနူးညံ့ညံ့လေး ထပ်ပြောပြန်သည်။


ဤတစ်ကြိမ်တွင် ကောင်ငယ်လေးမှာ ပြန်လည်တုန်ပြန်လာခဲ့သည်။


ကောင်ငယ်လေးမှာ ခပ်ဖွဖွခေါင်းငြိမ့်ပြလိုက်သည်။ အမြဲတမ်းလိုလို ရင့်ကျက်သလို ပြုမူတတ်သော ကလေးလေးမှာ မျက်လုံးများ ရဲရဲနီနေပြီး ရှအန်းကို စိုးရိမ်ကာ ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်လာပြီး "မာမား.. မာမား..."ဟုသာ ရေရွတ်နေလေသည်။


ထိုပုံကိုကြည့်ပြီး ရှအန်း အတော်လေး စိတ်ဓာတ်ကျသွားလေသည်။ ထို့နောက် ရှအန်းက ကောင်ငယ်လေးကိုဖက်တွယ်ကာ သူ၏နောက်ကျောကို ဖွဖွလေး ပုတ်ပေးနေလိုက်သည်။


"မကြောက်နဲ့နော်... ရှောင်ရှင်းလေး... သားက အမြဲတမ်းအတွက် မာမားရဲ့သားလေးဖြစ်နေဆဲပါ... မာမားက သားကို ဘယ်တော့မှ ထားမသွားဘူးနော်...."


၎င်းကိုကြားပြီးနောက်တွင် ရှရှင်းချန်က အော်ငိုလေတော့သည်။


ဤနေ့များတွင် ကောင်ငယ်လေးမှာ လုံးဝကို စိတ်သက်တောင့်သက်သာရှိမနေပေ။


သူက တစ်ခါစွန့်ပစ်ခံရပြီးဖြစ်၍ အလွန်အမင်း စိတ်မလုံမခြုံဖြစ်နေရသည်။


သူက နတ်သမီးမေမေ၏ သားအရင်းမဟုတ်ကြောင်း သိလိုက်ကတည်း အတော်လေး ဝမ်းနည်း ကြောက်လန့်နေခဲ့ရသည်။


သူ၏နတ်သမီးမေမေက အခြားလူ၏မေမေဖြစ်ကြောင်း သိခဲ့ရသည့်နေ့ကတည်းက ထိတ်လန့်နေရင်း စိုးရွံ့နေရင်းဖြင့် တစ်နေ့လုံး ထပ်မံစွန့်ပစ်ခံရမလားဟု ကြောက်လန့်နေခဲ့ရသည်။


ဤနေ့များတွင် သူအိပ်ပျော်သွားတိုင်း သူ့မာမားက သူ့ကို စွန့်ပစ်သွားသည်ဟူသော အိပ်မက်ဆိုးများကိုသာ မက်နေခဲ့သည်။


သူ့ခေါင်းထဲမှ လူကလည်း အမြဲတမ်းလိုလို သူက သူ့မာမား၏သားမဟုတ်၍ စွန့်ပစ်ခံရမည်ဟု အချိန်တိုင်းပြောနေသည်ကိုလည်း ထည့်ပြောရပေဦးမည်။


ထိုအကြောင်းအရာများကြောင့် နေ့တိုင်းနေ့တိုင်း နာကျင်နေခဲ့ရသည်။


"မငိုပါနဲ့ကွယ်...."


ရှအန်းက ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး ကောင်ငယ်လေး၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး ညင်သာသော အသံလေးဖြင့် ချော့မြူလေသည်။


ကောင်ငယ်လေး အငိုတိတ်သည်အထိစောင့်ပြီး သူ၏စိတ်အခြေအနေက တင်းမာမနေတော့ကြောင်း သိရတော့မှ ရင်ခွင်ထဲထည့်ကာ မျက်ရည်များ သုတ်ပေးလိုက်သည်။


"ရှောင်ရှင်းလေး မကြောက်နဲ့နော်... မာမားကသားကို မားမားရဲ့သားလေးလို့ပဲ သတ်မှတ်ထားတာ... မာမားရဲ့ တခြားကလေးကိုတော့ သူ့ကို အိမ်ကို ပြန်ခေါ်လာဖို့ အဆင်သင့်မဖြစ်သေးဘူး..."


ရှအန်းက ကူကယ်ရာမဲ့နေသည်။


ရှိုက်ငိုနေဆဲဖြစ်သော ကောင်ငယ်လေးက သူမကို ထိတ်လန့်တကြားကြည့်လာသည်။


"မာမားက သူ့ကို အိမ်ပြန်ခေါ်မလာဘူးလား..."


ကောင်ငယ်လေးက ရှအန်းကို စိတ်ရှုပ်နေသလို အံ့ဩနေသည့်ပုံလေးဖြင့် ကြည့်လိုက်သည်။


သူမ ခေါင်းငြိမ့်ကာ ညင်သာစွာပြောလိုက်သည်။

"သူ့ရဲ့ မွေးစားမိဘတွေကလည်း သူ့ကို အရမ်းချစ်ကြတယ်လေ... ပြီးတော့ မာမားကလည်း သူ့ကို မွေးစားခံထားရကြောင်း မသိစေချင်ဘူး... အရေးအကြီးဆုံးကတော့...."


ရှအန်းက အကောင်ပေါက်လေး၏ နှာခေါင်းလေးကိုသုတ်ပေးလိုက်သည်။


"မာမားမှာ ရှောင်ရှင်းရှိပြီးသားလေ... သားလို ကလေးတစ်ယောက်ရှိနဲ့ မာမားက လုံလောက်နေပြီးသား..."


"မာမား...."


ကောင်ငယ်လေးက သူ၏နတ်သမီးမေမေက ဤသို့ ပြောလာမည်ဟု မထင်ထားသဖြင့် မျက်လုံးများက စိုစွတ်လာပြန်သည်။


"ရှောင်ရှင်း.. မာမားပြောပြမယ်... မာမားက သားကို ဘယ်တော့မှ မစွန့်ပစ်ဘူး... ဘယ်တော့မှပဲ... မှတ်ထားနော်... သားက ထာဝရအတွက် မာမားရဲ့သားလေးဖြစ်နေမှာ... မာမားကလည်း ထာဝရအတွက် သားရဲ့မာမားဖြစ်နေမှာ..."


ရှအန်း၏စကားဆုံးသည်နှင့် ကောင်ငယ်လေးက ရှုံးပွဲချငိုလေတော့သည်။


"မာမား.... မာမား... သားတောင်းပန်ပါတယ်..."


ကောင်ငယ်လေး ငိုနေသည်ကိုကြည့်ပြီး ရှအန်း သဘောတကျဖြစ်လာသည်။


သူမက ကောင်ငယ်လေး၏ခေါင်းလေးကို ထိပြီး သူမ၏သမီးအရင်းအတွက် လုပ်ထားသမျှ အကြံအစဉ်များနှင့် ဆုံးဖြတ်ချက်များကို ပြောပြလိုက်သည်။


သူမ စကားဆုံးသည်နှင့် ကောင်ငယ်လေးက အငိုရပ်သွားလေသည်။


ရှရှင်းချန်က သူ၏မျက်လုံး ပြူးပြူးလေးများဖြင့် ရှအန်းကို ကြည့်လာသည်။ သူ၏နှုတ်ခမ်းပါးလေးများမှာလည်း ခပ်တင်းတင်းစေ့သွားပြီးမှ တစ်ခုခုပြောချင်သည့်အလား နောက်တစ်ကြိမ် ပြန်ဖွင့်လာသည်။


အဆုံးတွင် ကောင်ငယ်လေးက သတ္တိအကုန်စုကာ ရှအန်းကို ဖက်လိုက်သည်။


"မာမား..."

ကောင်ငယ်လေးက ခပ်တိုးတိုးရေရွတ်လိုက်သည်။


"ပြောလေ..."


ရှအန်းက ခေါင်းငုံ့ကာ ကောင်ငယ်လေး၏ နှဖူးကို နူးနူးညံ့ညံ့လေး နမ်းလိုက်သည်။


အသက်ပြင်းပြင်းရှူပြီးမှ မျက်လုံးစုံမှိတ်ကာပြောလိုက်သည်။

"သူ့ကို ပြန်ခေါ်လိုက်ပါ... သားစိတ်မဆိုးပါဘူး..."


အမှန်အတိုင်းပြောရလျှင် သူက ထိုသို့ပြောရသည်ကို မပျော်ပေ။


မျက်လုံးစုံမှတ်ကာ အားလုံးကို တစ်ထိုင်တည်းပြောလိုက်သည်။ သူသာ သူ၏နတ်သမီးမေမေကို ကြည့်လိုက်လျှင် ပြောမထွက်တော့မည်ကို ကြောက်နေမိသည်။


"သူ့ကို ပြန်ခေါ်ရမယ်..."


ထိုစာကြောင်းက ရှအန်းကို အတော်လေး မှင်သက်သွားစေသည်။ သူမ ကျူးပိုင်ရွှယ်ကို ပြန်မခေါ်ရခြင်း၏ အကြောင်းအရင်းထဲတွင် အများစုမှာ ရှောင်ရှင်းကြောင့်ဖြစ်သည်။


သို့သော် ယခုတွင် ရှရှင်းချန်က ကျူးပိုင်ရွှယ်ကို ပြန်ခေါ်ခိုင်းနေလေပြီ


"အွန်း... သူက မာမားရဲ့သမီးလေ...သားက အဲ့လောက်ကြီး တစ်ကိုယ်ကောင်းဆန်လို့မရဘူးလေ..."