Chapter 8
Viewers 173

Ch8 နျဲ့ရှီ




"မြောင်~"



ဖန်ချန်းသည် သူ့ကိုယ်သူအဖြူရောင်ပန်းပွင့်ပင်လယ်ပြင်ကျယ်ကြီးထဲတွင် လဲလျောင်းနေတာဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ သူခေါင်းကို လှည့်ကြည့်လိုက်တော့ မီးခိုးအနက်ရောင် ပုံစံ ကြေးဝါရောင် မျက်လုံးလေးတွေနဲ့ ကြောင်လေးတစ်‌ကောင်ကို တွေ့လိုက်ရသည်။ ကြောင်လေးသည် ခေါင်းလေးကို စောင်းလိုက်ပြီး ခြေထောက်တိုတို‌လေး များဖြင့် သူ့ဆီသို့ ရွှတ်ခနဲ ပြေးလာခဲ့သည်။



ဖန်ချန်း ထထိုင်လိုက်သည်နှင့် ဖြူဖြူဖွေးဖွေး ပွင့်ချပ်များက ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ကြွေကျလာခဲ့ပြီး သူ့ရှေ့တွင် သူငယ်ငယ်တုန်းကပုံဖြင့် ကလေးတစ်ယောက်ကို မြင်လိုက်သည်။



ပတ်ဝန်းကျင်က အဖြူရောင်တွေ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ကောင်းကင်ကနေ မိုးများရွာချလာခဲ့သည်။ လေထုသည် စိုစွတ်သော မြေဆီလွှာ ရနံ့နှင့် ပန်းရနံ့သင်းသင်းများဖြင့် ပြည့်နှက်လာခဲ့သည်။



ဖန်ချန်းအငယ်လေးသည် တစ်ဖက်ခြမ်းတွင်ဝပ်ကာထိုင်နေပြီး ရုတ်တရက်ခေါင်းကိုပင့်တင်ကာ တစ်စုံတစ်ယောက်ကို ကြည့်လိုက်သည်။



စောနကအထိ သက်ဝင်လှုပ်ရှားပြီး ဆော့ကစားနေတဲ့ ကြောင်လေးသည် မျက်လုံးများကိုမှိတ်ကာ မြေကြီးပေါ်မှာ အသက်မဲ့စွာ လှဲနေခဲ့သည်။



မိုးများသည်းထန်စွာရွာသွန်းနေသော်လည်း ဖန်ချန်းအငယ်လေးသည် မိုးရေများမစိုနေပေ။သူက ဂရုတစိုက်နဲ့ ကြောင်လေးကို ကောက်ယူလိုက်ကာ ဖန်ချန်းဆီကို ချဉ်းကပ်လာခဲ့သည်။



ဖန်ချန်းအငယ်လေးသည် သူ့ရှေ့တွင် ရပ်တန့်သွားပြီး တစ်စုံတစ်ယောက် သူ့အတွက် အနောက်ကနေထီးလိုက်ဆောင်းပေးထားသည်ကိုတွေ့လိုက်ရသည်။



ကလေးက ကြောင်လေးကို သူ့ဆီ ကမ်းပေးလာခဲ့တာကြောင့် ဖန်ချန်းသည်အလိုလို လက်လှမ်းလိုက်မိသည်။ ရုတ်တရက် ကြောင်လေးက မျက်လုံးများပွင့်လာပြီး စူးစူးဝါးဝါးလေး အော်သံထွက်လာခဲ့သည်။



ဖန်ချန်းအငယ်လေးနောက်ကဆောင်းပေးနေတဲ့ထီးကလည်း မြေပြင်ပေါ် ပြုတ်ကျသွားပြီး ရေများ ပက်ခနဲ ဖြစ်သွားသည်။ ဖန်းးချန်းအငယ်‌လေးကအော်ငိုလာပြီး လက်တစ်စုံက သူ့ခေါင်းကိုပွတ်သပ်ပေးနေခဲ့သည်။ရုတ်တရက်ပတ်ဝန်းကျင်တွင်ကလေးငိုသံများကပြည့်နှက်သွားသည်။



**



ဖန်ချန်းသည် အပူဒဏ်ကြောင့် နိုးလာခဲ့ပြီး သူ့လည်ပင်းမှ ချွေးများကို လက်ဖြင့်သုတ်လိုက်သည်။ မျက်လုံးမှိတ်ထားလိုက်သည်နှင့် ထိုကြေးဝါရောင်ကြောင်ရဲ့မျက်လုံးများပွင့်လာသည့် ပုံရိပ်သည် တရိပ်ရိပ်ပေါ်လာသည်။



သူ့ လက်ကို ဆန့်ပြီး မျက်လုံးများကိုဖုံးအုပ်လိုက်သည်။ ဒီမှာအရာအားလုံးကရှုပ်ထွေးနေသည်။ မှတ်ဉာဏ်ဆုံးရှုံးမှုက သူ့ကိုခက်ခဲစေပြီး ဖန်ယင်းယင်းလိုမျိုး တခြားနေရာကို လွတ်မြောက်အောင်မသွားနိုင်ပေ။ သူ့ရဲ့ နက်ရှိုင်းပြီးမသိနိုင်သော စိတ်တစ်နေရာတွင်တစ်စုံတစ်ခုက သူ့ကို ချုပ်နှောင်ထားပုံရပြီး ဒီသံသရာထဲမှာ ပိတ်မိကာလည်နေပုံရသည်။



ဘယ်နှစ်နာရီရှိနေပြီမှန်းမသိတဲ့အချိန်တစ်ခုတွင် အောက်ထပ်က လင်မယားနှစ်ယောက်သည် သူတို့ရဲ့အချစ်တိုက်ပွဲကိုထပ်မံစနေကြသည့်အသံများပျံ့လွင့်လာခဲ့သည်။ ဖန်ချန်းသည် ထလိုက်ပြီး ရေဖန်ခွက်တစ်ဝက်လောက် သောက်လိုက်သည်။ ရေသောက်ပြီးတာတောင် ရေငတ်တုန်းပဲဖြစ်တာကြောင့် သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး ဒိန်ချဉ်ဖြစ်ဖြစ်တစ်ခုခုသောက်ဖို့ ရေခဲသေတ္တာထဲမှာ ရှာလိုက်သည်။



အောက်ထပ်ကအချစ်တိုက်ပွဲကြီး ပြီးသွားပုံရပြီး ကျယ်လောင်သောဟောက်သံကြီးထွက်လာသည်။ဖန်ချန်းသည် ရယ်ကာချောင်းအနည်းငယ်ဆိုးလိုက်ပြီး ပြတင်းပေါက်တွေကို ပိတ်လိုက်သည်။



တံခါးဝမှာ ဖိနပ်လဲစီး‌နေစဉ်မှာပဲ ကိုယ်လုံးပေါ်မှန်ပေါ်ကို အကြည့်တစ်ချက်ရောက်သွားသည်။ ထိတ်လန့်မှုများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ဒီလိုအသေးအဖွဲကိစ္စလေးတစ်ခုကို ရယ်နေနိုင်သေးကြောင်း သူသဘောပေါက်လိုက်သည်။ ဒါကို သဘာဝကျတဲ့ အရည်အချင်းတစ်ခုဟု သတ်မှတ်မလား ဒါမှမဟုတ် ဒီတိုင်းသူက အရာရာတိုင်းကို အလေးအနက်မထားနိုင်တဲ့သူ ဖြစ်လာတာများလားမသိပေ။



သူက တံခါးကိုဆွဲဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်တံခါးကပွင့်လာခဲ့သည်။



ဖန်ချန်းသည် မရင်းနှီးနေပေမယ့် ထူးထူးခြားခြား ရင်းနှီးနေသလိုခံစားရသည့် မျက်နှာကို မြင်လိုက်ရသည်။



ထိုလူသည် အေးစက်သောအမူအရာကို မျက်နှာပေါ်မှာချိတ်ဆွဲထားသည်။နှစ်ယောက်သားကြားနီးကပ်နေတာကြောင့် ဖန်ချန်းသည် သူ့မျက်စံများမည်မျှ နက်ရှိုင်းပြီးမဲနက်နေသည်ကို မြင်နေရသည်။ 



ဖန်ချန်းသည် ရှဲ့ယင်းနှင့်အတူ ယခင်က လှေကားထစ်တွင် မြင်ခဲ့သည့်သူမှန်းသတိရမိလိုက်သည်။ သူတို့သည် လှေကားပေါ်ရှိ တစ်ခုခုအကြောင်းပြောနေခဲ့ကြပြီး ဖန်ချန်းကသူတို့နှစ်ဦး စကားများရန်ဖြစ်နေကြသည်လို့အစက ထင်မြင်ခဲ့သည်။



သူ ဒီကို ဘယ်လိုလုပ်ရောက်လာခဲ့တာလဲ?



ထိုလူက တံခါးကိုပိတ်လိုက်ကာ ဖန်ချန်းရဲ့ မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်စိုက်ကြည့်နေပြီး "မင်္ဂလာနေ့လည်ခင်းပါ" ဟုနှုတ်ဆက်လာသည်။



သူရဲ့ သံလိုက်ဓာတ်ပါပြီး နက်ရှိုင်းသော အသံသည် မထင်မှတ်စွာပဲ နားကို ကျေနပ်စေသည်။



သို့သော်လည်း ဖန်ချန်းသည် အလွန်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားပြီး တံခါးနဲ့နောက်ကျောကပ်သွာသည်။ ".....မင်္ဂလာနေ့လည်ခင်းပါ"



ဖန်ချန်းသည် ဒီအပြန်အလှန်စကားအပြီးတွင် နှစ်ယောက်လုံးနှုတ်ဆိတ်နေလိမ့်မည်လို့ ထင်ခဲ့သော်လည်း ထိုလူက တုံးတိမေးခွန်းတစ်ခုဖြင့် သူ့ကို အံ့အားသင့်စေခဲ့သည်။ "ဘာလို့ ငါ့ကို ရှောင်နေတာလဲ"



ဖန်ချန်းသည် ခဏတာမျှ ပြောစရာစကားလုံးများ ပျောက်ဆုံးသွားပြီး "... ငါ..ငါမရှောင်ပါဘူး" လို့ မပြောခင်အထိ ခဏလောက် တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။



ထို့နောက် ဘေးနားရှိဓာတ်လှေကားတံခါးများပွင့်သွားပြီး ဖန်ချန်းသည် ဓာတ်လှေကားအစား လှေကားနဲ့ဆင်းချင်ခဲ့သည်။ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် ဓါတ်လှေကားထဲသို့ ထိုလူနဲ့အတူ တုံ့ဆိုင်းစွာ လိုက်သွားလိုက်သည်။



ဖန်ချန်းသည် အရပ်အရမ်းမပုသော်လည်း သူ့ဘေးတွင် ရပ်နေသော အမျိုးသားသည် သူ့ထက်ခေါင်းထက်ဝက်ကျော်လောက်ရှည်နေပြီး ပုခုံးများကျယ်ကာ သိမ်မွေ့‌သောခံစားချက်ကို ပေးစွမ်းနေသည်။



သူတို့ဘေးချင်းကပ်ရပ်ပြီးသည်အထိ ဖန်ချန်းရဲ့စိတ်သည် ကွက်လပ်ဖြစ်နေခဲ့သည်။ ထိုလူသည် သူ့အိမ်တစ်ဖက်ခြမ်းကနေ ဘာလို့ ထွက်လာရတာလဲဆိုတာကို သဘာဝအတိုင်းသိချင်စိတ်ဖြစ်နေသည်။



ဖန်ချန်းက ခေါင်းငုံ့ထားလိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့နောက်ကျောမှာ ချွေးစေးများထွက်လာခဲ့သည်။ ထိုလူက ဘာမှမပြောလာဘဲ သူ့ကို ငြိမ်သက်စွာ စူးစိုက်စိုက်ကြည့် အကြည့်များဖြင့် ကြည့်နေသည်ကို သူသိသည်။ ဒါက ထူးဆန်းလွန်းလှသည်...



နေ့ခင်းတလျှောက်လုံး ဖန်ချန်း၏စိတ်ထဲတွင် ထိုလူ၏ပုံသဏ္ဍာန်များနှင့် ပြည့်နှက်နေခဲ့သည်။ သူ့ဦးခေါင်းထဲမှာ ထိုသူ့အကြောင်းများက တစ်နေ့လုံး အမြဲတစေ ရစ်ပတ်နေခဲ့ပြီး ခါထုတ်လို့မရခဲ့‌ေပ။



ညနေခင်းတွင် သူအိမ်ပြန်လာတဲ့အခါတွင် ရှဲ့ယင်းသည် အဆောက်အအုံအတွင်းသို့ မ၀င်သေးဘဲ အနီးနားရှိ ပန်းခင်းများကို နှစ်ကြိမ်လှည့်ပတ်နေတာကိုတွေ့လိုက်ရသည်။ သူ အမီလိုက်ဖို့ ခြေလှမ်းကိုအနည်းငယ်လောက်အရှိန်တင်ကာ ပြေးသွားလိုက်ပြီး "ရှဲ့ယင်း...နေ့လည်က မင်း ချစ်သူက ကျွန်တော့်အိမ်ရဲ့ ဆန့်ကျင်ဘက် အခန်းက ထွက်လာတာကို တွေ့လိုက်ရတယ်... အဲဒါကြောင့် တကယ်လန့်သွားခဲ့တာ" ဖန်ချန်းသည် သူ့အား ရှဲ့ယင်းက သူမချစ်သူသည် ဘာကြောင့် သူ့အရှေ့အိမ်ထဲကနေထွက်လာတာလဲဆိုတာ အိမ်ထဲကနေထွက်လာတာလဲဆိုတာ ရှင်းပြမည်ကိုစောင့်နေလိုက်သည်။



ရှဲ့ယင်းက အံ့အားသင့်သွားပြီး အစား စိတ်ရှုပ်ထွေးသွားသည်။



"အမ် ရည်းစားလား? ရှင် ဘယ်သူအကြောင်းပြောနေတာလဲ?"



"ဟိုနေ့က လှေကားမှာ မင်းနဲ့ စကားပြောနေခဲ့တဲ့လူလေ...သူက မင်းရဲ့ရည်းစားမဟုတ်ဘူးလား"



"မဟုတ်ဘူး သူက ကျွန်မရည်းစားမဟုတ်ဘူး" ရှဲ့ယင်းကငြင်းပြီးထပ်ပြောလာသည် "ဒါ့အပြင် နျဲ့ရှီက ရှင်ရဲ့ဆန့်ကျင်ဘက်ကအခန်းမှာအမြဲနေခဲ့တာလေ... ဘာမှားလို့လဲ"



နျဲ့ရှီ.....



နျဲ့ရှီပဲထပ်ဖြစ်ပြန်ပြီ....



လူတိုင်းက နျဲ့ရှီသည် ၎င်း၏အိမ်နီးချင်းဖြစ်သည်ဟု ပြောကြသော်လည်း သူက ထိုနျဲ့ရှီဆိုသူအကြောင်း လုံးဝမမှတ်မိနိုင်ပေ။



ဖန်ချန်းသည် ယခင်က သူ့အိမ်နီးနားချင်းနှင့် စကားပြောဖူးခဲ့သည်ကိုမှုန်ဝါးဝါးမှတ်မိသော်လည်း ဒီလိုမျိုးသူက အရပ်မြင့်မြင့် နက်ရှိုင်းသော အသံကို ပိုင်ဆိုင်ထားသည်ကို တော့မမှတ်မိ‌ေချ။ သူ့အကြောင်းကို ပိုတွေးလေလေ စိတ်ရှုပ်ရလေလေပင်...



တဖြည်းဖြည်းနှင့် ထိုလူနှင့် သူ့အိမ်နီးနားချင်းတို့၏ ရုပ်ပုံများသည် ဖနမချန်းစိတ်ထဲတွင် ထပ်တူကျလာသည်။ သူသည် အနည်းငယ် မှိန်ဝါးနေပြီး အမှတ်မှားနေသည်ဟု ယောင်ဝါးဝါး ခံစားနေရပေမယ့် နျဲ့ရှီသည် အမှန်တကယ်ပင် သူ့ဘေးတွင် နေထိုင်သူ ဖြစ်နိုင်သည်။



"ဖန်ချန်း... ဖန်ချန်း?" ရှဲ့ယင်း သူ့ကို ပုတ်လာသည်။ "ရှင်တကယ်ပဲဘာတွေဖြစ်နေတာလဲ?ဆေးရုံကိုလည်းသွားပြီးတော့ အခုကြနျဲ့ရှီက ဘယ်သူလဲလို့ မေးနေပြန်ပြီ...တကယ်ပဲ အဆင်ရောပြေရဲ့လား"



ဖန်ချန်းသည် ခေါင်းအနည်းငယ်ကိုက်လာသလိုခံစားလိုက်ရကာ နဖူးကို ပွတ်သပ်လိုက်ပြီး လက်တွေ့ဘဝသို့ ပြန်သွားလိုက်သည်



 "အဆင်ပြေပါတယ်" တကယ်တော့သူ့စိတ်တွေ ရှုပ်ထွေးပျောက်ဆုံးနေသလို ခံစားနေရတာဖြစ်သည်။



ရှဲ့ယင်းက သူ့ကို သံသယမျက်လုံးဖြင့် ကြည့်လာပြီး "သေချာလို့လား? တကယ်လို့ ရှင်နေမကောင်းဘူးဆိုရင် ကုသဖို့ကို မနှောင့်နှေးစေနဲ့အုံး... ရှင့်အခြေအနေကို ရှင် စောစောလက်ခံလေလေ ပိုကောင်းလေပဲ"



"ဒါဆို မင်းကရော?" ဖန်ချန်းက မေးလိုက်သည်။ "ဘာလို့ ဆေးရုံသွားခဲ့တာလဲ" 



မေးပြီးခါမှ ဒါကသူများတကာရဲ့ လျှို့ဝှက်းကိစ္စဖြစ်တာကြောင့် စူးစမ်းမေးမြန်းလိုက်ခြင်းအတွက် နောင်တရမိသွားသည်။ သူ မမေးလိုက်သင့်ပော



ဒါပေမယ့် ရှဲ့ယင်းက စိတ်ထဲမထားဘဲ "အိပ်မပျော်တဲ့ ပြဿနာနည်းနည်းလေးဖြစ်နေတာလေ... ဆရာဝန်က ကျွန်မအတွက် ဆေးပေးနိုင်မလားဆိုတာ စစ်ကြည့်ဖို့ ဆေးရုံကို သွားခဲ့တာ"



ပြောရရင် အဲ့ဒီဆေးရုံက ဝန်ဆောင်မှုက ကြောက်စရာကောင်းပြီးအေးစက်ကာ ဖော်ရွေမှုမရှိပေ။ ဖန်ချန်းသည် သူသွားခဲ့တဲ့နေ့တုန်းက သိပ်ပြီး မစဉ်းစားခဲ့ပေမယ့် တွေးလေလေ တစ်ခုခုတော့ မူမမှန်ဘူးလို့ ထင်ရလေလေပင်...



နှစ်ယောက်သား ‌ကော်ရစ်ဒါသို့ ဝင်သွားလိုက်သည်နှင့် အေးစိမ့်မှုက ဖန်ချန်းကို ချက်ချင်းပင် အသက်ရှုကြပ်လာစေသည်။ ဖန်ယင်းယင်းထံမှ ရုတ်တရက် အဆွဲခံခဲ့ရသည့် ညာဘက်ရှိ တံခါးကို တစ်ချက်ကြည့်လိုက်သည်။



ဒီတစ်ခါတော့ ဖန်ယင်းယင်းရှိမနေပေ။ ရှဲ့ယင်းကလှည့်ပြီး မေးလာခဲ့သည် "ရှင်....ဒီနေ့ ထူးထူးခြားခြား အသံတွေ ကြားရလား?"



"ထူးဆန်းတဲ့အသံတွေိဆိုတာ ဘာကိုဆိုလိုတာလဲ?"



"အင်း...ပြောဖို့ခက်တယ်" ရှဲ့ယင်းရဲ့ အမူအရာက တုန်လှုပ်နေပြီး "ကလေးငိုနေသလိုမျိုး အော်ဟစ်သံတွေကို မကြာသေးခင်ကစ ကြားခဲ့ရလို့ အိပ်ရေးဝဝတောင်မအိပ်နိုင်ခဲ့ဘူး... ရိုးရိုးသားသားပြောရရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်"



ဖန်ချန်းက တိုက်ရိုက်အဖြေမပေးချေ... အဲဒီအစား သူက "အာ...ဒါနဲ့ တွေးကြည့်လိုက်မှ အန်တီဝူ ဒီရက်ပိုင်း စကားစမြည်ပြောနေတာ မတွေ့ရသလိုပဲ" လို့ ခေါင်းစဉ်ပြောင်းလိုက်သည်။



ရှဲ့ယင်းက သဘာဝကျကျနဲ့ "ဟုတ်တယ်...ကျွန်မရောပဲ..အရင်ကကြ နေ့တိုင်းတွေ့ရတာကို"



သူမလည်း ထိုလင်မယားနှစ်ယောက်ကိုလည်း မှတ်မိနေသေးသည်။



ဖန်ချန်းက အသက်ပြင်းပြင်းရှူလိုက်ရင်း သူတစ်ယောက်တည်းမဟုတ်သည့်အတွက် စိတ်သက်သာရာရသွားသည်။



ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေက သူတစ်ယောက်ထဲမှာသာ ဖြစ်နေတာမဟုတ်ပေ...



သူသည် ရှဲ့ယင်းကို ဝူဇနီးမောင်နှံ၏သေဆုံးမှုအကြောင်း မပြောလိုက်ပေ..မနေ့က ဖန်ယင်းယင်းရဲ့မျက်ရည်ကျနေတဲ့မျက်နှာကို ပြန်မြင်ယောင်သွားပြီး ပြောမပြတာက ပိုကောင်းမယ်လို့ ခံစားလိုက်ရသည်။



ဓာတ်လှေကားသည် စတုတ္ထထပ်သို့ ရောက်သွားပြီး တံခါးပွင့်သွားကာအပြင်ဘက်က လူတစ်ယောက်ကပေါ်လာခဲ့သည်။



ဖန်ချန်းသည် ဓာတ်လှေကားမှ ထွက်လိုက်ပြီး ဓာတ်လှေကားသည်ပိတ်သွားကာ ငါးထပ်သို့တက်သွားသည်။



"... အောက်ထပ်ဆင်းမလို့လား" ဖန်ချန်းသည် အိမ်တံခါးသော့ကို ထုတ်လိုက်ကာ ခဏတာ တုံ့ဆိုင်းနေပြီးကာမှ ထိုလူနှင့် စကားစမြည်ပြောရန် ဆုံးဖြတ်လိုက်သည်။



"အမ်း..." နျဲ့ရှီက ပြန်ဖြေလာသည်။



ရည်ရွယ်ချက်ရှိရှိနဲ့ဖန်ချန်းက "အာ..ဒါနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က မင်းကို ငါသိပ်မတွေ့မိသလိုပဲ" လို့ လျှို့ဝှက်စွာမှတ်ချက်ပြုလိုင်သည်။



"အမ်း..."



ဖန်ချန်းသည် မတတ်နိုင်ဘဲ ထိုလူကို လှည့်ကြည့်မိလိုက်ပြီး တစ်ဖက်မှလည်း နောက်ပြန်လှည့်လာသည်ကို တွေ့လိုက်ရသည်။



"မင်း...ငါ့ကိုတွေ့ချင်နေတာလား?" နျဲ့ရှီက ရုတ်တရက် မေးလာသည်။



ဖန်ချန်းသည် သူ့ရဲ့ အကြည့်များကို မခံနိုင်တော့တာကြောင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။



ဓာတ်လှေကားက ပြန်ဆင်းလာပြီး ‌ရပ်သွားသည်။နျဲ့ရှီက "မနက်ဖြန်တွေ့မယ်" လို့ပြောလာပြီး ဓာတ်လှေကားထဲဝင်သွားခဲ့သည်။



ဖန်ချန်းသည် စက္ကန့်အနည်းငယ်မျှ ကြောင်အစွာ မတ်တပ်ရပ်နေခဲ့ပြီးမှ တံခါးကိုဖွင့်ကာ ရှုပ်ယှက်ခတ်နေသော တိုက်ခန်းထဲသို့ ဝင်လိုက်သည်။



နျဲ့ရှီက သူ၏အိမ်နီးချင်းဖြစ်‌လောက်သည်။



ထိုလူကို ပြန်တွေ့တဲ့အချိန်က ဖန်ချန်းရဲ့ရင်ထဲရင်းနှီးကျွမ်းဝင်မှုကို တစ်ဟုန်ထိုး ခံစားရခဲ့ပြီး နျဲ့ရှီသည် သူ့ဘေးတွင် နေထိုင်ခဲ့သူဖြစ်‌လောက်တယ်ဟုတွေးမိလိုက်သည်။



ဒါပေမယ့် သူတို့နှစ်ယောက် နောက်ဆုံးဆုံတွေ့ခဲ့တုန်းက နျဲ့ရှီကို ဘာလို့ သတိမပြုမိခဲ့တာလဲ? သူ့မှတ်ဥာဏ်တွေ ပျက်သွားတာလား?ဒါမှမဟုတ်... တစ်စုံတစ်ယောက်က သူတို့ရဲ့မှတ်ဉာဏ်တွေထဲ နျဲ့ရှီကို အတင်းထည့်ပေးပြီး 'နျဲ့ရှီ' လို့ ခေါ်တဲ့ ဒီလိုလူ တကယ်ရှိတယ်လို့ သူတို့ယုံကြည်အောင်လုပ်ခဲ့တာလား....



ဖန်ချန်း သူ့ကိုယ်သူ အရမ်းကြီးတွန်းအားမပေးဖို့တွေးလိုက်သည်။သူ ဘယ်လောက်ပဲ တွေးနေပါစေ ဒီအဖြစ်အပျက်တွေရဲ့ရည်ရွယ်ချက်ကိုမှမရှာနိုင်ဘဲ....



ဖန်ချန်းသည် ပေါင်မုန့်နောက်ဆုံးတစ်လုပ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဖြည်းညင်းစွာ ဝါးလိုက်သည်။သူ့ပါးလေးတစ်ဖက်သည် ဖောင်းနေပြီး ဟမ်စတားတစ်ကောင် အစားအစာများကို သိမ်းဆည်းထားသလိုပုံရနေသည်။



ထားလိုက်တော့ ရေလိုက်ငါးလိုက်ပဲသွားကြတာပေါ့...ရွေးချယ်စရာမှမရှိဘဲ



****



ညဘက်ရောက်လာခဲ့ပြီး "အားးး အားး " ဆိုပြီးထူးဆန်းသော အသံများ ထူးထူးခြားခြား ထပ်တလဲလဲကြားရပြန်သည်။  



ဖန်ချန်း ကြိုးပမ်းခဲ့သော်လည်း ကျောရိုးတလျှောက် တက်လာသည့်တုန်လှုပ်ချောက်ချားမှုကို သတိပြုမိနေသေးသည်။ ထို့နောက် အသံများက ခေတ္တ ရပ်တန့်သွားသည်။ သို့သော်လည်း မကြာမီမှာပဲပျော့ပျောင်းသော ညည်းသံများသည် ကော်ရစ်ဒါတစ်လျှောက် ပဲ့တင်သံထပ်လာကာ တံခါးပေါက်ကြားမှ ဖြတ်ဝင်လာပြီး ဖန်ချန်းနားထဲသို့ရောက်လာခဲ့သည်။



သူ့ဘေးနားက အရာများရပ်တန့်သွားသလိုခံစားလိုက်ရပြီး သတိဝင်လာတဲ့အခါမှာတော့ တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားပြီး အဝင်ဝတွင် ရပ်နေပြီဖြစ်သည်။ ဖန်ချန်းသည် သူ့လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး အေးစက်သော ချွေးများ ထွက်လာခဲ့သည်။ အအေးဓာတ်အလွှာတစ်ခုက သူ့လက်များကို ဖုံးအုပ်ထားပြီး အတိအကျပင် ဒီအအေးဓာတ်ကြောင့် သတိဝင်လာပြီး တံခါးဖွင့်ခြင်းမှ ရပ်တန့်သွားခဲ့တာဖြစ်သည်။



ဖန်ချန်းဟာ ကံကောင်းတယ်လို့မခံစားရပေ...သူ့ ခြေထောက်များက အလွန်အားနည်းလာပြီး ဒူးထောက်ချလုနီးပါး ဖြစ်သွားသည်။



တစ်စုံတစ်ယောက်သည် သူ့လက်ကောက်ဝတ်ကို ဆွဲလာခဲ့သည်။



သူ့တစ်ကိုယ်လုံး တင်းမာပြီး ထိန်းမရစွာ တုန်ခါတက်လာခဲ့သည်။



"မကြောက်ပါနဲ့..." ထိုအသံသည် ပြတ်တောင်းပြတ်တောင်းဖြင့်ပြောလာပြန်သည်။



ဖန်ချန်းသည် အအေးဓာတ်က သူ့ရဲ့ဝိုင်းရံထားပြီး ကျောရိုးကနေ ထိုးဖောက်ဝင်ရောက်ကာ ခန္ဓာကိုယ်အနှံ့ ထိုးဖောက်ဝင်ရောက်လာသောကြောင့် အခြားမည်သည့်အရာကိုမျှ တွေးတောရန် ခွန်အားမရှိတော့ပေ။



သူ့ဘေးကလူက နောက်ပြန်ဆုတ်သွားခဲ့ပြီး ဖန်ချန်းက ကုလားထိုင်ပေါ် သူဘယ်လိုရောက်သွားလိုက်မှန်း မသိလိုက်ချေ သူ့ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ရာ စားပွဲတစ်လုံးနဲ့ ခြားတဲ့နေရာတွင် ထိုသူက ထိုင်နေပြီဆိုတာ သိလိုက်ရသည်။



"မကြောက်ပါနဲ့..." တစ်ဖက်လူက "ကိုယ် မင်းနဲ့ အတူရှိနေတယ်..." ဟု ထပ်လောင်းပြောလာသည်။



ဖန်ချန်းသည် အသက်ရှုရန်ပင် ရုန်းကန်နေရပြီး သူ့မျက်ရည်တွေက စားပွဲပေါ်ကို တစ်စက်စီကျလာခဲ့သည်။



တစ်ဖက်လူက သူ့မျက်ရည်တွေကို သုတ်ပေးဖို့ကြိုးစားသလိုမျိုး လက်လှမ်းလာခဲ့သည်။ သို့သော် ဖန်းချန်က တုန်လှုပ်သွားပြီး ကုလားထိုင်နဲ့အတူ အလျှင်အမြန် နောက်ပြန်ဆုတ်သွားခဲ့ပြီး ထိုင်ခုံနဲ့ ကြမ်းပြင်ပွတ်တိုက်သံပင်ထွက်လာခဲ့သည်။



တစ်ဖက်ကလက်သည် တောင့်သွားပြီး ပြန်ဆုတ်သွားခဲ့သည်....



"ဖန်ချန်း..."



"ကျေးဇူးပြုပြီး..." ဖန်ချန်းရဲ့လည်ချောင်းသည် ခြောက်သွေ့နေပြီ အသံသည် အက်ကွဲနေသည်။ "ငါ့ကို စကားမပြောပါနဲ့" ဘယ်ကလာမှန်း မသိတဲ့ သတ္တိတွေနဲ့ ငိုပြီးတစ်ဖက်လူကို ပြန်ပြောလိုက်ပြီးမှ အသက်ရှုကြပ်သွားသလို ဖြစ်သွားခဲ့သည်။



သေချာတာကတော့ တစ်ဖက်က သူပြောသည့်အတိုင်း အသံမထွက်တော့ပေ...



တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ဖန်ချန်းရဲ့ ရံဖန်ရံခါ ရှိုက်ငိုသံများကိုသာ ကြားနေရသည် ။



ခဏကြာတော့ ဖန်ချန်းရှေ့မှာ တစ်ရှူးတစ်ဗူးပေါ်လာခဲ့သည်။



ဖန်ချန်းသည် ရှိုက်သံနှင့်အတူ တုန်တုန်ယင်ယင်ဖြင့် တစ်ရှုးနှစ်စကို ဆွဲထုတ်လိုက်ပြီး သူ့မျက်ရည်တွေကို ပေါ့ပေါ့ဆဆ သုတ်လိုက်သည်။



“မကြောက်ပါနဲ့....” ထိုလူက ထပ်ပြောပြန်သည်။



ဖန်ချန်းရဲ့ မျက်လုံးများတွင် မျက်ရည်များ တစ်ဖန်ပြန်စီးကျလာပြန်သည်။ဖန်ချန်းသည် ထိုပုပ်နေသောအသားစုနဲ့လူက ပါးစပ် ပိတ်ထားရန်သာ အသည်းအသန် ဆန္ဒရှိတော့သည်။