အပိုင်း ၂၅၃
Viewers 29k

Chapter 253


ပုံစံက တစ်ပုံစံတည်းတူညီပြီး သူမ၏သားနှင့် တစ်ထေရာတည်းဖြစ်သော်လည်း သူမရှေ့ရှိကောင်ငယ်လေးမှာ ရှောင်ရှင်းနှင့် လုံးဝမတူတော့ပေ။


သူ၏ မျက်ဆံနက်နက်များက အေးစက်မှုတို့ ပြည့်နှက်နေကာ နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။


ကောင်ငယ်လေးက ရှအန်းကို ပြုံးကြည့်ပြီး ကလူမြူဆွယ်သော လေသံဖြင့်ပြောလိုက်သည်။

"ဟယ်လို မာမား..."


သူမ၏ နူးညံ့ညင်သာကာ လိမ္မာနာခံတတ်သောသားလေးနေရာတွင် ဖုယွီကရောက်နေကြောင်း သိလိုက်၍ မထူးမခြားနားသလို ပြန်ပြောလိုက်သည်။

"ငါက မင်းရဲ့အမေမဟုတ်ဘူး...."


"အမေ.... ခင်ဗျားကတကယ် မထူးမခြားပုံနဲ့ပဲ..."


ဖုယွီက ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က ရှစ်နှစ်အရွယ်သာရှိသေးသော်လည်း သူ၏မျက်လုံးများက ကလေးတစ်ယောက်နှင့်မတူဘဲ ပြက်ရယ်ပြုချင်သော အရိပ်အငွေ့တို့ ထင်ဟပ်နေသည်။


"ဖုယွီ... ငါ မင်းနဲ့လှည့်ပတ်ပြီး မပြောချင်ဘူး... မင်းကို ခေါ်ထုတ်လိုက်ရတယ်ဆိုတာလည်း မင်းကို ရှောင်ရှင်း ခန္ဓာကိုယ်ထဲက ထွက်သွားဖို့ ပြောမလို့ပဲ..."


ရှအန်းက ဖုယွီ၏သဘောထားကို မေးမနေတော့ဘဲ သူမပြောချင်သည့်အရာကိုသာ ပြောချလိုက်သည်။


ထိုသို့ပြောပြီးနောက်တွင် သူမ၏သားဖြစ်သော်လည်း ဗီလိန်ကဝင်စီးနေသော ခန္ဓာကိုယ်လေးကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်လေသည်။


ဖုယွီကဲ့သို့ ထက်မြက်သည့်လူက ရှအန်း၏ တည်ငြိမ်နေသော မျက်နှာအောက်မှ စိတ်လှုပ်ရှားနေမှုများကို မသိဘဲနေမည်နည်း။


"ရှောင်ရှင်းတဲ့လား..."


သူက ရှောင်ရှင်း၏နာမည်ကို လှောင်ပြောင်သလို ခပ်တိုးတိုးရေရွတ်လိုက်သည်။


"ရှောင်ရှင်း.. ရှရှင်းချန်... ကောင်းလိုက်တာ... ကောင်းလိုက်ပုံများတော့..."


ဖုယွီက ထိုကဲ့သို့ ခဏမျှပြောလိုက်သည်။ သို့သော် ရှအန်းက ဗီလိန် ပြောချင်သည်ကို နားမလည်ပေ။


သို့သော် ဖုယွီထပ်ပြောလိုက်သည်က ရှအန်းကို ပိုမိုစိတ်ရှုပ်ထွေးသွားစေသည်။


"ဒီကမ္ဘာမှာကြတော့ ဘာလို့ သရုပ်မှန်ကို မပြရတာလဲ..."


"ဟမ်... ဘာကိုဆိုလိုတာလဲ..."

ရှအန်းက သူမသားကိုယ်ထဲ ဝင်နေသော ဗီလိန်ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။


"တစ်ခါတစ်လေကြရင် ကျုပ်ဖြင့် သူ့ကိုအတော်လေး မနာလိုဖြစ်မိတယ်... အရမ်းမနာလိုဖြစ်လွန်းလို့ အရာအားလုံးကို ဖျက်ဆီးပစ်ချင်မိတယ်...."


ဖုယွီက ရှအန်းကို စိုက်ကြည့်လိုက်သည်။ ထိုမျက်ဝန်များက နက်ရှိုင်းလှသည့် ရေကန်သေတစ်ခုကို ကြည့်နေရသလို လူတိုင်းကို ကြက်သီးမွေးညင်းထစေသည်။


ဖုယွီ၏ သုန်မှုန်နေသော အသွင်အပြင်ကိုကြည့်ပြီး ရှအန်း နှလုံးပင် ဆောင့်ခုန်မိသွားလေသည်။


"သူက မင်းပဲလေ...မင်းကသူပဲလေ.. ပြဿနာမရှာချင်စမ်းပါနဲ့..."


ရှအန်းက ဖုယွီတစ်ယောက် စိတ်ထဖောက်ပြီး သူ့ကိုယ်သူ သတ်ပစ်မည်ကို စိုးရိမ်သွားလေသည်။


မည်သို့ပင်ဆိုစေ သူက ဘာမဆိုလုပ်နိုင်သည့် ရူးနေသည့်လူပင်ဖြစ်သည်။


သူမစကားဆုံးသည်နှင့် နူးညံ့သော်လည်း ရင့်ကျက်သလို လှောင်ပြောင်ရိပ်စွက်နေသော လေသံတစ်ခုက ထွက်ပေါ်လာသည်။


"ကျုပ်ကသူ... သူက ကျုပ်တဲ့လား... အိုး..."


မျက်ခုံးတစ်ချက်ပင့်ရင်းနှင့် ဖုယွီက ရှအန်းကိုကြည့်လာသည်။ ထိုမျက်ဝန်းအစုံတို့တွင် ရယ်ချင်စိတ်တို့ ပြည့်နှက်နေသည့်ပုံပင်။


"ကျုပ်တို့က တစ်ယောက်တည်းပဲဆိုမှတော့... သူ့ကိုကြ လက်ခံနိုင်ပြီး ကျုပ်ကိုကြ ဘာကြောင့်များ လက်မခံနိုင်ရတာလဲ.."


ရှအန်း ခဏမျှပြောစရာစကား ပျောက်ရှသွားလေသည်။


အချိန်အတော်ကြာမှ ဖုယွီမျက်နှာပေါ်ရှိ လှောင်ရယ်လိုစိတ်တို့ ပိုမိုပြင်းထန်လာမှ ပြောလိုက်သည်။

"ဒါပေမဲ့... လူတွေရဲ့ ခံစားချက်ဆိုတာက မတူဘူးလေ... မင်းက သူပဲဆိုပေမဲ့... ငါ့ရဲ့ ခံစားချက်ကတော့ မင်းတို့နှစ်ယောက်အပေါ်မှာ ကွဲပြားတယ်လေ..."


အမှန်အတိုင်းပြောရလျှင် ရှရှင်းချန်နှင့် ဖုယွီတို့မှာ တစ်ယောက်တည်းသာဖြစ်သည်။


သူတို့တွင် ခန္ဓာကိုယ်တစ်ခုတည်းရှိပြီး စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံကလည်း တစ်ပုံစံတည်းသာဖြစ်သည်။


သူမသာ ပေါ်လာခဲ့ခြင်းမရှိပါက ရှရှင်းချန်က သေချာပေါက် ဖုယွီဖြစ်လာမည်ဖြစ်သည်။


သို့သော် သူမပေါ်ထွက်လာခဲ့သဖြင့် ရှရှင်းချန်နှင့် ဖုယွီတို့က မတူညီသည့် လူများဖြစ်သွားကြသည်။


"ဒါပေမဲ့ ရှောင်ရှင်းဆိုတာက အတိတ်က ကျုပ်ပဲလေ.. ကျုပ်ကိုယ်တိုင်လည်း ရှရှင်းချန်ဖြစ်နိုင်ပါတယ်..."


ဖုယွီက ရှအန်းနားကို ရှေ့တစ်လှမ်းတိုးလာသည်။


သူ၏အေးစက်ကာ ပြက်ရယ်ပြုနေသော မျက်လုံးများက လိုအင်ဆန္ဒတို့ ပြည့်နှက်နေသည်။


အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်ကလည်း သေဆုံးပြီးနောက်တွင် ကလေးဘဝ၌ အဘယ့်ကြောင့် ပြန်လည်မွေးဖွားလာခဲ့ရကြောင်း မသိပေ။


မည်သို့ပင်ဆိုစေ သူ သေဆုံးစဉ်က အသက်ဆက်ရှင်ရန်ပင် ဆန္ဒမရှိခဲ့ပေ။


သူ မျက်နှာလွှဲလိုက်ကာ ဖုအန်းချီကို ထပ်မချစ်တော့ပေ။


သူကမ္ဘာပေါ်မှ အရာရာတိုင်းကို လုံးဝဂရုမစိုက်ခဲ့ပေ။


ထို့ကြောင့် အသက်ရှင်ရတာ အဓိပ္ပါယ်မရှိဟု တွေးထင်ပြီး အသက်ဆက်မရှင်ချင်တော့၍ သူ လွယ်လွယ်လေး သေသွားခဲ့ခြင်းဖြစ်သည်။


သို့သော် မထင်မှတ်ထားခဲ့သည်မှာ သူ့ကမ္ဘာတွင် အစောကြီးကတည်းက သေဆုံးသွားခဲ့သော 'အမေ'ဖြစ်သူ ရှအန်းက အသက်ရှင်နေပြီး သူ့ကိုမိဘမဲ့ဂေဟာမှ ပြန်ခေါ်ကာ ဂရုစိုက် စောင့်ရှောက်ပေးခဲ့သည်။


သူရှအန်းတွင် ဖြစ်ပျက်နေသမျှကိုကြည့်ပြီး သူ၏ကလေးအရွယ်ကိုလည်း ကြည့်နေရင်းနှင့် သည်းမခံနိုင်တော့ပေ။


တဖြေးဖြေးချင်း သူက ရှရှင်း၏ ကမ္ဘာထဲတွင် ပေါ်လာခဲ့သည်။


သူက ရှရှင်း၏အတွေးများနှင့် လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး ရှအန်း၏ကမ္ဘာတွင် သူရှိခဲ့ဖူးသည့် အရိပ်အယောင် အချို့ကို ချန်ထားခဲ့ချင်သည်။


(ဖုယွီလေးက တကယ်သနားစရာလေးပါ... 😭)


သူက ထိုခံစားချက်များမှာ မနာလို အားကျသော ခံစားချက်ဖြစ်ကြောင်း တဖြေးဖြေးသိလာခဲ့လေသည်။


သူ့က အတိတ်ကကိုယ့်ကိုယ်ကိုယ် မနာလိုဖြစ်နေခဲ့သည်။ သူ့တွင် သူ့ကိုအများကြီးချစ်ပေးသော အမေတစ်ယောက်ရှိနေခဲ့သည်။


သူတို့နှစ်ယောက်က တစ်ယောက်တည်းဖြစ်ပါလျက်နှင့် သူတို့၏ ဘဝများက မတူညီခဲ့ပေ။


သူ အားကျလွန်း၍ မနာလိုဖြစ်လာခဲ့ရသည်။


သူက အတိတ်က သူ့ကိုယ်သူ စကားလုံးများဖြင့် လှည့်စားပြီး ရှအန်းက သူ့ကို မချစ်တော့လဲ စွန့်ပစ်တော့မည်ဖြစ်ကြောင်း တွေးအောင် လုပ်ခဲ့လေသည်။


သို့သော် ရှအန်းက ရှရှင်းချန်အတွက် သမီးအရင်းကိုပင် စွန့်ပစ်ရန် ဆန္ဒရှိနေမည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။


ပထမဆုံးအကြိမ်အဖြစ် အတိတ်က သူ့နေရာမှာ အစားထိုးပြီး ရှရှင်းချန်အဖြစ်နှင့် ရှအန်း၏သားလေး ဖြစ်သွားချင်ခဲ့သည်။


"တောင်းပန်တယ်... မင်းက ရှောင်ရှင်းမဟုတ်ဘူး... ငါ့ရဲ့ရှောင်ရှင်းလေးက ငါ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့သားလေးပဲ...."


သူမ၏သဘောထားက ဖုယွီကို ထပ်မီဒေါသထွက်သွားစေမည်ကို စိုးရိမ်ကာ ရှအန်းက ပိုမိုနူးညံ့စွာပြောလိုက်လေသည်။


သို့သော် ပြန်ဖြေလာသည်မှာ မာကျောလှပေသည်။


"အဖိုးမဖြတ်နိုင်ဘူးတဲ့လား..."


ရှအန်း၏စကားများကိုကြားပြီး ဖုယွီမနာလိုဖြစ်လာခဲ့သည်။


သူအတောင့်တဆုံးအရာမှာ သူ့ကိုချစ်ခင်မြတ်နိုးပေးသည့်လူသာဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ့ကိုစွန့်ပစ်သွားလျှင်တောင် သူ့ကို မစွန့်လွှတ်မည့်လူမျိုးဖြစ်သည်။


သို့သော် သူတစ်သက်လုံး တောင့်တနေရသည့်အရာကို သူက မရခဲ့သော်လည်း အတိတ်ကသူက လွယ်လွယ်ကူကူရနေခဲ့သည်။


ထိုအချိန်တွင် သူမနာလိုမှုတို့ ပြည့်နှက်သွားရသည်။


"ဖုယွီ မင်းဘာတွေ ကြုံတွေ့ခဲ့ရလဲတော့ ငါမသိဘူး.... ဒါပေမဲ့ ငါတောင်းဆိုပါတယ်... ရှောင်ရှင်းကို ထိခိုက်အောင်မလုပ်ပါနဲ့... သူက ကလေးလေးပဲရှိသေးတာ ဘာမှနားမလည်သေးဘူး... ဒီကမ္ဘာကြီးထဲမှာ သူ မတွေ့မမြင်ရသေးတာတွေ အများကြီးရှိသေးတယ်..."


သူမက အမြဲတမ်း စိတ်ထင်ရာ လုပ်တတ်ပြီး အခြားလူတို့၏ စိတ်ခံစားချက်ကို ဂရုမစိုက်ပေ။


သူမက ကောင်းကင်ဘုံရော ငရဲပြည်ကိုပါ မကြောက်တတ်သော လူတစ်ယောက်ဖြစ်ခဲ့သညိ။


သို့သော် ဤအချိန်တွင် သူမသားခန္ဓာကိုယ်ထဲ ဝင်နေသော ဗီလိန်ကြီးနှင့် ရင်ဆိုင်ရသည့်အခါတွင် အတော်လေး အောက်ကျို့နေခဲ့သည်။


ရှအန်း၏ စိုးရိမ်ပူပန်နေသော အမူအယာကိုကြည့်ပြီး ဖုယွီ၏ရင်ထဲတွင် ချဉ်တူးလာကာ သူတစ်ခါမှ မကြုံဖူးသော ခံစားချက်ကို ခံစားလာရသည်။


သူလည်း အချစ်ခံချင်ကြောင်း ဂရုစိုက်ခံချင်ကြောင်း သိလာရသည်။


သို့သော် ဤချစ်မြတ်နိုးခံရသည့် ခံစားချက်များက သူ့အတွက်မဟုတ်လဲ အတိတ်အချိန်က သူ့အတွက်သာဖြစ်နေသည်မှာ သနားစရာပင်။


အတိတ်ကသူက အတော်လေးပျော်ရွှင်နေရသည်။


မျက်လုံးမှိတ်လိုက်သောအခါ ဖုယွီ၏စိတ်ထဲတွင် ရှအန်းနှင့် ရှရှင်းချန်တို့ အတူရှိနေသည့် ပုံရိပ်ကို မြင်ယောင်လာသည်။


ထိုနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်ရယ်မောနေကြပြီး အလွန်ပျော်နေပုံပင်။


ထိုအချိန်တွင် သူက ရှရှင်းချန်သာဖြစ်ခဲ့လျှင် ထိုမှတ်ဉာဏ်များက သူ့ဟာသာဖြစ်ခဲ့လျှင် ရှအန်းဂရုစိုက်သော လူက သူသာဖြစ်ခဲ့လျှင်ဟု တွေးမိလာသည်။