Chapter 4
Viewers 202

Chapter-4 

(ရက်စက်မှု? အိပ်မက်တွေကရှုပ်ထွေးလွန်းတယ်)

တော်ဝင်စစ်တပ်၏ ရူးသွပ်စွာပစ်ခတ်နေမှုကြားတွင် ဗိုက်ကိုဖိထားရင်း ထိတ်လန့်တုန်လှုပ်နေသော အမဖြစ်သူကို ပထမဆုံးမြင်လိုက်ရသည်။ ထို့နောက် ဇာစ့် စစ်တပ်၏တိုက်ခိုက်မှုကိုခံရပြီးနောက် ပင်လယ်ဓါးပြများက သူ၏လူများကို သတ်ပစ်နေသည်ကို တွေ့ရပြန်သည်။

"....!"

ကျောင်းမြန်သည် သူ၏မျက်လုံးကိုရုတ်တရက်ဖွင့်လိုက်ချိန်တွင် ဖြူဖွေးနေသော မျက်နှာကြက်တစ်ခုကို မြင်လိုက်ရသည်။

ဘယ်ဘက်ကိုကြည့်လိုက်ချိန်တွင် နံရံတစ်ခုရှိနေပြီ ညာဘက်တွင်လည်း ထိုနည်းတူစွာပင်....။

ကျောင်းမြန်က အံ့သြသွားလေသည်။

ဘေးတွင်ထိုင်နေသောစီဆဲလ်သည် ကျောင်းမြန် နိုးလာသည်ကိုတွေ့သော် လက်ထဲမှစာရွက်ကိုချကာ ပြုံးလိုက်သည်။

"အဆင်မပြေတဲ့နေရာ ရှိသေးလား?"

ကျောင်းမြန်က လေသံတိုးတိုးလေးဖြင့်
"ကျွန်တော်....."

ကျောင်းမြန်သည် သက်တောင့်သက်သာရှိပြီး နူးညံ့သော ခုတင်ပေါ်တွင် လှဲနေလျက်ရှိပြီး ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသပေးခံနေရသောကြောင့် နှာဖျားဝတွင် ဆေးနံ့များ ရနေလေသည်။

သို့သော် ထူးဆန်းသော ခံစားချက်ကြောင့် ကျောင်းမြန်သည် သူ့လက်ကို မြှောက်လိုက်ရာ အလွန်စူးရှသော အသံတစ်ခုထွက်လာတော့သည်။

ကျောင်းမြန်သည် သူ၏လက်ကောက်ဝတ်မှာရှိနေသော သံလက်ပတ်များကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဒဏ်ရာတွေကို ပတ်တီးစည်းပေးထားတာ ဟုတ်ပေမဲ့ ဒါက ဘာသဘောလဲ???

စီဆဲလ်က ရှင်းပြသည်။ "ကိုယ့်ကို အထင်မလွဲပါနဲ့။ ကိုယ် မင်းကို ဒါတွေဖြုတ်ပေးချင်ပေမယ့် ဒါက ရေခဲမြစ်အစိုးရရဲ့ အပြင်းထန်ဆုံး ပြစ်မှုဖြစ်နေတယ်။ အဲ့ဒါကြောင့် ရေခဲမြစ်အစိုးရ ကိုယ်တိုင် ဒါမှမဟုတ် သူတို့ပေးလိုက်တဲ့ သော့နဲ့မှဖွင့်ပေးလို့ရမှာ ...ရေခဲမြစ်အင်ပါယာကို မစ္စကျောင်းကို ပြန်လွှတ်ပေးဖို့နဲ့ ဒီကိုပို့ပေးဖို့ ကိုယ် တောင်းဆိုထားတယ် ...သူမကိုလာပို့တဲ့အချိန် သော့ပါ လာပါလိမ့်မယ်.."

ကျောင်းရင်း......

ကျောင်းမြန်သည် လေးနက်စွာဖြင့် "ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။

စီဆဲလ်က လက်ကာပြလိုက်ပြီး မေးလိုက်သည်။
"ဒါဆို မင်းကို ရေခဲမြစ်ရဲ့ တော်ဝင်စစ်တပ်က ဘာလို့ လိုက်ဖမ်းနေရတာလဲဆိုတာ ပြောပြလို့ရမလား??"

ကျောင်းမြန်သည် ခဏမျှရပ်တန့်သွားကာ 
"အချိန်တန်ရင် ကျွန်တော် ဗိုလ်ချုပ်ကြီးကို ပြောပြပါမယ်" ဟုပြောလိုက်သည်။

စီဆဲလ်သည် သံသယစိတ်အရမ်းများသောကြောင့် ကျောင်းမြန်က သူ့လက်ကို ကိုင်လိုက်ရုံနဲ့ သူ့ကို ဘယ်လိုကုပေးလိုက်တာလဲ? ဝိညာဥ်စွမ်းအားဆိုတာ တကယ်ပဲရှိနိုင်လို့လား? ဒဏ္ဍာရီသပ်သပ် မဟုတ်ဘူးလား?

"ဒီကိစ္စကလည်း .......အခုလောလောဆယ်အတွက်တော့ လျှို့ဝှက်ထားရဦးမယ်"

စီဆဲလ်က ပြုံးကာ ပြောသည်။ " မင်း ကိုယ့်ကိုပေးခဲ့တဲ့ဆေးက နောက်ဆုံးအဆင့် ပြင်းထန်တဲ့ အဆိပ်ကိုတောင် သတ်ပေးနိုင်လောက်အောင် အကျိုးသက်ရောက်မှုကောင်းတယ်ဆိုတော့ ဘယ်လိုမျိုး ပါဝင်ပစ္စည်းတွေပါနေလဲ ဆိုတာကလည်း လျှို့ဝှက်ချက်ပဲပေါ့..?"

"ကျွတ်..ကျွတ်"

စီဆဲလ်သည် ကျောင်းမြန်၏ခံစားချက်မဲ့နေသော မျက်နှာလေးအား စိုက်ကြည့်နေလေသည်။ ထိုအချိန်တွင် ကျောင်းမြန်သည် ခေါင်းငုံ့ထားသောကြောင့် သူ၏ မျက်တောင်ရှည်ရှည်လေးများသည် တဖျပ်ဖျပ် ခတ်နေပြီး ရှည်လျားသောငွေဖြူရောင်ဆံနွယ်များသည်လည်း ပါးနှင့်ပခုံးများဘေးတွင် ပျော့ပျောင်းနူးညံ့စွာ ကျဆင်းနေလေသည်။

သိုသော် ထိုလူနှင့် သူသည် စစ်မြေပြင်တွင် ၄နှစ်ကြာတိုက်ခိုက်ခဲ့ပြီး ဖက်ဒရယ်အဖွဲ့ချုပ်ကို တိုက်ခိုက်ရန် ရေခဲမြစ်စစ်တပ်ကို ဦးဆောင်ကာ လေယာဥ်ကို ကိုယ်တိုင်မောင်းနှင်၍ တိုက်ခဲ့သူဖြစ်သည်။

စီဆဲလ်သည် ကျောင်းမြန်၏မေးစေ့ ကိုလက်ညှိုးဖြင့် ညင်သာစွာ မလိုက်ပြီး 
"မင်းနဲ့ စေ့စပ်ထားတဲ့ သူနဲ့ စကားပြောတာကို ဘာလို့ အေးစက်နေရတာလဲ?" 

ရုတ်တရက် ကျောင်းမြန်သည် မရင်းနှီးသော ခံစားချက်တစ်ခုကိုခံစားလိုက်ရပြီး မမျှော်လင့်ထားသော လုပ်ရပ်ကြောင့် စီဆဲလ်အား မျက်ခုံးကိုပင့်၍ ကြည့်လိုက်သည်။


ကျောင်းမြန်၏မသိစိတ်မှ တုန့်ပြန်မှုကြောင့် စီဆဲလ်သည် သူ့အား ကျောင်းမြန်ကြည့်နေသောအကြည့်ပင် ပြောင်းလဲသွားသည်ဟု ထင်မိသောကြောင့် နောက်ကျောဘက်မှ အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။

ထိုအကြည့်သည် သာမန်အကြည့်မျိုးမဟုတ်ဘဲ စီဆဲလ် ကဲ့သို့ လူအများကို ဖိနှိပ်ထားနိုင်သည့် သတ်ဖြတ်လိုစိတ်များပြင်းထန်နေတတ်သော အကြည့်ဖြစ်သည်။

စီဆဲလ်က သူ့နှာခေါင်းကိုထိလိုက်ကာ ပြောသည်။
"ငါ့ကောင်လေးက အရမ်းရက်စက်တာပဲ"

"ကျွန်တော်တို့ရဲ့ လက်ထပ်ပွဲက ပူးပေါင်းမှုတစ်ခုသာသာပဲ..။ ကျွန်တော်က ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ရဲ့ အရည်အချင်းကို လေးစားတယ် ဒီလောက်ပဲ"

ကျောင်းမြန်သည် သူ့မေးစေ့ ထိကိုင်ခံနေရခြင်းကို မတားဆီးနိုင်ပေ။

"ဟုတ်ပြီ ...ကောင်းပြီလေ"

စီဆဲလ်သည် ကျောင်းမြန်၏စကားကို လက်ခံကာ ထလိုက်ပြီး ဗီဒိုထဲမှ စာရွက်စာတမ်းတစ်ခုကို ယူကာ ကမ်းပေးလိုက်သည်။

"ဒါက ဘာလဲ?"

"ပူးပေါင်းဆောင်ရွက်ခြင်းနဲ့လက်ထပ်စာချုပ် ။ဒီအချိန်မှာလိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်ဆိုရင် ဒီလိုမျိုးစာချုပ်ရှိတာက မင်းအတွက်ရော ကိုယ့်အတွက်ရောအဆင်ပြေတယ်လေ နောက်မှ နှစ်နိုင်ငံကြားကဆက်ဆံရေး တည်ငြိမ်သွားတဲ့အချိန််ကျရင်တော့ ကွာရှင်းတာပဲဖြစ်ဖြစ် တစ်ခုခုစီစဥ်ကြတာပေါ့" ဟု စီဆဲလ်က ပြောလေသည်။

အဲ့တော့မှ ကျောင်းမြန်က သဘောပေါက်သွားခဲ့သည်။

လက်ထပ်စာချုပ်!!

ထိုအချိန်မှ ကျောင်းမြန်သည် အစောပိုင်းမှ စိုးရိမ်ပူပန်မှုများပျောက်သွားကာ စိတ်သက်သာရာရသွားတော့သည်။

သူနှင့်စီဆဲလ်သည် လေးနှစ်ကြာတိုက်ခိုက်ခဲ့သော်လည်း စီဆဲလ်ကိုမမုန်းပါ။ သို့သော်....

' ဒီနေ့မှာ မင်းနဲ့ငါ မက်ခါတွေကိုထိန်းချုပ်ပြီးအသေအကြေတိုက်ကြမယ်... နောက်နေ့မှာ အိပ်ရာထဲမှာ အနမ်းတွေပေးပြီး ချစ်သူတွေဖြစ်သွားကြတယ် .....' ဒီအတွေးနဲ့တင်ကို ရူးသွပ်ချင်စရာကောင်းသည်။

ကျောင်းမြန်သည် စာချုပ်ကိုယူကာ လက်ထိပ်ကြောင့်အဆင်မပြေဖြစ်မှုကို လျစ်လျူရှုကာ လက်မှတ်ထိုးပေးလိုက်သည်။

ပထမက လက်နက်ချတဲ့စာချုပ်....

ကျောင်းမြန်သည် မရယ်နိုင်တော့ပေ။

သူသည်စာချုပ်ကိုပြန်ပေးလိုက်ပြီးနောက် စားပွဲခုံပေါ်ရှိ ရေခွက်ကို တစ်ချက်ငုံ့ကြည့်ကာ လက်နှစ်ဖက်က လှုပ်ရှားဖို့အဆင်မပြေသောကြောင့် ခွက်ကို ယူရန် ဖြေးဖြေးချင်း လှုပ်ရှားလိုက်သည်။

" ခဏလေး.."
စီဆဲလ်သည် ကျောင်းမြန်၏ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ပြီး လျင်မြန်စွာ ရှေ့တိုး၍ ရေဖန်ခွက်ကို အခြားလက်တစ်ဖက်ဖြင့်ယူလိုက်သည်။
" မတော်လို့ပြုတ်ကျသွားမှဖြင့်....ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်ပါ" 

"သောက်ပါ" ဟုပြောလိုက်သည်။

ကျောင်းမြန်:"......"

စီဆဲလ်က တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လုနီးပါးဖြစ်နေသောအခြေအနေအား သတိပြုမိလိုက်ကာ ပြုံးလိုက်ပြီးနောက် ဆိုသည်။
" တကယ့် လက်တွဲဖော်မဟုတ်ရင်တောင် ရန်သူတော့မဟုတ်ဘူးလေ ဟုတ်တယ်မလား?"

ကျောင်းမြန်သည် စီဆဲလ်အားပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

ရေဖန်ခွက်သည် ခဏအကြာတွင်ကုန်သွားလေသည်။

"ကျေးဇူးတင်ပါတယ်"

" ရပါတယ် မလိုပါဘူး"

"ဒီလောက်ချောမောတဲ့ ဗိုလ်ချုပ်က ကိုယ့်ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ရမယ်လေ"

ကျောင်းမြန်: "......"

သူက ခဏလောက်စဥ်းစားလိုက်သည်။

စီဆဲလ်သည် သဘာဝကျစွာ သဘောတူလိုက်ပြီး လက်ကိုယမ်းလိုက်ကာ ပြောလိုက်သည်။
"မင်းရဲ့ လက်ထိပ်တွေနဲ့ ခြေကျင်းတွေကိုဖြုတ်ပြီးသွားရင် ကြိုက်တဲ့နေရာသွားလို့ရတယ် လုပ်ချင်တာလုပ်လို့ရတယ် မင်းက မစ်ဖက်ဒရေးရှင်းဖြစ်သွားပြီ ...မဟုတ်ဘူး ....ဖက်ဒရေးရှင်းလို့ပြောတာ"

စီဆဲလ်သည် မေးစေ့ကိုပွတ်ကာ စဥ်းစားလိုက်သည်...

မဒမ်လား ...မဟုတ်သေးပါဘူး..ဘယ်လိုခေါ်ရမလဲ??..

ကျောင်းမြန်က ပြုံးလိုက်ကာ
"ရပါတယ် နာမည်ပဲဟာ ဘယ်လိုခေါ်ခေါ်ရပါတယ် စိတ်ထဲမထားပါဘူး" ဟုပြောလိုက်သည်။

"နောက်မှ ကိုယ်တို့မင်္ဂလာပွဲအတွက် ဆွေးနွေးကြတာပေါ့.."

စီဆဲလ်ထွက်သွားပြီးနောက် ကျောင်းမြန်သည် သူ၏လက်ကိုငုံ့ကြည့်လိုက်သည်။

ကျောင်းမြန်သည် စစ်ရှုံးသွားသောနိုင်ငံမှ ဗိုလ်ချုပ်တစ်ဦးအဖြစ်မှ ဖက်ဒရယ်အဖွဲ့ချုပ်၏ ဗိုလ်ချုပ်ကြီးနှင့်အတူ အခြားနေရာတစ်ခုတွင်နေထိုင်နိုင်ရန် သူ၏ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲရဦးမည်ဖြစ်သည်။

သူသည် တစ်ခုခုကိုတွေးမိသွားသောကြောင့် အတွေးထဲတွင်နစ်မြုပ်သွားတော့သည်။

သူသတိပြန်ဝင်လာချိန်တွင် စီဆဲလ်က သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် လန့်သွားခဲ့သည်။

.............

သူ လန့်သွားဖို့မရည်ရွယ်ပါဘူး။ သို့သော် နည်းနည်းတော့ စိတ်ရှုတ်သွားလေသည်။

ပြောရရင် စီဆဲလ်သည် သူနှင့် ကျောင်းရင်းတို့အား တံတားပေါ်တွင် အသက်စွန့်၍ ရေထဲမှကယ်တင်ပေးခဲ့သည်။

သူ၏အရင်က ရိုင်းစိုင်းခဲ့တာတွေတောင် မတောင်းပန်ရသေးပေ။ ကျောင်းမြန်သည် စိတ်ရှုတ်ထွေးမှုများစွာဖြင့် ပြန်အိပ်ပျော်သွားပြန်သည်။

သူပြန်နိုးလာချိန်တွင် ကျောင်းရင်း ရောက်လာခဲ့သည်။ သူမသည် သော့ဖြင့် လက်ထိပ်များကိုဖြုတ်ပေးခဲ့သည်။

"နင့်ကိုကြည့်ရတာ အဆင်ပြေပါတယ်"

ကျောင်းရင်းသည် ခေါင်းကိုယမ်းလိုက်ကာ 
"နင့်အတွက် ခက်ခဲခဲ့မှာဘဲ" ဟုဆက်ပြောသည်။ ကျောင်းရင်းပြောသည့် အဓိပ္ပါယ်မှာ တံတားပေါ်တွင် သူလုပ်ခဲ့သည့်အရာများကိုပြောနေခြင်းဖြစ်သည်။

"နောက်ဆုံးတော့ နင်လိုချင်တဲ့အတိုင်းဖြစ်တာပဲ။ စီဆဲလ်နဲ့ လက်ထပ်ပြီးရင် နင့်ကိုယ်နင် ဂရုစိုက်ရမယ်"


ကျောင်းမြန်က အံ့အားသင့်သွားပြီး ကျောင်းရင်းကဆက်ပြောလေသည်။
"ငါ ကလေးနဲ့အခြေကျဖို့ဆိုရင် အဖွဲ့ချုပ်မှာ ရက်အနည်းငယ်လောက်စောင့်ဖို့လိုတယ်။ ပြီးရင် အာ့ခိုင် ကိုရှာဖို့ ရေခဲ့မြစ် ရှီရှင်းဒေသဘက်က နယ်စပ်ကို သွားရမယ်"

ထိုအချိန်တွင် ကျောင်းမြန်သည် တော်ဝင်မိသားစုအကြောင်းနှင့် နိုင်ငံတော်ကို သစ္စာမဖောက်သည့်အကြောင်းအားလုံးကို ကျောင်းရင်းအား အမှန်အတိုင်းပြောပြချင်နေခဲ့သည်။သို့သော် ကျောင်းရင်းက သူမ၏ဗိုက်အား ခပ်ဖွဖွထိထားသည်ကို မြင်လိုက်ရသောကြောင့် ပြောပြချင်သည်များကိုမြိုသိပ်၍ တိတ်ဆိတ်စွာနေလိုက်တော့သည်။

ဒါတွေက မလိုအပ်တော့ပါဘူး......။

ကျောင်းရင်းထွက်သွားဖို့ရွေးချယ်လိုက်သည်က အကောင်းဆုံးဖြစ်သည်။ သူတို့ဖခင် သေဆုံးမှုနှင့် တော်ဝင်မိသားစု၏အကျပ်ကိုင်မှုများသည် ရှုပ်ထွေးလွန်းသောကြောင့် သူမ ရှိမနေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

"တပ်ထိန်းက လမ်းမှာအမကိုစောင့်ရှောက်မှာမို့လို့ ဂရုစိုက်သွားပါ" ဟု နွေးထွေးစွာ ကျောင်းမြန်ပြောလိုက်သည်။

"အင်းပါ.. အာ့မြန် နင်အခုဘာလုပ်နေတယ်ဆိုတာ နင့်ကိုနင် မမေ့ပါနဲ့" ဟု ကျောင်းရင်းက ထွက်မသွားခင် တိုးတိုးလေးပြောခဲ့သည်။

ကျောင်းမြန်သည် ပြတင်းပေါက်ဆီသို့လျှောက်သွားပြီး အမဖြစ်သူအောက်ဆင်းသွားတာ သူမလက်ရှိနေထိုင်ရာ ဖက်ဒရယ်စံအိမ်သို့ ကားဖြင့်ထွက်ခွာသွားသည်ကို ရပ်ကြည့်နေလိုက်သည်။

ထို့နောက် ကျောင်းမြန်လည်း အခန်းထဲမှထွက်လာခဲ့သည်။သူသည် ဗိုလ်ချုပ်ကြီး၏နေအိမ်အား တစ်ခါမျှလျှောက်မကြည့်ဖူးပေ။

မည်သူမျှမရှိဘဲ သန့်ရှင်းရေးစက်ရုပ်များ၏အသံကိုသာကြားရလေသည်။ရှည်လျားသော စင်္ကြန်ဆီသို့ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသည့်အခါတွင် စီဆဲလ်၏ အိမ်ထိန်းနှင့်တွေ့ရလေသည်။

နွေးထွေးသောအပြုံးနှင့် ဖြူလွန်းသောဆံပင်များဖြင့် အိမ်ထိန်းအဘိုးအိုသည် ကျောင်းမြန်ကိုတွေ့သော် ဦးညွတ်၍ " သခင်လေး" ဟုခေါ်လေသည်။

"ဒီအိမ်ကြီးထဲမှာ ဗိုလ်ချုပ်ကြီးတစ်ယောက်တည်းနေတာလား?"

အိမ်ထိန်းကပြုံးကာ...
"သခင်ငယ်လေး လည်းရှိပါတယ်။ သူက ဗိုလ်ချုပ်ကြီးမွေးစားထားတာ အသက်၉နှစ်ပဲရှိပါသေးတယ် သူကတစ်နေ့လုံး အပြင်မထွက်ဘဲအခန်းထဲမှာဘဲနေလို့ မတွေ့ရတာပါ သင်လေးကိုရှုပ်မှာ ပူစရာမလိုပါဘူး"

"ကောင်းပါပြီ" 

ကျောင်းမြန်လည်း သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။ စီဆဲလ်သည် အိမ်ထောင်ပြုရမည့်အရွယ်ဖြစ်သောကြောင့် အရွယ်မရောက်သေးသည့် ကလေးနှင့်ဆက်ဆံရာတွင် အဆင်ပြေမည်ဖြစ်သည်။ ထို့ကြောင့်ကျောင်းမြန်သည် ထွက်မသွားခင် လူအိုကြီးနှင့် စကားပြောနေလိုက်သည်။

ထိုအချိန်တွင် စာသင်ခန်းထဲမှ မှန်ကွဲသံကိုကြားလိုက်ရသည်။

ထိုအသံကြောင့် လူအိုကြီးသည် တံခါးကိုတွန်းဖွင့်ကာဝင်သွားသောကြောင့် ကျောင်းမြန်လည်း နောက်မှလိုက်ဝင်သွားချိန်တွင် အံ့သြသွားရသည်။

ကွဲကြေနေသော ဖန်ခွက်များနှင့် လက်ဖက်ခြောက်များပျံ့ကြဲနေသည့် စားပွဲဘေးတွင် စီဆဲလ်သည် ဒူးထောက်လျက်သားအနေအထားဖြင့် လဲကျနေသည်။

အိမ်ထိန်းသည် စီဆဲလ်ကို ကူညီရန်ရှေ့တိုးလာခဲ့သည်။

"ပြန်ဖြစ်နေတာ" 

စီဆဲလ်သည် ဖြူဖျော့နေသောမျက်နှာဖြစ်နေပြီး သူ၏လက်များက စားပွဲကို တင်းကျပ်စွာကိုင်ထားလေသည်။ ကျောင်းမြန်သည် သူ၏နာကျင်မှုကို ခံနိုင်ရည်ရှိမှုကိုမြင်လိုက်ရပြီး စီဆဲလ်၏အင်္ကျီနောက်ကျောတွင်ချွေးတို့ဖြင့်စိုရွှဲနေသည်ကိုပါ တွေ့လိုက်ရသည်။

အိမ်ထိန်းက ကျောင်းမြန်ကို "ဗိုလ်ချုပ်ကြီးက ဒီရက်ပိုင်းထဲမှာ အခုလိုမျိုး မကြာခဏ ဖြစ်တယ် " ဟုပြောလေသည်။

ကျောင်းမြန်သည် စီဆဲလ်ကို ကူတွဲပေးကာ
"အခန်းထဲသွားကြမယ် ကျွန်တော် ခင်ဗျားကို ထပ်ကုသပေးရမယ် " ဟု ပြောလိုက်သည်။

"ကျောင်းမြန်"
စီဆဲလ်သည် ကုတင်ပေါ်တွင်လှဲအိပ်ကာ မျက်လုံးဖွင့်လိုက်ပြီး
" ကိုယ် တကယ်လို့မသက်သာရင်ဘာဖြစ်နိုင်လဲ" ဟုမေးလိုက်သည်။

" ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ထဲက အဆိပ်တွေကို အရင်ကတည်းကဖယ်လိုက်ပြီးပါပြီ ။ အခုခန္ဓါကိုယ်ထဲမှာ အကြွင်းအကျန်လောက်ပဲကျန်တော့တာ အဲ့ဒါတွေက ရက်အနည်းငယ်လောက်တော့ ကိုယ်လက်မအီမသာဖြစ်နေလိမ့်မယ်။ ရက်အကြာကြီးတော့မဟုတ်ပါဘူး ။ ရက်အကြာကြီးဆိုရင် ကျန်နေတဲ့အဆိပ်ပမာဏက တအားများနေလို့ အသည်းကိုပျက်စီးစေနိုင်တယ်" 

စီဆဲလ်က မေးစေ့ကိုပွတ်ကာ ပြောသည်။
"မင်းပြောတဲ့ရက်အနည်းငယ်က ကိုယ့်အတွက်ပြသနာမရှိပါဘူး ဒါပေမယ့် ကိုယ့်ကို ထပ်မကုသပေးနဲ့ အဲ့ဒီ့အစား အဆိပ်ပမာဏထပ်တိုးပေးရလိမ့်မယ်"

ကျောင်းမြန်သည် ထိတ်လန့်သွားကာ မေးလိုက်သည်။
"ဗိုလ်ချုပ်ကြီး အခြေအနေပိုဆိုးလာချင်တာလား?"

စီဆဲလ်က သူ့လက်မောင်းကိုလှမ်းကိုင်ကာ ပြောသည်။
" ဟုတ်တယ် မင်းရဲ့ စွမ်းရည်နဲ့ ထိန်းချုပ်နိုင်မှုကို ကိုယ်ယုံတယ်...ကိုယ့်ကို အသေတော့မသတ်နဲ့ပေါ့.....သေတော့မယ့်ပုံစံမျိုးဖြစ်အောင် အဆိပ်နည်းနည်းလောက်ထပ်ထည့်ပေးပါ.."

"ဘာလို့လဲ"

ကျောင်းမြန်သည် မျက်မှောင်ကြုတ်ကာ စီဆဲလ်က ကိုယ့်ကိုကိုယ် စွန့်လွှတ်ဖို့အထိ ရူးသွားတာလား??? အင်းဆက်အဆိပ်သည် သာမန်အဆိပ်မျိုးမဟုတ်ပါ။ ဆေးထိုးသွင်းမှရမှာဖြစ်သောကြောင့် ခန္ဓါကိုယ်အတွင်းပိုင်းတွင် နာကျင်မှုအကြီးစားဖြစ်စေနိုင်သည်။ စီဆဲလ်သည် သူ့ကိုယ်တွင်းရှိ လက်ကျန်အဆိပ်များ၏နာကျင်မှုသာမက ကြီးမားသောထိခိုက်မှုကို ခံစားရနိုင်သည်။

"ငါးမျှားခြင်း"

"ကိုယ်သာ သေတော့မယ်ဆိုတာ သူတို့သိရင် နောက်ကွယ်ကလူက အောင်ပွဲမခံဘဲနေမှာမဟုတ်ဘူးလေ" ဟု ပြောလေသည်။

ကျောင်းမြန် နားလည်သွားလေသည်။ စီဆဲလ်သည် သူ့ကို အဆိပ်ခတ်သည့်သူကို သိချင်နေသည်။

ကျောင်းမြန်သည် ခေါင်းကိုယမ်းလိုက်ကာ ပြောလိုက်သည်။
" ဗိုလ်ချုပ်ကြီး ကျွန်တော့်ကိုယုံလား?"

သူတစ်ခုခုလုပ်လိုက်မှာမကြောက်ဘူးလား?

"ကိုယ်က ဘာကိုကြောက်ရမှာလဲ? တကယ်ဆို မင်းကသာစိတ်ပူနေရမှာ ကိုယ်မင်းကိုယူပြီးသွားလို့ တစ်ခုခုဖြစ်သွားရင် မင်းက မုဆိုးမ ဘဝနဲ့နေရမှာ မဟုတ်ရင်လည်း ကိုယ်နဲ့အတူတူ မီးသင်္ဂြိုလ်ခံဖို့ အဖော်လိုက်ခဲ့ရမှာလေ"
စီဆဲလ်သည် အာဏာရှင်ဆန်စွာဖြင် ခုတင်ပေါ်တွင် မောက်မာစွာလှဲနေခဲ့သည်။

ကျောင်းမြန်သည် စီဆဲလ်ကိုကြည့်လိုက်ကာပြုံးလိုက်ပြီး သူ့ကိုလှေပေါ်တင်ခေါ်ထားပြီးပြီဆိုမှတော့ ကောင်းကောင်းမလုပ်နိုင်လျှင် သူလည်း အသက်ရှင်နိုင်မည်မဟုတ်ပေ။