Ch10-သူကဘယ်သူလဲ?
နျဲ့ရှီပတ်ဝန်းကျင်က သံသယဖြစ်စရာအသံတွေကြောင့် ဖန်ချန်းလည်း မအိပ်ရဲတော့ပေ..
လူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး အခြေအနေငြိမ်သက်သွားတဲ့အထိစောင့်နေခဲ့ကြသည်။ မကြာခင်မှာပဲ ခွေးနဲ့ ကြောင်တွေရဲ့ အော်ဟစ်သံတွေ တဖြည်းဖြည်း လျော့ပါးလာတော့သည်။
ဖန်ချန်းက ဆိုဖာပေါ် မှာမှီထိုင်နေပြီး သူ့ခေါင်းက တဖြည်းဖြည်း ငိုက်ငိုက်ကျသွားသည်။ သူ အိပ်ပျော်ခါနီးမှာပဲ ကြောင်က အော်လာပြန်တယ်....
စလာပြန်ပြီ...ဒါပေမယ့် ဒီတစ်ခါအော်သံကတော့ အရင်ကနဲ့ မတူတော့ပေ.. အော်ဟစ်သံတွေက အဆက်မပြတ်ဖြစ်လာပြီး နောက်ဆုံးအကြိမ်ကထက် ပိုကျယ်လောင်လာသည်။
ထိုအော်ဟစ်သံများကြားတွင် ဖန်ချန်းသည် စိတ်ပျက်အားငယ်မှုအရိပ်အမြွက်တစ်စုံတစ်ရာ ကို ခံစားလိုက်ရသည်။ ရုတ်တရက်ဆိုသလိုပင် ငယ်ရွယ်တဲ့ဖန်ချန်းလေး ပွေ့ချီထားသည့် ကြောင်လေး၏နောက်ဆုံးထွက်သက်ဝင်သက် အမှတ်တရများသည် သူ့စိတ်ထဲတွင် တောက်ပလာပြီး သူ့စိတ်ကို မငြိမ်မသက်ဖြစ်စေခဲ့သည်။
"ဖန်ချန်း....ဖန်ချန်း?" နျဲ့ရှီက သူ့အား ခေါ်နှိုးလာခဲ့ပြီး ဖန်ချန်းသည် ချက်ခြင်းပင် လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့သည်။
ဖန်ချန်းသည် မျက်တောင်ခတ်လိုက်ပြီး သူ့မျက်လုံးတွေထဲ မျက်ရည်များ ပြည့်လျှံနေတာကိုသိလိုက်ရသည်။ သူ ဘာကို အတိအကျ မေ့နေခဲ့တာလဲ...?နျဲ့ရှီသည် သူ့လက်များကို လေထဲ၌ တစ်ဝက်တစ်ပျက် မြှောက်ထားသော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။
သူ့လက်ကို ပြန်ချလိုက်ပြီး “အဆင်ပြေရဲ့လား?” လို့ မေးလိုက်သည်။ဖန်ချန်းက ခေါင်းယမ်းကာ ဆိုဖာပေါ် ကိုလေးလံစွာ မှီလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
*********
"ဖန်ချန်း!!!မင်း တခြားကလေးတွေ ထပ်ရိုက်ပြန်ပြီလား!" လေထုသည် လီလီရနံ့များဖြင့် လွှမ်းခြုံလျက်ရှိနေ သည်။
"သူအရင်စလုပ်တာကို...." ဖန်ချန်းအသေးလေးသည် နောက်ပြန်ဆုတ်ရန် ငြင်းဆန်ခဲ့သည်။
ဆံပင်ဖြူများထင်ရှားနေတဲ့ခေါင်းရှိသည့် အဘွားအိုတစ်ယောက်သည် သူ့ကို ကြည့်လာခဲ့သည်။ သူမ ကသက်ပြင်းပြင်းပြင်းချလိုက်ပြီး "ပြစ်ဒဏ်အနေနဲ့ ကော်ရစ်ဒါမှာသွားရပ်နေ" လို့ပြောလိုက်သည်။
တစ်စုံတစ်ယောက်က သူ့ကို အနောက်ကနေ ကြည့်နေခဲ့သည်။
မြင်ကွင်းသည် ပြောင်းလဲသွားပြီး နှင်းပွင့်တွေ ကောင်းကင်ကနေ ကျဆင်းလာခဲ့သည်။
အေးခဲသောလေများ... တိုက်ခတ်နေပြီး ကလေးများ၏ နူးညံ့သောအသံများသည် ပျံ့လွင့်နေသည်။
"ဘယ်သူမှ မင်းကို လိုချင်မှာ မဟုတ်ဘူး!" အသံတစ်ခုကပြောလာသည်။ "ဟုတ်တယ်!!မင်းက စကားနားမထောင်ဘူး ရန်ဖြစ်ဖို့ကိုပဲ သိတာ! ဘယ်သူမှ မင်းကို လိုချင်မှာ မဟုတ်ဘူး"
ကလေးတွေရဲ့ သဘောတူညီချက်က ပတ်ဝန်းကျင်မှာ ပဲ့တင်သံများထပ်လာခဲ့သည်။
ဖန်ချန်းလေးသည် သူ့လက်ထဲက နှင်းဘောလုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး နှင်းထဲတွင် ရပ်နေကာ အနိုင်ကျင့်ခြင်းကို ဦးဆောင်နေသည့် ကောင်လေးကို စိုက်ကြည့်နေသည်။
ထိုကလေးက ဆက်ပြီး "မင်း ငါ့ကို ထပ်ပြီးရိုက်ချင်သေးတာလား!ငါ ကျောင်းအုပ်နဲ့သွားတိုင်မှာနော်"
ဖန်ချန်းသည် ရုတ်တရက် အအေးဒဏ်ကို ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က သူ့လက်ကို အနောက်မှ ဆုပ်ကိုင်လာခဲ့သည်။ ထိတွေ့လာတဲ့လက်များက အေးခဲနေသည်။ ဖန်ချန်းသည် ထိုလူ၏မျက်နှာကို ပိုင်းခြားရန် လှည့်ကြည့်သော်လည်း သူ၏မျက်နှာသည် မှုန်ဝါးနေခဲ့သည်။
"သွားကြရအောင်....." အလွန်အေးစက်နေပြီး ထူးမခြားနားအသံဖြစ်ပြီးသူ့ထံမှ နွေးထွေးမှုတစ်စုံတစ်ရာကို မဖမ်းမိနိုင်ပေ။ ဆွဲကိုင်ထားတဲ့လက်ကိုဖြုတ်ရန် ကြိုးစားလိုက်သော်လည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသည်။
...သူက...ဘယ်သူလဲ?
**************
ဖန်ချန်း သည် ဆိုဖာပေါ် မှီပြီး တစ်ညလုံး အိပ်စက်ခဲ့သည်။ သူနိုးလာသောအခါတွင် နေ့အလင်းရောင်သည် တောက်ပနေပြီဖြစ်သည်။ ထမင်းကြော်၏ မွှေးရနံ့သည် လေထဲမှာ စိမ့်ဝင်နေသည်။ နာနေသော လည်ပင်းကို နှိပ်နယ်လိုက်ပြီး ဘေးဘယ်ညာဝေ့ကြည့်လိုက်ရာ နျဲ့ရှီက စားပွဲကို ပြင်ထားသည်ကို တွေ့လိုက်ရသည်။
ဖန်ချန်းသည် ကြောင်တက်တက်ဖြင့် ထမင်းစားပွဲ၌ ထိုင်ချလိုက်ပြီး မုန်လာဥနီနှင့် သခွားသီးများရောကာကျော်ထားသော ထမင်းကြော်အနည်းငယ်ကို ပါးစပ်ထဲထည့်လိုက်သည်။
သူလုံးလုံးမနိုးသေးပေ..ရုတ်တရက်ချောက်ထဲကို ပြုတ်ကျသွားတဲ့ ခံစားချက်နဲ့အတူ သူ့နှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခုကို အပြင် ဆွဲထုတ်ခံလိုက်သလိုခံစားလိုက်ရသည်။ ရုတ်တရတ် စိတ်ရှုပ်သွားတာကြောင့် လေထဲမှာရှိတဲ့ တူကိုင်ထားတဲ့လက်ချောင်းများက ခေတ္တရပ်သွားခဲ့သည်။ ကျေးဇူးတင်စရာကောင်းစွာပဲ ခံစားချက်က မြန်မြန်ပျောက်သွားခဲ့ပြီး သူ့ထိုင်ခုံမှာ မှန်မှန်ပြန်ထိုင်နေတာကို သူသိလိုက်ရတယ်။ သို့တိုင်အောင် ခံစားချက်တစ်ခု သူ့နှလုံးသားထဲတွင် တိမ်မြုပ်နေသေးသည် ။
နျဲ့ရှီက သူထမင်းသူစားပြီးသည်နှင့် သူ့ကို ဘေးနားမှာ တိတ်တဆိတ်စောင့်နေခဲ့သည်။ သူသည် အနည်းငယ် နာခံလွန်းနေပုံရပြီး ဖန်ချန်းသည် သူ့ကိုအလှုပ်ရှုပ်စေခဲ့သည့်အတွက် အနည်းငယ်ရှက်ရွံ့သွားသလိုခံစားလိုက်ရသည်။ မနေ့က သူသည် နျဲ့ရှီ မေးခွန်းတွေ တရစပ်မေးခဲ့ပြီးနျဲ့ရှီက တစ်ခုပြီးတစ်ခုကို စိတ်ရှည်လက်ရှည် ပြန်ဖြေခဲ့သည်။ ဒီနေ့မှာတော့ နျဲ့ရှီသည် သူ့အတွက် ထမင်းကြော်ကိုအစောကြီးထပြီးပြင်ဆင်ထားပြန်သည်။
နောက်ဆုံးတစ်လုပ်စားလိုက်ပြီးနောက်..ဖန်ချန်းက ထရပ်လိုက်ပြီး "ငါ ပန်းကန်ဆေးပေးပါ့မယ်" လို့ ပြောလိုက်သည်။
သူသည် နျဲ့ရှီအား ဘက်ပေါင်းစုံမှ သံသယများ ရှိခဲ့သည်။ သို့သော် ၎င်းကို ပိုတွေးကြည့်သောအခါတွင် ဒီပတ်ဝန်းကျင်၌ ပုံမှန်မဟုတ်သည်များလည်း ရှိခဲ့သည်မဟုတ်လော။ ဤအဆောက်အအုံရှိလူတိုင်းသည် သံသယဝင်စရာကောင်းသည်။ ပြောရရင် နျဲ့ရှီသည်လည်းပဲ သူ့အပေါ် သံသယများ ဖုံးလွှမ်းနေပေလိမ့်မည်။
နျဲ့ရှီက သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်နေပြီးနောက် သူ့အကြည့်ကို လွှဲလိုက်ပြီး "ကောင်းပြီလေ" ဟုပြောလာခဲ့သည်။
ဖန်ချန်း ပန်းကန်ဆေးပြီးနောက် သူ့ကို လှည့်ကြည့်လိုက်သည်။
"မင်းမှာ အစီအစဉ်ရှိလား?" ဖန်ချန်းက ရေခဲသေတ္တာကို မသိလိုက်စွာဖွင့်မိသွားပြီး ဒိန်ချဉ်တစ်ဘူးကို ထုတ်ကာ မေးလိုက်သည်။ သူ့ပါးစပ်က ဒိန်ချဉ်ဘူးကို ထိမိသွားကာမှ သူက အခုနျဲ့ရှီရဲ့အိမ်မှာဆိုတာကို ရုတ်တရက် သတိရသွားပြီး တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်..."
နျဲ့ရှီ- "ရပါတယ်... သက်တောင့်သက်တာနေပါ"
ဖန်ချန်းက ဒိန်ချဉ်ကို ကိုင်လိုက်ပြီး "မင်း ဒီကနေထွက်သွားဖို့ အစီအစဉ်ရှိလား?" လို့ မေးလိုက်သည်။
နျဲ့ရှီက "မင်းကော ဘယ်လိုလဲ?"
ဖန်ချန်းက ဘယ်သူ့ကိုမှ မမှတ်မိသလို သူ့မှာ သွားစရာနေရာလည်း မရှိနေပေ....
သူက စိတ်ပျက်စွာဖြင့် ခေါင်းယမ်းပြလိုက်သည်။
နျဲ့ရှီ "ဒါဆို ငါလည်း မသွားဘူး....."
ဖန်ချန်း က အံ့အားသင့်သွားပြီး ဘာကြောင့်လဲဟု မေးတော့မည်ဖြစ်သော်လည်း နျဲ့ရှီရဲ့ အကြည့်များကိုမြင်လိုက်သောအခါတွင်တော့ နှုတ်ဆိတ်သွားသည် ။
တကယ်တော့... ထူးဆန်းတဲ့ အကြည့်မျိုးတော့ မဟုတ်ပေ...နျဲ့ရှီ၏ အကြည့်များသည် အလွန်တည်ငြိမ်နေသည်... သူသည် ဖန်ချန်းကို ထိုကဲ့သို့ ကြည့်လေ့ရှိသည်။ လေထုထဲက တင်းမာမှုသည်အထွတ်အထိပ်သို့ရောက်ရှိသွားပြီး ဖန်ချန်းသည် စကားလမ်းကြောင်းပြောင်းလိုက်သည်။
"မင်းလည်း ဒီဒိန်ချဉ်သောက်ရတာ ကြိုက်တာလား? တိုက်ဆိုင်လိုက်တာ!"
နျဲ့ရှီက ဖန်ချန်း၏လက်ထဲရှိ ဒိန်ချဉ်အချိုရည်ဘူးကို ငုံ့ကြည့်ကာ တုံ့ပြန်လာခြင်းမရှိပေ။
လေထုအခြေအနေက ပိုတောင်ဆိုးလာသည်။
ဖန်ချန်းရဲ့နဖူးတွင် ချွေးများထွက်နေပြီး "ငါတော့ ဒါကိုသောက်ရတာတော်တော်ကြိုက်တာ..."
"အမ်းး"
နျဲ့ရှီသည်တုံ့ပြန်လာသော်လည်း မည်သည့်မေးခွန်းအား ပြန်ဖြေခဲ့သည်ကို မသေချာပေ။
သိပ်မကြာခင်မှာပဲ နျဲ့ရှီရဲ့အိမ်တံခါးကို ခေါက်လာတဲ့အသံကြားလိုက်ရသည်။ တံခါးခေါက်သံကအတော်လေး စည်းချက်ကျကာ နှစ်ချက်ခေါက်ပြီးနောက် ခေတ္တရပ်သွားသည်။
ဘယ်သူလဲလို့ မမေးဘဲ နျဲ့ရှီ တံခါးကိုဖွင့်ဖို့ လျှောက်သွားခဲ့ပေမယ့် ဖန်ချန်းကတော့ နေရာမှာတင် တောင့်ခဲသွားသည်။ နျဲ့ရှီက သူဘာတွေတွေးနေလဲဆို သတိထားမိပုံရပြီး "နေ့ခင်းဘက်မှာ သူတို့တွေကပေါ်လာမှာ မဟုတ်ဘူး"
တံခါးအပြင်ဘက်မှာ ရပ်နေတာက ဝမ်ဟွေ့ဝမ် နဲ့ ကျန်းရွေ့တို့ဖြစ်ကြသည်။ ဖန်ချန်းကိုတွေ့လိုက်ရတော့ သူတို့နှစ်ယောက်စလုံး စိတ်သက်သာရာရသွားကြသည်။ နှစ်ဦးနှစ်ဖက်ကြား နွေးထွေးသော ဖလှယ်မှုတစ်ခု လုပ်ခဲ့လိုက်ကြပြီး အမျိုးသမီးက သူ့ယောက်ျားအား စကားပြောဆိုရန် တိုက်တွန်းခဲ့သည်။
အဆုံးမှာတော့ ဝမ်ဟွေ့ဝမ်က "ဖန်ချန်း...တကယ်တော်ပါသေးရဲ့... ရှင်တကယ် ကျွန်မကို ခြောက်လိုက်တာပဲ! ရှင့်ရဲ့ တံခါးကို လာခေါက်ပေမယ့် ရှင့်မတုံ့ပြန်လာလို့ တစ်ခုခုဖြစ်သွားပြီထင်နေတာ...ရှင်အဆင်ပြေနေတာ တကယ်ကိုကံကောင်းတာပဲ"ဟု သူမ ရင်ဘတ်ကို ပွတ်သပ်ကာ ကြောက်ရွံ့နေတဲ့ပုံဖြင့်ဦးစွာပြောလာခဲ့သည်။
ကျန်းရွေ့က မြန်မြန်ဆန်ဆန်ပဲ "မင်းအဆင်ပြေနေတာ တော်ပါသေးတယ်... မနေ့က ငါမင်းတို့နှစ်ယောက်အကြောင်း မေ့သွားလို့ ထိတ်လန့်တကြားဖြစ်သွားမိသေးတာ.....ငါ တံခါးပိတ်ပြီးမ မင်းတို့ကအိမ်အပြင်မှာ ရှိနေကြသေးတာကို သတိရမိသွားတာ....ဒါပေမယ့် ငါမဝံ့ရဲခဲ့ဘူး။ ပြန်ဖွင့်ဖို့... အရမ်းကြောက်နေခဲ့တာ တကယ်ကိုတောင်းပန်ပါတယ်" သူက နျဲ့ရှီနဲ့ ဖန်ချန်းကိုရှက်ရွံ့စွာ မော့ကြည့်လာခဲ့ပြီး နျဲ့ရှီအား
"သာ့ကောက တော်တော် အံ့သြစရာကောင်းတာပဲ မနေ့ညတုန်း မျက်လုံးတစ်မှိတ်အတွင်း အဲဒီအရာကြီးကို ထိထိရောက်ရောက် ရှင်းပစ်နိုင်ခဲ့တယ် အံ့ဩစရာပဲ!"
"... မနေ့ညက အဖြစ်အပျက်ကို သိတာလား?" အကြိမ်ပေါင်းများစွာ တောင်းပန်ပြီးနောက် ဝမ်ဟွေ့ဝမ်သည် မတတ်နိုင်ဘဲအဓိကအချက်ဆီသို့ တည့်တည့်သွားခဲ့သည်။
သူမ၏အသံသည် အနည်းငယ်တုန်ယင်နေသေးသည်.... မနေ့ညက ကြောက်မက်ဖွယ်မြင်ကွင်းကို မေ့ပျောက်မနိုင်သေးသည်မှာ ထင်ရှားသည်။
သူတို့ တစ်ညလုံး မအိပ်ရဲခဲ့ဘဲ မနက်ခင်းဘက် တောက်လျှောက်တောင် အပြင်မထွက်ရဲခဲ့ကြဘူး။ နောက်ဆုံးမှာတော့ သူတို့က အပေါ်ထပ်သို့ တက်လာပြီး တံခါးခေါက်ဖို့ သတ္တိကို စုစည်းခဲ့ကြသည်။
မနေ့ညက နျဲ့ရှီသည် ထိုအရာ၏ နှလုံးသားကို ထိုးဖောက်လ်ုသည့် မြင်ကွင်းသည် တကယ်ကို ကြောက်စရာကောင်းလှသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ နှလုံးသားထဲတွင် ရှိနေသည့် သည်းထိတ်ရင်ဖိုစရာများကို ချေမှုန်းရန်အတွက် မေးလိုသောမေးခွန်းများကို မေးရန် လိုအပ်နေသေးသည်။
ဘယ်သူမှ စကားမပြောလာချေ....
ဖန်ချန်းသည် မနေ့ညက ဖြစ်ပျက်ခဲ့သောအရာများအပေါ်တွင် ထိုစုံတွဲအား အမှန်ပင် အပြစ်မတင်ပေ။ ဒါပေမယ့်သူသိထားတဲ့ အချက်အလက်အားလုံးကသည် နျဲ့ရှီဆီကနေ လာတာမို့လို့ ဒီအရာတွေကို နျဲ့ရှီကပဲ ရှင်းပြသင့်တယ်လို့ သူခံစားရတာကြောင့် ဘာမှမပြောခြင်းဖြစ်သည်။
သို့သော် နျဲ့ရှီကလည်း စကားပြောရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ထိုလင်မယားနှစ်ယောက်ကို အေးစက်စွာသာ စိုက်ကြည့်နေခဲ့သည်။
နှစ်ယောက်စလုံးသည် သူ့အကြည့်ကြောင့်လန့်နေပုံရသည်။ ရွေးချယ်စရာမရှိတော့ဘဲ ဖန်ချန်းသည် နင်ရှီးပြောခဲ့သည့်အတိုင်း ပြန်ရှင်းပြလိုက်ရတော့သည်။
သူရှင်းပြနေစဉ်တွင် သူသည် နျဲ့ရှီကို မရေမတွက်နိုင်သော အကြည့်များဖြင့် ကြည့်ခဲ့သည်။ နျဲ့ရှီသည် အမြဲလိုလို တူညီသောအမူအရာကို ၀တ်ဆင်ထားပြီး ဝမ်းသာနေသည်လား ဒေါသဖြစ်နေသည်လား ဘာမှမသိရပေ။
နားထောင်ပြီးနောက် နှစ်ယောက်သား အပြန်အလှန် တုန်လှုပ်ချောက်ချားနေသော အကြည့်များကိုဖလှယ်လိုက်ကြသည်။ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုး ကိုတစ်ခါမှ မကြားဖူးပေမယ့် ယခုသူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကြောင့် ယုံမှရတော့မည်ဖြစ်သည်။
"ဒါဆို ထုပ်ပိုးပြီး ထွက်သွားကြတာပေါ့... အကုန်လုံး စီစဉ်ပြီး မကြာခင် ငါတို့ ထွက်သွားဖြစ်တော့မှာ" ဆိုကာ ကျန်းရွေ့သည် ချောက်ချားစရာ နေရာတွင် တစ်ခဏမျှတောင် မနေချင်တော့ကြောင်း ပြောလာခဲ့သည်။
"ခဏလေး" ဖန်ချန်း ရုတ်တရက် ကြားဝင်ဖြတ်ပြောလိုက်သည်။ "ပထမထပ်က လင်မယားကို မှတ်မိကြသေးလား?"
"မှတ်မိတာပေါ့... သူတို့ကဘာဖြစ်လို့လဲ" သူတို့သည်စကားစမြည်ပြောကြရင်းလှေကားနား လျှောက်လာခဲ့ကြသည်။
"သူတို့....သေသွားကြပြီ" ဖန်ချန်း ကပြောလိုက်သည် ..."ကျွန်တော် လူတော်တော်များများကို သူတို့အကြောင့် လိုက်မေးဖူးပေမယ့် တစ်ယောက်ကမှ မမှတ်မိကြဘူး"
ဝမ်ဟွေ့ဝမ်က ၎င်းကို ဟာသတစ်ခုအဖြစ် ငြင်းဆိုချင်သော်လည်း ရယ်စရာ တစ်နေရာမှမတွေ့ခဲ့ရပေ။
ဖန်ချန်း က "ကျွန်တော်တို့ အချင်းချင်းကရော တကယ်သိကြရဲ့လား?" သူကမေးပြီးနောက် ခေါင်းစောင်းလိုက်သည်။
ဝမ်ဟွေ့ဝမ်ရဲ့ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး သူမ၏ လက်မောင်းများပေါ်တွင် ကျက်သီးများထလာတော့သည်။
ဒီမေးခွန်းကို သူမ လေးလေးနက်နက် မစဉ်းစားရသေးခင်မှာဘဲ ကျန်းရွေ့က "ညီလေးရေ ဒီအချိန်က လူတွေကို ထိတ်လန့်အောင်ပြောရမယ့် အချိန်မဟုတ်ဘူး...မင်းလည်း မြန်မြန်လေး မင်းပစ္စည်းတွေ ထုပ်ပိုးပြီးတော့ ဒီနေရာကနေထွက်သွားသင့်တယ်!"
ဖန်ချန်း၏ မျက်လုံးများသည် လက်တွေ့ဘဝဆီ ပြန်လည်ရောက်ရှိသွားသလို တုန်ခါသွားသည်။ သူမျက်လုံးများက အနည်းငယ် ဝမ်းနည်းရိပ်သန်းသွားပြီး "...အမ်... ရပါတယ်" ဟုပြန်ပြောကာ ခေါင်းငုံ့ထားလိုက်သည်။
"ဖန်ချန်း" နျဲ့ရှီက အနောက်ကနေ ခေါ်လာသည်။ ဖန်ချန်း က လှည့်ကြည့်လိုက်ပြီး "ငါ အဆင်ပြေပါတယ်" ဟု သဘာဝအတိုင်း ပြန်တုံ့ပြန်ခဲ့သည်။
"ဒီကိစ္စကို တခြားသူတွေရော သိလား" ဝမ်ဟွေ့ဝမ်ကမေးလာသည်။
ဖန်ချန်း က သူ့ခံစားချက်တွေကို ခွဲခြားလိုက်ပြီးနောက် ထိုစုံတွဲကို "သူတို့ကို ပြောပြသင့်လား?"
"ငါတို့ ပြောသင့်တယ်၊ ငါတို့တကယ် ပြောသင့်တယ်!" ကျန်းရွေ့ စိတ်အားထက်သန်စွာ ချက်ခြင်းပြန်ဖြေလာပေမယ့်သူတွေးလိုက်ပြီးနောက် "ဒါပေမယ့် သာမာန်လူတွေက မယုံကြလောက်ဘူးမလား?"
"အနည်းဆုံးတော့ သူတို့ကို ကြိုသတိပေးသင့်တယ်ထင်တယ်" စုံတွဲသည် အောက်လှေကားထစ်များပေါ်တွင် ရပ်နေချိန်တွင် ဖန်ချန်းသည်လှေကားထိပ်တွင် ရပ်နေသည်။ သူသည် သူတို့ကို ငုံ့ကြည့်လိုက်သည်။
"ကောင်းပြီ ငါတို့ ခရီးဆောင်အိတ်တွေ ထုပ်ပိုးပြီးတာနဲ့ ချက်ချင်း လိုက်ပြောလိုက်မယ်" ခရီးဆောင်အိတ်က ပိုအရေးကြီးလား ဒါမှမဟုတ် ဒီကိစ္စက ပိုအရေးကြီးတာလား ...?
ဖန်ချန်းက ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကျွန်တော်တို့ အပေါ်ထပ်ကို အရင်တက်လိုက်မယ်... အောက်ထပ်က အိမ်နီးချင်းတွေကို ဒီကိစ္စအကြောင်းပြောဖို့ မင်းတို့ကို နှောင့်ယှက်ရအုံးမယ်"
ဝမ်ဟွေ့ဝမ် နှင့် ကျန်းရွေ့သို့အောက်ထပ်သို့ဆင်းလာပြီးသည်နှင့် ဆန့်ကျင်ဘက်တံခါးပွင့်လာသည်ကိုတွေ့လိုက်ရသည်။ ကောင်းချန်သည် တံခါးဝတွင်ရပ်နေပြီး နဖူးမှချွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ "ဘာတွေဖြစ်နေကြတာလဲ?"
*********
ဖန်ချန်း နှင့် နျဲ့ရှီ တို့သည် ပဉ္စမထပ်သို့ အတူတူသွားခဲ့ကြပြီး တံခါးကို ခေါက်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှမရရှိခဲ့ပေ....ကြည့်ရတာ အလုပ်သွားတာ ဖြစ်နိုင်သည်။
"ပြောရရင် ပဉ္စမထပ်မှာဆို ငါက ရှဲ့ယင်းကိုပဲ သိတာ သူမရဲ့ တစ်ဖက်မှာ ဘယ်သူနေလဲ မင်းသိလား?"
နျဲ့ရှီက ခေါင်းခါလိုက်သည်။
"ဒါဆို ငါတို့ အပေါ်ထပ်တက်ကြမလား" ဖန်ချန်းက သူ့စိတ်ထဲမှာ သဲလွန်စတစ်ခုရှိနေသော်လည်း မေးလိုက်သည်။
အပေါ်ထပ်တက်တာက အချည်းအနှီးဖြစ်နိုင်လောက်သည်... ဘယ်သူမှ အဲဒီ့မှာ မရှိတာလည်းဖြစ်နိုင်လောက်သည်။
နျဲ့ရှီက ဖန်ချန်းအား ငြိမ်သက်စွာကြည့်လာပြီး ထိုအကြည့်သာ သူက ဖန်ချန်းဆုံးဖြတ်ချက်ကို လက်ခံမည်ဟုဆိုလိုသည်။
ဖန်ချန်း သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူ၏ ကနဦးဆုံးဖြတ်ချက်ဖြင့် လှေကားကနေတက်ရန် ဆုံးဖြတ်လိုက်သေးသည်။
ဆဌမထပ်၊သတ္တမထပ်၊ရှစ်လွှာ...
ဘယ်သူမှမရှိနေသည့်ပုံပင်....
ဖန်ချန်း ၏ ခြေထောက်များသည် အနည််းငယ် အားပျော့သွားသလို ခံစားလိုက်ရပြီး နျဲ့ရှီကို သနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်သည်.."ငါတို့ ဓာတ်လှေကားနဲ့ ဆင်းကြမလား"
"ကောင်းပြီလေ"
ဓာတ်လှေကားအတွင်းရောက်မှ ဖန်ချန်းက “မင်း...လုံးဝမကြောက်ဘူးလား?” လို့ မေးလိုက်သည်။
နျဲ့ရှီက ခေါင်းခါပြလာသည်။ "အဲဒီအရာတွေကို သတ်လို့ရတယ်"
"ဒါပေမယ့် ဒီနေရာက ထူးဆန်းလွန်းတယ်" ဖန်ချန်းက နျဲ့ရှီကို တစ်ချက်ကြည့်လိုက်ပြီး တွေးလိုက်သည်- မင်း အပါအဝင်ပေါ့....ဟိုလင်မယားတောင် နျဲ့ရှီအပေါ်သံသယအချို့ရှိနေသည်ဟု သူထင်သည်။
သူတို့သည် စတုတ္ထထပ်သို့ ပြန်လာခဲ့ကြပြီး ဖန်ချန်း သည် တင်းတင်းကြပ်ကြပ်ပိတ်နေသည့် ဖန်ချန်းရဲ့တိုက်ခန်းတံခါးကို တိတ်ဆိတ်စွာ ရင်ဆိုင်လိုက်ရသည်။
"ဖွင့်ကြည့်ချင်လား?" နျဲ့ရှီကမေးလာသည်။
"ငါတို့ အဲဒါကို စမ်းဖွင့်ကြည့်လိုက်ရင် ကောင်းကောင်းပိတ်လို့မရလောက်တော့ဘူး မလား? ထားလိုက်တော့ သော့ပြင်ဆရာ ကိုပဲ ရှာကြည့်လိုက်မယ်..." ဖန်ချန်း ၏ စကားလုံးများပြီးသည်နှင့် ဒီအထပ်ပေါ်ရှိ ဓာတ်လှေကားတံခါးများ ရုတ်တရက်ပွင့်လာခဲ့သည်။
"ဖန်ချန်း..." သိမ်မွေ့နူးညံ့သော အမျိုးသမီးအသံသည် အတွင်းမှ ထွက်ပေါ်လာသည်။
ဖန်ချန်း လှည့်ကြည့်လိုက်ရာ ဖန်ယင်းယင်းသည် ဓာတ်လှေကားမှ ထွက်လာခဲ့သည်။
ဖန်ချန်းကိုတွေ့လိုက်သည်နှင့်ပင် သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ဖန်ချန်းကနေရာတွင်ပင် အေးခဲသွားပြီး နျဲ့ရှီကို အကူအညီတောင်းရန် လှည့်ကြည့်လိုက်သည်။
နျဲ့ရှီက မည်သည့် တုံ့ပြန်မှုမှမပြဘဲ ဖန်ချန်း၏အကြည့်များကို တိတ်တဆိတ်ပြန်ကြည့်လာခဲ့သည်။
သူတို့ ခဏလောက် မျက်လုံးချင်းဆုံနေကြပြီး နျဲ့ရှီက သူအချက်ပြတာကို လက်ခံလိုက်သလိုမျိုး ခေါင်းကို လှည့်ကာ ဖန်ယင်းယင်းအား "ငိုရတာ မဝသေးဘူးလား?"ဟုပြောလိုက်သည်။
ဖန်ယင်းယင်းက ပိုလို့တောင် ငိုလာတော့သည်။
ဖန်ချန်း : "....."
"ကျွန်မ ရုတ်တရက်ကြီး ကျွန်မမိဘတွေဆီ ဆက်သွယ်လို့မရတော့ဘူး...."
ဖန်ယင်းယင်းက သည်းထန်စွာကိုနေတာ တွေ့တော့ ဖန်ချန်းမှာ မလှုပ်မယှက် ရပ်နေရာကနေ အရှေ့လှမ်းပြီး မျက်ရည်တချို့ သုတ်ပေးလိုက်သည်။
"ကျွန်မ... မနေ့ညက ကော်ရစ်ဒါမှာ ငိုသံကြားလိုက်ရတယ်...ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး ဒီနေ့ကြတော့ ဘယ်သူ့ကိုမှ ဖုန်းဆက်လို့မရတော့ဘူး! ကျွန်မ...အင့်...ကျွန်မ....မိသားစုကိုလည်း ဆက်သွယ်လို့ရတော့ဘူး"
ဖန်ချန်းက မတုံ့ပြန်နိုင်မီမှာဘဲ အောက်ထပ်မှ အမျိုးသမီးတစ်ဦး၏ အသံက ပဲ့တင်သံထွက်လာသည်။
ဖန်ချန်းနှင့်နျဲ့ရှီတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အောက်ထပ်ကို ဆင်းသွားလိုက်ကြသည်။ နျဲ့ရှီက လက်ရန်းပေါ်ကနေ ကျော်ကာ ခုန်ဆင်းလိုက်သည်။ လိုက်လျောညီထွေရှိသော လှုပ်ရှားမှုများဖြင့် တတိယထပ်သို့ ကျွမ်းကျင်စွာ ဆင်းသက်လိုက်သည်။ ဖန်ယင်းယင်းက သူတို့ရဲ့ လျင်မြန်သော လှုပ်ရှားမှုများကို မြင်လိုက်ရတာကြောင့် အနည်းငယ် တုန်လှုပ်သွားပြီး သူတို့နောက်ကို အမြန် ပြေးလိုက်သွားခဲ့သည်။
ဒုတိယထပ်၏လှေကားအလယ်သို့ရောက်သောအခါ ဖန်ချန်းသည် ရုတ်တရက် ခေါင်းလောင်းသံတစ်ခုကြားလိုက်ရသည်။ သူ့စိတ်ထဲတွင် ကြေးဝါရောင်မျက်လုံးတစ်စုံက ထင်ဟပ်လာပြီး ခြေထောက်များ အားပျော့သွားတော့သည်။ပြုတ်ကျမသွားခင် အချိန်တိုလေးအတွင်းမှာပဲ နျဲ့ရှီက သူ့ကို လှမ်းဖမ်းလိုက်သည်။
"ဖန်ချန်း ရှင်အဆင်ပြေရဲ့လား?" ဖန်ယင်းယင်း က သူတို့နောက်ကနေ လှမ်းမေးလာသည်။
နံရံကိုမှီထားကာ ဖန်ချန်းသည် သူ့ရဲ့အသိစိတ်များက ဆန်းကြယ်တေပြီး မှုန်ဝါးဝါးဖြစ်နေတာကိုခံစားလိုက်ရသည်။ ဖန်ယင်းယင်းဆီမှ အသံတစ်ခုသည် သူ့နားထဲတဆတ်ဆတ် တုန်ခါသွားပြီး ခေါင်းကိုက်သွားသည် ။
ဖန်ချန်း သည် သည်းမခံနိုင်တော့ဘဲ ထကာ လှေကားပေါ် တိုက်ရိုက်တက်လိုက်သည်။
ဖန်ယင်းယင်းကို လှမ်းကိုင်လိုက်ပြီး ဖန်ချန်း၏ အကြည့်များသည် လှုပ်လှုပ်ရွရွ ဖြစ်နေသော သူမ၏ စကတ် ဘောင်ပေါ်သို့ ကျရောက်သွားသည်။
ရုတ်တရက် သူ့နားထဲမှာစကားသံအချို့က ပဲ့တင်ထပ်သွားပြီး ပေါက်ကွဲတော့မလိုမျိုးခေါင်းက တုန်ခါသွားသည်။
"ဖန်ချန်း....မင်းကော...မင်းမိသားစုနဲ့ရော မဆက်သွယ်ဘူးလား?"
"မင်းကိုဘယ်သူမှမလိုချင်ဘူး....ဘယ်သူမှ မင်းကိုမလိုချင်ဘူး!"
"ဖန်ချန်း... မင်း တခြားကလေးတွေ ထပ်ရိုက်ပြန်ပြီလား!"
"မင်းဘဝက အလားအလာမရှိတာကို ငါမြင်ပြီးပြီ။ အငယ်တန်းကျောင်းပြီးရင် အလုပ်လုပ်စားချည်တော့!!”
တစ်ချိန်က မှုန်ဝါးနေသော အမှတ်တရများ၏ အပိုင်းအစတစ်ပိုင်းသည် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။
သူ့မှာ သွားစရာနေရာမရှိဘူး...
သူ့မှာ မိဘမရှိဘူး.....
သူက မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့တဲ့ မိဘမဲ့ကလေးပင်ဖြစ်သည်.......