Chapter-6
(ခင်ပွန်းနှင့်အတူ တိုက်ခိုက်ခြင်း)
ကျောင်းမြန်သည် ဦးစွာတိုက်ခိုက်လိုက်သည်။ သူသည်တုံ့ဆိုင်းမှုမရှိဘဲ မြန်ဆန်စွာတိုက်ခိုက်နေသည်။
သူသည်ရှေ့ကို ခုန်တက်သွားကာ လုပ်ကြံသူဆီသို့ပြေးသွားလိုက်ပြီး သူ၏ဓါးမြှောင်ဖြင့် ဇာစ့်၏နှလုံးအား ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့်လျင်မြန်စွာထိုးစိုက်လိုက်ရာ အစိမ်းပုတ်ရောင်သွေးအဆိပ်များပန်းထွက်လာလေသည်။
ထိုအဆိပ်များသည် လူတစ်ယောက်၏အသားနှင့်ထိမိပါကာ ချက်ခြင်း လောင်ကျွမ်းသွားတတ်သောကြောင့် ကျောင်းမြန်သည် ထိုသွေးများနှင့်ဝေးရာသို့ အမြန်ရှောင်ထွက်လိုက်လေသည်။
ကျောင်းမြန်နှင့် ကျန်ဇာစ့်လေးယောက်တို့သည် မတိုးသာ မဆုတ်သာအခြေအနေဖြင့် အချိန်အတော်ကြာသည်အထိ တိုက်ခိုက်နေကြသည်။
ငါးအကြီးကြီးဖမ်းမိဖို့ သူတို့ကိုယ်တိုင်ပြင်ဆင်ပြီးရေးဆွဲထားသော အစီအစဥ်ဖြစ်သည်။
ဒါပေမယ့် အခုက သူတစ်ယောက်တည်းတိုက်နေရတာလား? ကြိုပြီးပြင်ဆင်ထားတဲ့ တပ်ကူတွေက ဘယ်ရောက်နေတာလဲ?
စီဆဲလ်နှင့် သူ၏လက်ထောက်တို့သည် အိမ်ကြီးထဲတွင် အစောပိုင်းကတည်းက အရိပ်တပ်သားများနှင့် တပ်ကူများကို ဖွက်ထားပြီးဖြစ်သည်။ သို့သော် ယခုအချိန်တွင် လက်ထောက်သည် ပြတင်းပေါက်မှ ထွက်ပြေးသွားလေပြီ။
ကျောင်းမြန်သည် ဒုတိယမြောက်ဇာစ့်ကို တိုက်နေစဥ်တွင် အတွေးများဖြင့်ရှုတ်ယှက်ခက်နေသောကြောင့် ကိုယ့်ကိုကိုယ် ဂရုမစိုက်လိုက်နိုင်သည့်အချိန်တွင် ဓါးဖြင့်ထိုးမိသွားလေသည်။ ကံကောင်းသည်မှာ ဒဏ်ရာသည်မနက်သွားပေ။
"ဘုန်း.."
နောက်တစ်ယောက် လဲကျသွားလေပြီ။
ကျောင်းမြန်သည် လုပ်ကြံသူဇာစ့် ၏ လည်ပင်းကိုဓါးဖြင့် ဖြတ်လိုက်သော်လည်း ခဏအကြာတွင် သူ့မျက်စိရှေ့တွင်ပင် ဓါးဒဏ်ရာသည် ဘာမှမဖြစ်ခဲ့ဖူးသလို ပြန်ကောင်းသွားခဲ့သည်။
သူတို့က အသက်ပြန်ဝင်လာခဲ့သည်။
ကျောင်းမြန်လည်း အံ့သြသွားသည်။
သေချာသလောက်ကတော့ နောက်ကွယ်မှကြိုးကိုင်သူသည် ကိစ္စတိုင်းတွင်စေ့စပ်သေချာပြီး လစ်လပ်မည့်သူမဖြစ်နိုင်ပေ။ ယခု ကျောင်းမြန်ရှေ့ရှိ ဇာစ်များသည် မြင့်မားသော ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များရှိသည့် လုပ်ကြံသတ်ဖြတ်သည့် ဇာစ့်မျိုးစိတ်များဖြစ်သည်။
စီဆဲလ်သည် တည်ငြိမ်စွာဖြင့် တိုက်ပွဲထဲသို့ခုန်ဝင်ကာ ကျောင်းမြန်နှင့်ပူပေါင်းလာသည်။
သူ့ကိုမြင်သော် ကျောင်းမြန်က "တပ်ကူတွေကဘယ်မှာလဲ?" ဟုမေးလိုက်သည်။
"ကိုယ်လည်း သေချာမသိဘူး...မတော်တဆတစ်ခုခုဖြစ်သွားတယ်ထင်တယ်"
စီဆဲလ်သည် ကျောင်းမြန်၏ဒဏ်ရာကို မြင်လိုက်စဥ် မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းသွားတော့"
စီဆဲလ် သူ့ဆီဝင်လာသော လုပ်ကြံသူ၏ဓါးဖျားကိုရှောင်တိမ်းကာ "ကိုယ် ကြည့်ရှင်းလိုက်မယ်.." ဟုပြောလေသည်။
သူသည် အဆိပ်ဒဏ်ကိုပြင်းထန်စွာ ခံစားနေရသော်လည်း တိုက်ခိုက်နေသည်မှာ သာမန်လူတစ်ယောက်ထက်ပိုနေသော စွမ်းဆောင်ရည်ရှိနေပြီး ထိုအင်အားတွေက ဘယ်ကထွက်ပေါ်လာသနည်း။ သူက နေမကောင်းတဲ့သူမှဟုတ်ရဲ့လား ဆိုသည်မှာ မည်သူမျှသေချာမပြောနိုင်ပေ။
ကျောင်းမြန်သည် ထိုသို့မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားသည်ထက်ပင် အံ့အားသင့်သွားရသည်။
"ဘုန်း...."
ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် ပြင်းထန်သောအဆိပ်မိနေသော်လည်း အဆုံးမဲ့သော ခွန်အားဖြင့် အရှေ့မှဇာစ့်ကိုတိုက်ခိုက်ကာ "သွားတော့!" ဟုအော်လိုက်သည်။
ကျောင်းမြန်သည် လျင်မြန်စွာတုံ့ပြန်ကာ တိုက်ပွဲအတွင်းသို့ပြန်ဝင်ကာ ပူးပေါင်းလာခဲ့သည်။ သူနှင့်တိုက်ခိုက်နေသောဇာစ့်ကို ကန်ထုတ်လိုက်ကာ စီဆဲလ် ရိုက်လိုက်သော ဇာစ့်ဆီသို့ပြေးကာ သူ၏ခြေလက်များကို ခုတ်ဖြတ်ပစ်ရန် လျင်မြန်စွာသွားခဲ့သည်။ ထိုအချိန်တွင် စီဆဲလ်က သူ၏ဓါးမြှောင်ကို မြှောက်ကာ ထိုဇာစ့်၏ ခေါင်းကိုဖြတ်ရန် အားကုန်ထိုးစိုက်လိုက်တော့သည်။
လည်ပင်းနှင့်ဦးခေါင်းသည် တကွဲတပြားစီဖြစ်သွားသောကြောင့် အသက်ပြန်ရှင်ချင်လျှင်ပင် မဖြစ်နိုင်တော့ပါ။
"ဂရုစိုက်...."
ယခုအချိန်တွင် စီဆဲလ်သည် နေမကောင်းဖြစ်နေသောကြောင့် အရင်ကလောက် အခြေအနေမကောင်းပေ။
ကျောင်းမြန်သည် ရှေ့သို့ပြေးတက်သွားပြီး သူ့လက်ထဲကဓါးမြှောင်ဖြင့် နောက်ဇာစ့်တစ်ကောင်ဆီသို့ပြေးသွားကာ ထိုးစိုက်လိုက်ပြီး လက်သီးဖြင့် ဝမ်းဗိုက်ကိုအားကုန်ထိုးကာ သတ်ပစ်လိုက်သည်။
သူသည် အမူအယာလုံးဝမပြောင်းဘဲ ရန်သူများကို ဆက်လိုက်တိုက်ခိုက်နေသည်။
ယခုအချိန်တွင်ရန်သူများသည် ကိုင်တွယ်ရအလွန်ခက်နေသည်။ စီဆဲလ်နေကောင်းသည့်အချိန်တွင်ဆိုရင်တော့ ပြသနာမရှိသော်လည်း.....အခုချိန်တွင်တော့......
"ကျွန်တော် ခင်ဗျားကိုကာကွယ်ပေးမယ်..ပြီးရင်အပြင်ကိုခေါ်ထုတ်သွားဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းမှရမယ်..."။ဟု ကျောင်းမြန်ကပြောလိုက်သည်။
"မလိုပါဘူး..."
စီဆဲလ်သည် ကျောင်းမြန်၏ပခုံးကိုဆုပ်ကိုင်ကာ "ခဏလေးနေပါဦး" ဟု တိုးတိုးလေးပြောလိုက်သည်။
စီဆဲလ်သည် သူ့ကို ဘယ်တော့မှထားခဲ့မှာ မဟုတ်ဘူး။
ထို့ပြင်....ဒီအိမ်သည် ဗိုလ်ချုပ်ကြီး၏အိမ်ဖြစ်သည်။ တပ်သားများ၏ စစ်ကူများမရောက်လာခဲ့လျှင်လည်း ကိစ္စမရှိပေ။ သူသည် အရံအစီအစဥ်ကိုမပြင်ထားဘဲ မနေပေ။
ဒုတိယအစီအစဥ်သည် ပြင်ဆင်မှုများရှိနေသောကြောင့် သူတို့ဆီအချိန်မီမရောက်လာသေးခြင်းဖြစ်သည်။
ကျောင်းမြန်သည် ရန်သူကိုတိုက်ခိုက်နေရသော်လည်း စီဆဲလ်ကို အာရုံစိုက်လိုက်ပြီး မချီးကျူးဘဲ မနေနိုင်ချေ။ ဟုတ်ပါသည်..ဒါက ဖက်ဒရယ်စစ်တပ်ပင်ဖြစ်သည်။
စီဆဲလ်သည် သူ့ကိုယ်သူကာကွယ်နေရသောကြောင့် ကျောင်းမြန်အား အများကြီးဂရုမစိုက်ပေးနိုင်ပေ။ ထို့ကြောင့်ကျောင်းမြန်က ရှေ့မှနေ၍ ရန်သူ၏တိုက်စစ်ကိုချိုးဖောက်နေရသည်။ သူ၏လှုပ်ရှားမှုသည် စီးဆင်းသွားသောရေ ကဲ့သိုပင် လျင်မြန်ပျော့ပြောင်းလှသည်။
"ဝီး.....ဝီး...."
ထိုအချိန်တွင် လေယာဥ်သံကိုကြားလိုက်ရသည်။
"ရေတပ်ဗိုလ်ချုပ်ကြီး လက်အောက်ခံ အမှတ်(၁၂) တပ်မတော် ရောက်ရှိကြောင်း သတင်းပို့ပါတယ်.."
"တစ်ဆယ် ၊ ကိုး ၊ ရှစ်"
ရေတွက်သံများအပြီး ခဏအကြာတွင် တပ်ကူများရောက်လာလေသည်။
စီဆဲလ်သည် ပြတင်းပေါက်အပြင်ဘက်ရှိ လူများဖြင့်ပြည့်နေသော ဖက်ဒရယ်လေယာဉ်အား ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ရှေ့သို့တိုးလိုက်ပြီး ကျောင်းမြန်အား ကြမ်းတမ်းစွာ ပွေ့ချီ၍ပြေးထွက်သွားတော့သည်။
ကျောင်းမြန်သည် မျက်လုံးများပြူးကျယ်သွားကာ စီဆဲလ်က သူ့အားပွေ့ချီထားလျက် မှန်ပြတင်းပေါက်သို့ ပြေးဝင်သွားလေသည်။
သူသည်စီဆဲလ်၏ရည်ရွယ်ချက်အား နားလည်သွားသည့်အချိန်တွင် သားရေခါးပတ်အားဆွဲချွတ်ကာ လေထဲသို့မြှောက်လိုက်သည်။
" ခုနစ် ၊ ခြောက်..."
"ငါး...."
"ခလွမ်း..."
ခါးပတ်သည် မှန်ပြတင်းပေါက်သို့ရိုက်မိသွားသည်။ ကျောင်းမြန်၏ခွန်အားကြောင့် မှန်ချပ်သည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားလေသည်။
"လေး....."
"သုံး...."
ကျောင်းမြန်၏လက်ကို ပြန်မရုတ်ရသေးခင်အချိန်တွင် စီဆဲလ်သည် သူ့အား လက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဖက်ထားလိုက်ပြီး နောက်ကျောဖက်အား မှန်ပြတင်းနှင့် မျက်နှာမူလိုက်ပြီး တိုက်ရိုက်ခုန်ချသွားတော့သည်။
ဘေးပတ်လည်တွင် မှန်ကွဲစများပြန့်ကျဲလျက်...။
အဆင့်မြင့်လေယာဉ်သည် လျင်မြန်စွာမောင်းနှင်ကာ သူတို့နှစ်ဦးအား ဖမ်းမိရန် ရှေ့တိုးလာခဲ့သည်။
"နှစ်...."
မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ဖြစ်ပျက်သွားပြီးသည့်နောက်တွင် ဇာစ့်များက အမီလိုက်ရန် ပြေးလာခဲ့သည်။
"တစ်...."
"ဘုန်း..."
လေယာဉ်များသည် ပြတင်းပေါက်မှတဆင့် စီဆဲလ်၏ အခန်းထဲသို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။
ပြန်ရှင်သန်တတ်သော ဇာစ့်များပင်ဖြစ်စေ၊ အခန်းအတွင်းရှိ မည်သည့်အရာမဆို ပြန်မရှင်နိုင်တော့ဘဲ ချက်ချင်းပင် ပြာဖြစ်သွားသည်။
စီဆဲလ်နှင့် ကျောင်းမြန်တို့သည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လျက် လေယာဉ်နောက်ခန်းတွင်းသို့ ဆင်းသက်ကာ အချင်းချင်းစိုက်ကြည့်နေလိုက်ကြသည်။
"ဗိုလ်ချုပ်ကြီး"
စီဆဲလ်သည် လေယာဉ်ပေါ်ရှိ အခြားအရာရှိမှခေါ်သည်ကိုပင် တုံ့ပြန်နိုင်မှုမရှိတော့ဘဲ မျက်လုံးများ မှိတ်လိုက်ကာ "အိမ်ကြီးရဲ့ အရှေ့ဘက်ကို မောင်း..." ဟုပြောလိုက်သည်။
"ဟုတ်ကဲ့...."
အခြားအရာရှိများသည် ကျောင်းမြန်၏ခါးနှင့် လက်မောင်းဒဏ်ရာများကို ကုသပေးခဲ့သည်။ စီဆဲလ်၏ခန္ဓာကိုယ်သည် အဆိပ်မိနေဆဲဖြစ်ပြီး သူ၏နောက်ကျောတစ်ခုလုံးသည်လည်း မှန်ကွဲစများဖြင့်ခြစ်မိခဲ့သေးသည်။ ထို့အပြင် သူတို့နှစ်ဦးသည် အလွန်သေးငယ်သော ပြင်ပဒဏ်ရာများလည်းရခဲ့ကြသည်။
စီဆဲလ်သည် ခေါင်းကိုခါယမ်းလိုက်ကာ "ကိုယ်တောင်းပန်ပါတယ် မင်္ဂလာပွဲမတိုင်ခင်ကို မင်းကို ဒဏ်ရာတွေအများကြီးရစေခဲ့တာ " ဟု ပြောလိုက်သည်။
ကျောင်းမြန်သည် စီဆဲလ်၏နောက်ကျောကို တစ်ချက်ကြည့်လိုက်ကာ "ရပါတယ်...၊ ဒါက ဒဏ်ရာအသေးလေးတွေပဲဟာ...ကျွန်တော် အဆင်ပြေပါတယ်"
သူတို့ နှစ်ယောက်လုံးသည် စစ်မြေပြင်သည် သူတို့အတွက် မစိမ်းသက်နေသောကြောင့် သူတို့၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်ကြဘဲ တယောက်ကို တယောက်သာ စိုက်ကြည့်နေသည်။
လေယာဉ်သည် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး သူတို့နှစ်ဦး၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။
ယခုသည်ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အရင်အချိန်များတွင် သူတို့နှစ်ဦးသည် ရန်သူ၏ရှေ့တန်းစစ်မြေပြင်တွင် အချင်းချင်း တန်ပြန်တိုက်ခိုက်ရန် နည်းဗျူဟာများကို ရေးဆွဲခဲ့ကြသော်လည်း အခုချိန်တွင် သူတို့၏ဘုံရန်သူကို အနိုင်ယူရန် ခြေတစ်လှမ်းစီဆုတ်ထားလိုက်ကြသည်။
"ကျွန်တော်တို့ ဒီမှာပါ..."
စီဆဲလ်သည် ကျောင်းမြန် ကို စစ်တပ်ရှိရာနေရာလိုက်ပို့ခိုင်းလိုက်သည်။
"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ?"
ကျောင်းမြန်သည် သူတို့နှစ်ဦးသား လှေကားပေါ်တက်နေရင်း မမေးဘဲမနေနိုင်ခဲ့ပေ။
ဒီနေရာက စီဆဲလ်၏မိဘတွေရှိနေသောဧည့်ခန်း မဟုတ်ဘူးလား?။
"ဘာတွေဖြစ်နေတာလဲဆိုတာ ကိုယ်သိသွားပြီလေ၊ ငါးကဖမ်းမိသွားပြီ" စီဆဲလ်က ပြုံးလိုက်ပြီး "ကဲ ငါးကိုသွားကြည့်ကြရအောင်"
ကျောင်းမြန်သည် အံ့အားသင့်စွာ ခေါင်းညိတ်လိုက်သည်။
ဧည့်ခန်းတံခါးကို တွန်းဖွင့်ချိန်တွင် ကျောင်းမြန်၏မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားမိသည်။
"ဒီကိုမလာနဲ့နော်၊ ဒီကိုလာရင် ဖောက်ခွဲပစ်လိုက်မှာ။"
စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားတစ်ဦးသည် ရိုင်ဖယ်သေနတ်တစ်လက်ကိုကိုင်ထားပြီး တံခါးကို ချိန်ရွယ်ထားကာ ပြုံးလျက် "မင်းရောက်နေတဲ့နေရာမှာရပ်နေပြီးတော့ မင်လက်နက် ချလိုက်ပါ။"
ကျောင်းမြန်သည် ဆံပင်အညိုရောင်နှင့် ယောက်ျားကို မှတ်မိသည်။
စီဆဲလ်၏ညီငယ် အန်ဒါဖြစ်သည်။
အခန်းတွင်းရှိ လေထုက တင်းမာနေသည်။
အန်ဒါသည် လက်တစ်ဖက်တွင် သေနတ်တစ်လက်ကိုင်ထားပြီး အခြားတစ်ဖက်တွင် ခလုတ်တစ်ခုကို ကိုင်လျက် ကုတင်ဘေးတွင် ရပ်နေသည်။ ခလုတ်သည်အိပ်ရာအောက်တွင် မြှုပ်ထားသော ဖောက်ခွဲရေးပစ္စည်းများကိုဖောက်ခွဲရန် အသုံးပြုဖို့ဖြစ်ကြောင်း ယူဆရသည်။
ကျောင်းမြန်သိလိုက်ရသည်မှာ တစ်နာရီတစ်ခါ ပေါက်ကွဲတတ်သည့် ထူးခြားသော "ဒီဒီ" အသံကို ကုတင်အောက်မှ ကြားလိုက်ရပြီး ထူးဆန်းသောအနီရောင်မီးသည်လည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
မာရှယ်နှင့် မာရှယ်၏ဇနီးတို့သည် ကုတင်ပေါ်တွင်ထိုင်လျက် အန်ဒါ ၏ ဖမ်းဆီးခြင်းကိုခံထားရပြီး မာရှယ်၏ဇနီးသည် စိတ်ပျက်အားငယ်နေသည့်အကြည့်တို့နှင့် ပြည့်နှက်နေသည်။
မဒမ်မကြောက်တတ်ဘူးဆိုတာကို ကျောင်းမြန်သိနေသော်လည်း.. စိတ်ပျက်သွားသည်။
လက်ထောက်လည်း မတ်တပ်ရပ်လျက်ရှိပြီး သူ၏လက်များကို မြှောက်ထားရသည်။
အန်ဒါသည် မာရှယ်နှင့်သူ၏ဇနီးတို့ကိုအသုံးချ၍ လက်ထောက်အား စီဆဲလ်အား ကယ်တင်ခြင်းမပြုရန် ခြိမ်းခြောက်ခဲ့တာကို တွေ့ရလေသည်။
စီဆဲလ်က သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး "ငါက မင်းနဲ့အတူတူပဲလို့ထင်ခဲ့တာ ။ ဒါပေမယ့် မင်းကအဖေနဲ့အမေကို ဓားစာခံအဖြစ် ဖမ်းထားမယ်လို့ ငါ မထင်ထားမိဘူး။ ငါစိတ်ထဲမှာမင်းကို ဒီအခန်းထဲမှာ အကြိမ်ကြိမ်သတ်ပြီးနေပြီ"
အန်ဒါက "ဒါကို ကျွန်တော်လည်းမထင်ထားပါဘူး။ တကယ်လို့ နောက်တစ်ကြိမ်အခွင့်အရေးရခဲ့မယ်ဆိုရင် အဲ့အချိန်ကျရင်တော့ အောင်မြင်ပါစေလို့ဆုတောင်းတယ်။" ဟု နီရဲနေသောမျက်လုံးများဖြင့် ပြန်ပြောခဲ့ပါသည်။
သူက ဘယ်သူလဲ။အစ်ကိုဖြစ်သူ၏ အရည်အချင်းကို လျှော့တွက်ကာ သူ့အစ်ကိုသည် ရေတပ်၏ပင်မထောက်တိုင် ရေတပ်ဗိုလ်ချုပ်ကြီးစီဆဲလ် ဖြစ်နေသည်ကို မေ့သွားခဲ့သည်။ သေချာသည်နေမှာ သူ့အစ်ကိုသည် ဖျားနေသော်လည်း မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် လက်နက်ကို ဆွဲကိုင်နိုင်ဆဲဖြစ်နေသည်။
စီဆဲလ် ဘေးနားကလူသည် ဒီလောက်တော်လိမ့်မယ်လို့ အန်ဒါ မမျှော်လင့်ထားပေ။
သူက အရမ်းတော်သောဆရာဝန်ဆို မဟုတ်ဘူးလား?
ဖြစ်နိုင်ပါ့မလား...?
"ကောင်းပြီ မင်းရဲ့ ကျရှုံးမှုတွေကို ပြန်သုံးသပ်နေဖို့ မလိုဘူး။"
စီဆဲလ်သည် သူ့မျက်နှာသည် ပြုံးနေသော်လည်း သူ့အသံက ရေခဲချောက်နက်ထဲမှ ထွက်လာသကဲ့သို့ အေးစက်နေ၏။
"မင်းရဲ့ကျရှုံးမှုအတွက် မင်းအသက်နဲ့ပေးဆပ်ရမယ်။"
"မင်း ဒီကိုမလာနဲ့နော်!"
အန်ဒါသည် သူ့လက်ထဲက ခလုတ်ကို ဖိကိုင်ထားလိုက်သည်။
"နှိပ်လိုက်။"
စီဆဲလ်က သူ့လက်နှစ်ဖက်ကို မြှောက်ပြပြီး "နှိပ်လိုက်" ဟုပြောလိုက်သည်။
"မင်း?!"
အန်ဒါ၏မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ငါ မင်းကို နှိပ်လိုက်ဖို့ပြောတယ်လေ"
စီဆဲလ်သည် ဘေးနားတွင်အေးအေးဆေးဆေး ရပ်လိုက်ပြီး "ဘာလဲ၊ မင်းမှာ ခလုတ်လေးနှိပ်ဖို့တောင် သတ္တိမရှိဘူးလား?" ဟုပြောပါသည်။
"လူယုတ်မာ၊ အဲ့ဒါကြောင့် မင်းငါ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး။"
အန်ဒါ တုန်လှုပ်သွားလေသည်။
"ဗီး...."