Chapter 7
Viewers 597

Chapter- 7

(ကျွန်တော် ရေမချိုးတာ ငါးနှစ်ရှိပြီ)

"ဗီး...."

အန်ဒါသည် ခလုတ်ကိုနှိပ်လိုက်လေသည်။

ကျောင်းမြန် မျက်လုံးပြူးသွားလေပြီ။

ခလုတ်ကို နှိပ်လိုက်သော်လည်း ဘာမှဖြစ်မလာပါ။

ကျောင်းမြန်သည် စီဆဲလ်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သောအခါ အန်ဒါသည် အရာအားလုံးကို နားလည်သွားပုံပေါ်ကာ မြေပြင်ပေါ်သို့ အားအင်များယုတ်လျော့ကာလဲကျသွားတော့သည်။

"လူလိမ်ကောင်... လူယုတ်မာ.." 

အန်ဒါက သူ့ခေါင်းကို တင်းတင်းဆုပ်ထားပြီး "စီဆဲလ် ...မင်းက လူယုတ်မာပဲ!!"

ကျောင်းမြန်သည် မျက်မှောင်ကြုတ်ပြီး "ဘာတွေဖြစ်ကုန်တာလဲ?"

စီဆဲလ်သည် အန်ဒါကို ငုံ့ကြည့်လိုက်ကာ "သူက အရမ်းမြင့်တဲ့ နေရာကို တက်ခဲ့ပြီး မီးသတ်နဲ့ စစ်သားတွေကို ကိုယ့်ခွင့်ပြုချက်မလိုဘဲနဲ့ စည်းရုံးနိုင်မယ်လို့ ထင်နေတာ၊ ဒါပေမယ့် သူ့မှာရှိတဲ့ အရာအားလုံးက ကိုယ်ပေးခဲ့တယ်ဆိုတာကို သူ မသိခဲ့ရုံပါပဲ"

စီဆဲလ် အဆိပ်မိပြီးနောက်တွင် သူ၏ အရိပ်တပ်သားများသည် အန်ဒါ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူတို့ကိုယ်ပိုင် ဂိုထောင်ထဲမှ လက်နက်တစ်ခုကို ရုတ်တရက် ကိုင်ဆောင်လာသည်ကို တွေ့လိုက်ရသောကြောင့် သူတို့သည် ၎င်းကို အတုတစ်ခုဖြင့် တိတ်တဆိတ် အစားထိုးခဲ့သည်။

"မင်းပါးစပ်ပိတ်ထား!" 

အန်ဒါက သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးများတွင် မုန်းတီးမှုတွေ ပြည့်နှက်နေကာ - "ဒါက ငါ့အပိုင်ပဲ"

"ဒါက မင်းပိုင်တယ် ... ငါပြန်မလာခင်အထိက မင်းက ငါတို့မိသားစုဝင်ပဲ..." စီဆဲလ်က ခါးကိုကိုင်းပြီးပြောသည်။

"ဒါပေမယ့် မင်းကအစားထိုးပဲ။"

အန်ဒါ၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။

"အကုန်အလိမ်တွေပဲ!!။"

အန်ဒါသည် စီဆဲလ်ကို ပြတ်သားစွာ ကြည့်ခဲ့ပြီး ပြန်လည်ချေပရန် ခွန်အားများ ဆုံးရှုံးသွားလေသည်။

"အား....စီဆဲလ် ၊ ရပ်လိုက်ပါတော့.... " 

မာရှယ်၏ ဇနီးသည် မျက်နှာကို လက်ဖြင့်အုပ်ကာ အသံတိုးတိုးဖြင့် ငိုတော့သည်။

"မပြောပါနဲ့တော့.. အမေတို့အပြစ်ပါ.. မင်းအဖေနဲ့ အမေ့ရဲ့အပြစ်တွေပါ.."

စီဆဲလ်သည် သူ့ဓားကို ဆွဲထုတ်ပြီး အန်ဒါ ရှိရာဆီကို လျှောက်သွားလေသည်။

"စီဆဲလ်....!!!!"

မာရှယ်၏ဇနီးက "မဟုတ်ဘူး! မလုပ်ပါနဲ့!"

စီဆဲလ်သည် ခဏရပ်လိုက်ပြီး မာရှယ်နှင့် သူ၏ဇနီးကို ဗလာမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ကျောင်းမြန်သည် အလွန်ခံစားလွယ်ပြီး သူ့အာရုံများသည် သာမန်လူများထက် သာလွန်သောကြောင့် သူခံစားခဲ့ရသည်။

စီဆဲလ်သည် ဒေါသထွက်နေသည် ၊ အလွန် ဒေါသထွက်နေသည် ၊ သို့သော် သူဒေါသထွက်နေသည်အားထုတ်မပြသောကြောင့် မည်သူမှသတိမထားမိချေ။

စီဆဲလ်သည် သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ မည်သည့်စကားမှမပြောသော်လည်း ကျောင်းမြန်သည် သူ့ပတ်ဝန်းကျင်ရှိ ဖိအားကြောင့် ခံစားနိုင်သည်။

နောက်ဆုံးတွင် စီဆဲလ်သည် သူ၏ရင်ဘတ်ရှိတံဆိပ်ကို ချွတ်လိုက်ပြီး "အမေ၊ အန်ဒါ မန်ရာ့စ် က ကျွန်တော့်ကို တိတ်တဆိတ် အဆိပ်ခတ်တယ်၊ အဖွဲ့ချုပ်ရဲ့နောက်ကွယ်ကနေ ဇာစ့်တွေ နဲ့ ပူးပေါင်းပြီး လက်နက်တိုက်ကို လျှို့ဝှက်အလွဲသုံးစားလုပ်တယ် ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ စံအိမ်မှာ ပစ်ခတ်မှုတွေတောင်လုပ်ခဲ့သေး ဒီနေ့ သူ့ကို ဒီအခန်းထဲမှာမသတ်ဘဲနဲ့ ဘေးကင်းကင်းနဲ့ထွက်သွားခွင့်ပေးလိုက်မယ်ဆိုရင်၊ ကျွန်တော်ဒီအဖွဲ့ချုပ်ရဲ့ ဗိုလ်ချုပ်မှူးကြီး မဖြစ်ထိုက်တော့ပါဘူး" 

မာရှယ်၏ဇနီးသည် အသက်ရှူရပ်သည်အထိ ငိုတော့သည်။

"မင်းတို့နှစ်ယောက်လုံး အမေ့သားတွေ... အသွေးတွေအသားတွေက အမေ့သွေးသားတွေပဲ.." 

မာရှယ်၏ဇနီးသည် ပျော့ညံ့သောမိန်းမ မဟုတ်သည့်အတွက် မာရှယ်နှင့်လက်ထပ်နိုင်ခဲ့သော်လည်း သူမတွင် အသက်ထက်ချစ်မြတ်နိုးရသည့် သားနှစ်ဦးကြောင့်၊ ယခုအချိန်တွင် ဘယ်မိခင်မှ သန်မာနိုင်မည်မဟုတ်ပေ။

ကျောင်းမြန်သည် အခုချိန်တွင် စီဆဲလ်၏ခံစားချက်ကို နားလည်သွားသည်။ အန်ဒါ အမှားတစ်ခုခုလုပ်ခဲ့ပါစေ၊ အဖွဲ့ချုပ်၏ခေါင်းဆောင်ဖြစ်သော စီဆဲလ်သည် သူ၏ပြီးပြည့်စုံသောစွမ်းရည်နှင့် ပြတ်သားမျှတသောစိတ်ထားတို့ လူအများကို အမြဲလေးစားယုံကြည်စေခဲ့သည်။ သူနှင့် သူ၏ထက်မြက်သောသည် မည်သို့မျှစိန်ခေါ်၍မရနိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။

တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ပြီး သူကခွင့်လွှတ်ပေးနေမယ်ဆိုရင် အပြင်လောကက စီဆဲလ်အားကို ဘယ်လိုထင်သွားကြမလဲ။ သူရဲဘောကြောင်ခြင်းလား? ကူကယ်ရာမဲ့မှုလား? အားနည်းသောအမျိုးသမီးတွေလို ကြင်နာမှုလား?

လက်တစ်ဖက်တွင် ဓားမြှောင်ကိုကိုင်ထားပြီး အခြားတစ်ဖက်တွင် သူ၏တံဆိပ်ကိုကိုင်ထားသည့် စီဆဲလ်သည် တစ်ချိန်တည်းတွင်ပင် ငြင်းဆိုခဲ့သည်။

"ကလေးတစ်ယောက်လား ဒါမှမဟုတ် ကလေးနှစ်ယောက်လုံးကိုဆုံးရှုံးခံလိုက်မလားဆိုတာ မဒမ်က ဆုံးဖြတ်ချက်ချနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"စီဆဲလ်... မင်း..." 

မဒမ် မာရှယ်က မျက်လုံးနီရဲနေပြီး ခေါင်းကို အပြင်းအထန် ခါလိုက်သည်။

မာရှယ်သည် ခေါင်းကို အနည်းငယ်လှည့်၍ မျက်လုံးမှိတ်ထားသော်လည်း ဘာမှ မပြောပေ။

စီဆဲလ်က လှောင်ပြောင်လိုက်ပြီး ဓားမြှောင်ကို မြှောက်လိုက်သည်။

"အား-! မလုပ်ပါနဲ့!" 

မာရှယ်၏ဇနီးသည် လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ရှေ့သို့ အပြေးသွားခဲ့သော်လည်း သူ့ကို တားနိုင်စေရန် မာရှယ်က ချက်ချင်း ပွေ့ဖက်လိုက်သည်။

မဒမ်မာရှယ်သည် သူမ၏သားကြီးက သားငယ်အား ဓားမြှောင်ဖြင့် ထိုးသတ်နေတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။

"စီဆဲလ်!!"

စီဆဲလ်သည် သူ၏ဓါးကို ဆွဲလုကာ တားလိုက်သည့် ကျောင်းမြန်အား စိုက်ကြည့်လိုက်သည်။

"မင်း..." 

စီဆဲလ်၏ မျက်လုံးများ မှောင်မဲသွားကာ "ကိုယ့်ကို မတားနဲ့" ဟုပြောလိုက်သည်။

ကျောင်းမြန်သည် စီဆဲလ်၏နှလုံးသားထဲတွင် ဒေါသစိတ်နှင့် သတ်ဖြတ်ချင်သော အရိပ်အယောင်များ ပိုကြီးလာတာကို ခံစားလိုက်ရသည်။

ဒါပေမယ့် သူသည် အေးအေးဆေးဆေးပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကိုမတားဘူး၊ ခင်ဗျားလည်း ဆက်မလုပ်ရဘူး"

"ထွက်သွားတော့။"

ကျောင်းမြန်သည် စီဆဲလ်၏ဓားမြှောင်ကို လေထဲသို့ပစ်ထုတ်လိုက်ကာ သူ့ကိုယ်ပိုင်ဓားမြှောင်ကိုထုတ်ကာ ထိုင်ချလိုက်ပြီး အန်ဒါ၏ရင်ဘတ်ဆီသို့ စိုက်ချလိုက်သည်။

“အ…” 

အန်ဒါ၏ မျက်လုံးများ ပြူးကျယ်လာပြီး သေချာမအော်နိုင်ခင်မှာပင် မြေပေါ်သို့ လဲကျသွားခဲ့သည်။

ကော်ဇောကို အနီရောင်သွေးများဖြင့်စွန်းထင်းစေခဲ့သည်။

ကျောင်းမြန်က ငုံ့ကြည့်လာသည့်အခါ အန်ဒါသည် အသက်ရှူကြပ်သွားသလို ခံစားလာရပြီး ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ မတ်တတ်ထရပ်လိုက်ပြီး မျက်နှာပျက်ခြင်းမရှိဘဲ "သတ်မယ်ဆို အခုလို မနာကျင်စေဘဲသတ်တာအကောင်းဆုံးပဲ" ဟု ပြောလိုက်သည်။

မာရှယ်ဇနီး၏ မျက်လုံးများ လည်ကာ မူးလဲသွားသည်။

မာရှယ်သည် သူမကို လျင်မြန်စွာပွေ့ဖက်လိုကွပြီး ကျောင်းမြန်နှင့်စီဆဲလ်တို့ကို လေးလေးနက်နက်စိုက်ကြည့်ကာ ဇနီးဖြစ်သူနှင့်အတူ ထွက်ခွာသွားခဲ့သည်။

စီဆဲလ်သည် အံ့အားသင့်နေဆဲပင်။

ကျောင်းမြန်က "အန်ဒါသေသွားပြီဆိုတာ ခင်ဗျားလက်ခံရမယ်၊ ဒါပေမယ့် အဲ့ဒါခင်ဗျားလုပ်တာမဟုတ်ဘူး" ဟု ပြောလိုက်သည်။

စီဆဲလ်သည် သူ့ရှေ့ကလူကို ကြည့်လိုက်သည်။ သူ့မျက်နှာသွင်ပြင်က နူးညံ့ကာ ရှည်လျားသော ငွေပြာရောင်ဆံပင်များက ပူနွေးသောရေစီးကြောင်းကဲ့သို့ လေနှင့်အတူ လွင့်မျောနေသည်။ စီဆဲလ်က အောက်ကိုငုံ့ကြည့်လိုက်ချိန်တွင် ကျောင်းမြန်၏သွေးစွန်းနေတဲ့လက်များကို တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူ၏ဒေါသများအကုန်ကွယ်ပျောက်သွားသည်။

ကျောင်းမြန်ကတော့ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

စီဆဲလ်သည် ခေါင်းယမ်းကာ ဒီအရှုပ်အထွေးကို ရှင်းလင်းရန် လက်ထောက်အား အမိန့်ပေးခဲ့သည်။ထို့နောက် သူ့အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်ကာ ကျောင်းမြန်၏လက်များအား သေချာစွာသုတ်ပေးလိုက်သည်။

" ဒါက ဘာမှမဖြစ်ပါဘူး ခင်ဗျားရဲ့လက်ကိုင်ပုဝါကို အပေမခံပါနဲ့ "

"နာခံမှုရှိပါ။" 

စီဆဲလ်သည် မည်သည့်အခါကမှ သူ့အားငြင်းဆန်ခြင်းမရှိပေ။

"ကိုယ်ပြောတယ်လေ... မင်းက ပျော့ညံ့ပြီး နူးညံ့နေပေမယ့် မင်းရဲ့ လုပ်ရပ်တွေက ကိုယ့်ကို အမြဲအံ့သြစေတယ်။" 

စီဆဲလ်က ပြုံးလိုက်ပြီး "ဟမ်၊ ရေခဲမြစ်ရဲ့ ဗိုလ်ချုပ်လေး?"

ကျောင်းမြန်သည်မျက်မှောင်ကြုတ်ပြီး "ရေတပ်ဗိုလ်ချုပ်က ကျွန်တော်က ရန်လိုတယ်လို့ ထင်နေတာလား?"

ထို့ပြင် မည်သူကမှ သူတို့၏ အိမ်ထောင်ဖက်အား သိက္ခါမရှိ၊ ကြမ်းတမ်းပြီး နူးညံ့သိမ်မွေ့မှုမရှိသူ မဖြစ်စေလိုပါ။

"မဟုတ်ဘူး.. အဲ့ဒီ့အစား..ကိုယ်စဉ်းစားမိတာက.."

စီဆဲလ်သည် ခေါင်းငုံ့လိုက်ကာ ကျောင်းမြန်၏ နားနားသို့ တိုးတိုးလေးပြောလိုက်သည်။

"ဘေဘီ၊ မင်းကတကယ်မိုက်တယ်"

နွေးထွေးသော အသက်ရှုသံက ကျောင်းမြန်၏ နားရွက်ကို ဖြတ်သန်းသွားလေသည်။

ကျောင်းမြန်သည် မျက်လုံးများ ပြူးကျယ်သွားကာ နေရာမှာပင် ထိတ်လန့်သွားလေသည်။

သို့သော် ကျောင်းမြန်သည် ၎င်းကို မည်သို့ကိုင်တွယ်ရမည်ကို အဖြေရှာရန် အချိန်မရသေးခင်တွင် သူ့ခန္ဓာကိုယ်ပေါ်သို့ ကိုယ်အလေးချိန်တစ်ခု ပြုတ်ကျလာသည်ဟု ခံစားလိုက်ရသည်။

ကျောင်းမြန်၏နားနားတွင် တိုးတိုးလေး ပရောပရည်လုပ်နေသော စီဆဲလ်သည် ကိစ္စများပြီးသွားသောအခါ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ကာ ကျောင်းမြန်၏ပခုံးပေါ်တွင် ခေါင်းမှီထားလျက်ပင် မူးလဲသွားသည်။

ကျောင်းမြန်: "......."

ကျောင်းမြန်သည် ရယ်ရမလား ငိုရမလား မသိသောကြောင့် လက်ထောက်ကို ခေါ်ကာ စီဆဲလ်အား ဧည့်ခန်းသို့ သယ်သွားခဲ့သည်။

ပင်မအခန်း မဟုတ်ဘူး...အဘယ်ကြောင့်ဆိုသော် ပင်မအိမ်ကြီး တစ်ခုလုံး အပါအဝင် ပင်မအခန်းကိုပါ ဗုံးဖြင့်အပိုင်းပိုင်း ကြဲထားသောကြောင့် တစ်စစီဖြစ်နေလေပြီ။

"ဗိုလ်ချုပ် သွားကြရအောင်။"

နောက်နှစ်ရက်အကြာတွင် ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် နောက်ဆုံးတွင် လုံးဝပြန်လည်ကောင်းမွန်လာပြီး ရေတပ်ဗိုလ်ချုပ်ကြီး၏တစ်ဦးတည်းသောညီဖြစ်သူမှာ ဥပဒေကိုချိုးဖောက်၍ အစ်ကိုဖြစ်သူကို အဆိပ်ခတ်ရန်ကြိုးစားသောကြောင့် အခင်းဖြစ်ရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သည်။ ဈာပနကိုလည်း အေးချမ်းစွာ ကျင်းပခဲ့သည်။

လူအများသည် စီဆဲလ်၏ရဲရင့်မှုကို အံ့အားသင့်နေချိန်တွင် အခြားအရာတစ်ခုကိုလည်း မျှော်လင့်လာကြသည်။

အိုး... နည်းပညာအရ ဆိုလျှင်တော့ မည်သူမျှ မမျှော်လင့်ထားပေ။

{ဝူး....ဝူး ....ဝူး...အိမ်ထောင်ရေး။ ငါ့ဗိုလ်ချုပ်ကြီး လက်ထပ်တော့မယ်တဲ့။ ငါ့အသဲတွေကွဲပြီး သေတော့မှာပဲ၊ ဒီည စတားကွန်ရက်ရဲ့ အပေါ်ဆုံးထပ်ကို ခိုးဝင်ပြီး ဗိုလ်ချုပ်ကြီးကို နွေးထွေးတဲ့ ချစ်ခြင်းမတ္တောဆိုတာ ဘာလဲဆိုတာကို ပြဖို့ ခုန်ဆင်းလိုက်တော့မယ်။ }

{လက်ထပ်လိုက်တာကောင်းပါတယ်၊ ဒါပေမယ့် ရေခဲမြစ်စနစ်ရဲ့ ဗိုလ်ချုပ်ကို လက်ထပ်မှရမှာလား... အာ...}

{နားလည်လိုက်ပါပြီ၊ ငါတို့ဗိုလ်ချုပ်ကြီးသညက အရမ်းချောမောခံ့ညားပြီး စမတ်ကျတဲ့သူ၊ ချမ်းသာသူ၊ ချောမောပြီး အရည်အချင်းရှိသော သူဖြစ်တာကြောင့် အခုလို ရန်သူရဲ့ဖျက်ဆီးတာကို ခံရတာလို့ထင်တယ် ငါတို့နဲ့ နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ အဲဒီရန်သူ ဗိုလ်ချုပ်ကို ဘာလို့ လက်ထပ်သင့်တာလဲ။ လူရိုင်းနဲ့တွေ့မှ ပျက်ဆီးရတော့မယ်!! ဒီလိုမျိုးဆိုရင် အရင်က သတင်းမှာ တင်ထားတဲ့ ရုပ်ရှင်မင်းသမီးနဲ့ တွဲတွေ့ရတာမှ ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ ရုပ်ရှင်ဘုရင်မ က ငါတို့နိုင်ငံက သာမာန်မိန်းကလေးတစ်ယောက်ဖြစ်ပြီး ချောမောလှပသေးတယ်။ }

{ အပေါ်ထပ်ရေ ရူးနေတာလား!!!! ဗိုလ်ချုပ်ကြီးက ဘာလို့ ရန်သူဖျက်ဆီးတာခံရတဲ့သူဖြစ်ရမှာလဲ၊ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်ရမှာလဲ၊ မင်းစိတ်ထဲမှာ သံသယတွေ ရှိနေတာလား။ အိမ်ထောင်ကျပြီးသည့်နေ့ကို စိတ်ကူးကြည့်လိုက် ဗိုလ်ချုပ်ကြီးနဲ့ ရန်သူဗိုလ်ချုပ်တို့ အချင်းချင်း မုန်းနေကြတာဆိုတော့ ငါတို့ရေတပ်ဗိုလ်ချုပ်ကြီး စိတ်ဆင်းရဲရလိမ့်မယ်။ }

{စိတ်ဆင်းရဲမှု +1၊ အဲ့ဒီ့ ရန်သူကြောင့်ပဲ။ ရေတပ်ဗိုလ်ချုပ်ကြီးကိုလည်း ဒုက္ခပေးလိမ့်မယ်... ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ ပျော်ရွှင်မှုက ပျောက်ကွယ်သွားလိမ့်မယ်။ ....ဝူး....} 

စတားကွန်ရက် တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

ကျောင်းမြန်သည် စီဆဲလ်၏ ကုတင်ဘေးတွင် ထိုင်ကာ သူ့တာမီနယ်မှတဆင့် သတင်းနှင့် သူတို့နှစ်ဦးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ဖတ်ပြီး ပြုံးနေသည်။

ရွက်ကြမ်းရေကြို ရုပ်ဆိုးတဲ့မျက်နှာလား? 

လူ့ဘာသာစကားတောင် မပြောတတ်ဘဲ ကြမ်းတမ်းသော ဆံပင်တွေရှိတယ်တဲ့လား?

အဲ့ဒီ့ထက် အရေးကြီးဆုံးက.....

သူက တောထဲမှာနေပြီး ရေမချိုးတာ ငါးနှစ်ရှိပြီတဲ့လား??

ကျောင်းမြန်သည် အစပိုင်းတွင် အနည်းငယ်မပျော်မရွှင်ဖြစ်ခဲ့သော်လည်း သူပိုပြီးကြည့်လေလေ သူ မရယ်ဘဲမနေနိုင်လေလေဖြစ်သည်။ နောက်ဆုံးတွင်၊ ဤပို့စ်များသည် နေ့ခင်းတစ်ခင်းလုံးအတွက် သူ၏ ဖျော်ဖြေရေးအခန်းကဏ္ဍဖြစ်လာခဲ့သည်။

ဒီဖက်ဒရေးရှင်းကလူတွေက သူ့ကို ဘယ်လိုထင်နေကြတာလဲ?

"ဒေါက်....ဒေါက်"

ကျောင်းမြန်သည် ခဏမျှ အံ့အားသင့်သွားပြီး ခေါင်းကို မေ့ာကာ " ဟုတ်ကဲ့ ဝင်လာခဲ့ပါ " ဟုပြောလိုက်သည်။ အိမ်ထိန်းက စာရင်းတွေကို ယူလာပြီး "ဒါက မင်္ဂလာဆောင်အတွက် ဧည့်သည်စာရင်းပါ" ဟု ပြောသည်။

ကျောင်းမြန်က တခဏမျှ ထိတ်လန့်သွားသည်။

နိုင်ငံရေးအသိုင်းအဝိုင်း၊ ဖျော်ဖြေရေးအသိုင်းအဝိုင်း၊ ဆွေမျိုးများ၊ တပ်မတော်မိသားစုများ... စသောပုံများ။

အိမ်စောင့်က ဦးညွှတ်ပြီး "ဗိုလ်ချုပ်ကြီးနဲ့ သခင်လေးတို့ ကို ကိုယ်တိုင်ကိုယ်ကျ ရွေးခိုင်းရတဲ့အတွက် စိတ်မကောင်းပါဘူး၊ အခု မာရှယ်တို့ဇနီးမောင်နှံက........"

"နားလည်ပါတယ်၊ ကိစ္စမရှိပါဘူး"
 ကျောင်းမြန် က သူ့လက်ကာပြလိုက်သည်။

ခဏလောက်ကြည့်ပြီးနောက် ကျောင်းမြန်က "ငါတို့ မင်္ဂလာပွဲကျင်းပရမှာလား?"

"ဟုတ်တာပေါ့။"

ကျောင်းမြန် က ခေတ္တရပ်ပြီး "ဒါ့အပြင် ငါတို့ မလုပ်လို့မရဘူးလား။"

စီဆဲလ် အိပ်ပျော်နေလား သေချာမသိပေမယ့် သူသည် မျက်လုံးမှိတ်ပြီး အနားယူနေခဲ့သည်။

အိမ်ထိန်းက "ကိစ္စတစ်ခုခုရှိလို့လား သခင်လေး" ဟု သတိထားကာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။" 

ကျောင်းမြန်က ပြုံးပြီးပြောသည်။

"အဲဒါက မသင့်တော်ပါဘူး၊ အဲ့ဒါကြောင့် မလုပ်ပါနဲ့"

သူ့အပေါ် ပြင်ပကမ္ဘာက ဝေဖန်မှုတွေ၊စီဆဲလ် ၏မိဘတွေရဲ့ ကိစ္စတွေ... နောက်ပြီးတော့၊ ဒါတွေအားလုံးအတွက် မသင့်လျော်ပေ။

"ဒီကိစ္စကို သခင်လေး ဗိုလ်ချုပ်ကြီးကို မေးဖို့လိုတယ်" ဟုဆိုသည်။

"ကိုယ် ဂရုမစိုက်ဘူး။" 

စီဆဲလ်က မျက်လုံးဖွင့်လိုက်ပြီး ကျောင်းမြန် ကို လှည့်ကြည့်လိုက်ကာ "မင်း အဆင်မပြေရင် မလုပ်နဲ့" ဟုပြောလိုက်သည်။

ကျောင်းမြန် သက်ပြင်းချလိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ဦးသည် စာချုပ်အရ ဆက်ဆံရေးတစ်ခုသာဖြစ်ပြီး နှလုံးသားချင်းထပ်တူကျသော ချစ်ခြင်းမေတ္တာရှိသူများအတွက် မင်္ဂလာပွဲကို ထိန်းသိမ်းထားသင့်သည်။

အိမ်ထိန်းက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါဆို ကျန်တဲ့သူတွေကို ကျွန်တော်အကြောင်းကြားပြီး မင်္ဂလာပွဲကို ဖျက်လိုက်ပါမယ်၊ ဒါပေမယ့် ထာဝရသစ်ပင်ရဲ့ မှတ်ပုံတင်ပွဲကို ချန်ထားခဲ့လိုက်မယ်" ဟု ပြောလိုက်သည်။

"...ထာဝရသစ်ပင်?" 

ကျောင်းမြန်က မျက်တောင်ခတ်လိုက်သည်။

ဒါကရော ဘာလဲ။

အိမ်ထိန်းက ပြုံးပြီးပြောသည်။ "ဒါက အဖွဲ့ချုပ်ရဲ့ မင်္ဂလာပွဲတစ်ခုပါ။ ချစ်သူစုံတွဲတိုင်း တရားဝင်လက်ထပ်ပွဲမလုပ်ရသေးခငွ ထာဝရသစ်ပင်ရှေ့မှာ သူတို့နာမည်များကို အိမ်ထောင်ရေးစာအုပ်စနစ်တွင် မှတ်ပုံတင်ထားရမှာဖြစ်တယ်"

ကျောင်းမြန်က မသိစိတ်မှ မေးလိုက်သည်။"ငါတို့ အနာဂတ်မှာ ကွာရှင်းချင်ရင် ဘယ်လိုလုပ်မလဲ"

"......"

အိမ်ထိန်း : "....."

အဲ့ဒီတော့ အိမ်ထောင်မပြုခင် ကွာရှင်းဖို့ အရင် စဉ်းစားနေတာလား?

ဒါပေမဲ့ အိမ်ထိန်းကတော့ စီဆဲလ်အား နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တဲ့ အစေခံဟောင်းတစ်ယောက်ဖြစ်သောကြောင့် သူက ပြုံးပြီး အေးအေးဆေးဆေး ပြန်ပြောသည်

"ဘာပဲဖြစ်ဖြစ် ကျွန်တော်က လက်ထပ်မယ့်စုံတွဲအတွက် သစ်ပင်ရဲ့ စနစ်ကို သွားရမှာပါပဲ။"

"ကောင်းပါပြီ။" 

ကျောင်းမြန်သည် အလေးအနက်ထားပြီး ခေါင်းညိတ်ပြလိုက်သည်။ 

တကယ်တော့လွယ်ပါတယ်။

လမ်းခွဲလိုက်ရုံနဲ့ ပြီးသွားပြီပဲလေ။

စီဆဲလ် : "....."

သူက စာချုပ်ကို စတင်သူဖြစ်ပေမယ့် ဘာကြောင့် အမြဲတမ်း ထူးဆန်းနေတာလဲ?

ထူးဆန်းပြီး အဆင်မပြေတဲ့ ခံစားချက်တစ်ခု ကိုခံစားနေရတယ်။

----------------------------------------------------

စာရေးသူတွင်ပြောစရာရှိပါတယ်

စီဆဲလ်- ဝမ်းနည်း><

ကျောင်းမြန်- ???