Chapter -9
(ယုံကြည်မှု)
ကျောင်းမြန်သည် လေဆိပ်သို့ လေယာဥ်ဖြင့်မောင်းသွားသည်ဟု အိမ်ထိန်းထံမှ အကြောင်းကြားစာရသည့်အချိန်သည် စီဆဲလ် သည် အိမ်ပြန်တော့မည့်အချိန်ဖြစ်သည်။
စီဆဲလ်သည် သူ့အား လေဆိပ်သို့ သွားခေါ်ပြီး အတူတူ ပြန်လို့ရကြောင်းတွေးလိုက်သည်။ ဒီတစ်ပတ်အတွင်း ကျောင်းမြန်သည် အချက်ပြလမ်းကြောင်းဖွင့်ထားလျှင်ပင် ဤနေရာနှင့် ရင်းနှီးရန်အတွက် အချိန်လုံလောက်မှုမရှိပေ။
သို့သော် စီဆဲလ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သူ၏ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာစေရန် ခွင့်ရက်ရှည်ယူခဲ့သောကြောင့် ထိုရက်များအတွင်း ကိုင်တွယ်ရန် အရေးကြီးတာဝန်များရှိနေသောကြောင့် နေပြန်ကောင်းသည့်အချိန်တွင် ထိုတာဝန်များကိုဖြေရှင်းနေရသောကြောင့် ကျောင်းမြန်အား ကိုလိုက်လံပြသရန် အချိန်မရှိဖြစ်နေခြင်းဖြစ်သည်။
ကျောင်းမြန် အိမ်ပြန်မရောက်သေးကြောင်း အိမ်ထိန်းက လှမ်းအကြောင်းကြားပါသည်။
စီဆဲလ် လေဆိပ်ကို သံသယအပြည့် ရောက်လာချိန်တွင် ထွက်ခွာသွားပြီဖြစ်သော လေယာဥ်အား မလှုပ်မယှက် ကြည့်နေဆဲဖြစ်သော တောထဲ၌ တစ်ယောက်တည်း ရပ်နေသည့် ကျောင်းမြန် ကို တွေ့လိုက်ရသည်။
လေ၏တိုက်ခတ်မှုကြောင့် ကျောင်းမြန်၏ ရှည်လျားတဲ့ ငွေပြာရောင်ဆံပင်နဲ့ သူ့အဝတ်အစားတွေများသည် လေနှင်ရာသို့ လွင့်မျောနေသည်။ လှပသည်.... သို့သော် အနည်းငယ်... အထီးကျန်ဖို့ကောင်းသည်။
ကြီးမားသောမြက်ခင်းပြင်ပေါ်တွင် တစ်ယောက်တည်း ရပ်နေသည့် ကျောင်းမြန် ၏အသွင်အပြင်သည် ယခင်က စစ်မြေပြင်တွင်အမိန့်ပေးခဲ့ဖူးသော ဗိုလ်ချုပ်ကျောင်းမြန်ကို စီဆဲလ်အား အမှတ်ရစေသည်။
တိုက်ပွဲစည်းတစ်ဖက်တွင် ကျောင်းမြန်သည် သူ၏စစ်တပ်အား စည်းစနစ်ကျစွာ ဖွဲ့စည်းခဲ့ပြီး တိုက်ခိုက်ရန် အမိန့်ပေးခဲ့ကာ စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။
အခု ကျောင်းမြန် သည် သူ့ရှေ့တွင် ရပ်နေပြန်သည်။
စီဆဲလ်သည် ဤနေရာတွင် ကျောင်းမြန် အချိန်မည်မျှကြာအောင်ရပ်နေခဲ့သည်ကို မသိသော်လည်း သူ၏ရှည်လျားသောဆံပင်များကို လေပြင်းများတိုက်ခတ်သွားသည်ကိုမြင်သော် အစိမ်းရောင်စစ်အင်္ကျီကို ချွတ်ကာ ကျောင်းမြန်၏ပခုံးပေါ်သို့ လွှမ်းခြုံပေးလိုက်တော့သည်။
"လေစိမ်းတွေတိုက်နေတာကို ဘာလို့ အဲ့မှာရပ်နေတာလဲ"
ကျောင်းမြန်သည် စီဆဲလ်ကို ဗလာမျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ကြီး ရောက်လာတယ်.....?"
စီဆဲလ်က စစ်ဦးထုပ်ကို ဆောင်းလိုက်ပြီး လည်ပင်းမှာ ပဝါကို ပတ်လိုက်ကာ
"ဟုတ်တယ်.......တခြားသူတွေ သတိမထားမိခင် ကိုယ် မင်းကို လာခေါ်ဖို့ VIP လမ်းကြောင်းကနေ လာခဲ့တာ"
ကျောင်းမြန်သည် ရုတ်တရက် ရယ်မောလိုက်သည်။
ကျောင်းမြန်သည် အရင်ကတည်းက အလွန်ကြည့်ကောင်းသော်လည်း နူးညံ့ရှည်လျားသော မျက်တောင်လေးများဖြင့်ခြံရံထားသည့် နက်မှောင်ကာအရည်လဲ့နေသော ကျောင်းမြန်၏မျက်ဝန်းလေးများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖမ်းစားနိုင်သည်ဟုပင် စီဆဲလ် ခံစားလိုက်ရသည်။
စီဆဲလ်သည် ဤမျှနီးကပ်သောအကွာအဝေးတွင် ကျောင်းမြန်က ရုတ်တရက်ပြုံးလိုက်သောကြောင့် ထိတ်လန့်သွားခဲ့သည်။
ကျောင်းမြန် ဘာလို့ရုတ်တရက် ရယ်မောရခြင်းကိုစီဆဲလ် နားမလည်ခဲ့ပါ။ စီဆဲလ်သည် သူ့နှာခေါင်းကို ထိပြီး
"ဒါဆို သွားရအောင်လေ ....မင်းရဲ့လေယာဉ်ကို နောက်မှပြန်လာယူခိုင်းလိုက်မယ်" ဟု ပြောလိုက်သည်။
"ဒါလည်း ကောင်းတာပဲ"
နှစ်ယောက်သား VIP လမ်းကြောင်းမှ သွားလိုက်ကြသည်။
စီဆဲလ်သည် ကျောင်းမြန်၏ပခုံးကိုဖက်ကာ သူ့လက်ကိုဆွဲလိုက်ပြီး
"ကိုယ်.....မင်းကိုအရင်စားဖို့ခေါ်သွားပေးမယ် ပြီးရင် ကိုယ်မင်းကိုပြောစရာရှိတယ်"
"ကောင်းပြီလေ.."
ကျောင်းမြန်သည် ပြုံးနေတုန်းပင်။
စီဆဲလ်သည် ကျောင်းမြန်အား မြို့လယ်ရှိ စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားခဲ့သည်။
စီဆဲလ်သည် လက်ထောက်အား ကြိုတင်စာရင်းပေးထားရန် အမိန့်ပေးထားပြီးဖြစ်သောကြောင့် ယခုချိန်တွင် သူတို့နှစ်ဦးသည် အထူးဓာတ်လှေကားမှတဆင့် သီးသန့်ခန်းသို့ တိုက်ရိုက်သွားနိုင်သည့်အခွင့်အရေးရှိသည်။
ကျောင်းမြန်သည် ပျော့ပျောင်းနူးညံ့သော ဖျာပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ရှေ့က ဝါးစားပွဲကို ကြည့်လိုက်ပြီး သူ့ဘေးပတ်ဝန်းကျင်ရှိ ထူးခြားသော ဒီဇိုင်းများကို ကြည့်လိုက်ပြီးနောက်
"ဒါ... စားသောက်ဆိုင်လား?"
"ဟုတ်တယ်။ ဒါက ကမ္ဘာမြေရဲ့ရှေးဟောင်းအရှေ့တိုင်း စားသောက်ဆိုင်လေ...စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ပေးတာဆိုတော့ အဆင်သင့်စားလို့ရတဲ့ အစားအစာတွေထက် အများကြီး ပိုကောင်းတယ်လေ။"
အနီရောင်မီးပုံးများနှင့် စက္ကူပန်ကာများ ပတ်ပတ်လည်တွင် တွဲလောင်းချထားပြီး ပြတင်းပေါက်များကို အနီရောင် စက္ကူပန်းပွင့်များနှင့် အလှဆင်ထားသည်။ ကျောင်းမြန် သည် တခဏတာ အံ့အားသင့်သွားပြီး ဤကဲ့သို့ အရမ်းပါးလွှာသောအရာ အားအသုံးပြုပုံကို စိတ်ကူးထဲတွင်ပင် မတွေးဖူးသောကြောင့်
"အဲဒါ.....အရမ်းလှတယ်။"
ကျောင်းမြန်က ပြုံးကာ
"ဗိုလ်ချုပ်က ချက်ထားတဲ့ ဟင်းကို ပိုကြိုက်တာလား?"
ချက်ပြုတ်ထားသော အစားအစာအတွက် ပါဝင်ပစ္စည်းများသည် ဝယ်ရလွယ်ကူသော်လည်း အသင့်စား အစားအစာက ပိုအဆင်ပြေပါသည်။ လူအများစုသည် ၎င်းကိုအဆင်သင့်ဝယ်စားရုံသာဖြစ်ပြီး ချက်ပြုတ်ရန်အချိန်မရှိခြင်း သို့မဟုတ် အရသာဆိုးရွားစေမည်ကို စိုးရိမ်စရာမလိုပေ။
"ဟုတ်တယ်၊ အသင့်စား အစားအစာက အရသာရှိပြီး အဆင်ပြေပေမယ့် ချက်ထားတဲ့အစားအစာရဲ့ အရသာကို ကိုယ် ပိုကြိုက်တယ်တယ်။"
စီဆဲလ်က သူ့မေးစေ့ကို မြှောက်လိုက်ပြီး
"ဒီ ဆိုင်ကို ခဏခဏ မရောက်ဖြစ်ဘူး၊ဆိုင်က မြို့တော်မှာဆိုတော့ အချိန်အများကြီးမရဘူး။"
အသင့်စားအစားအစာသည် ကျန်းမာရေးနှင့်မညီညွတ်ပေ။ ဖွင့်ပြီးတာနဲ့ စားလို့ရသော အမဲသားစည်သွပ်ဘူးများရှိသည်။ဟင်းသီးဟင်းရွက်များ၊ ဟင်းအချိုများနှင့် အချိုပွဲများထည့်ထားသော စည်သွပ်ဘူးများလည်း ရှိပြီး ၎င်းတို့အားလုံးသည် မူရင်းအရသာကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ပြီး မစားချင်သေးသောအချိန်တွင် အလုံပိတ်ထားနိုင်သည်။
သို့သော် စီဆဲလ်သည် သန့်ရှင်းလတ်ဆတ်သော၊ လက်ဖြင့်ချက်ပြုတ်ထားသော ဟင်းလျာများကိုသာ နှစ်သက်သည်။
"ကျွန်တော် ချက်တတ်တယ်။"
ကျောင်းမြန်က ပြုံးလိုက်ပြီး
"ချက်တတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ကသိတာ အနောက်တိုင်းအစားအစာပဲ၊ အရှေ့တိုင်းအစားအစာကို သိပ်မချက်တတ်ဘူး..."
"မင်းချက်တတ်တယ်?"
စီဆဲလ်၏ မျက်လုံးများ တောက်ပလာလေသည်။
"တကယ်လို့ ဗိုလ်ချုပ် စိတ်မရှိဘူးဆိုရင် နောက်တစ်ခါ ချက်ပေးမယ်။"
ကျောင်းမြန်က မျက်လုံးမှိတ်လိုက်ပြီး
"ဒီနေ့ညစာအတွက် ကျေးဇူးတင်ပါတယ်"
"ဒါက ကိုယ်လုပ်ပေးရမယ့်အရာပါ။”
စီဆဲလ်က သူ့မေးစေ့ကို ကိုင်ပြီး
“ကိုယ်တို့ ဒီကိုခဏခဏ လာလို့မရဘူးလေ...ဒါပေမယ့် အိမ်မှာတော့ နေ့တိုင်းချက်စားလို့ရပါတယ်။"
ထို့နောက် အစားအသောက်များ ရောက်လာသောအခါ သူတို့ရှေ့က ဟင်းပွဲများမှ မီးခိုးငွေ့နှင့် ရနံ့များ အား ခဏမျှရှူရှိုက်နေကြသည်။ ဗိုလ်ချုပ်နှစ်ယောက်၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားကာ အချင်းချင်းနှိမ့်ချနေရန် မလိုအပ်ဘဲ လက်ချောင်းများကို အလိုက်သင့် လှုပ်ရှားလိုက်ကြသည်။
သူတို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး တိုက်ခိုက်ဖြစ်နေကြပြီး တကယ့်လက်တွေ့တွင် ကိုယ်တိုင်ချက်စားရန်အခွင့်အရေး မရှိသလောက်ပင်ဖြစ်သည်။
"လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေက အရသာကိုကမတူဘူး"
စီဆဲလ်က ဝက်ခြေထောက်ကို ကိုက်လိုက်ပြီးပြောလိုက်သည်။
"ကောင်းကောင်းစားလိုက်ရတာပဲ!"
ကျောင်းမြန်သည် မရယ်ဘဲမနေနိုင်ခဲ့ပေ။
သူစားလို့ပြီးသွားချိန်တွင် စီဆဲလ်သည် သူ့လက်များကို သုတ်လိုက်ပြီး
"ဒါကို အရင်ပြောစရာရှိတယ်" ဟု လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
စီဆဲလ်က သူ့လက်ဆွဲအိတ်ထဲမှ စာရွက်တစ်ခုအား ထုတ်လိုက်ပြီး ကျောင်းမြန်အား ပေးလိုက်သည်။
"စာချုပ်လား?"
ကျောင်းမြန် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
လက်နက်ချတဲ့စာချုပ်၊ လက်ထပ်စာချုပ်...အဲ့နောက်မှာ ဘယ်လိုစာချုပ်မျိုးတွေရှိနေသေးတာလဲ??
ကျောင်းမြန်သည် စာချုပ်အားယူဖတ်ပြီးနောက်တွင် အံ့အားသင့်သွားသည်။
"ဒါ....."
စီဆဲလ်သည် ဂုဏ်ယူစွာဖြင့် သူ့တူကို ချလိုက်ပြီး ဝက်ခြေထောက်ကို သူ့လက်ဖြင့် ကိုင်လိုက်ကာ
"ဒါက မင်းအတွက် အဆင်ပြေမှာပါ"
ဟု ပြောရင်း ကိုက်လိုက်လေသည်။
ကျောင်းမြန်က သူ့လက်ထဲက ပူလောင်နေသော စာချုပ်ကို ငုံ့ကြည့်ရင်း အသီးအရွက်များ စားဖို့ကို ခတ္တေမျှမေ့သွားလေသည်။
စီဆဲလ်သည် သူ့အတွက် ရေခဲမြစ်အင်ပါယာမှ တစ်စုံတစ်ယောက်ကို ရှာဖွေရန် အစောပိုင်းက ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။
စီဆဲလ်သည် ကျောင်းမြန်၏ စစ်တပ်ကို သူ့အား ပေးရန်နှင့် သူ၏အမိန့်အားလိုက်နာရန်ရေခဲမြစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်။
မူလက စီဆဲလ်သည် ကျောင်းမြန်သည် အင်ပါယာ၏ဗိုလ်ချုပ်ဖြစ်သောကြောင့် သူ့ထံသို့ တပ်ဖွဲ့ဝင်အားလုံးကို ပြန်ပေးလိုသော်လည်း ကျောင်းမြန်၏ရာဇ၀တ်သား အထောက်အထား ရှိနေသေးသောကြောင့် မြောက်များစွာသောညှိနှိုင်းမှုများပြီးနောက်တွင် သူသည် သူ့အမည်အောက်တွင် စစ်တပ်ကို တိုက်ရိုက် ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
"ဒါကိုအရင်ပြောပါရစေ......မင်းနဲ့စေ့စပ်ထားသူက အင်အားကြီးတယ်၊ ရုပ်ချောတယ်၊ သတ္တိရှိတယ်၊ မင်းအဆင်ပြေဖို့အတွက် လုပ်ပေးတာပဲရှိတာ။ မင်းရဲ့တပ်ကို ကိုယ်ဂရုမစိုက်နိုင်ဘူး။"
စီဆဲလ်က ဝက်ခြေထောက်ကို မြှောက်ကာ ပြုံးလိုက်ပြီး
"အဲ့ဒါကြောင့်မင်းတပ်ထဲမှာဖြစ်နေတဲ့ကိစ္စတွေကို ဖုန်းဆက်ပြီးလှမ်းမေးလို့ရတယ်။ ကိုယ့်ကိုဂရုမစိုက်နဲ့"
"ကောင်းပါပြီ။"
ကျောင်းမြန်သည် စီဆဲလ်၏ ပုံစံကြောင့် အပြည့်အဝ မပျော်နိုင်ပေ။
ကျောင်းမြန် သည် စာချုပ်ကို လက်ခံရရှိပြီးနောက် သူ့နှလုံးသားသည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
သီအိုရီအရဆိုလျှင် သူနှင့် စီဆဲလ်တို့သည် တော်ဝင်မိသားစု၏ မှိုများကို ဖယ်ရှားရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်သည်။
သူသည် စီဆဲလ်နှင့် သတင်းလဲလို့ရပါမလား။ သူသည် ထိုချစ်ပ်ပြားထဲမှသက်သေများကို စွဲမြဲစွာ ဆုပ်ကိုင်ထားလို့လည်းမရပေ။
"ကျွန်တော်..."
"ပြီးတော့..."
ကျောင်းမြန် နှင့် စီဆဲလ်တို့သည် တစ်ချိန်တည်း စကားပြောမိကြသည်။
ကျောင်းမြန်က ခေတ္တရပ်လိုက်ပြီး
"ခင်ဗျားအရင်ပြောပါ"
စီဆဲလ်က ပြောသည်။
"နောက်တစ်ခုရှိသေးတယ်၊ မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီကို ကိုယ်လိုတယ်။"
"အခု အမှတ်၁၂ တပ်ဖွဲ့ က ရေခဲမြစ်တော်ဝင်မိသားစုနဲ့ ဇာစ့်တို့ရဲ့ဆက်ဆံရေးကိုစုံစမ်းစစ်ဆေးနေတယ်။"
စီဆဲလ်သည် ကျောင်းမြန်၏အမူအရာကိုကြည့်လိုက်ကာ
"မင်းသိနေတာလား?"
ကျောင်းမြန်က စီဆဲလ်ကို မော့ကြည့်လိုက်သည်။
စီဆဲလ်သည်လည်း သူသိထားသည့်အတိုင်းပြောသွားသည်မှာ သိသာပါသည်......
စီဆဲလ်သည် ပြုံးလိုက်ပြီး
"မင်းက ဒီအကြောင်းကို သိရုံပဲရှိတာ ၊ ဒါက မင်း အဖမ်းခံရတဲ့ အကြောင်းရင်းတစ်ခုလို့ ကိုယ်ထင်တယ်။ ကိုယ့်ထက်အရင် တစ်စုံတစ်ယောက်က ခြေတစ်လှမ်းဦးသွားတာ၊ ကိုယ် မင်းကိုယုံတယ်၊ အဲ့ဒါကြောင့် ကိုယ်ရှာတွေ့သမျှ အချက်အလက်တွေကို မင်းကို ပြောပြဖို့ ဆန္ဒရှိတယ်"
"ကျွန်တော် အဲ့ဒါကိုသိတယ်.."
ကျောင်းမြန်က တိုးတိုးလေးပြောသည်။
" ကျွန်တော့်အဖေလည်း အထောက်အထားတွေ အများကြီး စုဆောင်းထားတာ။ အဲ့ဒါက ကျွန်တော့်အဖေဟာ သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတာကို တော်ဝင်မိသားစုက သဘောပေါက်သွားခဲ့တယ်။ အဖေ့ကို မထိန်းချုပ်နိုင်တဲ့အချိန်မှာ သူတို့က အဆိပ်ခတ်လိုက်ကြတယ် ကျွန်တော် သူ့ကို မကယ်နိုင်လိုက်ဘူး။"
စီဆဲလ်က မော့ကြည့်လိုက်ချိန်တွင် ကျောင်းမြန်၏ခံစားချက် ကင်းမဲ့နေသောမျက်နှာကို ပုံမှန်အတိုင်း မြင်လိုက်ရသည်။
သူ.....ဝမ်းနည်းနေတာလား....?
သို့သော် ကျောင်းမြန်က ဘာစကားမှမပြောတော့ဘဲ ခေါင်းငုံ့ကာ ဆက်စားနေသည်။
နှစ်ယောက်သားဗိုက်ပြည့်သွားပြီးနောက် အိမ်ပြန်ကြသည်။ စီဆဲလ်သည် အလိုအလျောက်မောင်းသူ၏ ထိုင်ခုံပေါ်တွင် မှီထိုင်လိုက်ပြီး ခေါင်းပေါ်လက်တင်ကာ သီချင်းတစ်ပုဒ်ကိုဖွင့်ကာ နားထောင်ရင်း အနားယူနေသည်။
ကျောင်းမြန်သည် တွဲဖက်လေယာဉ်မှူးခုံတွင် ထိုင်ကာ စဥ်းစားနေသည်။
လေယာဉ်သည် အချိန်အတော်ကြာ မောင်းနှင်လာပြီးသည့်နောက်တွင် ကျောင်းမြန်က ရုတ်တရက် ပြောလိုက်သည်။
"ဗိုလ်ချုပ်....ခင်ဗျားရဲ့ တာမီနယ်ကို ဖွင့်လိုက်ပါ"
ကျောင်းမြန်သည် အသက်ကိုပြင်းပြင်းရှူကာ သူ့တာမီနယ်ကိုဖွင့်လိုက်ပြီး ကုဒ်ဝှက်ထားသော ဖိုင်ဧရိယာထဲသို့ ဝင်သွားလိုက်သည် ။ စကားဝှက်ကို အကြိမ်ပေါင်းများစွာ ရိုက်ပြီးနောက်တွင် လျှို့ဝှက်အချက်အလက်များကို ဖွင့်လို့ရခဲ့သည်။
ဒီအချက်အလက်တွေကို သယ်သွားရတာ အန္တရာယ်များလွန်းသည်။ ကျောင်းမြန်သည် သူ့အဖေပေးခဲ့တဲ့ ချစ်ပ်ပြား ကို ဖျက်ဆီးပြီး ဟာဒ့်ဝဲ အဖြစ်ပြောင်းကာ သူ့ တာမီနယ် ထဲတွင် သိမ်းထားလိုက်သည်။
"ကျွန်တော်တို့ ကျောင်းမိသားစုက စုဆောင်းထားတဲ့ အချက်အလက်တွေကို ဗိုလ်ချုပ်ဆီ အခုပို့ပေးလိုက်မယ်။"
စစ်မြေပြင်တွင် လေးနှစ်ကျော် သိခဲ့သည့် သူတို့ အချင်းချင်း သင်ယူခဲ့ကြတဲ့ အရာတွေကို လောင်းကြေးထပ်ကာ ကျောင်းမြန်သည် စီဆဲလ်ကို တစ်ကြိမ်လောက်ယုံကြည်ရန် ဆုံးဖြတ်ခဲ့သည်။
ကျောင်းမြန် က ပြုံးလိုက်ပြီး ပြောသည်။
"ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ် ရေတပ်ဗိုလ်ချုပ်ကြီး"
"ဒါ ဝမ်းသာစရာပဲလေ။"
စီဆဲလ်သည် ခဏမျှ အံ့အားသင့်သွားပြီး မျက်ခုံးကိုပင့်ကာ ဆိုသည်။
“ကိုယ့်ကိုလွှဲထားလိုက်၊ သူတို့ကို ဆွဲချလို့ မရဘူးဆိုတာ မယုံဘူး။"
ရေခဲမြစ်၏တော်ဝင်မိသားစု နှင့် ဇာစ့် တို့သည် ရေခဲမြစ်စနစ်ကိုသာမက လူသားအားလုံးကိုပါ အန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးများကိုပါတင်သွင်းရန် ပူးပေါင်းခဲ့ကြသည်။ လူသားတို့၏ ရန်သူသည် အချင်းချင်းမဟုတ်ဘဲ ဇာစ့်များသာဖြစ်သည်။
ပြန်လာပြီးနောက်တွင် စီဆဲလ်သည် ကျောင်းမြန်၏တာမီနယ်မှ အချက်အလက်ကိုရရှိခဲ့ပြီး၊ ထို့နောက်တွင် သူ့လက် သူ့ခြေဖြင့် အမှတ်၁၂ တပ်ဖွဲ့မှ တပ်သားများနှင့်အတူ နောက်ထပ်အချက်အလက်များနှင့် အထောက်အထားများကို အမြန်ရှာဖွေခဲ့သည်။
ကျောင်းမြန်၏လက်ထဲသို့ အချက်အလက်များပေါက်ကြားသွားကြောင်း တော်ဝင်မိသားစုက သိထားသည့်အတွက် သက်သေများကို ဖျက်ဆီးပစ်ခဲ့ကြသော်လည်း ၊ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များတွင် သေချာပေါက် သဲလွန်စများ ကျန်ရစ်ခဲ့ပါသည်။ စီဆဲလ်သည် ထိုကွယ်ပျောက်လုနီးပါးဖြစ်ခဲ့သောသဲလွန်စလေးကို တွေ့ခဲ့သည်။
စီဆဲလ်နှင့် သူ၏ကိုယ်ပိုင်အစောင့်အကြပ်များန၊ အရိပ်တပ်သားများနှင့်အတူ အမှတ် ၁၂ တပ်ဖွဲ့တို့၏ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ခေါင်းဆောင်အနည်းငယ်ကို ရှာဖွေနိုင်ပြီး အမှန်တရားကို ရှာဖွေရန် ပြဿနာမရှိဟု ကျောင်းမြန်က ယုံကြည်ခဲ့သည်။
နောက်ကွယ်ရှိ ကြိုးကိုင်သူခေါင်းဆောင်ကို ဖမ်းမိနိုင်မလားဆိုသည်မှာတော့ ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည်ဖြစ်သည်။
ကျောင်းမြန်သည် ရေချိုးခါနီးအချိန်တွင် ရှောင်လဲ့၏အခန်းရှေ့ကို ဖြတ်သွားရပြန်သည်။
သံစဥ်မရှိသော စန္ဒယားသံက ထွက်ပေါ်နေဆဲပင်။
ကျောင်းမြန် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာညနေခင်းပါ ရှောင်လဲ့ရေ.... မင်းဘာလုပ်နေတာလဲ"
ရှောင်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိုင်ခုံပေါ်မှ ပြေးဆင်းကာအခန်းထောင့်တွင် ပုန်းနေလိုက်သည်။ ပြတင်းပေါက်တွင် ချည်နှောင်ထားသော လိုက်ကာစများကိုဆွဲကာ သွယ်လျသော ခန္ဓာကိုယ်လေးကို ဖုံးကွယ်ရန် အပြင်းအထန်ကြိုးစားနေသည်။
ကျောင်းမြန်သည် ရှောင်လဲ့ကို လျစ်လျူရှုလိုက်ပြီး စန္ဒယားရှေ့တွင် ထိုင်ကာ လက်ချောင်းများကို ခလုတ်များပေါ်တွင် တင်လိုက်သည်။
သူသည် ပြုံးလိုက်ပြီး မျက်လုံးမှိတ်ကာ သီချင်းတစ်ပုဒ်ကို စတင်တီးတော့သည်။
ကျောင်းမြန်သည် သူ၏ထိန်းချုပ်မှုဖြင့် သူ့လက်ချောင်းထိပ်များဆီသို့ စိတ်စွမ်းအားများ တဖြည်းဖြည်း စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သီချင်းသံတစတစ လွင့်ပျံသွားလေသည်။
ကိုယ့်လက်ကိုယ်တောင် ပြန်မမြင်ရလောက်အောင် မှောင်မိုက်နေတဲ့ ည၏နေရာတိုင်းတွင် တဖြည်းဖြည်း လင်းလက်တောက်ပနေတဲ့ လရောင်ကဲ့သို့ပင် သီချင်းသံသည် တဖြေးဖြေးပျံ့လွင့်နေသည်။
ကျောင်းမြန်သည် လေထုထဲရှိ ကြောက်ရွံ့မှုလျော့ကျသွားသည်ကို သူ၏စိတ်စွမ်းအားဖြင့် ခံစားနိုင်ပြီး ရှောင်လဲ့၏ အရင်က ကြမ်းတမ်းသော အမူအရာသည် တဖြည်းဖြည်း ပြေလျော့သွားသည်။
ကျောင်းမြန်သည် ထိုင်နေရာမှ တစ်ဖဝါးမှမခွာဘဲ ရှောင်လဲ့နှင့် စကားပြောရန် အစပြုခြင်းမရှိခဲ့ဘဲ တစ်ညလုံး စိတ်ရှည်လက်ရှည်ဖြင့် သီချင်းမျိုးစုံကို အိပ်ရာဝင်ချိန် ညသန်းခေါင်အချိန်ထိတီးခတ်ပေးနေခဲ့သည်။
"ကောင်းသောညပါ၊ ရှောင်လဲ့......ကောင်းကောင်းအိပ်ပျော်ပါစေ။"
ကျောင်းမြန်က လက်ကိုဝှေ့ယမ်းပြပြီး အခန်းထဲက ထွက်လာခဲ့သည်။
ရိုးရိုးသားသားပြောရရင် သူ ပင်ပန်းတယ်လို့ လုံးဝမခံစားရပေ။ ပထမ၊ သူ ရှောင်လဲ့ ကို သနားသလို၊ ဒုတိယကတော့ ကျောင်းမြန်က စန္ဒယားကို အရမ်းကြိုက်သောကြောင့်ဖြစ်သည်။
"နောက်ဆုံးပိုင်းက အရမ်းနားထောင်လို့ကောင်းတယ်"
အပြင်မှာ စောင့်နေသောအိမ်ထိန်းက
"သခင်လေးက စန္ဒယားတီးတာလည်း ကျွမ်းကျင်တာပဲ" ဟု ချီးကျူးခဲ့သည်။
ကျောင်းမြန်က ပြုံးလိုက်ပြီး ပြောသည်။
"ကျွန်တော် ကိုယ်တိုင် ဖန်တီးခဲ့တာ ဒီအပိုင်းကို လရောင်လို့ နာမည်ပေးထားတယ်"
"လရောင်.. အရမ်းကောင်းသလို အရမ်းကဗျာဆန်တယ်.. ဒီသီချင်းကို သခင်လေးဘယ်အချိန်ကရေးထားတာလဲ"
"ကျွန်တော်မေ့သွားပြီ။"
ကျောင်းမြန်သည် သူ့မေးစေ့ကို ပွတ်လိုက်ပြီး ခဏလောက်စဉ်းစားလိုက်ကာ
"ကျွန်တော် ငယ်ငယ်က ရေးခဲ့တာနေမယ်၊ တစ်စုံတစ်ယောက်အတွက် ဖန်တီးထားတဲ့သီချင်းတစ်ပုဒ်ဖြစ်မယ်ထင်တယ်... ကျွန်တော့်လက်ချောင်းတွေက သံစဥ်တွေကို မှတ်မိနေပေမယ့် ကျွန်တော့်စိတ်က ဘယ်သူ့အတွက်လဲဆိုတာကို မမှတ်မိတော့ဘူး။ “
"အရမ်းကို ရိုမန်တစ်ဆန်တာပဲ။"
အိမ်ထိန်းက ခေါင်းကိုခါယမ်းလိုက်သည်။
အိမ်ထိန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ကျောင်းမြန်အတွက်စဉ်းစားစရာဖြစ်သွားလေသည်။
သို့သော် အိပ်ရာပေါ်၌ လဲလျောင်းနေချိန်အထိ၊ကျောင်းမြန်သည် မည်သူ့အတွက်သီချင်းကို ရေးစပ်ခဲ့သည်ကို မမှတ်မိနိုင်ပေ။
အမှန်တွင် ကျောင်းမြန်သည် သူ၏ပျက်စီးသွားတဲ့အမှတ်တရများထဲတွင် ဒီသီချင်း၏ဇာစ်မြစ်ကိုရှာဖို့ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပေမဲ့ အခုချိန်ထိ မအောင်မြင်သေးပါဘူး။
ငယ်ငယ်တုန်းက ဖြစ်ပုံခဲ့ရတယ်... တစ်ဖက်လူက အစ်ကိုကြီး ဟုတ်မယ်ထင်တယ် .....ဟုတ်တယ်မလား??။
အထူးသဖြင့် နူးညံ့သိမ်မွေ့ပြီး အစွမ်းထက်တဲ့ အစ်ကိုကြီး......
ဘာပဲဖြစ်ဖြစ် အရာအားလုံးက အတိတ်တွေပါပဲ။.....။