Chapter 9
Viewers 170

Ch9 လူသားစားသတ္တဝါကြီးများ




ပြင်းထန်သော အကြောက်တရားကို ကြုံတွေ့ရသောအခါတွင် တစ်ချိန်က သူတို့အတွက် ကြောက်စရာကောင်းသည်ဟု ယူဆသည့်အရာသည် ထုံထိုင်းသွားခဲ့သည်။ ဖန်ချန်းက တစ်ကမ္ဘာလောက်ကြာတယ်လို့ခံစားရတဲ့အထိ ခေါင်းငုံ့ထားတာကြောင့် နာကျင်တဲ့ ခံစားချက်သည် လည်ပင်းတစ်လျှောက်တဖြည်းဖြည်း တိုးဝင်လာသည်။ ဆန့်ကျင်ဘက်က လူကလည်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသေး၏။



ဆယ်မိနစ်ကျော်ကြာအောင် မတိုးမဆုတ်သာအခြေအနေဖြစ်နေပြီးနောက် ဖန်ချန်းက ကျည်ဆန်ကို ကိုက်ကာမေးလိုက်သည်... "ဘာလို့ ငါ့နောက်လိုက်နေရတာလဲ...?" 



သူကတုန်လှုပ်နေဆဲပင်... ပြောရရင်..ဘယ်သူမဆို သူတို့နဲ့ မျက်နှာခြင်းဆိုင်မှာ ပုပ်ပွနေတဲ့ လူတစ်ယောက်က ထိုင်နေမယ်ဆိုရင် သူတို့လည်း စကားလုံးတစ်လုံးမှ မပြောနိုင်လောက်အောင် ကြောက်လန့်နေမှာ သဘာဝပင်...



တိတ်ဆိတ်နေသည့်ကြားထဲမှ စူးရှကျယ်လောင်သော အမျိုးသမီးအသံနှင့် ကြောက်လန့်နေသော ယောက်ျားအော်သံက ကော်ရစ်ဒါအတွင်း ပဲ့တင်ထပ်လာသည်။ ထိုအသံများက စောနက အသံများနှင့် ကွဲပြားနေပြီး- အသက်ရှိနေတဲ့လူသားအသံဆိုတာငြင်းမရပေ...



ဖန်ချန်းက အံ့အားသင့်စွာ တင်းကျပ်စွာပိတ်နေသော တံခါးကို ခေါင်းလှည့်ကာကြည့်လိုက်သည်။ သတိပြုမိခြင်းပင်မရှိဘဲ နောက်တစက္ကန့်မှာတော့ သူက တံခါးဆီကိုပြေးသွားနေပြီးဖြစ်သည်။ သူကိုယ်တိုင် ဘာကြောင့် ပြေးလာတာလဲတောင်မသိသလို.. ဒီနေရာက လွတ်မြောက်နိုင်မလားမသိပေ။ တံခါးမှ ထွက်လိုက်သည်နှင့် ကော်ရစ်ဒါမှ လတ်ဆတ်သော လေနုအေးများနဲ့ရိုက်ခတ်မိသွားပြီး ဦးရေပြားများ ထုံကျင်သွားသည်။



နွေးထွေးတဲ့ လိမ္မော်ရောင် မီးရောင်များက တတိယထပ်ကို အလှဆင်လျက်ရှိသည်။ ဖန်ချန်းရဲ့ စိတ်ထဲမှာ ဗလာကျင်းနေပြီး လှေကားကနေပြေးဆင်းလိုက်ကာ ထောင့်ချိုးတွင် ရပ်လိုက်သည်။



သူ့ရှေ့က မြင်ကွင်းတွင် ဝမ်ဟွေ့ဝမ်သည် tank top နဲ့ အတွင်းခံဘောင်းဘီကိုလေးကိုသာ ဝတ်ဆင်ထားပြီး တံခါးရှေ့တွင် ထိုင်နေပြီး ကျန်းရွေ့သည် အမည်မသိ သတ္တဝါတစ်ကောင်ကို မြေပြင်ပေါ်တွင် ဒူးထောက်ကာ တံမြက်စည်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါကြီးသည် မတ်တတ်ရပ်ရန် ကြိုးစားနေပေမယ့်လည်း မအောင်မြင်ဘဲ စိုစွတ်နေတဲ့ ကြမ်းပြင်ပေါ်တွင်အကြိမ်ကြိမ် လဲကျနေသည်။



မြင်ကွင်းသည် ထူးဆန်းသလို ရယ်စရာလည်းကောင်းလှသည်။



ဖန်ချန်းက ပြန်မလှည့်နိုင်သလို ဆက်သွားရန်လည်းသတ္တိမရှိတော့ချေ။





ဒီသတ္တဝါကို သူ့အိမ်ရှေ့က မြေပြင်ပေါ်မှာမြင်ဖူးခဲ့သည်။



မှိန်ဖျဖျအလင်းရောင်အောက်တွင် ထိုသတ္တဝါကြီး၏အသွင်အပြင်ကို သူရှင်းရှင်းလင်းလင်းမြင်နေရသည်- စိမ်းညိုပုတ်ရောင်အသားအရည်... အလွန်ပိန်ပါးပြီးတော့ အမွေးနီရဲရဲများက ခန္ဓာကိုယ်အနှံ့မှာ ဖုံးလွှမ်းနေပြီး ၎င်း၏ပါးစပ်မှ ကလေးအသံဖြင်း"အား အား" ဆိုပြီးအဆက်မပြတ်ထွက်နေသည်။ ၎င်း၏မျက်လုံးများသည် အနက်ရောင်မှင်အလွှာဖြင့် ခြယ်သထားသလိုမျိုး မျက်ဖြူများမရှိဘဲ မဲနက်နေသည်။



သူအရင်က ဘာလို့ လူသားတစ်ယောက်လို့အထင်မှားခဲ့ရတာလဲ...?



ဖန်ချန်းသည် လှေကားလက်ရန်းကို တင်းကြပ်စွာကိုင်ထားလျက်မှီထားမိနေသည်။ သူ့ရဲ့ အလေးချိန် တစ်ခုလုံးသည် လှေကားလက်ရန်းရဲ့ပေါ်တွင်ကျရောက်နေပြီး လဲမကျစေရန် ထိုလက်ရန်းရဲ့ပံ့ပိုးမှုအပေါ်တွင် မှီခိုနေရသည်။ အစတုန်းက အရမ်းအလျင်လိုစွာ ကြည့်ရတာမို့ သူက လူတစ်ယောက်လို့ပဲ အလွယ်တကူထင်လိုက်မိခဲ့တာပင်... ဒါဆို ဒါကြီးဘာကြီးလဲ?? သူ့ရှေ့က ဒီမကောင်းဆိုးဝါးကြီးက ဘာဖြစ်နိုင်မလဲ....



 ဝမ်ဟွေ့ဝမ်က ဖန်ချန်း ကို သတိပြုမိသွားသည်။သူမက စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်သော်လည်း အသံမထွက်လာပေ။ ထို့နောက် ရုတ်တရက်သူမသည် တုန်တုန်ယင်ယင်ဖြင့် သူ့ဆီသို့ လက်ညှိုးထိုးညွှန်ပြလာသည်။ 



မဟုတ်ဘူး...



 သူမ ညွှန်ပြနေတာက သူ့ကိုမဟုတ်ဘူး.....



 ဖန်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကိုမှိတ်လိုက်မိတော့သည်။ ဒေါသထွက်နေတဲ့သတ္တဝါကြီးသည် သူ့ကိုသတိပြုမိသွားတာကြောင့် သတိပေးခြင်းမရှိဘဲ သူ့ဆီကို ပြေးဝင်လာနေပြီး ကျန်းရွေ့ကိုနောက်မှာချန်ထားခဲ့သည်။



 ဒါပေမယ့် အချိန်အတော်ကြာပြီးသည်အထိ သူမျှော်လင့်ထားသည့် နာကျင်မှုတစ်စုံတစ်ရာက ရောက်မလာခဲ့ပေ။ အဲ့ဒီအစား လေပြင်းတစ်ခုကတိုက်ခတ်လာခဲ့ပြီး ဖန်ချန်းရဲ့ မျက်လုံးများကို ဖွင့်လိုက်ချိန်မှာတော့ သူမြင်လိုက်ရသည်မှာတစ်စုံတစ်ယောက်ရဲ့နောက်ကျောကိုသာ ဖြစ်သည်။ 



ပုံရိပ်သည် အလွန်ရင်းနှီးလှသည်။ သူ့ရှေ့မှာ ရပ်နေတဲ့လူက နျဲ့ရှီပင်! 



ခဏတာသက်သာရာရသော်လည်း လျင်မြန်စွာပဲ နှလုံးခုန်မြန်လာပြန်သည်။ သေချာတာကဒီအချိန်လေးအတွင်းမှာအဲဒီလူက သူ့ကိုသတ္တဝါကြီးရှေ့ကနေကယ်ပြီးတော့ သူ့နောက်မှာ ထားထားတာ ဖြစ်နိုင်သည်။



နျဲ့ရှီသည် ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး မြေပြင်ပေါ်ရှိ ပုံပျက်ကာလဲကျနေသော မကောင်းဆိုးဝါးဆီသို့ လျှောက်သွားလိုက်သည်။ 



ကျန်းရွေ့က တုန်တုန်ယင်ယင်ဖြစ်နေတုန်းဖြစ်ကာ သူ့ကို လှည့်ကြည့်လာသည်။



နျဲ့ရှီက မျက်လုံးတစ်ချက်မခက

ပ်ဘဲ ဓားမြှောင်ကိုမြှောက်လိုက်ပြီး ထိုသတ္တဝါရဲ့ နှလုံးကို ဓားမြှောင်ဖြင့် ထိုးဖောက်လိုက်ပြီး “ဖောက်” ခနဲအသံထွက်လာခဲ့သည်။ အနက်ရောင်ချွဲချွဲအရည်တွေက ဒဏ်ရာကနေ ထွက်လာခဲ့သည်။



ဝမ်ဟွေ့ဝမ်က မျက်လုံးများပြူးပြီး ကြောက်ရွံ့စွာ အော်ဟစ်လာပြီး ကျန်းရွေ့သည်လည်း ခြောက်ခြားစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။ 



ဖန်ချန်းသည် လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်သည်- သံလက်ရန်းနှင့် သူ့လက်ဖဝါးကြား ပွတ်တိုက်မှုကြောင့် မူးမေ့လဲကျမတတ် နာကျင်မှုကိုခံစားနေရပြီး ယခုဖြစ်ပျက်ခဲ့သမျှသည် အိပ်မက်မဟုတ်ကြောင်း အတည်ပြုပေးနေသည်။ 



မကောင်းဆိုးဝါးသည်တဖြေးဖြေး သေးငယ်ကျုံ့သွားကာ ခြောက်သွေ့သော စိမ်းဝါရောင် အရေခွံတစ်လွှာသာ ကျန်ခဲ့တော့သည်။ တစ်ယောက်ယောက်က အန်ချလိုက်ပြီး လေထဲတွင် ချဉ်စုတ်စုတ် အနံ့အသက်များကချက်ချင်း ပြည့်နှက်သွားသည်။



 လက်ရန်းကို လက်ဖြင့်ဆုပ်ကိုင်ထားရင်း ဖန်ချန်းသည် အောက်ကိုဆင်းလာလိုက်သည်။ ပုပ်ပွနေတဲ့ အသားစိုင်က သူ့နောက်ကို လိုက်မလာခဲ့ဘူး... ဒါဆို ဆိုလိုတာက အဲ့ဟာကြီးက သူ့ဒီအခန်းထဲက ဘယ်ကိုမှထွက်မသွားနိုင်ဘူး ပေါ့?



"အဲ့ဒါဘာကြီးလဲ?" ဝမ်ဟွေ့ဝမ်က ကြောက်လန့်တကြားဖြင့် ပါးစပ်ကို လက်နဲ့အုပ်ထားလျက်ရှိနေသည်...."အဲ့ဒါက ဘာကောင်ကြီးလဲ?!"



နျဲ့ရှီးက ပြန်မဖြေပေ... သူ့လက်ထဲက ဓားမြှောင်ကအနက်ရောင်အချွဲတွေနဲ့ ရွှဲနစ်နေပြီး ရွံရှာစရာကောင်းနေသည်။ သူက ဓားမြှောင်ကိုလက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စိတ်မငြိမ်မသက်ဖြစ်နေပုံရသည်။



"မင်း....ဘာလို့ဆင်းလာတာလဲ?" သူက ဖန်ချန်းကို ရုတ်တရက် မေးလာခဲ့သည်။



"...." ဖန်ချန်း သည် ခေတ္တမျှ ခေါင်းရှုပ်သွားသည်။ သူ့ခြေထောက်များက ချောစီးစီးကြမ်းပြင်ကိုနင်းမိသွားပြီး ချော်လဲကျလုနီးပါး ဖြစ်သွားသည်။ နျဲ့ရှီးက လက်တစ်ဖက်ကိုဆန့်တန်းထားလာကာ သူ့ကို ထိန်းထားလိုက်သည်။



ဖန်ချန်း အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ခြေဖဝါးအောက်က ကြမ်းပြင်သည် အပြာရောင်အရည်တွေနဲ့ ဖုံးလွှမ်းနေပြီး သံပုရာအနံ့ ထွက်နေသည်ကို သူသိလိုက်သည် ။ကြည့်ရတာ ဆပ်ပြာရည်မှောက်ချထားသည့်ပုံပင်... ထိုအရာကြောင့် သတ္တဝါကြီး မတ်တပ်မရပ်နိုင်လဲမခံမရပ်နိုင်ဒေါသထွက်နေတာဖြစ်နိုင်သည်။



နျဲ့ရှီရဲ့ ခြေဖဝါးနားတွင် ပျော့ခွေနေတဲ့ သတ္တဝါကြီးရဲ့အခွံလွတ်သည် ပြာများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတာကို မြင်လိုက်ရတာကြောင့် ဖန်းချန်ရဲ့ သူငယ်အိမ်များက ကျယ်သွားသည်။ နျဲ့ရှီရဲ့ဓားမြှောင်ပေါ်က အနက်ရောင်အချွဲများသည်လည်း တဖြည်းဖြည်း စီးကျလာပြီး ပျောက်ကွယ်သွားခဲ့သည်။



အတွင်းဝတ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသည့် ကျန်းရွေ့သည် တုန်လှုပ်ချောက်ချားသည့် အမူအရာဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။အသက်ကိုပြင်းထန်စွာရှုနေပြီး သူ့ရဲ့ ဝမ်းဗိုက်က အသက်ရှုလိုက်တိုင်းလှိုင်းလုံးများကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်နေသည်။



"အာ့......အားးးး..." - အားပျော့တဲ့ အော်ဟစ်သံတစ်ခုကထွက်လာပြန်သည်...ဒီတစ်ခါတော့ နည်းနည်းဝေးသည့်နေရာ အောက်ဆုံးထပ်မှ ထွက်လာပုံရသည်.....



ဝမ်ဟွေ့ဝမ်သည် တံခါးဆီသို့ နောက်ပြန်ဆုတ်သွားရင်း ခေါင်းယမ်းလိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ ကျန်းရွေ့က ဝမ်ဟွေ့ဝမ်ကိုဆွဲခေါ်ကာ ကျယ်ပြောသော ခြေလှမ်းများဖြင့် တိုက်ခန်းထဲကို ဝင်သွားပြီး တံခါးကို ခိုင်မြဲစွာ ပိတ်ချလိုက်သည်။



ဖန်ချန်း ခဏလောက် အံ့သြတကြီး ဖြစ်သွားသည်... သူက သူတို့ကို အခုလေးတင် အပြင်မှာ ဒီတိုင်းထားပြီးလော့ချသွားတာလားဟ?



 "ပြန်သွားကြရအောင်" နျဲ့ရှီ အောက်ထပ်ကို ပေါ့ပေါ့ပါးပါး မျှော်ကြည့်ရင်းပြောလာသည်... "သူတို့ ထပ်လာနေကြပြီ...."



 ဖန်ချန်းမှာ မေးချင်တဲ့ မေးခွန်းပေါင်းများစွာရှိပေမယ့် လက်ရှိအချိန်က အချိန်ကောင်းမဟုတ်သေးပေ... ကြောင်အော်သံ... ကလေးငိုသံများနှင့် အမျိုးသမီးတစ်ဦး၏ ငိုကြွေးမြည်တမ်းသံများ ရောနှောနေပြီး ပဲ့တင်ထပ်ကာ နီးကပ်လာသည် ။ 



သူ့တိုက်ခန်းတံခါးက ဖွင့်ထားဆဲဖြစ်သော်လည်း ဖန်ချန်း အထဲသို့ ပြန်ဝင်ရန် သတ္တိမရှိပေ။



 နျဲ့ရှီသည် ကမန်းကတန်းပင် ဖြစ်မနေဘဲ သူ့တိုက်ခန်းတံခါးကို အေးဆေးစွာဖွင့်နေဆဲဖြစ်သည်။ သူက တံခါးကို သော့ခတ်ထားခဲ့ပြီး သော့ကိုပင် ယူလာဖို့တောင် သတိရနေနိုင်သေးတာကို မြင်လိုက်ရတော့ သူ့က လုံးဝ မယုံနိုင်စရာကောင်းကြောင်း ဖန်ချန်း တွေ့လိုက်ရသည်။ 



"ငါ...ငါ.. မင်းရဲ့နေရာမှာ တစ်ညလိုက်အိပ်လို့ရမလား?" ဖန်ချန်းက သူ့ရဲ့ဖွင်းထားတဲ့တိုက်ခန်းတံခါးကို စိုက်ကြည့်လိုက်ပြီး သူ့အိမ်ထဲကပုပ်ပွနေတဲ့လူက သူ့ရှေ့မှာ အချိန်မရွေးပေါ်လာမည်ကို စိုးရိမ်နေသည်။ 



ထူးဆန်းတဲ့အသံများသည်လည်း တဖြေးဖြေး ပိုနီးကပ်လာပြီး သူတို့ခြေထောက်အောက်ကိုပင်ရောက်နေပြီဖြစ်သည်။



 နျဲ့ရှီသည် တံခါးလက်ကိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ဖန်ချန်းဘက်ကို ခေါင်းလှည့်လာကာ ခဏလောက်ရပ်တန့်သွားပြီးနောက် “ရတယ်လေ” လို့ ပြန်ဖြေလာခဲ့သည်။



ရဲစွမ်းသတ္တိကို စုဆောင်းလိုက်ပြီး ဖန်ချန်းသည် သူ့ရဲ့ပွင့်လျက်ရှိနေတဲ့တိုက်ခန်းတံခါးကို ခြေထောက်နဲ့လှမ်းကန်ပြီးပိတ်လိုက်ခဲ့သော်လည်း အင်အားကိုမထိန်းချုပ်နိုင်လိုက်တာကြောင့် "ဒုန်း" ခနဲအသံအကျယ်ကြီးမြည်သွားသည်။



ထူးဆန်းတဲ့ ငိုသံများလည်း ရုတ်တရက် ရပ်တန့်သွားသည်။ 



ဖန်ချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နှလုံးခုန်သံများနဲ့ ဖုံးလွှမ်းသွားပြီး နျဲ့ရှီရဲ့တိုက်ခန်းထဲကို အလျင်အမြန် လိုက်သွားလိုက်သည်။ 



 နျဲ့ရှီရဲ့ တိုက်ခန်းထဲရှိ ဧည့်ခန်းထဲမှအလင်းရောင်များကြောင့် ဖန်ချန်း နှလုံးခုန်သံများ ငြိမ်သက်သွားပြီး သူ့ခန္ဓာကိုယ်ရှိ တင်းကြပ်နေတဲ့အာရုံကြောများလည်း တဖြည်းဖြည်း ပြေလျော့သွားသည်။



နျဲ့ရှီသည် အံဆွဲတစ်ခုကိုဆွဲဖွင့်လိုက်ပြီး သူ့ဓားမြှောင်ကို သုတ်ရန် အဖြူရောင်အဝတ်စးတစ်ထည်ကို ထုတ်ယူလိုက်သည်။ 



ဖန်ချန်းက သူ့ကို တိတ်တဆိတ် ကြည့်နေပြီး "မင်း..."



"ဟမ်?" နျဲ့ရှီက သူလုပ်နေတာကို ရပ်လိုက်ပြီး ဖန်ချန်းကို ကြည့်လာသည်။



"ဟို...အဲဒါက... လူတွေကို စားတာလား..." ထိုနေ့က တံခါးကိုဖွင့်လိုက်ချိန်က မြင်လိုက်ရသည့် မြင်ကွင်းကို အခုထိ မမေ့နိုင်ခဲ့ပေ.... လတ်ဆတ်သောကြက်သွေးရောင်သွေးများဖြင့် ဖုံးအုပ်ခံထားရတဲ့ ကြွေပြားအဖြူများ နှင့် အတွင်းအင်္ဂါများကို ဝါးစားနေတဲ့ "တဂျွတ်ဂျွတ်" အသံများ......သူဘယ်လိုလုပ်မေ့နိုင်မှာလဲ?



လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဒီပြဿနာကို ရှောင်ဖယ်နေခဲ့သည်။ သူက ထိုအရာကို လူသားတစ်ဦးအဖြစ်သာ တွေးချင်ခဲ့သည်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ထိုအရာကြီးသည် အမှန်တကယ် လူသားစားသော နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း လက်ခံရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။



"မင်း...ကြောက်နေတာလား?" ဓားမြှောင်ကို သုတ်ပြီးသွားသော နျဲ့ရှီသည် ဧည့်ခန်းထဲသို့ ၀င်လာခဲ့သည် ။



ဖန်ချန်း က သူ့ခေါင်းကို မြှောက်လိုက်ပြီး သူ့ မျက်လုံးထဲကအလင်းရောင်များသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ သူ့မျက်လုံးများသည် စိုစွတ်နေကာ ထောင့်များသည် နီမြန်းနေသည်။ သူ့ရဲ့ ဆံပင်များကရှုပ်ထွေးပွယောင်းနေပြီး သူ့ရဲ့ ဘိုသီဖက်သီဖြစ်နေသော အသွင်အပြင်ကို ပံ့ပိုးပေးနေသည်။



နျဲ့ရှီ-"မကြောက်ပါနဲ့......"



ဖန်ချန်းသည် အလိုအလျောက် တုန်တက်သွားမိသည်။ ဒီစကားလုံးကို လွန်ခဲ့တဲ့ ဆယ်မိနစ်ကျော်လောက်က ကြားဖူးခဲ့သလိုခံစားလိုက်ရပြီး... သူ ရုတ်တရက် အေးခဲသွားမိသည်။ နျဲ့ရှီက ဘယ်လိုလုပ် တတိယထပ်ကို ရောက်လာရတာလဲ? သူ့ကိုယ်ပိုင်တိုက်ခန်းထဲကနေ ပြေးထွက်လာခဲ့ချိန်မှာပုပ်ပွနေသောလူက သူ့နောက်ကို ဆက်မလိုက်လာခဲ့သော်လည်း နျဲ့ရှီကရုတ်တရက်ရောက်လာခဲ့သည်။



နျဲ့ရှီသည် ဧည့်ခန်းရဲ့အလယ်တွင် ရပ်နေပြီး မီးရောင်သည် သူ့မျက်နှာပေါ်သို့တည့်တည့်ကျနေလေသည်။ 



နျဲ့ရှီသည်မျက်နှာအမူအရာက မပြောင်းလဲဘဲ ရှိနေကာ လက်နှစ်ဖက်သည် ခြေသလုံးနှစ်ဖက်ဘေးတွင် ပေါ့ပေါ့ပါးပါး ချထားသည်။ ဖန်ချန်း သည် သူ့အား စူးစူးစိုက်စိုက်ကြည့်လေလေ လေးနက်တဲ့ ရှုပ်ထွေးမှုများက သူ့စိတ်ထဲမှာ နစ်မွန်းလာလေလေဖြစ်နေသည်။



နျဲ့ရှီက ဘယ်လိုပဲကြည့်ကြည့် လုံးဝ သာမန်လူတစ်ယောက်လိုပင်....



ဖန်ချန်း သူ့စိတ်ထဲက အဓိပ္ပါယ်မဲ့တဲ့ အတွေးတွေကို ခဏခေါက်ထားရန် စဉ်းစားလိုက်သော်လည်း နျဲ့ရှီရဲ့ စောစောက "သူရဲကောင်းဆန်ဆန်" ပြကွက်တွေကြောင့် အစွန်အဖျားတစ်ခုမှာရပ်နေရသလိုမျိုးခံစားလိုက်ရသည်။



"အားးးးးးးး-"



 ရှည်လျားကာ ဝမ်းနည်းပူဆွေးနေသည့် စူးစူးရှရှအော်ဟစ်သံများ နျဲ့ရှီရဲ့တံခါးဝကနေ ကပ်လျက်ထွက်လာခဲ့ပြီး ဖန်ချန်း၏ နားထဲသို့ဝင်လာခဲ့သည်။



သူ့ဦးရေပြားများ တဆတ်ဆတ်တုန်နေသည်ကိုပင် ခံစားရပြီး ဖန်ချန်းက ခေါင်းငုံ့ကာ သူ့ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။



နျဲ့ရှီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး တံခါးဝသို့ ချဉ်းကပ်သွားကာ တံခါးကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။



ချက်ခြင်းပင် အပြင်ဘက်က အသံများ ရပ်တန့်သွားသည်။



ဖန်ချန်း : "......"



ထို့နောက် နျဲ့ရှီသည်ရေချိုးခန်းဘက်သွားပြီး သူ့လက်ကို ဆေးကြောနေလိုက်သည်။ ဖန်ချန်း သည် တံခါးဝတွင် ရပ်နေကာ ခဏမျှ တုံ့ဆိုင်းနေပြီး "မင်း...ဒီအရာတွေကို ကောင်းကောင်းနားလည်နေပြီပဲ" လို့ပြောလိုက်သည်။ ဒီဟာနဲ့ ပတ်သက်၍ သံသယရှိစရာပင်မလိုပေ... နျဲ့ရှီရဲ့ လုပ်ရပ်များနဲ့ တုံ့ပြန်မှုများက သူဘယ်လောက် ကျွမ်းကျင်နေပြီဖြစ်ကြောင်းကို ပြောပြနိုင်သည်။



"အဲဒါက နတ်ဆိုးတစ်မျိုးပဲ"



"ဘာကြီး?"



"လူတစ်ယောက်သေဆုံးပြီးတဲ့ နောက်မှာကျန်ရစ်ခဲ့တဲ့ စိတ်ယုတ်စိတ်ရိုင်းတွေကနေ နတ်ဆိုးတစ်မျိုးလိုပေါက်ဖွားလာတာ" နျဲ့ရှီက "သူတို့မှာ နာမည်မရှိဘူး" ဟု ရှင်းပြလာသည်။



“ဒါဆို...မင်း...အရင်ကရော အဲ့ဒီ...န..သူတို့ကို သတ်ဖူးလား? ဖန်ချန်း က နျဲ့ရှီပြောခဲ့တဲ့ စကားလုံးကို သုံးနိုင်ခဲ့ပေ။



"အမ်းး"



ထို့နောက် နှစ်ယောက်သား ငြိမ်သက်စွာ မျက်နှာချင်းဆိုင်လိုက်ကြသည်။



နျဲ့ရှီသည် စကားအနည်းငယ်သာပြောတတ်သူဖြစ်ပြီး အသံတိတ်လုပ်ရပ်များဖြင့်သာ ပို၍ပြတတ်ပုံရသည်။ သူက ဓားမြှောင်ကို ဖန်ချန်းအား ပေးလာသည်။



 ဖန်ချန်းသည် အနည်းငယ် အံ့သြသွားသည်။



"မင်းအတွက်...." နျဲ့ရှီရဲ့ ခေါင်းကငုံ့သွားကာ သူ့မျက်နှာတစ်ဝက်သည် အရိပ်ထဲတွင် ဖုံးကွယ်ခံထားရသည်။



"မဟုတ်ဘူး..." ဖန်ချန်း က ဓားမြှောင်ကို နောက်ပြန်တွန်းဖို့ ကြိုးစားလိုက်ရင်း လက်ကိုင်ကတစ်ခုခုကို အမှတ်မထင် ကိုင်လိုက်မိသည်။သူ့လက်ကို ဖယ်လိုက်ပြီး စစ်ကြည့်လိုက်ရာ ငွေလက်ကိုင်တွင် ရေးထွင်းထားသော ထူးခြားကာ ရုပ်ဆိုးပြီး ပုံစံတစ်မျိုးကွဲထွက်နေသော စိန်ပုံသဏ္ဍာန်ကို တွေ့လိုက်ရသည်။



နျဲ့ရှီက ခေါင်းခါပြပြီး "မင်းအတွက်" ဟု အခိုင်အမာထပ်ပြောလာသည်။



ဖန်ချန်းက သူသည် ထိုလူသားစားတဲ့ မကောင်းဆိုးဝါးများကို ရင်ဆိုင်နိုင်သည်အထိ ရဲရင့်လောက်မည်ဟု မခံစားရပေ...သူက “ဒါဆို မင်းက ဘာနဲ့သုံးမှာလဲ..” ဟု သူက ဆက်ပြောလိုက်သည်။



"သေနတ်နဲ့"



ဖန်ချန်းက မှားကြားမိတယ်ထင်တာကြောင့် "အမ်.?.ဘာသုံးမှာ..?" ဟု ထပ်မေးလိုက်သည်။



"ငါ့မှာ သေနတ်ရှိတယ်..."



သူ့စကားကြောင့် ဖန်ချန်းက သူသည် ကောင်းမွန်သော ဆိုရှယ်လစ်နိုင်ငံ C တွင် နေထိုင်နေသည်ခဲ့ဟု ထင်လိုက်မိသည်။



"မင်းမှာဘာလို့..." သေနတ်ရှိနေရတာလဲ......? ဖန်ချန်း သည် တစ်ဝက်သာပြောလိုက်ပြီး နောက်ထပ်ဆက်မပြောဝံ့တော့ပေ...မတော်လို့ နျဲ့ရှီက စိတ်ရှည်မှုကုန်သွားပြီး သူ့ခေါင်းကို ကျည်ဆန်တစ်တောင့် ပစ်သွင်းလိုက်မည်ကို ကြောက်မိသည်။



ဖန်ချန်း၏ စကားလုံးများ တစ်ဝက်လောက်ကလေထဲတွင် ပျံ့သွားသည်။နျဲ့ရှီက ဆက်ပြောလာမည်ကိုခဏစောင့်ခဲ့ပေမယ့် ဖန်ချန်းက လုံးဝတိတ်ဆိတ်သွားသည်ကို သိလိုက်ရသည်ယ်။ ဒါကြောင့် သူက မော့လာကာ ဖန်ချန်းကို ကြည့်လိုက်သည်။



မျက်လုံးနှစ်စုံက ဆုံမိသွားပြီးနောက်ဆုံးတွင် ဖန်ချန်းသည် ခေါင်းစဉ်ပြောင်းရန်ကြိုးစားလိုက်သည်...."ဒါနဲ့သူတို့က နတ်ဆိုးတစ်မျိုးတွေဆိုတာ မင်းဘယ်လိုလုပ် သိတာလဲ?"



နျဲ့ရှီ တိတ်ဆိတ်နေ၏။



ဖန်ချန်းက သူသည်အတွေးများကိုစီစဉ်နေသည်ဟုထင်လိုက်မိသည်။



ခဏအကြာတွင် နျဲ့ရှီးက "ရှင်းရှင်းလင်းလင်းကြီးတော့ ရှင်းပြလို့မရဘူး...ဒီတိုင်း ဘယ်လိုပဲဖြစ်ဖြစ် သိသွားတာ"



ဖန်ချန်း သည် စကားမပြောဘဲ ငြိမ်သွားသည်။ နျဲ့ရှီက သူ့ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေတာကြောင့် ဖန်ချန်း ရဲ့ ဦးရေပြားကို တုန်လှုပ်သွားစေသည်။



"ဒီမှာ တစ်ခုခုမှားနေပြီဆိုတာ မင်း သတိထားမိတယ်မလား?"



"အမ်းး"



ဖန်ချန်း သည် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူပြောသမျှစကားတိုင်းကို နျဲ့ရှီ တုံ့ပြန်ပေမယ့်လည်း အားလုံးက အသုံးမဝင်ပေ။



"ပထမထပ်က လင်မယားနှစ်ယောက် သေသွားပြီဆိုတာကို သိလား?"



"အင်း..သိတယ်"



"မင်း..ဘယ်လိုသိတာလဲ? မင်းလည်းမြင်ခဲ့တာလား"



နျဲ့ရှီက စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်နေပြန်ပြီး "သူတို့ လိမ်ခဲ့တယ်" ဟု တုံ့ပြန်ခဲ့သည်။



ဖန်ချန်းက ခဏလောက်တွေးမရဖြစ်သွားသည်။ ဒီကိစ္စနှစ်ခုက ဆက်နွှယ်မှုမရှိပုံပဲကို...



နျဲ့ရှီသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။



ပြတင်းပေါက်အပြင်ဘက်ကကြောင်တစ်ကောင်ရဲ့ အော်ဟစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဖန်ချန်းက သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။ များမကြာမီတွင်..ခွေးကြီးများ၏ စူးစူးရှရှ အူသံများပါကြားလာရသည်။ကြောင်များနှင့် ခွေးများ ပိုများလာပုံရကာ အော်ဟစ်သံများက တိုးများလာပြီး ပြင်းထန်တဲ့သံစဉ်တစ်ခု ဖြစ်လာသည်။



"ဘာ...ဘာဖြစ်နေတာလဲ?" ဖန်ချန်းသည် မတ်တပ်ထရပ်လိုက်မိသည်။သူက ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားပြီး ရဲရဲဝံ့ဝံ့ လှမ်းကြည့်လိုက်ချင်သည်။



"မြောင်..-"



စူးရှသော ကြောင်အော်သံကိုကြားလိုက်ရပြီး ဖန်ချန်းသည် ချက်ချင်းပြန်ထိုင်ချလိုက်သည်။



နျဲ့ရှီ သူ့အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လာသည်။



ဖန်ချန်း ၏ မျက်နှာသည် ပြာသွားကာ၊ သူ မသိစိတ်က "ထပ်ပြီး...အဲဒါ ဘာဖြစ်တာလဲ"



နျဲ့ရှီက ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ပြီး "ကြောင်အော်နေတာလေ"



ဖန်ချန်း"....."



ဖန်ချန်းက သူ့အိမ်နီးနားချင်းက တကယ်ကို ဆက်ဆံခက်တယ်လို့ ခံစားလိုက်ရသည်။



"ဒါပေမယ့် စိတ်မပူပါနဲ့" နျဲ့ရှီက “ခဏ နေရပ်သွားလိမ့်မယ်” လို့ပြောလာသည်။



ဖန်ချန်းက "မင်း...ဘယ်လိုသိတာလဲလို့" လို့မေးလိုက်သည်။



နျဲ့ရှီက လေးနက်တဲ့လေသံနဲ့ "သူတို့ အော်ရတာပင်ပန်းတဲ့အခါကြ ရပ်သွားလိမ့်မယ်လေ မဟုတ်ဘူးလား?"



ဖန်ချန်း: "......"



ဖန်ချန်း တကယ်ကိုပင်ပန်းနေပြီဖြစ်သည်...