အပိုင်း ၂၅၅
Viewers 29k

Chapter 255


ထိုအတွေးများနှင့်အတူ ကောင်ငယ်လေး၏ ဖြူစင်မှုတို့က သူမ၏အတွေးအချို့ကို ပြောင်းလဲသွားစေသည်။


ထို့ကြောင့် ကျူးပိုင်ရွှယ်၏ ကိစ္စနှင့် ပတ်သတ်၍ သူမအတွေးပြောင်းသွားလေသည်။


ကောင်ငယ်လေးပြောသလို သူမက ကျူးမိသားစုကို သူမအိမ်ခေါ်ပြီး အတူတူနေကြရန် အစီအစဉ်ဆွဲလိုက်သည်။


ကျူးစုံတွဲမှာ သူတို့၏ကလေးကို ချစ်သော လူကောင်းများဖြစ်ကြသည်။


အိမ်ထဲတွင် လူနှစ်ယောက်တိုးလာလျှင် ရှောင်ရှင်းကို ချစ်ပေးမည့်လူ ပိုများလာပြီး မူလပိုင်ရှင်၏သမီးကလည်း ပိုကောင်းသည့် ဘဝတွင် နေနိုင်ပေလိမ့်မည်။


ဤနည်းဖြင့် ကလေးမလေးက အမှန်တရားကိုသိလျှင်ပင် လက်မခံနိုင်စရာ မရှိလောက်တော့ပေ။


၎င်းက ရှရှင်းချန်နှင့် ကျူးပိုင်ရွှယ်တ်ု၏ ပြဿနာသာဖြစ်သည်။


"ဘာ... ရှောင်ရှင်း.. မင်းမှာ အမြွှာအစ်မရှိတယ်ပေါ့..."


ကုရှုမော့ အံ့ဩနေသည်ကိုကြည့်ပြီး ရှအန်း ပြုံးလိုက်မိသည်။


အမှန်ပင်။ ရှအန်းက ပြီးပြည့်စုံသည့် ဖြေရှင်းချက်ကို တွေးမိခဲ့သည်။


ဤနည်းဖြင့် ရှရှင်းချန်နှင့် ကျူးပိုင်ရွှယ်က နဂါးနှင့်ဖီးနစ် အမြွှာဖြစ်ပြီး နှစ်ယောက်စလုံးက သူမ၏ကလေးများဖြစ်သည်ဟု ပြောနိုင်ပေလိမ့်မည်။


သူမ၏ဉာဏ်ကြီးရှင်သားလေးမှာ အစကတည်း အမှန်တရားကိုသိပြီးသားဖြစ်၍ နှမျောစရာကောင်းလှပေသည်။


"ဒီရက်ပိုင်း မင်းငါ့ကို စကားမပြောပဲ ငြင်းနေတာ မထူးဆန်းတော့ပါဘူး... ဒီလိုဖြစ်နေတာကိုး..."

ကုရှုမော့ ရေရွတ်လိုက်သည်။


လက်တလောတွင် ရှအန်းနှင့် ရှရှင်းချန်တို့မှာ တိုးတိုးတိတ်တိတ်ဆွေးနွေးနေကြပြီး ၎င်းက ကုရှုမော့ကို အနည်းငယ်စိတ်ဓာတ်ကျစေသည်။


ယခုတွင် ထိုကိစ္စကိုသိရပြီဖြစ်၍ ကုရှုမော့ ချက်ချင်း ပျော်ရွှင်သွားရသည်။


သူ ရှရှင်းချန်ကို စိတ်လှုပ်တရှားကြည့်ပြီး ပျော်ရွှင်စွာ မေးလိုက်သည်။

"ရှောင်ရှင်း... မင်း မင်းရဲ့အမြွှာအစ်မကို မြင်ဖူးလား... သူကမင်းနဲ့တူတာလား..."


ကုရှုမော့၏ အပူတပြင်းမေးမြန်းနေမှုကြောင့် ရှရှင်းချန်ခင်ဗျာ ဘာပြန်ပြောရမလဲပင် မသိတော့ချေ။


သူကိုယ်တိုင်လည်း ဒဏ္ဍာရီလာ အမြွှာညီမလေး ကျူးပိုင်ရွှယ်ကို မမြင်ဖူးသေးချေ။ သူ့တစ်ခါမှ မမြင်ဖူး၍ လိမ်ပြောရအောင်လည်း မျက်နှာအရေက ထူမနေခဲ့ပေ။


အဆုံးတွင် သူသိသည်မှာ ကျုးပိုင်ရွှယ်က သူ၏အမြွှာအစ်မ မဟုတ်ဘူး ဆိုသည့် အကြောင်းသာဖြစ်သည်။


သူတို့တွင် သွေးသားဆက်နွယ်မှုမရှိပေ။


ထို့အပြင်...


သူ့က အမြွှာမောင်လေး လုပ်ရမည်ဖြစ်၍လည်း အတော်လေးစိတ်ဓာတ်ကျနေသည်။


သူ့မာမားက ကျူးပိုင်ရွှယ်က သူ့ထက် အရပ်ရှည်ပြီး လူများကို ဂရုစိုက်ပေးရာတွင်လည်း ကျွမ်းကျင်သဖြင့် အစ်မကောင်းတစ်ယောက်ဖြစ်မည်ဟု ပြောခဲ့သည်။


သို့သော် သူလက်မခံချင်သေးပေ။

QAQ


"ရှောင်ချန် အန်တီတို့ ဒီနေ့ ရှောင်ရွှယ့်ကို သွားကြိုကြမှာလေ... သားလည်း လိုက်ခဲ့ရင် တွေ့ရမှာပေါ့..."


ရှအန်း၏အပြုံးလေးက ကုရှုမော့ကို အပျော်ကြီးပျော်သွားစေသည်။


ရှအန်းပြောလိုက်သည်နှင့် ကုရှုမော့က ချက်ချင်း စိတ်လှုပ်ရှားသွားရသည်။


"သား... သားလည်း လိုက်လို့ရတယ်လား..."


"ဒါပေါ့... သားက မလိုက်ချင်လို့လား...."


"သွားချင်တာပေါ့... သားသေချာပေါက် သွားချင်တာပေါ့... မမနတ်သမီးရဲ့ သမီးလေးဆိုမှတော့ သေချာပေါက်ကို နတ်သမီးညီမလေးဖြစ်မှာ..."


ကုရှုမော့၏ မျက်လုံးများက တောက်ပနေကာ လက်သီးတင်းတင်းဆုပ်ပြီး ပျော်ပျော်ကြီးပြောလိုက်သည်။


ထိုပုံစံမှာ သူကသာ ရှောင်ရွှယ်၏ ဆွေမျိုးဖြစ်နေပြီး သူမနှင့် ရှောင်ရှင်းက ရှောင်ရွှယ်နှင့် ဘာမှမတော်စပ်သလို ဖြစ်နေသည်။


ကုရှုမော့ စိတ်လှုပ်ရှားနေလေလေ ရှအန်းက သူ့ကို စချင်လာလေလေဖြစ်သည်။


"အန်တီတို့ ရှောင်ရွှယ်ကို အသိအမှတ်ပြုလိုက်တာနဲ့ ရှောင်ချန်ဆိုတဲ့ နာမည်ကို သားမပိုင်တော့ဘူးနော်..."


ကုရှုမော့က ရုတ်တရက်ကြီး တောင့်ခဲသွားပြီး သူမကို အပြစ်ကင်းစင်စွာ ကြည့်လာသည်။ ခဏအကြာမှ ကောင်ငယ်လေး၏မျက်နှာတွင် ဆုံးဖြတ်ချက်ချထားဟန် ဖြစ်လာသည်။


"ရပါတယ်... နတ်သမီးညီမလေးအတွက်ပဲလေ.."


သူမ အတော်လေးစိတ်ဝင်စားမိသွားသည်။ အမြှောက်စာဇာတ်ကောင်လေး၊ အမျိုးသားဇာတ်လိုက်နှင့် ဗီလိန်တို့ သုံးယောက် အတူတူနေပါက အတော်လေးစိတ်ဝင်စားစရာ

ကောင်းပေသည်။


အမျိုးသားဇာတ်လိုက်မှာ နတ်သမီးညီမလေး ရှိလာတော့ ဘာများဖြစ်လာဦးမလဲ...


ရှအန်းက တွေးကြည့်လေလေ ကလေးသုံးယောက်ကို အတူထားသည်က ကောင်းလေလေဖြစ်ကြောင်း ခံစားမိလာသည်။


"ဟားဟား.... ငါတို့ရှောင်ချန်လေးက အရမ်း လိမ္မာတာပဲ.."


ရှအန်းက ကုရှုမော့၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး သူမ၏သားလိမ္မာလေးကို ထပ်ကြည့်လိုက်သည်။


ယနေ့တွင် ကောင်ငယ်လေးက ယခင်ကထက် တိတ်ဆိတ်နေလေသည်။


ရှအန်းက ကောင်ငယ်လေးကို နူးနူးညံ့ညံ့လေး ကြည့်လိုက်ပြီး မေးလိုက်သည်။

"ရှောင်ရှင်း... ဘာဖြစ်လို့လဲ.."


"ရှောင်ရှင်းက ရူးလောက်အောင် ပျော်နေတာပဲနေမှာ..."


ရှောင်ရှင်း ပြန်မဖြေခင် ကုရှုမော့က ဖြေပေးလာသည်။


ရှရှင်းချန်က ကုရှုမော့ကိုတိတ်တဆိတ်ကြည့်လိုက်သည်။


"သားက... သူသားကို မကြိုက်မှာစိုးရိမ်လို့ပါ..."

ရှရှင်းချန်က တွန့်ဆုတ်စွာ ရေရွတ်လိုက်ပြီး မမဟု ခေါ်ရန်ကြိုးစားသော်လည်း ကျရှုံးနေသေးသည်။


သို့သော် ကောင်ငယ်လေးက အမှန်အတိုင်းပြောနေခြင်းသာဖြစ်သည်။ သူ့နတ်သမီးမေမေက သူ့အပေါ် မည်မျှကောင်းကြောင်း သိလာလေလေ သူမကို ပိုကောင်းပေးချင်လာလေလေဖြစ်နေသည်။


ထို့ကြောင့် မနာလိုဖြစ်သည်ဟူသော အရာမျိုးမရှိပေ။


ရှရှင်းချန်လေး တွေးသမျှက ရှအန်းအတွက်သာဖြစ်သည်။


ထို့ကြောင့် ဤမျှငယ်ရွယ်သော အသက်အရွယ်လေးဖြင့်ပင် စိုးရိမ်ပူပန်နေရခြင်းဖြစ်သည်။


သူ့ရဲ့ 'မမ'ဆိုတဲ့တစ်ယောက်က သူ့ကိုမကြိုက်ရင်ရော....


သူ့မာမားက ဝမ်းနည်းရမှာပေါ့နော်....


သူကြုံတွေ့ခဲ့ရသည့်အရာများကြောင့် မဝံ့မရဲဖြစ်နေရသည်။


ကောင်ငယ်လေးကို ရှအန်းက မနှစ်သိမ့်ပေးရသေးမီ ကုရှုမော့က အရင်ဆုံးပြောလာလေသည်။

"ဖွီး....ရှောင်ရှင်း... မင်းကများ စိုးရိမ်နေရသေးတယ်လား... မင်းနဲ့ကောင်မလေးတွေနဲ့ဆိုတာ အမြဲတမ်း ဆက်ဆံရေးကောင်းနေတာပဲကို...ငါတို့အခန်းထဲက ကောင်မလေးတွေကိုပဲ ကြည့်ဦး မင်းကို မကြိုက်တဲ့လူဆိုတာ ရှာကိုမတွေ့ပါလားနော်....အခြားအခန်းက ကောင်မလေးတွေက မင်းကိုကြိုက်နေကြတယ်ဆိုတာတောင် ကြားထားသေးတယ်...


အရင်တစ်ခေါက်ကလည်း အခန်းထဲကကောင်လေးတွေက မင်းကို မနာလိုလို့ ငါတို့နဲ့ နှစ်ခေါက်တောင် ရန်ဖြစ်ခဲ့ရသေးတာလေ... အခန်းထဲကကောင်မလေးတွေက သူတို့နဲ့အတူတူ...."

ထမင်းမစားလို့ဆိုပြီးတော့....


ကုရှုမော့က ရှရှင်းချန်ကို ကြိုက်သော ကောင်မလေးများအကြောင်း ဆက်လက်၍ အတင်းချရန် လုပ်လိုက်သော်လည်း နားရွက်များ ရဲရဲနီနေသော ကောင်ငယ်လေးက သူ့ပါးစပ်ကို ပိတ်လိုက်သည်။


"တော်တော့လို့ အရူးကောင်ကြီးရဲ့...."


သူ၏မျက်လုံးများက ပြုံးစိစိဖြစ်နေသော ရှအန်းဆီရောက်ရှိသွားပြီး သူ့ပါးပြင်များက မည်သည်အချိန်မဆို အငွေ့များထွက်လာတော့မယောင် ရဲရဲနီသွားသည်။


"မာမား... ဒီအရူးပြောတာမယုံနဲ့..."


ထိုသို့ပြောနေရင်း ရှရှင်းချန်က မလုံမလဲဖြစ်နေကာ ရှအန်း၏ မျက်လုံးကိုပင် စေ့စေ့မကြည့်ရဲချေ။


"အိုး...."


ကောင်ငယ်လေးနှစ်ယောက် ကျွက်ကျွက်ညံနေအောင် ရန်ဖြစ်နေသည်ကိုကြည့်ရင်း ရှအန်း၏ နှလုံးသားလေး နွေးထွေးသွားရသည်။


သူမကြောင့် ဇာတ်လမ်းတစ်ခုလုံးက ပြောင်းလဲသွားခဲ့လေပြီ။


သူတို့၏ဇာတ်ကောင်များမှာ စာအုပ်ထဲမှပုံစံနှင့် လုံးဝကွာခြားသွားလေပြီ။


အမျိုးသားဇာတ်လိုက်ကြီး ကုရှုမော့က နီညိုရောင်အသားအရေရှိပြီး ရိုင်းစိုင်းကြမ်းတမ်းလှကာ ဇာတ်လိုက်မတစ်ယောက်အပေါ်တွင်သာ နူးညံ့သူဖြစ်လေသည်။ သို့သော် ယခုတွင်တော့ သူက ဘာဆိုဘာမှ မစဉ်းစားဘဲ ပြောချင်ရာလျှောက်ပြောနေသော အရူးလေးဖြစ်လာခဲ့သည်။


သူက တက်ကြွလန်းဆန်းနေကာ အမြဲတမ်းနီးပါး နေငယ်လေးတစ်လုံးလို တောက်ပနေအောင် ပြုံးနေတတ်သော ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။


သူက လူတိုင်းကို ပျော်ရွှင်မှုနှင့် နွေးထွေးမှုတို့ကို ဆောင်ကြဉ်းပေးနိုင်လေသည်။


ယခု သူ့ကိုကြည့်လျှင် ရက်စက်ကြမ်းတမ်းခက်ထန်သည်ဟူသော စကားလုံးများနှင့် လားလားမှမဆိုင်ပေ။


ယခုတွင် ရှရှင်းချန်ကလည်း အလွန်ကျန်းမာရေးကောင်းနေသည်။ သူ၏စရိုက်မှာ ကုရှုမော့လို တက်ကြွခြင်းမရှိသော်လည်း လိမ္မာကာ နာခံတတ်သော ကလေးကောင်းလေးတစ်ယောက်ဖြစ်လေသည်။


အရာရာတိုင်းက မသိလိုက် မသိဘာသာဖြင့် ပြောင်းလဲသွားခဲ့သည်။