Chapter 251
သို့သော် ကောင်ငယ်လေးက သူ၏နတ်သမီးမေမေကို အကုန်လုံးဝန်ခံရန် စီစဉ်ပြီးသားဖြစ်လေသည်။
သူ၏နတ်သမီးမေမေက သူ့အပေါ်ကောင်းလှသည့်။သူ့အတွက် သူမ၏သမီးအရင်းကိုပင် စွန့်ပစ်နိုင်ပေသည်။ ထို့ကြောင့် သူဘက်က ဘာကိုမဆို ဝန်ခံနိုင်သည်ဟု ခံစားနေရသည်။
"အသံလား..."
ရှအန်းက ကောင်ငယ်လေးပြောသည်ကိုကြားပြီး အံ့ဩသွားလေသည်။
"သူက သူ့နာမည်က ဖုယွီတဲ့... ပြီးတော့ အနာဂတ်ကလာခဲ့တဲ့ သားလို့ပြောတယ်..."
[ရှရှင်းချန်...]
"အနာဂတ်ကလား..."
ရှအန်းက သူ၏ရယ်ချင်စရာ အတွေးကြီးက အမှန်တကယ်ဖြစ်လာမည်ဟု မထင်ခဲ့ပေ။
သူမ မထင်မှတ်ထားဆုံးအရာမှာ ထိုလူက အနာဂတ်မှ ရှရှင်းချန်ဖြစ်နေသည်ကိုပင် ဖြစ်သည်။
လက်ရှိ ရှရှင်းချန်မဟုတ်ဘဲ ဝတ္ထုထဲမှ ဗီလိန်ဖြစ်နေခဲ့သည်။
ရှအန်းက ဖြစ်နိုင်ခြေအားလုံးကို တွေးကြည့်သော်လည်း ၎င်းကို မတွေးမိပေ။ ဝတ္ထုထဲမှ အနာဂတ်က ဗီလိန်က ရှရှင်းချန် ခေါင်းထဲတွင် နေနေလေသည်။
ထို့အပြင် ဗီလိန်က မူလကိုယ်ကို သူ့အမေမဟုတ်ကြောင်းလည်း သိနေခဲ့သည်။
၎င်းက ရှအန်းကို လုံးဝအံ့ဩသွားစေသည်။
သို့သော် ကောင်ငယ်လေးဆက်ပြောသည့်အရာမှာ သူ့ကို ပိုမို အံ့ဩသွားစေသည်။
"မာမား... သူက သားကို ကျောက်စိမ်းဆွဲသီးကို ဝယ်ဖို့ပြောခဲ့တာ... ပြီးတော့ မာမားကို emailပို့တာလည်း သူပဲ... စကင်ကဲထုတ်ကုန်တွေကို ကူညီပြီး လုပ်ပေးတာလည်း သူပဲ..."
ကောင်ငယ်လေးက သူ၏နတ်သမီးမေမေအပေါ် ဖုံးကွယ်ထားသမျှကို ပြောပြလေသည်။
သူ ဘာကိုမှ ဖုံးကွယ်မထားခဲ့ပေ။
[....]
၎င်းက ရှရှင်းချန်ခေါင်းထဲရှိ ဗီလိန်ကို ပိုမို ဒေါသထွက်စေလေသည်။
သူအယုံကြည်ခဲ့ရဆုံးသောလူဖြစ်သည့် အတိတ်အချိန်မှသူက သူ့ကို သစ္စာဖောက်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဘူးပေ။
[ငါက မင်းကို ငါမှဟုတ်ရဲ့လားလို့ သံသယဝင်လာမိပြီ... မင်းက အရမ်းတုံးတာပဲ...]
'ဟမ့်... ခင်ဗျားက အနာဂတ်က ကျွန်တော်မဟုတ်ပါဘူးနော်... ခင်ဗျားနာမည်က ဖုယွီ... ကျွန်တော့်နာမည်က ရှရှင်းချန်... ပြီးတော့ ကျွန်တော်က ငတုံးမဟုတ်ဘူး... ခင်ဗျားကသာ အရူးကြီး...'
[....]
ဗီလိန်က သူ့ကိုယ်သူ ကောင်းကင်ဘုံပေါ်တက်တော့မည်ဟု ခံစားနေရသည်။
သူ့ကိုယ်သူ အတိတ်ကို ပြန်ပို့ခံရသည်ကို တွေးပြီး စိတ်ဓာတ်ကျနေသလို သူ၏အတိတ်မှ ခန္ဓာကိုယ်လေးကိုပင် မထိန်းချုပ်နိုင်၍ ပိုမိုစိတ်ဓာတ်ကျနေရသည်။
ဤတစ်ကြိမ်တွင် သူ့အတွေးများက ရှအန်းနှင့် အတူတူသာဖြစ်သည်။
တစ်ယောက်က ဝမ်းနည်းနေသော်လည်း အခြားတစ်ယောက်က ပျော်နေပြီး သူမက ကံကောင်းသည်ဟုသာ ခံစားနေရပေသည်။
ရှအန်းက ဝတ္ထုထဲမှ ဗီလိန်က သူမ၏သားအဖြစ် ပြန်လည်မွေးဖွားလာခြင်းမရှိ၍ အတော်လေး ဝမ်းသာမိလေသည်။
မဟုတ်ပါက သူမတွင် ဤမျှချစ်စဖွယ်ကောင်းပြီး လိမ္မာလှသော သားလိမ္မာလေးကို ရလာမည်မဟုတ်ပေ။
သို့သော် ရှအန်းက စိုးရိမ်နေဆဲဖြစ်သည်။
သူမ၏သားလေးကို ဝတ္ထုထဲမှ ဗီလိန်ဖြင့် အစားထိုးသွားမည်ကို ကြောက်နေမိသည်။
"ရှောင်ရှင်း... မာမားရဲ့ သားလိမ္မာလေး... မာမားကို အမှန်အတိုင်းပြောပြလို့ ကျေးဇူးပဲကွာ... မာမား အရမ်းပျော်သွားတာပဲ.."
ရှအန်းက ရှရှင်းချန်၏ ခေါင်းလေးကို ထိလိုက်ပြီး သူမ၏မျက်လုံးများမှာ နူးညံ့သိမ်မွေ့နေသလို စိုးရိမ်မှုတို့လည်း စွက်နေသည်။
ကောင်ငယ်လေးက ချက်ချင်း ဝမ်းသာသွားပြီး ရှအန်းကို မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လာသည်။
"မာမားက သားလိမ်ပြောတာကို စိတ်မဆိုးဘူးလား ဟင်..."
ရှအန်းက ကောင်ငယ်လေးကို ဖက်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"မာမား စိတ်မဆိုးပါဘူးကွယ်... မားမားက ရှောင်ရှင်းကို ဘယ်တော့မှ စိတ်မဆိုးဘူးနော်..."
"မာမား... သားတောင်းပန်ပါတယ်... သားနောက်ဆို မာမားကို ဘာမှ မဖုံးကွယ်ထားတော့ဘူးနော်..."
ကောင်ငယ်လေးက ငိုနေရင်းနှင့် သူမကို ဆက်လက် ကြွေးကြော်ပြလေသည်။
ရှအန်းက သူ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။
"ရှောင်ရှင်း မငိုပါနဲ့... တောင်းလည်း မတောင်းပန်နဲ့ သားက ဘာမှ မမှားဘူးလေ..."
ရှရှင်းချန်ခေါင်းထဲမှ ဗီလိန်ကြီးမှာ သားအမိနှစ်ယောက်ကို ဒေါသတကြီးကြည့်လေသည်။ ဤတစ်ကြိမ်တွင် သူ ရှရှင်းချန်ကို မနာလိုဖြစ်နေသည်။ သို့သော် ထိုခံစားချက်ကို မနာလိုဖြစ်သည်ဟု ဝန်မခံနိုင်ဖြစ်နေသည်။
[အရူး.. ဒီမိန်းမက မင်းကိုယုံမှာမဟုတ်ဘူး... ပြီးတော့ သူက မင်းကို တစ်ကြိမ်စွန့်ပစ်ဖူးတာကို မမေ့စမ်းနဲ့...ပြီးတော့ မင်းက သူ့ကလေးအရင်းလည်းမဟုတ်ဘူး... သူ့သမီးအရင်းပြန်လာတာနဲ့ နောက်ကျတာနဲ့ စောတာပဲကွာလိမ့်မယ်.. မင်းကို သေချာပေါက် စွန့်ပစ်လိုက်မှာပဲ...]
ကောင်လေးက သူ့ကို အယုံဆုံးဖြစ်ကာ သူပြောသည့်အရာတိုင်းကို လက်ခံလေ့ရှိသည်။
သို့သော် ဤတစ်ကြိမ်တွင် သူမထင်မှတ်ထားသည်မှာ...
"မားမား.. သားခေါင်းထဲက မကောင်းတဲ့လူကြီး ဖုယွီက ထပ်ပြောနေပြန်ပြီ... သူကပြောတယ် သားက မားမားကိုမယုံရဘူးတဲ့... မာမားက သားကို စွန့်ပစ်မှာတဲ့..."
ကောင်ငယ်လေးက သူ့အမေကို တိုင်တန်းလေပြီး သူ၏မျက်နှာလေးတွင် မကျေနပ်ချက်တို့ ပြည့်နှက်နေသည်။
[....]
ဗီလိန်လေးတစ်ယောက် သွေးအန်နေရလေပြီ~~
"..."
ရှအန်း၏ နှုတ်ခမ်းတို့ လိမ်တွန့်သွားသည်။ သူမက ဝတ္ထုထဲမှ ဗီလိန်က အသက်ကြီးပြင်းလာပြီးနောက် မည်သူ့ကိုမှ မယုံတော့ကြောင်းသိလေသည်။
သူဘက်က သူမကို မယုံသည်မှာ ပုံမှန်သာဖြစ်သည်။
သို့သော် ရှောင်ရှင်းက သူ့လိုမဟုတ်နေပေ။ သူက သူမ၏သားလိမ္မာလေးကို လမ်းလွဲအောင် လုပ်နေလေသည်။
"သူ့ကို လျစ်လျူရှုထားလိုက်... နောက်ဆို သူနဲ့စကားမပြောနဲ့တော့နော်... မာမားက သားခေါင်းထဲကနေ သူ့ကို မောင်းထုတ်ဖို့ နည်းလမ်းရှာပေးမယ်..."
ရှအန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လိုလုပ်ရလဲ မသိသော်လည်း သူမ ထိုလူကို မောင်းထုတ်ပစ်ရပေမည်။
အကယ်၍ သူမ၏သားလေး၏ ခန္ဓာကိုယ်ကို ဗီလိန်က ယူသွားခဲ့ပါလျှင်...
[ငါ့ကိုမောင်းထုတ်မယ်တဲ့လား... ဒါငါ့ခန္ဓာကိုယ်လေ... ဘယ်လိုလုပ်ပြီး ဒီမိန်းမက မောင်းထုတ်နိုင်မှာလဲ... အဲ့မိန်းမကို ငါမင်းခေါင်းထဲမှာ နေနေတုန်းကောင်းကောင်းဆက်ဆံလို့ပြောလိုက်... ကောင်းကောင်းဆက်ဆံပေးရင် ငါထွက်လာတဲ့အချိန် သူ့ကို ကောင်းကောင်းဆက်ဆံပေးမယ်... မဟုတ်ရင်တော့...]
ဗီလိန်က သူ၏စကားများကို ပြန်ပြောပေးမည်ဟု ထင်ခဲ့သော်လည်း မှားယွင်းသွားခဲ့သည်။
"ဟုတ်ကဲ့ မားမား... သားသိပြီ... သားလည်း သူ့ကိုဆူညံတယ်လို့ထင်နေတာ... သူ့ကို မောင်းထုတ်ပစ်ကြတာပေါ့..."
ဤတစ်ကြိမ်တွင် ရှရှင်းချန်က သူ့စကားများကို ပြန်မပြောပေးပေ။
သူပြောနေသည့်ပုံမှာ သူ့ခေါင်းထဲရှိ ဗီလိန်က ဖယ်ရှားရန် လိုနေသည့် ဗိုင်းရပ်စ်ကြီးလို ဖြစ်နေသည်။
[ငါက မင်းပဲလို့ပြောနေတယ်လေ...အနာဂတ်ကမင်းလို့...ငါက အများကြီးသိပြီး မင်းကိုလည်း ကာကွယ်ပေးနိုင်တယ်...မင်းလိုချင်သမျှ အရာအားလုံးလည်း ပေးနိုင်တယ်လို့ အရူးရဲ့...]
'ဟမ့်.. မလိုချင်ပါဘူး.... ကျွန်တော် ဘာလိုချင်ချင် မာမားက ပေးနိုင်တယ် အရူးကြီးရဲ့...'
ရှရှင်းချန်မှာ စိတ်မထိန်းနိုင်ပဲ ပြန်ပြောမိလေသညိ။
သို့သော် ပြန်ပြောပြီးနောက်တွင် ဘာမှ ဆက်မပြောတော့ပေ။
[....]
သူ၏ နတ်သမီးမေမေကို အရာရာတိုင်းပြောပြပြီးဖြစ်၍ ကောင်ငယ်လေးက စိတ်သက်သာရာ ရသွားကာ မကောင်းသည့်အတွေးများအားလုံး လွင့်ပျောက်သွားရသည်။
ကောင်ငယ်လေးက ရှအန်းကို ပျော်ပျော်ကြီးဖက်လိုက်သည်။
ရှအန်း၏ အတွေးများက ကောင်ငယ်လေးလောက် မရိုးစင်းပေ။ ဗီလိန်၏ တည်ရှိမှုကို သိသည်နှင့် သူမစိတ်ထဲ အတွေးပေါင်းစုံ ဝင်လာသည်။
ရှအန်းက သူမ နဂါးနှစ်ကောင်ကို မေးလျှင် အဖြေရလာမည်ဟု ထင်ပေသည်။
မည်သို့ပင်ဆိုစေ သူတို့၏ တည်ရှိမှုက နတ်ဘုရားများနှင့်တူပေသည်။
သူမက နဂါးနှစ်ကောင်က အချိန်အကြာကြီးနေလာသည်ဖြစ်၍ ဘာလုပ်ရမလဲသိမည်ဟု တွေးမိလိုက်သည်။
ရှအန်း စိတ်ငြိမ်သွားခဲ့လေသည်။
ထို့နောက် ခေါင်းငုံ့လိုက်ပြီး သူမအပေါ် အလွန်ကပ်တွယ်နေသော ကောင်ငယ်လေးကို ကြည့်လိုက်သည်။ သူမ အနာဂတ်မှ ဗီလိန်ဖုယွီကထု သေချာပေါက် မောင်းထုတ်ရပေမည်။
'ဒေါက် ဒေါက်'
ရှအန်းတွေးနေချိန်တွင် တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာသည်။ ရှအန်းက ကုရှုမော့ဖြစ်ကြောင်း သိပေသည်။
ကုရှုမော့က တံခါးပေါက်တွင် ရပ်နေသည်။
"မမနတ်သမီး... ရှောင်ရှင်း.. စကားမပြောနဲ့တော့လေ အိပ်ချိန်ရောက်နေပြီကို..."
ကုရှုမော့၏ လိမ္မာသည့်ပုံလေးကိုကြည့်ပြီး ရှရှင်းချန် နှုတ်ခမ်းမဲ့ကာ ရေရွတ်လိုက်သည်။
"တမင်လုပ်တာ..."
ကုရှုမော့က သူ့ကို မနာလိုပြီး တမင်တကာတံခါးခေါက်ခြင်းဖြစ်ရပေမည်။
"ဟုတ်ပါ့... နောက်ကျနေပြီပဲ... မြန်မြန်လေး အိပ်ရာဝင်ကြတော့..."
ရှအန်းက ခေါင်းငြိမ့်လိုက်ကာ ကောင်ငယ်လေးနှစ်ယောက်ကို ဆော်ဩလိုက်သည်။
"ဟုတ်ကဲ့ပါ.... မမနတ်သမီး..."
"မာမား... ရှောင်ရှင်း အခုပဲအိပ်တော့မယ်နော်..."
ကောင်ငယ်လေး နှစ်ယောက်က လိမ်လိမ်ာမာမာဖြင့် ကိုယ့်အခန်းထဲ ကိုယ်သွားပြီး အိပ်ရာဝင်လိုက်ကြသည်။
ရှအန်းက စိတ်သက်သာရာ ရသွားလေသည်။
လျှင်မြန်စွာ ဆေးကြောသန်စင်ပြီးနောက်တွင် အိပ်ရာဝင်လိုက်တော့သည်။
"ငါမေးချင်တာကို ပြန်ဖြေပေးနိုင်ရင် ကောင်းမှာပဲ..."
ရှအန်းက သူမလည်ပင်းရှိ စန်းယုံအော်ပရာပုတီးနှင့် ကျောက်စိမ်းလည်ဆွဲကိုထိပြီး အိပ်မက်ထဲ ဝင်လိုက်သည်။