Ch11 ပြန်လာရာနေရာ
"တကယ်ကိုပဲ ဘာတွေဖြစ်နေတာလဲ?" ကောင်းချန်သည် ကျန်းရွေ့တို့လင်မယား အပေါ်ထပ်မှဆင်းလာတာကို တွေ့တာကြောင့် ချက်ချင်းမေးလိုက်သည်။
ဝမ်ဟွေ့ဝမ် နှင့် ကျန်းရွေ့တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အခြေအနေတစ်ခုလုံးကို အသေးစိတ်ရှင်းပြလိုက်သည်။
သူ့ကိုရှင်းပြပြီးတာနဲ့ သူတို့ပတ်သက်မှုက ပြီးဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ကောင်းချန်က အကြံထပ်ပြုလာမယ်လို့ ဘယ်သူကထင်မှာလဲ.... "ဖန်ချန်းက တခြားသူတွေကို အသိလိုက်ပေးဖို့ ပြောခဲ့တာမလား...? ဒါဆိုကျွန်တော်လည်း မင်းတို့နဲ့အတူလိုက်ခဲ့မယ်" သူ့လက်ထဲတွင် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားကာ မျက်နှာပေါ် တွင်အပြုံးတစ်ခုချိတ်ဆွဲထားရင်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။
ကျန်းရွေ့က ချက်ချင်း ငြင်းပယ်လိုက်ပြီး "ကိုယ့်ကိုကိုယ် ဒုက္ခမခံပါနဲ့... ကျွန်တော်တို့ဘာသာ ပစ္စည်းတွေ ထုပ်ပြီးတာနဲ့ သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်"
"အိုး လုပ်စမ်းပါ...အဲ့လို မပြောပါနဲ့....ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ဘာမှ လုပ်စရာမရှိတဲ့အတူတူ မင်းတို့နဲ့ အတူတူ အောက်ထပ်လိုက်ဆင်းပြီး အခြေအနေတွေကို တစ်ချက်လိုက်ကြည့်မလို့" ကောင်းချန်သည် လက်ကိုင်ပုဝါဖြင့် လည်ပင်းရှိ ချွေးများကို ထပ်သုတ်လိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ..." ကျန်းရွေ့က ခေါင်းညိတ်ပြလိုက်သည်...."ဒါဆို ကျွန်တော်တို့အဆင်သင့်ဖြစ်ရင် ဖုန်းဆက်လိုက်မယ်နော်"
ထို့နောက်နှစ်ယောက်သား သူတို့တိုက်ခန်းကို ပြန်သွားခဲ့ကြပြီး တိုက်ခန်းထဲရောက်တာနဲ့ ဝမ်ဟွေ့ဝမ်က ချက်ချင်းမေးလာသည်..... "ရှင်...တကယ်ပဲ အောက်ထပ်တွေကိုလိုက်ဆင်းပြီး တခြားသူတွေကို လိုက်အကြောင်းကြားဖို့ စီစဉ်နေတာလား?"
ကျန်းရွေ့က အနည်းငယ် စိတ်တိုသွားပြီး "မြန်မြန်လုပ်စမ်းပါ ထုပ်ပိုးဖို့လုပ်... ပစ္စည်းတွေ မြန်မြန်အသင့်ပြင်ပြီး မြန်မြန်ထွက်သွားကြရအောင်...ငါ ဒီကျိန်စာမိနေတဲ့ နေရာမှာ နောက်ထပ် တစ်စက္ကန့်တောင် မနေချင်တော့ဘူး!"
"ကျွန်မလည်း နေချင်တယ်လို့ ရှင်ထင်နေတာလား!!" ဝမ်ဟွေ့ဝမ်လည်း စိတ်ဆိုးသွားသည်.... "ကြည့်လေ... ရှင် ဒီလိုစက်ဆုပ်စရာ တိုက်ခန်းကို ဝယ်ထားခဲ့လို့ ကျွန်မတို့ အခု ဒီလိုအရှုပ်တော်ပုံထဲရောက်နေရတာမလား!!"
"ကောင်းပြီ!ကောင်းပြီ မင်းစကားများနေတာတွေ တော်လောက်ပြီ!!"
သူတို့ မနေ့ညထဲစ ပစ္စည်းအများစုကို ထုပ်ပိုးထားခဲ့ပြီးဖြစ်သည်။ တစ်ညလုံး ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများကို ကြာရှည်စွာခံခဲ့ရပြီး...နောက်ဆုံးတွင် ဤငရဲဘုံမှ ရုန်းထွက်နိုင်တော့မည်ဖြစ်သည်။
"ဒါနဲ့...ကျွန်မတို့တွေ နောက်ကြ ဘယ်မှာသွားနေကြမလဲ?" ဝမ်ဟွေ့ဝမ်က ဆိုဖာပေါ်တွင် ထိုင်နေကာ ဖုန်းစခရင်ကို လော့ခ်ဖွင့်လိုက်ပြီး "ဒီတိုက်ခန်း ထွက်သွားတာနဲ့ ကျွန်မ... ဘယ်မှာနေရတော့မှာလဲ"
"အိုက်ယား မင်းစိတ်ပူနေတာကို ကိုယ်နားလည်တယ် ဟုတ်ပြီလား?... လောလောဆယ် ကိုယ်တို့ ဒီကနေ အမြန်ထွက်သွားပြီးမှ အဲဒါကို ပြောကြရအောင်..." ကျန်းရွေ့က ဝတ်ကျေတန်းကျေ ပြန်ဖြေပြီးနောက် လှည့်ကြည့်လိုက်ရာ ဝမ်ဟွေ့ဝမ်က ခြေထောက်နှစ်ဖက်ကိုချိတ်ထားပြီး ဆိုဖာပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူက သူမ၏ ပြောင်လက်ပြီး ပန်းနုရောင်သန်းနေတဲ့ ပါးပြင်ကို နမ်းလိုက်သည်။
နှစ်ယောက်သား သဲကြီးမဲကြီးစရစ်တွယ်ကာ နမ်းတော့မည့်အချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရသည်။ ကောင်းချန်က အပြင်ကနေ "ရွေ့ကော၊ ကျွန်တော်ပါ ကောင်းချန်.... မင်းတို့အဆင်သင့်ဖြစ်ပြီလား..? အောက်ထပ်အတူတူဆင်းရအောင်လေ"
ကျန်းရွေ့က သက်ပြင်းချလိုက်ပြီးတုံ့ပြန်တော့မည့်အချိန်မှာပဲ ဝမ်ဟွေ့ဝမ်ကသူ့ကိုတားလိုက်သည်။ "ရှင်ဘာလုပ်မလို့လဲ? ကျွန်မတို့ တကယ်ပဲသူနဲ့အတူတူဆင်းကြမှာလား?"
"အင်း...မဟုတ်လည်း ငါတို့ဘာလုပ်နိုင်မှာလဲ? သူလည်း တံခါးလာခေါက်နေပြီ... မြန်မြန်သွားကြရအောင်"
ဝမ်ဟွေ့ဝမ်က မတ်တပ်ထရပ်လိုက်ပြီး "အဲ့လူမှာ ပြသနာတစ်ခုခုရှိနေတာ သေချာတယ်... သူကိုင်ထားတဲ့ လက်ကိုင်ပုဝါကို ရှင်မြင်လိုက်လား? ပန်းရောင်ကြီးဖြစ်နေတာလေ!! ရှင်ပြောကြည့် သူ့ကြည့်ရတာ နှာဘူးကြီးနဲ့မတူဘူးလား"
"လုံလောက်ပြီ! မင်းအသံကို လျှော့ပြောစမ်းပါ ဒီတံခါးက အသံလုံတယ်လို့ မင်းထင်နေတာလား?"
တံခါးကပွင့်သွားပြီး ကျန်းရွေ့ နှင့် ဝမ်ဟွေ့ဝမ်တို့သည် လက်ချင်းချိတ်ကာထွက်လာကြသည်။ သူတို့ကြည့်ရတာပြီးပြည့်စုံတဲ့ စုံတွဲလေးအတိုင်းပင်....
သူတို့ ဒုတိယထပ်ကို ဆင်းလာခဲ့ကြကာ ကျန်းရွေ့သည် တိုက်ခန်းတံခါးတစ်ခုကို ခေါက်လိုက်ပြီးနောက် ထိုတိုက်ခန်းသည်သော့ခတ်မထားဘဲ အလွယ်တကူတွန်းဖွင့်လို့ရကြောင်းသိလိုက်ရသည်။
တိုက်ခန်းထဲက တံခါးဝအနီးတွင် အနက်ရောင် အမွေးအမှင်များဖြင့် တစ်ခုခုသည် ကြမ်းပြင်ပေါ်တွင် ရှိနေသည်။ ကျန်းရွေ့သည် အနီးကပ်ကြည့်ရန် ငုံ့ကိုင်းလိုက်ပြီး ထိုအရာကဘာလဲဆိုတာ အဖြေရှာရန် ကြိုးစားလိုက်သည်။ ထို့နောက် ထူထပ်သောဆံပင်အရှုပ်အထွေးများကြားတွင် ပန်းနုရောင်အရေပြားအသားစများကိုတွေ့လိုက်ရသည်။
ဝမ်ဟွေ့ဝမ်သည် ရုတ်တရက် ထိပ်လန့်တကြီးအော်ဟစ်လိုက်ပြီး ထိတ်လန့်နေတဲ့ ကျန်းရွေ့သည်လည်း တစ်ကိုယ်လုံး အေးစက်သွားကာချွေးစေးများကျလာတော့သည်။
ဖန်ချန်းနှင့် တခြားသူများလည်း အော်သံကြားသဖြင့် အောက်ထပ်ကို ဆင်းလာခဲ့ကြသည်။
မကြာသေးမီက တံခါးရှေ့မှာ အေးခဲနေခဲ့တဲ့ ဝမ်ဟွေ့ဝမ်နဲ့ ကျန်းရွေ့တို့သည် အခုမှာတော့ လှေကားကို အသည်းအသန် တက်နေကြပြီဖြစ်သည်။
ဖန်ချန်းသည် ခဏအနားယူနေရာမှ မတ်တပ်ထရပ်လိုက်ပြီးအမြန်ဆင်းရန်လုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကအနည်းငယ်တုန်နေပြီး မတည်မငြိမ်ဖြစ်နေဆဲဖြစ်တာကြောင့် နျဲ့ရှီက သူ့ကို လက်တစ်ဖက်ဖြင့် ထိန်းပေးထားသည်...ရုတ်တရက် ကျန်းရွေ့တို့လင်မယားနှစ်ယောက်က လှေကားကနေပြေးတက်လာတာကြောင့် လှေကားပေါ်မှာနှစ်ဖက်ညှပ်မိသလိုဖြစ်သွားကြကာ တစ်ယောက်ကိုတစ်ယောက် တိုက်မိပြီးဖိမိသွားကြသည်။
နျဲ့ရှီက ဖန်ချန်းကိုဖိမိမှာစိုးတာကြောင့် နံရံကို လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်ပြီး ဖန်ချန်းကို သူ့လက်မောင်းထဲထည့်ကာ ကာကွယ်ပေးထားသည်။
ကောင်းချန်က ထိုဇနီးမောင်နှံ၏နောက်မှာ ရပ်နေခဲ့တာကြောင့် သူတို့လင်မယားနှစ်ယောက်မြင်ခဲ့ရသည့် ကြောက်မက်ဖွယ်ရာမြင်ကွင်းကို သူ မမြင်နိုင်ခဲ့ပေ။
သူက စိတ်ရှုပ်ထွေးစွာဖြင့် "အထဲမှာ တစ်ယောက်ယောက်မူးလဲနေလို့လား..." ဟုပြောလိုက်သည်။
သူက တစ်ဝက်သာပိတ်ထားတဲ့ တိုက်ခန်းတံခါးကို တစ်ချက်ကြည့်လိုက်၊ ဖန်ချန်းနဲ့ တခြားသူတွေကိုပြန်ကြည့်လိုက်ဖြင့် နေရာမှာတင်အေးခဲနေလေသည်။
"ဘာဖြစ်တာလဲ?" ဘယ်သူကမှ စကားမပြောလာတဲ့အတွက် ကောင်းချန်ကတခြားဟာထပ်မေးလိုက်သည်.. "သူကရော ဘာဖြစ်တာလဲ?" စောနလေးကပင် ဖန်ချန်းသည် ယိုင်ကျသွားပြီး လှေကားပေါ်တွင် ထိုင်နေတာကို သူမြင်ခဲ့လိုက်ရသည်။
"ကျွန်မလည်း....မသိဘူး" ဖန်ယင်းယင်းက အံသြစွာပြောလာသည်....နျဲ့ရှီက ရှင်းပြဖို့ ရည်ရွယ်ချက်မရှိတာကို မြင်တော့ သူမကပဲဆက်ပြီး "သူက ရုတ်တရက်ကြီး..."
"....ဘာမှမဖြစ်ဘူး" ဖန်ချန်းက နံရံကို ခေါင်းနဲ့မှီလိုက်ပြီး နျဲ့ရှီသည် သူ့လက်များကို ဖြည်းညှင်းစွာ ဖယ်လိုက်ကာ သူ့ကို စောင့်ကြည့်လာသည်။
"ဒီတိုင်း....ရုတ်တရက် မူးသွားလို့"
ဖန်ချန်းသည် သူ့အတိတ်အကြောင်းကို သိပ်ပြီးမမှတ်မိပေ။ သူသည် မိဘမရှိသော မိဘမဲ့တစ်ဦးဖြစ်ပြီး ဘယ်မှသွားစရာမရှိပေ... အဲ့ဒါအပြင် တခြားဘာကိုမှ မမှတ်မိသေးချေ။ ထိုမှတ်ဉာဏ်များသည် အစကတည်းက သူအပိုင်ပင်ဖြစ်ခဲ့သော်လည်း အခုလို သူတို့ကို ပြန်သတိရလာတာက သူ့အတွက်တော့ စိတ်လှုပ်ရှားစရာ အများကြီးမရှိပေ။
ခေါင်းစောင်းလိုက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ခေါင်းလောင်းသံကို ဘာလို့ရုတ်တရက် ကြားလိုက်ရတာလဲဟုအံ့သြမိသွားသည်။
"ဘာလို့ပြေးလာကြတာလဲ" ဖန်ချန်းက မေးလိုက်သည်။
"ကျွန်တော်လည်းမသိဘူး...သူတို့က တံခါးကိုဖွင့်ပြီးတာနဲ့ ရုတ်တရတ်အော်ပြီး ပြေးသွားကြတာ"ကောင်းချန်က တံခါးရှေ့ကို လျှောက်သွားပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။
"မနေ့က အလုပ်ပြီးလို့ တခြားသူတွေကို လိုက်မေးကြည့်တာ သူတို့အားလုံးက အန်တီဝူကို မမှတ်မိဘူးလို့ပြောတယ် အန်ကယ်ဝူရော အတူတူပဲ... မနေ့ညက ကျန်းရွေ့တို့ရဲ့ အဖြစ်အပျက်ကိုလည်း ကြားလိုက်ရတယ်”
သူက တံခါးလက်ကိုင်ပေါ် ၌လက်ကို တင်လိုက်သည်... "အခုတော့ ကျွန်တော်စပြီး ယုံရတော့မယ်" ဘာပဲဖြစ်ဖြစ် သဲလွန်စနဲ့သံသယအရိပ်အမြွက်တွေက သူ့စိတ်ထွက်ပေါ်လာဆဲပင်...
တံခါးက ထပ်တွန်းဖွင့်ခံလိုက်ရပြီး လူတစ်ဦးသည် ဝင်ပေါက်တွင် လဲကျနေလေသည်။
အင်း..."လူ" လို့တောင် ပြောလို့ရပါတော့မလား.... အမွှေးအမျှင်များသည် ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းထားပြီး ပန်းရောင်အသားစများကတစ်စွန်းတစ်စထွက်ပေါ်နေသည်။ အမွှေးအမျှင်များ အလွန်ထူထပ်ကာရစ်ပတ်နေပြီး အသားထဲက အဆီများကို ညှစ်ထားနေပုံပင်ရနေသည်။ သူ့မျက်နှာသည်လည်း တစ်စုံတစ်ခုကြောင့် စုတ်ပြဲပြီး ကွဲအက်နေပုံပေါ်သည်။
ကောင်းချန်သည် ထိုနေရာတွင်ပဲ မလှုပ်မယှက် ရပ်နေမိတော့သည်။
ဖန်ချန်းက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ဒါကြောင့် သူ့ခြေထောက်ကို မြှောက်ပြီး လှေကားပေါ်ကနေ ဆင်းခါနီးမှာ သူ့ကော်လာကို တစ်စုံတစ်ယောက်က ဖမ်းဆွဲတာခံလိုက်ရသည်။
နျဲ့ရှီက ဖန်ချန်း၏ကော်လံကို ဖမ်းဆွဲထားပြီး သူ့နောက်ကျောဘက်ကို ပို့လိုက်သည်။ ထို့နောက် အောက်ကိုလျှောက်လာခဲ့ပြီး ကောင်းချန်ကို တွန်းဖယ်လိုက်ကာ တစ်ချက်မျှပင် မကြည့်သွားဘဲ တိုက်ခန်းထဲ ဝင်သွားခဲ့သည်။
ထို့နောက် ကောင်းချန်သည် နံရံကို ချက်ချင်းမှီ၍ ရေထဲကနေထုတ်ခံလိုက်ရတဲ့ ရွှေငါးလိုမျိုး "O" ပုံစံမျိုး ပါးစပ်အဟောင်းသားဖြစ်နေကာ ဟစိဟစိဖြင့်အသက်ပြင်းပြင်းရှူနေတော့သည်။
အခန်းထဲတွင် ပုပ်သိုးသိုး အနံ့ဆိုးများ ရှိနေသည်။ ဖန်ချန်းသည် နျဲ့ရှီနောက်ကို လိုက်လာခဲ့ပြီး တံခါးထဲလိုက်ဝင်လိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ "အမွေးအမှင်လူ" ကို တွေ့လိုက်ရတာကြောင့် ချက်ချင်း နောက်ပြန်ဆုတ်မိသွားသည်။ သူ ကြောက်ဖို့တောင်အချိန်မရှိလိုက်ဘူး ဆတ်ခနဲ ခေါင်းကိုလှည့်ကြည့်လိုက်တော့ သေချာတာပေါ့ ဖန်ယင်းယင်းက သူ့နောက်မှာ ရပ်နေခဲ့သည်။
"အားးးးးးး!!!" အော်ဟစ်သံတစ်ခုက အဆောက်အအုံတစ်ခုလုံးကို ပြည့်နှံ့သွားသည်။
ဖန်ယင်းယင်းက အပြင်းအထန် ငိုယိုလာပြီး တုန်တုန်ယင်ယင်ဖြင့် ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ် ကိုလဲကျသွားသည်။
ဖန်ချန်းက ကြမ်းပြင်ပေါ်ရှိလူကို ရှင်းရှင်းလင်းလင်း မကြည့်လိုက်ရသေးမီမှာပဲ နျဲ့ရှီက သူ့မျက်လုံးများကို အနောက်ကနေ ဖုံးအုပ်လာခဲ့သည်။
"သူ သေသွားပြီ" နျဲ့ရှီက မြေပြင်ပေါ်ရှိ အမွေးအမှင်များဖုံးနေပြီးတော့ ပွစိပွစိ ဖြစ်နေတဲ့ ထိုသူ၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။
မျက်နှာကို သတိမထားနိုင်လောက်အောင် စုတ်ဖြဲခံထားရပြီး သူ့တစ်ကိုယ်လုံးကို နူးညံ့ပျော့ပျောင်းတဲ့ အနက်ရောင်အမွှေးတွေနဲ့ ဖုံးအုပ်ခံထားရသည်။
အခန်းထဲတွင် လှုပ်ရှားသံအချို့နဲ့ ကလစ်ခနဲ သိုလှောင်ခန်း တံခါးဖွင့်သံ ကြားလိုက်ရသည်။
ဖန်ချန်းက နျဲ့ရှီ၏လက်ကောက်ဝတ်ကို စိတ်လှုပ်ရှားစွာထိတ်လန့်တကြား ဆုပ်ကိုင်လိုက်သည်။ နျဲ့ရှီက တစ်ဖက်လူ၏မျက်လုံးတွေကို ဖုံးအုပ်ထားတဲ့ သူ့လက်ကို ဖြေလျှော့လိုက်ပြီး "မင်းကြည့်ချင်လို့လား?" ဟုမေးလိုက်သည်။
"...မဟုတ်ဘူး" နျဲ့ရှီက သူ့လက်တွေကို ဖြေလျှော့လိုက်ပြီးဖြစ်ကာ ဖန်ချန်းဖြေတာက နည်းနည်းနောက်ကျသွားခဲ့သည်။
ကြမ်းပြင်ပေါ်တွင် လဲကျနေသော ထိုလူသေကောင်၏ ကြောက်စရာကောင်းသော မြင်ကွင်းကို ဖန်ချန်း မြင်လိုက်ရသည်။
ဖန်ချန်းသည် သွေးကြောတစ်ခုလုံး ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။ အသက်ပြင်းပြင်းရှူလိုက်ရင်း သူ့အသံက တုန်လှုပ်နေကာ "စောနက... တစ်ခုခု အသံကြားလိုက်ရလား?"
"အမ်းး" နျဲ့ရှီသည် ချက်ချင်းပင် ဆတ်ဆတ်တုန်နေသော တံခါးဆီသို့ လျှောက်သွားသည်။
"ခဏလေး!" ဖန်ချန်းက သူ့ကို တားချင်ပေမယ့် နျဲ့ရှီက တံခါးဖွင့်ပြီးသွားပြီဖြစ်သည်။
"ကလင်"
ခေါင်းလောင်းသံကြားလိုက်ရသည်.....
အဖြူအမည်းစပ်ကြောင်တစ်ကောင်သည် ပြေးထွက်လာခဲ့ပြီး နျဲ့ရှီ၏ ခြေထောက်အပေါ်ကို ချစ်ခင်စွာဖြင့် ခေါင်းလေးနဲ့ဝင်တိုးကာ ပွတ်သပ်လာသည်။
ဖန်ချန်းကိုလည်း ပွတ်သပ်ချင်သလိုမျိုး ရွှတ်ခနဲ ပြေးလာခဲ့သည်။ ဖန်ချန်းက လန့်သွားပြီး ချက်ချင်းရှောင်လိုက်ကာ သူ့နောက်က ဖိနပ်ပုံးကိုတိုက်မိသွားသည်။
ကြောင်လေးက "မြောင်" လို့အော်ပြီးတံခါးဝကနေ အမြန်ခုန်ထွက်သွားခဲ့သည်။
ကြမ်းပြင်ပေါ်မှာရှိနေတဲ့ ဖန်ယင်းယင်းက ပြင်းပြင်းထန်ထန် တုန်တက်သွားသည်။ ထိုမှသာ ဖန်ချန်းသည် ယခင်က ကော်ရစ်ဒါမှာ ဒီကြောင်လေးကို မြင်ဖူးကြောင်း မှတ်မိလိုက်သည်။
"အထဲမှာ ကြောင်တွေ...ခွေးတွေ ရှိနေတယ်" နျဲ့ရှီကပြောလာသည်... "သူတို့က... သေပြီးနေပြီ" နျဲ့ရှီကသူမြင်ခဲ့ရတာတွေကို ဆက်ပြောပြလိုက်သည်။
ဖန်ချန်းက အနားကိုမချဉ်းကပ်ချင်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို ဆွဲငင်သွားပြီး ထိုအနံ့ဆိုးထွက်နေသော အလောင်းများဆီသို့ ဆွဲခေါ်သွားသည်။
သိုလှောင်ခန်းထဲ၌ ခွေးနှင့်ကြောင် အလောင်းများ ပြည့်နှက်နေပြီး အချို့မှာ မှိုတက်နေကာ ဆွေးမြေ့နေပြီဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် စေးကပ်နေတဲ့ သွေးများသည် နီညိုရောင်ပြောင်းနေပြီဖြစ်ကာ အနံ့အသက်ဆိုးများကိုဖြစ်ပေါ်စေသည်။ ၎င်းတို့ကို သေချာစွာ အပုံနှစ်ပုံခွဲထားသေးပြီး စုစည်းထားသည်။
ဖန်ချန်းသည် ထိုအခိုက်အတန့်တွင် ဒီနေရာမှာရပ်နေတာတဲ့သူက သူအမှန်တကယ်မဟုတ်သလို လက်ရှိငြိမ်သက်နေသောအမူအရာက သူနှင့်မသက်ဆိုင်သလိုခံစားလိုက်ရပြီး မျှော်မှန်းထားသည့်အတိုင်းထိပ်လန့်မှုက နောက်ကျစွာဝင်ရောက်လာခဲ့သည်။ အညိုဖျော့ဖျော့မျက်လုံးများက တဖျပ်ဖျပ်ခတ်သွားပြီး ရှုပ်ထွေးသောခံစားချက်များသည် သူ့ရင်ဘတ်တွင် ပြည့်သွားကာ လက်ချောင်းထိပ်များက တောင့်တင်းသွားခဲ့သည်။
ရုတ်တရက် စောစောက ပထမထပ်ကနေကြားနေခဲ့တဲ့ ဒေါက်မြင့်ဖိနပ်သံ "ဒေါက်-ဒေါက်" များက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ တံခါးအပြင်ဘက်ရှိ လူသုံးဦးတွင် လူနှစ်ဦးသည် ခြေထောက်များ အားပျော့နေကာ လမ်းမလျှောက်နိုင်တော့ဘဲ ထိပ်လန့်အားငယ်နေသည့် မျက်လုံးများဖြင့်ရှိနေကြသည်။
ကောင်းချန်သည် အောက်ဆီဂျင်ပြတ်လပ်နေတဲ့ ထွားကျိုင်းသော ရွှေငါးတစ်ကောင်နှင့်တူနေကာ ပေါက်ထွက်လုနီးဖြစ်နေခဲ့သည်။ ထို့နောက် သူ၏မျက်လုံးများထဲကို အနီရောင်တစ်ခုက ဝင်လာခဲ့သည်။
ရှဲ့ယင်းသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ခေါင်းမှခြေဖျားအထိချွေးများ ရွှဲနစ်နေကာ လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။ ဖန်ယင်းယင်းနဲ့ ကောင်းချန်တို့ကို ဒုတိယထပ်မှာတွေ့လိုက်ရတော့ သူမချက်ချင်း စိတ်သက်သာရာရသလိုမျိုး လဲကျသွားသည်။ သူမက လှေကားပေါ်မှာထိုင်နေရင်း ခေါင်းပေါ်ရှိ ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ အသက်ကိုရှုသွင်းလိုက်ပြီး "ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်" လို့အထပ်ထပ်ရေရွတ်လာခဲ့သည်။
အရာအားလုံး ပရမ်းပတာပင်........
********
သူတို့အားလုံး ကောင်းချန်၏ တိုက်ခန်းကိုသွားခဲ့လိုက်ကြသည်။ တတိယထပ်မျက်နှာချင်းဆိုင်ရှိ တံခါးပွင့်နေပြီး ယခင်ပိုင်ရှင်တွေ၏ အရိပ်အယောင်ကိုပင် မတွေ့ရှိရတော့ပေ။ ဟိုလင်မယားနှစ်ယောက်သည် ဓာတ်လှေကားနဲ့ ဆင်းပြီး ထွက်သွားကြပြီဖြစ်သည်။ ကောင်းပြီ... ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်ကို ကြုံလာတဲ့သူတိုင်း ထွက်ပြေးချင်ကြမှာဘဲ မဟုတ်ဘူးလား..? သူတို့ကိုအပြစ်မတင်ပါဘူး....
ကံမကောင်းစွာပဲ...ထိုလင်မယားနဲ့မတူဘဲ သူတို့သည်သွားစရာနေရာမရှိခဲ့ပေ.....
ရှဲ့ယင်းက သူမနဖူးကို လက်ဖြင့် အုပ်လိုက်ပြီး ဘာစကားမှမပြောခင်မှာ သူမ စကားလုံးတွေကိုသေချာစဉ်းစားနေခဲ့သည်။သူမက "အပြင်မှာ....ဘယ်သူမှ မရှိနေဘူး... လူတစ်ယောက်မှ မရှိတော့ဘူး...ကျွန်မ ရုံးမှာအလုပ်လုပ်နေရင်း ရေခွက်လောက်သွားယူဖို့ ထမင်းခန်းကို သွားခဲ့လိုက်တယ်..ကျွန်မ...ကျွန်မ ပြန်ထွက်လာတော့ ရုံးတစ်ခုလုံး ဘယ်သူမှမရှိတော့ဘူး... လမ်းတွေကလည်း အကုန်ကွက်လပ်တွေ ချည်းပဲ၊ လူရိပ်တစ်ချက်တောင် မမြင်ရဘူး......." သူမက ခေတ္တရပ်ကာ ရေတစ်ငုံသောက်လိုက်ပြီး "အဲ့ဒီရပ်ကွက်နေ အပြန်လမ်းတစ်လျှောက်လုံး.. ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး" ဟု ဆက်ပြောခဲ့သည်။
ဖန်ချန်းက ခေါင်းကို ငုံ့လိုက်ပြီး လက်တစ်ဖက်က သူ့ခေါင်းပေါ် ရုတ်တရက် ကျလာခဲ့သည်။ သူ မော့ကြည့်လိုက်တော့ နျဲ့ရှီက သူ့ခေါင်းကိုအုပ်ကိုင်ထားတာကို တွေ့လိုက်ရသည်။ သူ့ခေါင်းကို ပြန်မြှင့်တင်လိုက်ရင်း နျဲ့ရှီ၏ လက်ဖဝါးကြီးထဲကနေ သူ့ကိုယ်သူ လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။
ဖန်ယင်းယင်းသည် ဆိုဖာထောင့်မှာ သူမကိုယ်သူမပွေ့ဖက်ထားကာ ဖန်ချန်းကို စိုက်ကြည့်နေသည်။
အခန်းသည် အဆင်မပြေဖြစ်လာပြီး ပူအိုက်မွန်းကြပ်လာသည်။ ဖန်ချန်းက ရုတ်တရက် ပြတင်းပေါက်ကို ဖွင့်ချင်လာခဲ့သည်။ လသာဆောင်သို့ထလျှောက်သွားလိုက်ပြီး လမ်းတွင် သူ့ပခုံးနဲ့ နျဲ့ရှီ၏လက်တို့ပွတ်တိုက်မိသွားသေးသည်။ ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် မြေကြီး၏ရနံ့ကို သယ်ဆောင်လာသည့် လန်းဆန်းသောလေနုအေးကဝင်ရောက်လာခဲ့ပြီး လေထုကို စိုစွတ်စေသည်။
ဖန်ယင်းယင်းသည် သူမကိုယ်သူမ ပိုပြီးတင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ရင်း အနည်းငယ် တုန်တက်သွားသည်။
"ဖုန်းဆက်လို့လည်းမရတော့ဘူး ... ဖုန်းလိုင်းတွေမပေါ်တော့ဘူး... ကမ္ဘာကြီးက တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ?"
ကောင်းချန်က သူ့လည်ပင်းကို သုတ်ဖို့ လက်ကိုင်ပုဝါကို ထပ်ထုတ်လိုက်ပြန်သည်။ အထည်တစ်ဝက်လောက်က ချွေးတွေနဲ့စိုနေပြီဖြစ်သည်။
ဖန်ချန်းသည် ပန်းရောင်ဖျော့ဖျော့လက်ကိုင်ပုဝါကို သတိပြုမိလိုက်ပြီး စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်ပြီးမှ မျက်လုံးများကို အမြန်လွှဲကာ ပြတင်းပေါက်ကို လှည့်ကြည့်လိုက်သည်။
"ဒါဆို ငါတို့ ဒီနေရာကနေ ဘယ်မှ မသွားနိုင်တော့ဘူးလို့ ပြောရမှာလား!!" ရှဲ့ယင်းက မေးလာသည်။
"အပြင်မှာ မိုးရွာနေလား?" ဖန်ချန်းက ရုတ်တရက် မသက်ဆိုင်တဲ့ မေးခွန်းတစ်ခုကို မေးလာခဲ့သည်။
ရှဲ့ယင်းသည် ခဏတာ စိတ်ရှုပ်ထွေးသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်..."အမ်း.. အပြင်မှာ မိုးရွာနေတာကကြာပြီ"
ဖန်ချန်း: "အခုက ဘယ်နှနာရီရှိပြီလဲ?"
ကောင်းချန်က သူ့နာရီကို ကြည့်လိုက်ပြီး "10:26"
"မနက်ပိုင်းလား?"
"ဟုတ်တယ်လေ"
ဖန်ချန်းသည် တဖြည်းဖြည်း မှောင်မဲနေသော ကောင်းကင်ကို ကြည့်လိုက်ပြီး နောက်သို့ လှည့်လိုက်ပြီး သူ့လည်ချောင်းများသည် ခြောက်သွေ့ကာ အက်ကွဲနေကာ မှတ်ချက်ချလာခဲ့သည်.. "ဒါပေမယ့် ကြည့်ရတာ မကြာခင် ညမိုးချုပ်တော့မလိုမျိုးပဲ"
*****************
ဒါကတော့ ဇာတ်ကောင်တွေရဲ့ အကျဉ်းချုပ်ပါ-
ပထမထပ်- ဝူလင်မယား(သေဆုံး) & ဖန်ယင်းယင်း
ဒုတိယထပ်: ရွီဝမ်လောင် (ဖန်ချန်းနဲ့ စကားပြောဖူးတဲ့ company အလုပ်သမားတစ်ဦး- သေဆုံး)
တတိယထပ်- ကျန်းရွေ့ နှင့် ဝမ်ဟွေ့ဝမ် စုံတွဲ & ကောင်းချန်
စတုတ္ထထပ် : ဖန်ချန်းနှင့် နျဲ့ရှီ
ပဉ္စမထပ် : ရှဲ့ယင်း
ခြောက်ထပ်မြောက် - တက္ကသိုလ်ကျောင်းသားလေး (ဖန်ချန်းနဲ့ ဓာတ်လှေကားထဲမှာ တွေ့တဲ့သူပါ)