Chapter 254
"ဖုယွီ..."
ရှအန်းက မျက်လုံးမှိတ်ထားသော ဗီလိန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် သူစကားစမပြောခင် ဖုယွီက ဖြတ်ပြောလိုက်သည်။
"ကျွန်တော့်ကို ရှောင်ရှင်းလို့ခေါ်..."
သူ့မျက်လုံးများကို ဖွင့်ပြီးဖုယွီက ရှအန်းကို စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးများထဲမှ အေးစက်မှုနှင့် ညှို့မှိုင်းနေမှုတို့က ပျောက်ဆုံးသွားပြီး ကြည်လင်ပြတ်သားနေသည်။
ထို ကြည်လင်လှသော မျက်လုံးများကိုကြည့်ပြီး ရှအန်းက ဖုယွီကို သူ၏သားလိမ္မာလေးဟုပင် ထင်မှတ်မိသွားသည်။
ထိုအချိန်တွင် ထိုမျက်ဝန်းများကိုကြည့်ရင်း ရှအန်းစိတ်ထဲတွင် ဖုယွီနှင့် ရှရှင်းချန်တို့က တစ်ယောက်တည်းသာဖြစ်သည် ဟူသော အတွေးသာ ထွက်ပေါ်လာသည်။
ရှအန်း အနည်းငယ်ပျော့ပြောင်းသွားသည်။
သူမက ဗီလိန်ကြီးက ဘာကြောင့် ဤမျှကြီးကြီးမားမား ပြောင်းလဲသွားကြောင်း မသိသလို သူ့ကို ဘာကြောင့် ရှောင်ရှင်းဟု ခေါ်ခိုင်းကြောင်းလည်း မသိပေ။
သို့သော် ရှအန်းက ဤပြဿနာကို မြန်မြန်ဖြေရှင်းချင်၍ ဖုယွီကဲ့သို့ ဗီလိန်ကို ချော့မြူကာ ရှရှင်းချန် ခန္ဓာကိုယ်ထဲမှ ထွက်သွားစေချင်၍ လိမ်လိမ်မာမာလေးခေါ်လိုက်သည်။
"ရှောင်ရှင်း..."
ဖုယွီ၏ နှုတ်ခမ်းတို့ ကွေးညွတ်သွားသည်။
"နားထောင်လို့ ကောင်းတယ်..."
ရှရှင်းချန်၏ နာမည်မှာ ချိုမြိန်လှသည်။
အတိတ်က သူက အမှန်ကတယ် ကံကောင်းလှသည်။
ကံဆိုးစွာဖြင့် ထိုကံကောင်းမှုကို သူမပိုင်ပေ။
ဖုယွီက ရှအန်း၏မျက်လုံးများတွင် ကြောက်လန့်နေမှုတို့ကို ထင်ထင်ရှားရှား မြင်လိုက်ရ၍ ပထမဆုံးအကြိမ်အဖြစ် ခါးသီးသလိုခံစားလိုက်ရသည်။
ထိုသို့သော ခါးသီးမှုက သူ့တစ်ဘဝလုံးကို ကပ်တွယ်နေခဲ့သော ဖုအန်းချီနှင့် ရှိစဉ်ကပင် မခံစားဖူးခဲ့ပေ။
သို့သော် ဤလှပကာ မေ့မရနိုင်သော အမျိုးသမီး၏ လှပသော မျက်နှာကိုကြည့်ပြီး ထိုကဲ့သို့ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သူ့ရှေ့က အမျိုးသမီးကို ဝမ်းမနည်းစေချင်သလို ထိတ်လန့်တကြားလည်း မဖြစ်စေချင်ပေ။
သူက ဤအမျိုးသမီးကို ဘာကိုမှ စိတ်ပူစရာမလိုဘဲ လွတ်လွတ်လပ်လပ် နေစေချင်သည်။
သူမ၏ မျက်နှာပေါ်တွင် အပြုံးသာရှိစေချင်သည်။ သူမ ချစ်စရာကောင်းအောင် စားနေသည်ကို ကြည့်ချင်သည်။ သူ့ကိုလည်း...
"ကျွန်တော့်ကို ဖက်ပေး..."
ဖုယွီက လက်များကို ဆန့်တန်းကာ ရှအန်းကို ပြုံးရင်း ကြည့်လေသည်။
"ဘယ်လို..."
ရှအန်းက ဖုယွီကြောင့် စိတ်ရှုပ်သွားပြီး သူဘာကို ဆိုလိုသလဲ နားမလည်တော့ပေ။
ဖုယွီက ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ခင်ဗျားပဲ ကျွန်တော့်ကို ရှောင်ရှင်းခန္ဓာကိုယ်ထဲက ထွက်သွားစေချင်မလား... ကျွန်တော့်ကို ဖက်ပေးရင် ထွက်သွားပေးမှာပါ..."
ဖုယွီက ဘာမှမဖြစ်သလို နေနေလေ ရှအန်းက အစစ်အမှန်မဟုတ်သလို ခံစားနေရလေဖြစ်သည်။
သူက လိမ်လိမ်မာမာလေး ထွက်သွားပေးမှာတဲ့လား..
"မင်း လက်စားမချေချင်ဘူးလား..."
ရှအန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟင့်အင်း.... ကျွန်တော့်မှာ ရန်သူဆိုတာ မရှိဘူး... ကျွန်တော်သာ မသေချင်ခဲ့ရင် သူတို့က သတ်နိုင်ခဲ့မှာမှ မဟုတ်တာ..."
ဖုယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက ခပ်ဖွဖွလေး မြင့်သွားပြီး ထို ဂုဏ်ယူဝံ့ကြွားနေသည့် ပုံစံက ရှအန်းကို အမှန်တကယ် အံ့ဩစေသည်။
ဗီလိန်က အသက်မရှင်ချင်တော့၍ ဇာတ်လိုက်မ သတ်တာကို ခံခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်ကို တကယ်ထွက်မသွားစေချင်ဘူးလား... ထွက်မသွားစေချင်ရင် ဖက်ဖို့ မရွေးလည်းရ...."
ဖုယွီ၏စကားမဆုံးမီ သူနွေးထွေးလှသော ပွေ့ဖက်မှုတစ်ခုထဲ ကျဆင်းသွားခဲ့သည်။
သွယ်လျသော်လည်း အားမာန်ပြည့်နေသည့် လက်မောင်းများက သူ့ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်နေလေသည်။
"ကျေးဇူးတင်ပါတယ်...."
အမျိုးသမီး၏ ငြင်သာသော ရေရွတ်သံလေးက ဖုယွီ၏ နားထဲ ပဲ့တင်ထပ်သွားသည်။ သူ အသက်ပြင်းပြင်းရှူကာ ထိုအမျိုးသမီး၏ ရနံ့သင်းသင်းကို လောဘကြီးစွာ ရှူသွင်းလိုက်သည်။
အာ.. ငါဘာလုပ်ရမလဲ.....ငါ ဒီထွေးပွေ့မှုကို မုန်းလိုက်တာ...
ဖုယွီလည်း လက်မြှောက်ကာ ရှအန်းကို တင်းတင်းဖက်လိုက်ပြီး သူ၏ ခံစားချက်များကို မမြင်နိုင်စေရန် သူ့ခေါင်းကို ရှအန်းရင်ဘတ်ထဲ နစ်မြုပ်လိုက်သည်။
သို့သော် ရှအန်းက သူမ ရင်ဘတ်တွင် စိုစွတ်လာသည်ကို ခံစားနေရသည်။
ငိုနေတယ်... ဝတ္ထုထဲက ကြောက်ဖို့ကောင်းပြီး ရက်စက်လှတဲ့ ဗီလိန်က ငိုနေတယ်လား...
မဖြစ်နိုင်တာ....
ရှအန်းထိတ်လန့်နေချိန်တွင် သူစကားပြောလာသည်ကို ကြားလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို မှတ်မိနေရမှာနော်...ကျွန်တော်ထွက်သွားလည်း မှတ်မိနေရမယ်... ကျွန်တော့်နာမည်က ဖုယွီ...."
ရှအန်းက ဗီလိန်က အသည်းကွဲနေ၍ ငိုခဲ့ကြောင်း ၁၀၀%သေချာသွားသည်။
"ကောင်းပြီလေ...."
"အနာဂတ်မှာလည်း ကျွန်တော့်ကို ကောင်းပေးရမယ်... ကျွန်တော့်ကို ကုရှုမော့ရော ကျူးပိုင်ရွှယ်ထက်ကော ပိုသဘောကျပေးရမယ်..."
ဖုယွီ ရှရှင်းချန်၏ ခန္ဓာကိုယ်မှ ထွက်သွားတော့မည်ဖြစ်၍ ရှရှင်းချန်အတွက် ဤကဲ့သို့ တောင်းဆိုချက်ကို တောင်းဆိုခဲ့သည်ဟု တွေးလိုက်သည်။
"ကောင်းပြီလေ...."
ရှအန်းက စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
ဖုယွီနှင့် ရှရှင်းချန်တို့က တစ်ယောက်တည်းသာဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။
သူတို့၏ အခြေအနေက မည်မျှပင် မတူပါသေ သူတို့က လူတစ်ယောက်တည်းသာ ဖြစ်ကြလေသည်။
"နောက်ဆုံးတော့...."
ထိုစကားကို ကြားသည်နှင့် ရှအန်းက သေချာအာရုံစိုက်လိုက်သည်။
"ခင်ဗျား ခေါင်းငုံ့ပေး..."
ဖုယွီက ရှအန်းကို တိုးတိုးလေးပြောလိုက်သည်။
"အိုကေလေ..."
ရှအန်းက မလုပ်ချင်သော်လည်း ခေါင်းငုံ့ပေးလိုက်သည်။ သို့သော် သူမထင်မှတ်ထားသည်မှာ ဗီလိန်ကြီး ဖုယွီက သူမကို နမ်းလာမည်ဟု မထင်ခဲ့ခြင်းပေ။
ပုစဉ်းလေးတစ်ကောင် ရေပြင်ပေါ် ဖြတ်ခနဲ နားလိုက်သလို သူမနှဖူးပေါ် ညင်သာသော အနမ်းလေးတစ်ပွင့် ကျရောက်လာသည်။
မြန်လွန်း၍ ရှအန်းက သူမကိုယ်သူမ ထင်ယောင်ထင်မှားဖြစ်သွားသည်ဟုပင် ထင်လိုက်မိသည်။
"အခု ကျွန်တော် ထွက်သွားနိုင်ပြီ..."
ဖုယွီက ခေါင်းလေးငုံ့ကာ ရေရွတ်လိုက်သည်။
သူ၏ အသံက စိတ်ပိုင်းဖြတ်မှုတို့ ပြည့်နှက်နေသည်။
၎င်းက သူမထင်ထားသည်နှင့် လုံးဝတူမနေပေ။
သူမက ဗီလိန်ကို ကိုင်တယ်ရန် ခက်ခဲမည်ဟု ထင်ခဲ့သည်။ သူမ တောင်းဆိုသည်ကို လက်မခံမည်ဟု ထင်ခဲ့သည်။
သို့သော် သူမ ဘာမှမလုပ်ရသေးမီ ဗီလိန်ကိုယ်တိုင်က သူ့ဘာသာသူ ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။
ရှအန်း ထိတ်လန့်သွားခဲ့သည်။
"မင်းရဲ့ ဝိဉာဉ် ရှောင်ရှင်းခန္ဓာကိုယ်ထဲကနေ ထွက်သွားတာနဲ့ ဖျက်ဆီးခံရမှာတော့ မဟုတ်ဘူး... စိတ်ချနေလိုက်ပါ... အဲ့ဒီ့အစား အခြားအပြိုင်ကမ္ဘာကို ရောက်သွားမှာ... အဲ့လိုဆို မင်းဘာသာမင်း ပြန်လည်မွေးဖွားလာပြီး အခွင့်အရေး ရှိလာမှာပါ...."
ရှအန်း၏စကားများကြောင့် ဖုယွီ၏ ခန္ဓာကိုယ်က ပိုမိုပေါ့ပါးသွားသည်။
တဖြေးဖြေးချင်းဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ သူထွက်လာသည်ကို မြင်လိုက်ရပြီး သူ့အမြင်အာရုံက တဖြေးဖြေးချင်း ဝေဝါးသွားခဲ့သည်။
သူ ဝေဝေဝါးဝါးဖြင့် အဖြူနှင့် အနက် နဂါးနှစ်ကောင်ကို တွေ့လိုက်ရပြီး အသိစိတ်မပျောက်သွားခင်လေး ခပ်တိုးတိုးမေးလိုက်သည်။
"အပြိုင်ကမ္ဘာမှာရော ကျွန်တော် ခင်ဗျားနဲ့အတူ ရှိခွင့်ရမှာလား... ခင်ဗျားကရော ကျွန်တော့်ကို ကြိုက်မှာလား.."
သို့သော် ဤတစ်ကြိမ်တွင် သူက ရှရှင်းချန် ခန္ဓာကိုယ်ထဲမှ အပြီးအပိုင်ထွက်လာခဲ့ပြီးဖြစ်၍ ရှအန်းက သူ့အသံကို မကြားနိုင်တော့ပေ။
"ရှောင်ရှင်း...."
ရှရှင်းချန်၏ ခန္ဓာကိုယ် ပျော့ခွေသွားသည်ကို မြင်လိုက်သည်နှင့် ရှအန်းက သူ့သားလေးကို အပြေးအလွှားသွား၍ မချီလေသည်။
ကောင်ငယ်လေး၏မျက်ခွံများက လှုပ်ရှားသွားကာ တဖြေးဖြေးချင်း မျက်လုံးပွင့်လာသည်။
"မားမား... သားဘာဖြစ်သွားတာလဲဟင်...."
ကောင်ငယ်လေးက မျက်မှောင်ကြုတ်လိုက်မိသည်။
သူခန္ဓာကိုယ်က အနည်းငယ် ဗလာဖြစ်နေပြီး တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်ဟု ခံစားနေရသည်။
"ဘာမှမဖြစ်ပါဘူး... သားအိပ်ပျော်သွားတာလေ..."
သူမ နူးညံ့စွာ ပြန်ဖြေလာသည်။
သို့သော် ရှရှင်းချန်မှာ ဉာဏ်ကောင်းသည့်ကလေးဖြစ်သည်။ ရှအန်းဘက်က မပြောပြချင်သော်လည်း သူက ဘာဖြစ်သွားလဲဆိုတာကို ခန့်မှန်းမိလေသည်။
"ဖုယွီထွက်သွားပြီလား...သူထွက်သွားတာလား... မာမားက သူ့ကို သားခန္ဓာကိုယ်ထဲက ထွက်သွားဖို့ ပြောလိုက်တာလားဟင်..."
ရှအန်းက မဖုံးကွယ်တော့ပဲ အရာအားလုံးကို ပြောပြလိုက်သည်။
ဇာတ်လမ်းကို နားထောင်ပြီးနောက်တွင် အလွန်ပျော်သွားသလို စိတ်လည်း လှုပ်ရှားသွားရသည်။
သူ၏နတ်သမီးမေမေက သူ့ကို အလွန်ချစ်မြတ်နိုးပေသည်။
"မာမားက အရမ်းကောင်းတာပဲ..."
ကောင်ငယ်လေးက ရှအန်းကို တင်းတင်းဖက်လိုက်သည်။ ရှအန်းမှာ ဗီလိန်အကြောင်း မတွေးပဲ မနေနိုင်တော့ပေ။
သူ ကောင်ငယ်လေး၏ခေါင်းကို ဖွဖွလေးထိလိုက်သည်။
ဗီလိန်ဘာဖြစ်သွားပြီလဲ....
အပြိုင်ကမ္ဘာမှာ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်သွားမှာလား... သူပျော်ရွှင်ရပါ့မလား....