အပိုင်း ၂၅၀
Viewers 29k

Chapter 250


ကောင်ငယ်လေးက ခေါင်းငုံ့ထားပြီး ရှအန်း၏ မျက်နှာကို မကြည့်ရဲပေ။


"ရှောင်ရှင်း... သားအမှန်အတိုင်းပြောနေတာလား...သားက မာမားကို ရှောင်ရွှယ့်ကိုတကဉ် ပြန်ခေါ်လာစေချင်တာလား... အမှန်အတိုင်းပြောရရင် မာမားက သူ့ရဲ့ မွေးစားမိဘတွေနဲ့ ဆွေးနွေးပြီးသား..."


ရှအန်းက ရှရှင်းချန်၏ ခေါင်းလေးကို ထိလိုက်သည်။ ရှရှင်းချန်က အမှန်တကယ် လိမ္မာသော ကလေးတစ်ယောက်ပင်။


ထို့နောက် ရှရှင်းချန်က ရှအန်းကို ထိတ်လန့်တကြားကြည့်၍ ထပ်ပြောလာသည်။

"မာမား... ရှောင်ရှင်းက မာမားအချစ်ဆုံးက သားဖြစ်ကြောင်း သိနေသမျှ သားကို မစွန့်ပစ်သမျှ အဆင်ပြေပါတယ်..."


ကောင်ငယ်လေးက ရှအန်းကို တင်းတင်းဖက်လိုက်သည်။ ထိုအချိန်တွင် သူ့ရင်ထဲမှ စိုးရိမ်မှုများမှာ အငွေ့ပျံသလို ပျောက်ကွယ်သွားလေပြီ။


ယခုတွင် ပျော်ရွှင်ကာ စိတ်ကျေနပ်မှုတို့ကိုသာခံစားနေရလေသည်။


သူ့အတွက်မူ သူ၏နတ်သမီးမေမေက သူ့အတွက်နှင့် သမီးအရင်းကို လက်လျော့နိုင်ကြောင်း သိလိုက်ရကတည်းက သူ့ရင်ထဲတွင် စိတ်ကျေနပ်မှုတို့ ပြည့်နေပြီဖြစ်သည်။


ထိုအချိန်တွင် ရှအန်း၏စကားများက ကောင်ငယ်လေးခေါင်းထဲရှိ ဆန်းကျယ်သည့် အသံပိုင်ရှင်ကိုလည်း လုံးဝမနာလိုဖြစ်သွားစေသည်။


"မာမား... သူ့ကိုပြန်ခေါ်လိုက်ပါ... မာမားက သားကိုအရမ်းချစ်မှန်းသိတော့ သားတကယ် တစ်ကိုယ်ကောင်း မဆန်နိုင်ဘူး..."


သူပြောလေလေ သူ့စိတ်က ပေါ့ပါးလေလေဖြစ်နေသည်။


"ဒါဆို မာမားက ကလေးနောက်တစ်ယောက်ကို ချစ်ပေးလို့ရတာပေါ့...."


ရှအန်းက ကောင်ငယ်လေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး အတောမသတ်နိုင်သော ချစ်မေတ္တာတို့ ပြည့်လျှံနေသည့် အသံဖြင့်ပြောလိုက်သည်။


"အရူးလေး... မာမားကဖြင့် ရှောင်ရှင်းရှိရင် လုံလောက်ပြီကို..."


တစ်နေ့တွင် ကလေးတစ်ယောက်က သူမကို အလွန်အမင်းချစ်လာမည်ဟု မထင်ခဲ့ဖူးပေ။ ဤကဲ့သို့ ရိုးသားဖြူစင်သော အချစ်မျိုးက ရှအန်း၏အေးစက်နေသော နှလုံးသားကို အရည်ပျော်သွားစေသည်။


သူမက ကောင်ငယ်လေးကို တင်းတင်းဖက်ပြီး ပြုံး၍ပြောလိုက်သည်။


"မာမား ရှောင်ရွှယ်ကို ပြန်ခေါ်လာရင်... သားနောင်တရမှာလား... မပျော်မရွှင်ဖြစ်မှာလား..."


ကောင်ငယ်လေးက ခေါင်းခါပြလိုက်လေသည်။ သူ၏ မျက်ဆံနက်နက်များက ရှအန်းကို တစိုက်မတ်မတ်ကြည့်နေလေသည်။

"မဖြစ်ဘူး..."


ရှအန်းက ပြုံးရင်းမေးလိုက်သည်။

"ဘာလို့မဖြစ်တာလဲ..မာမားကို ထပ်မချစ်တော့လို့လား...."


"ရှောင်ရှင်းက မာမားကို အများကြီးချစ်တာ... ဒီကမ္ဘာကြီးထဲမှာ ရှောင်ရှင်း အကြိုက်ဆုံးလူက မာမားပဲ..."


ရှအန်းသူ့ကို အထင်လွဲမည်ကိုစိုး၍ ကောင်ငယ်လေးက မြန်မြန်ရှင်းပြလာသည်။


"ဘာလို့လဲဆိုတော့ မာမားအကြိုက်ဆုံး ကလေးက သားမှန်းသိနေလို့လေ..."


ကောင်ငယ်လေးက ရင်ကော့ခေါင်းမော့ကာ ဂုဏ်ယူဝံ့ကြွားစွာပြောလာသည်။


ထိုအချိန်တွင် ရှအန်းက ကောင်ငယ်လေးမှာ အရင်နှင့်မတူတော့ကြောင်း သတိထားမိလိုက်သည်။


သူလေးက စိတ်မလုံမခြံမဖြစ်တော့သလို sensitive လည်းမဖြစ်တော့ပေ။


သူ့မရှေ့ရှိ ကလေးလေးကိုကြည့်ပြီး ပိုမိုသဘောကျသွားရလေသည်။


ရှအန်း နောင်တပင်ရသွားရသည်။

သူမဘာလို့ စောစောမပြောခဲ့ရတာလဲ...


တစ်ခါတစ်ရံတွင် အတွေးများခြင်းက လွယ်ကူသည့်ကိစ္စကိုပိုမို ရှုပ်ထွေးစေပြီး အထင်လွဲမှုများကို ဖြစ်ပေါ်စေလေသည်။


ကံကောင်းစွာဖြင့် သူမက အချိန်မီတွေ့ခဲ့ရလေသည်။


သားအမိနှစ်ယောက် စကားပြောပြီးနောက်တွင် ရှအန်းက ချက်ချင်းမေးလိုက်သည်။

"ရှောင်ရှင်း... သားဒီအကြောင်းကို ဘယ်လိုလုပ်သိတာလဲ...."


စိတ်သက်သာရာရသွားသော ကောင်ငယ်လေးမှာ ချက်ချင်းကြီး စိုးရိမ်သောကရောက်သွားလေသည်။


မလုံမလဲဖြစ်နေသည်ဟုပြောပါက ပိုမှန်ပေလိမ့်မည်။


"မာမား... သားလေ.. သားက..."


ကောင်ငယ်လေးက အချိန်အတော်ကြာ စကားထစ်နေသော်လည်း ဘာမှပြောမလာပေ။


ရှအန်း စိုးရိမ်သွားရလေသည်။


သူမ၏သားလေး တုန့်ဆိုင်းနေပြီး အထူးသဖြင့် ရှက်ရွံ့နေသည်ကိုကြည့်ပြီး ဤကိစ္စကမည်မျှလေးနက်ကြောင်း သိလာရသည်။


သူမရဲ့ သားလိမ္မာလေးကို ဘယ်သူပြောလိုက်တာလဲ....


ရုတ်တရက် ရှအန်း၏စိတ်ထဲတွင် လူတစ်ယောက်ကို တွေးမိသွားသည်။


ထိုသူက ဆန်းကျယ်သည့်ဟက်ကာဖြစ်သည်။


ထိုအချိန်က မည်သူမှ ရှကျင်း၏ အတိတ်ဆိုးများကို မသိသော်လည်း ထိုဆန်းကျယ်သည့်ဟက်ကာက အရာအားလုံးကို အသေးစိတ်ကျကျသိနေသည်။


အရေးအကြီးဆုံးအရာမှာ ထိုလူက သူမတစ်ယောက်တည်းကိုသာ ပို့ပေးခဲ့ခြင်းဖြစ်သည်။


ဒါ ဆန်းကျယ်တဲ့ ဟက်ကာနဲ့များ သက်ဆိုင်နေမလား...


ရှအန်း ချက်ချင်းလက်ငင်း သတိတကြီးဖြစ်သွားရသည်။


အဲ့လူနဲ့သာ တကယ်သက်ဆိုင်ရင် အဲ့လူက ဘယ်လောက်တောင် သိထားတာလဲ...


သူမတစ်ယောက်တည်းကပဲ ဒီစာအုပ်ထဲ ကူးပြောင်းလာတဲ့လူမဟုတ်ဘူးလား...


ရှအန်းက အတွေးများလာရပြီး သူမ၏သားလေးကို အလွတ်ပေးရန် မတွေးတော့ပေ။


သူမ စိတ်မာမာထားလိုက်သည်။


"ရှောင်ရှင်း မာမားကို အမှန်အတိုင်းပြောပြ... ဒါတွေ ဘယ်သူပြောပြတာလဲ..."


ရှအန်းက ရှရှင်းချန်ကို လေးလေးနက်နက်ကြည့်နေပြီး မသိမချင်းမေးမည်ဟူသော လေသံပေါက်နေသည်။


ကောင်ငယ်လေးက သူမကို အမှန်အတိုင်း ပြောပြမှ ဖြစ်တော့မည်မှန်း သိလိုက်ပေသည်။


အဲ့တာ.... သူ့ရဲ့ ခေါင်းထဲက ဆန်းကျယ်တဲ့ လူကြီးဆီကပါဆိုတာ....


[မင်း အမှန်အတိုင်းပြောလို့မရဘူး...မင်းရဲ့ ကွန်ပျုတာထဲကို ဟက်ကာက လှမ်းပို့ပေးလို့ သိရတာပါလို့ပြော... အမှန်အတိုင်းပြောလိုက်ရင် မင်းအမေက မင်းကို မကြိုက်ဘဲနေလိမ့်မယ်..]


ဆန်းကျယ်သည့်လူကြီး၏ စိတ်အားထက်သန်နေသော စကားလုံးများကို ကြားပြီးနောက်တွင် ကောင်ငယ်လေးက နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


'ဦးလေးက ဘယ်သူလဲ... ဘာလို့ သားမာမားကို ပြောပြလို့မရတာလဲ... အမှန်အတိုင်း မပြောရင် မာမားကို ပြောပြလိုက်မှာနော်....'


ကောင်ငယ်လေးက သူ့ခေါင်းကို တင်းတင်းကိုင်ပြီး စိုးရိမ်တကြီးဖြစ်နေသည်။


သူ့ခေါင်းထဲမှ ဆန်းကျယ်သည့်လူကြီးမှာ သူ့မားမား သူ့ကို မိဘမဲ့ကျောင်းမှ လာခေါ်ကတည်းက ပေါ်လာခဲ့ခြင်းဖြစ်သည်။


ထိုဆန်းကျယ်သည့်လူကြီးမှာ သူနှင့်အတူရှိနေသည်မှာ ကြာလှပြီဖြစ်ပြီး သူ့ကို အရာများစွာ သင်ပေးခဲ့သော်လည်း ထိုလူက ဘယ်သူလဲ အခုထိမသိရသေးပေ။


သူ့ခေါင်းထဲတွင် ဘာကြောင့်ပေါ်လာရလဲပင် မသိရသေးပေ။


သို့သော် သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာသော လူကြီးမှာ သူ့ကို မမုန်းတီးကြောင်း သိပေသည်။


[ငါဘယ်သူလဲဆိုတာပြောပြမယ်...ဒါပေမဲ့ ငါရှိနေတဲ့အကြောင်း မပြောပြပါဘူးလို့ အာမခံရမယ်...]


'ဦးလေးက ဘယ်သူလဲ..'


[ငါ့နာမည်က ဖုယွီ.. အမှန်အတိုင်းပြောရရင် ငါက အနာဂတ်ကလာခဲ့တဲ့ မင်းပဲ... ငါတို့နှစ်ယောက်က တစ်ယောက်တည်းလို့ ပြောလို့ရတယ်... ဒါကြောင့် ငါက မင်းအကြောင်း အများကြီးသိနေတာ...]


'!'


ထိုဆန်းကျယ်သည့်လူကြီးထံမှ အဖြေရပြီးနောက်တွင် ကောင်ငယ်လေးက ခဏမျှမှင်သက်သွားသည်။


ဤမျှလောက်ငယ်ရွယ်နေသေးသော အသက်အရွယ်ဖြင့် ဤမျှထိတ်လန့်စရာကောင်းသည့် သတင်းကြီးကို မချေဖျက်နိုင်သေးပေ။


သူ့ခေါင်းလေးသေးသေးလေးဖြင့် တွေးမိသည့်အရာမှာ....


သူက ဘာလို့ အနာဂတ်မှာ ဖုယွီလို့ နာမည်ပြောင်းသွားရတာလဲ...


၎င်းက ရှအန်းကို ရှောင်ရှင်းချန် ပုံမှန်ဟုတ်မနေကြောင်း သတိပြုမိသွားစေသည်။


"ရှောင်ရှင်း... ရှောင်ရှင်း... ဘာဖြစ်လို့လဲဟင်..."


ရှအန်းက သူမ၏သားလေးကို အသေအချာ စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူမ၏စိတ်ထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခု ပေါ်ထွက်လာသည်။


သို့သော် သူမ၏ အလွန်ရယ်ချင်စရာကောင်းသော အကြံက အတည်ပြုခံလိုက်ရသည်။


"မာမား... သား..."


[ငါရှိနေကြောင်း မပြောပြနဲ့နော်...]


ကောင်ငယ်လေးက သူ့ခေါင်းထဲမှ အသံကို လုံးဝလျစ်လျူရှုပြီး အကုန်လုံး ပြောပြလိုက်သည်။


"သားခေါင်းထဲမှာ အသံတစ်ခုရှိတယ်လေ... အဲ့လူက ပြောပြလို့ သားက မာမားရဲ့သားမဟုတ်ကြောင်း သိခဲ့ရတာ..."


[မင်းငါ့ကို လိမ်တယ်...]


အနာဂတ်မှဖုယွီက ရှရှင်းချန်၏ခေါင်းထဲတွင် ဒေါသပေါက်ကွဲလေသည်။