Chapter 252
နေရာလွတ်ထဲကို ဝင်ပြီးသည်နှင့် သူမက နဂါးနှစ်ကောင်ကို တိုက်ရိုက်သာမေးလိုက်လေသည်။
ရှောင်ဟေးက သူမ၏သားနှင့် ပတ်သတ်ပြီး တစ်ခုခုမှားနေသည်ကို ရှာတွေ့ပြီးသား ဖြစ်ရပေမည်။
"ကျွန်တော် ရှောင်ရှင်းရဲ့ စိတ်ထဲမှာ အခြား စိတ်လှိုင်းအတက်အကျကို ခံစားနေမိတာ ကြာပြီ...လက်စသတ်တော့ ဒီလိုဖြစ်နေတာကိုး..."
ရှအန်းက မျက်ဆန်လှန်လိုက်သည်။
"နင်က ရှောင်ရှင်းဆီမှာ တစ်ခုခုမှားနေကြောင်း သိပေမဲ့ ငါ့ကို ဘာမှမပြောပြခဲ့ဘူးပေါ့လေ...."
ရှအန်းက သူ့ကို အပြစ်တင်လာသောအခါတွင် ရှောင်ဟေးက ရှောင်ပိုင့်နောက်တွင် ပုန်းရင်း တိုးတိုးလေး ပြန်ပြောလေသည်။
"တမင်လုပ်တာ မဟုတ်ရပါဘူး.. ရှောင်ရှင်းလို ကလေးလေးက ဒီလိုကိစ္စကြီးကို ဖုံးကွယ်ထားမယ်လို့ ဘယ်လိုလုပ်ထင်မှာလဲလို့..."
"နင်က ရှောင်ရှင်းကို အပြစ်တင်နေတုန်းပေါ့..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ကျွန်တော့်မှားပါ... ကျွန်တော်မှားတာပါ..."
ရှအန်းက ဆက်လက်တောင်းပန်နေဆဲဖြစ်သော အနက်ရောင်နဂါးကို ကြည့်ကာ ဆက်စကားမများတော့ပဲ အဓိကအချက်ကိုသာ မေးလိုက်သည်။
"ဒါဆို... အဲ့ဒီ့ ဝိဉာဉ်ကို ဘယ်လိုအပြင်ထုတ်ကြမလဲ..."
"အရှင်မ... အဲ့တာက အရှင်ငယ်လေးရဲ့ ဝိဉာဉ်ပဲမဟုတ်ဘူးလား..."
အနာဂတ်ရှရှင်းက ရှရှင်းချန်ပဲ မဟုတ်ဘူးလား...
နဂါးနှစ်ကောင်လုံး မသိသည်မှာ ရှရှင်းနှစ်ယောက်က မတူညီကြောင်းကိုဖြစ်သည်။
စိတ်ဓာတ်နှင့် ကြီးပြင်းလာသည့် ပတ်ဝန်းကျင်က လုံးဝကွာခြားပေသည်။
အရောင်နှင့် ခွဲခြားပြရလျှင် ဤနဂါးနှစ်ကောင်လိုပင်။ ရှရှင်းချန်က ဖြူဖွေးနေပြီး ဖုယွီက မဲနက်နေသည်။
ထိုနှစ်ယောက်က လုံးဝမတူညီသည့် လူနှစ်ယောက်ဖြစ်သည်။
"မဟုတ်ဘူး.... သူက ရှောင်ရှင်းမဟုတ်ဘူး သူက ဖုယွီပဲ..."
ဝတ္ထုထဲက ဗီလိန်ပဲ.. သူမရဲ့ သားလေးမဟုတ်ဘူး...
ရှအန်းက အသက်ပြင်းပြင်းရှုကာ လေးလံထိုင်းမှိုင်းနေသော လေသံဖြင့်ပြောကာ တည်ငြိမ်နေသော အမူအယာဖြစ်နေလေသည်။
သူမက ရှရှင်းချန်နှင့် ဖုယွီက လားလားမှမတူကြောင်း သေသေချာချာသိပေသည်။
သာမန်လူများအတွက် ဖုယွီနှင့် ရှရှင်းချန်မှာ လူတစ်ယောက်တည်းသာ ဖြစ်ကြသည်။
သို့သော် ရှအန်းအတွက်တော့ ရှရှင်းချန်နှင့် ဖုယွီမှာ လုံးဝမတူကြသော လူများဖြစ်ကြသည်။
ထို့ကြောင့် အနာဂတ်က ရှရှင်းချန်ပေါ်တွင် ခံစားချက် မရှိပဲ ဘာမှပြောစရာပင် မရှိချေ။ အနာဂတ်ရှရှင်းချန်ဆိုသူကို ဖယ်ထုတ်နိုင်မည့် နည်းရှိပါက ပျော်ပျော်ကြီး လုပ်လိုက်မည်ဖြစ်သည်။
သူမအသိအမှတ်ပြုသည့် လူမှာ တစ်ယောက်တည်းသာရှိပြီး ၎င်းကလည်း ရှောင်ရှင်းသာဖြစ်သည်။
သူမက ဗီလိန်၏ ဝိဉာဉ်ကိုသာ မောင်းမထုတ်ခဲ့လျှင် သူမသား၏ ခန္ဓာကိုယ်ကို ယူဆောင်သွားခြင်းခံရမည်ကို စိုးရိမ်နေသည်။
ရှအန်းက ယခုတွင် ဖုယွီ၏ တည်ရှိနေမှုကြောင့် သူမ၏ သားလိမ္မာလေးက ကန်ထုတ်ခံရကာ ခန္ဓာကိုယ်ကို အပိုင်သိမ်းခံရမည်ကို ကြောက်နေလေသည်။
သူမသား၏ ထူးဆန်းနေမှုကို အသေအချာဂရုမစိုက်ခဲ့သော ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်နေမိသည်။
"နင်တို့မှာ အဲ့ဒီ့ ဝိဉာဉ်အပိုကြီးကို ထုတ်ပစ်ဖို့ နည်းလမ်းမရှိဘူးလား..."
သူမက ဗီလိန်ကို သူမသားရှရှင်းချန်၏ ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်ချင်နေသည်။
ရှောင်ဟေးနှင့် ရှောင်ပိုင်တို့မှာ ပထမဆုံးအကြိမ်အဖြစ် ရှအန်း၏ စိတ်အားထက်သန်နေမှုကို မြင်လိုက်ရသည်။
သူတို့၏စိတ်ထဲတွင် ရှအန်းဆိုသည်မှာ အမြဲတစေ တည်ငြိမ်ကာ ဘာကိုမှ ဂရုမစိုက်ဘဲ အရာရာတိုင်းကို သိနေသူသာဖြစ်သည်။
သို့သော် ယခုတွင်မူ...
"အရှင်မ စိတ်မပူပါနဲ့... ထုတ်ပစ်လို့ရတဲ့ နည်းရှိပါတယ်... ဒါပေမဲ့..."
ရှောင်ပိုင်က လွှတ်ခနဲပြောမိသွားသည်။
ရှအန်း၏မျက်လုံးများက တောက်ပနေသော်လည်း ထိုအလှည့်အပြောင်းက သူမ၏ စိတ်ကို အေးစက်သွားစေသည်။
"ဘာကိုလဲ..."
ရှအန်းက လက်သီးတင်းတင်းဆုပ်ပြီး စိုးရိမ်တကြီးဖြစ်လာသည်။
"အဲ့တာက..."
"ကိုင်တွယ်ဖို့မလွယ်သလို ဖြစ်နိုင်ပါ့မလား မသိလို့..."
ရှောင်ဟေးက ဝင်ပြောလေသည်။
"အခုခေတ်ကမ္ဘာကြီးက ကျွန်တော်တို့ ခေတ်နဲ့ မတူညီဘူး... အရင်ကတော့လူတိုင်း ကျင့်ကြံလို့ရတဲ့ ရောင်ဝါရှိတယ်... ဒါပေမဲ့ အခုတော့ ရှောင်ပိုင်နဲ့ ကျွန်တော်တောင် ဖိနှိပ်ခံထားရတာ... နေရာလွတ်ထဲမှာ အော်ရာနည်းနည်းရှိသေးပေမဲ့ ကျင့်ကြံလို့တော့ မရတော့ဘူးလေ..."
ရှောင်ဟယ်က စကားအများကြီးပြောနေပြီး ဆက်ပြောရန်လည်း ပြင်နေ၍ ရှအန်းက ဖြတ်ပြောလိုက်သည်။
"လိုရင်းကိုပြော.... ဘာလိုတာလဲပြော..."
ရှအန်း၏ ဖြတ်ပြောခြင်းခံလိုက်ရ၍ ရှောင်ဟေးက ရေရွတ်လေသည်။
"အဓိက အချက်က အော်ရာမရှိပဲ ကျင့်ကြံလို့မရတာကြောင့် တစ်ဖက်က ဝိဉာဉ်ကို အတင်းကြီး နှင်ထုတ်လို့မရဘူး... သူ့ကို ထွက်သွားဖို့ ပြောလို့ရပေမဲ့ သူသာမသွားချင်ရင် အခြားနည်းလမ်း မရှိတော့ဘူး..."
ရှောင်ဟေးက ရှအန်း၏ တုန့်ဆိုင်းနေမှုကြောင့် အသေအချာသတိပေးလိုက်သည်။
သူမ ယခုတွင် ရှောင်ဟေး၏စကားများကို နားလည်သွားလေပြီ။ ကိုင်တွယ်၍ မလွယ်သလို ဖြစ်နိုင်ပါ့မလားပင် မသိနိုင်ပေ။
"အဲ့တာကလွဲလို့ အခြားနည်းလမ်း မရှိတော့ဘူးလား....."
ဗီလိန်မှာ အရွယ်ရောက်ပြီးဖြစ်သည့် IQမြင့်သော အန္တရယ်ရှိသည့် လူတစ်ယောက်ဖြစ်ပြီး ဇွဲကောင်းသည့် အရူးတစ်ယောက်လည်း ဖြစ်သည်။
သးက ရှရှင်းချန်ကို ကပ်တွယ်နေခဲ့သည်။ ၎င်းက သူအတော်လေး စိတ်အစွဲလမ်းကြီး၍ ဖြစ်ရပေမည်။ သူက ဇာတ်လိုက်မကို သေချာပေါက် လက်စားချေချင်ပေလိမ့်မည်ဖြစ်သည်။ တစ်နည်းပြောရလျှင် ထွက်သွားမည်မဟုတ်ပေ။
ရှအန်းက သူနှင့်စကားပြောပြီး ကိုယ့်ဆန္ဒနှင့်ကိုယ် ထွက်သွားပေးရန် ပြောနိုင်မည်ဟု မထင်ပေ။
"အရှင်မက အခြားနည်းမရှိတော့ဘဲ အဲ့နည်းပဲရှိတော့တာပါ...."
ရှောင်ပိုင်က ရှအန်းဘေးနားပျံသွားပြီး သူမ၏မေးစေ့ဖြင့် သူ့ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလေသည်။
"ဟုတ်တယ်... အဲ့နည်းက လွဲလို့ အခြားနည်းမရှိတော့ဘူး.... ပြီးတော့ အဲ့နည်းလမ်းကလည်း နေရာလွတ်ဆီက အော်ရာကို အများကြီးကုန်စေလိမ့်မယ်.. မဟုတ်ရင်..."
ရှအန်းစိတ်ဓာတ်ကျနေသည်ကိုမြင်၍ အခြားအရာကိုပါ ဆက်ပြောချင်သော်လည်း ရှောင်ပိုင်က ဖြတ်ပြောလိုက်လေသည်။
"အရှင်မ.. ကြိုးစားကြည့်လိုက်ပါ.. သူ သဘောတူရင်လည်း တူမှာပေါ့..."
ထို့နောက် ရှောင်ပိုင်က ရှောင်ဟေးကို မျက်စောင်းထိုးလိုက်သည်။
ရှောင်ဟေးက စိတ်ဓာတ်ကျစွာပါးစပ်ပိတ်လိုက်ရသည်။ သူ၏မျက်လုံးအိမ်တွင် ပူဆွေးမှုတို့ ပြည့်နေလေသည်။
ရှအန်းက ကိုယ့်အတွေးနှင့်ကိုယ် ပိတ်မိနေ၍ နဂါးနှစ်ကောင်၏ လှုပ်ရှားမှုကို သတိမပြုမိပေ။
ရှအန်းက ဖုယွီကို ရှရှင်းချန်ကိုယ်ထဲမှ ထွက်အောင်လုပ်သည့် နည်းမျိုးစုံကို တွေးလေတော့သည်။
တစ်ညလုံး စဉ်းစားသော်လည်း ဘာအကြံမှ ထွက်မလာခဲ့ပေ။
သို့သော် ရှအန်းက အမြဲတမ်း အကောင်းမြင်သူဖြစ်၍ ကြောက်ရွံ့သည့်အရာ မရှိပေ။
သူမတွင် ရွေးခြားစရာနည်းလမ်း မရှိတော့၍ ဗီလိန်ကြီးဖုယွီနှင့်အတူ တိုက်ရိုက်စကားပြောရန်သာ ရွေးချယ်လိုက်သည်။
"ရှောင်ရှင်း မာမား သားခေါင်းထဲက ဖုယွီနဲ့ စကားပြောချင်တယ်..."
မနက်စာစားပြီးနောက်တွင် ရှအန်းက ကုရှုမော့ကို ထားခဲ့ကာ ရှောင်ရှင်းကို စာကြည့်ခန်းထဲ ခေါ်သွားလိုက်သည်။
သူမ၏ စာကြည့်ခန်းက အသံလုံစနစ်အတော်လေး ကောင်းပေသည်။
ကောင်ငယ်လေး ကုရှုမော့ရှိနေ၍ ဤသို့သော ကိစ္စမျိုးကို လက်လွတ်စပယ်မပြောသင့်ပေ။
"ဟုတ်ကဲ့... သားက ကြားထဲကနေပြောပြပေးမယ်..."
ကောင်ငယ်လေး၏ မျက်နှာပေါ်ရှိ ချစ်စရာအပြုံးလေးကို မြင်ပြီးနောက်တွင် ရှအန်းက နှုတ်ခမ်းစေ့လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"မဟုတ်ဘူး... သားက ကြားထဲကပြောပေးစရာမလိုဘူး... မာမားက သူနဲ့ပဲ ပြောချင်တာ..."
ထိုသို့ပြောပြီးနောက်တွင် ရှအန်းက စန်းယုံအော်ပရာပုတီးကို သူ့လည်ပင်းတွင် ဆွဲပေးလိုက်ပြီး ခဏအကြာတွင် ကောင်ငယ်လေးက မျက်စိမှိတ်လိုက်ကာ အိပ်ပျော်သွားလေသည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်ပြီးသော ရှအန်းက သူမလက်မောင်းကြားတွင် အိပ်သွားသော ကောင်ငယ်လေးကိုကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်
"ရှောင်ဟေး..."
ရှအန်းအော် ခေါ်ပြီးသည်နှင့် အိပ်ပျော်နေသည့် ကောင်ငယ်လေးက မျက်စိဖွင့်လာသည်။
ကောင်ငယ်လေးက မျက်စိဖွင့်လာရုံသာဖြစ်သော်လည်း အော်ရာကတော့ အခြားလူတစ်ယောက်လို ပြောင်းလဲသွားလေသည်။