Chapter 11
Viewers 7k

Chapter - 11

(ညက မင်းလိုပဲ...)

စစ်ရေးကိစ္စများ စီစဉ်ပြီးသည်နှင့် စစ်ရုံးမှ ထွက်လာပြီးနောက်တွင် ကျောင်းမြန်က ပြုံးကာ 
"ကျွန်တော် သွားစရာရှိသေးလို့....အဲ့ဒါကြောင့် ဗိုလ်ချုပ်က ကျောင်းစံအိမ်ကို အရင်ပြန်ပြီး အနားယူလို့ရတယ်...."

"ဘယ်နေရာလဲ?" 

စီဆဲလ်က ပြောလိုက်သည်။
"ကိုယ်လည်း ဘာမှလုပ်စရာမရှိလို့ မင်းနဲ့လိုက်ခဲ့မယ်လေ။"

ကျောင်းမြန် ခေတ္တရပ်တန့်လိုက်သည်။

ဒါက........

စီဆဲလ်သည် သူ့နှလုံးသားထဲမှ မသက်မသာဖြစ်မှု အနည်းငယ်ကိုခံစားရသဖြင့် ပြုံးလိုက်ပြီး 
"ဆန်းကြယ်လိုက်တာနော်၊ မင်းက တံခါးမ၀င်ခင်(မသေခင်) မှာတောင် ကိုယ့်အတွက် နောက်တစ်ယောက်ရှာပေးချင်တာလား....?"

ကျောင်းမြန်သည် မနက်က သူတွေ့လိုက်ရသော ရှာဖွေမှုအများဆုံးပိုစ့်ကို သတိရလိုက်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

"အဲ့လိုမဟုတ်ပါဘူး...."

"မင်း ကိုယ့်ကို မလိမ်နဲ့။" 
စီဆဲလ်က မျက်ခုံးပင့်ကာ ရှေ့သို့လှမ်းလာပြီး

"ဟင်?"

ကျောင်းမြန်သည် ရုတ်တရက် သူ့ရှေ့တွင် အနက်ရောင် အရိပ်တစ်ခု ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။

"ကျွန်တော်....... သုသာန်ကို သွားချင်လို့" 
ကျောင်းမြန်က ခေါင်းညိတ်ပြလိုက်ပြီး 
"အဖေ့ဆီ သွားပြီး ပန်းနဲ့ ဂါရဝပြုချင်လို့ပါ" 
ဟု ပြောလိုက်သည်။

စီဆဲလ် အံ့သြသွားသည်။

ထို့နောက် နှစ်ယောက်သား ပန်းစည်းဝယ်လိုက်ပြီး သုသာန်သို့ သွားကြလေသည်။

မဝင်ခင်တွင် ကျောင်းမြန်က အုပ်ချုပ်ရေးမှူးကို သူ့အဖေ၏အုတ်ဂူမှာ ဘယ်မှာရှိလဲလို့ မေးလိုက်ရာ စီဆဲလ်က မေးလိုက်သည်။
"မင်းဘာလို့ မသိတာလဲ?"

"အရင်က ကိစ္စအားလုံးက ဖြစ်သွားတာအရမ်းမြန်လွန်းတယ်၊ အဲ့ဒါကြောင့် အဖေ့ရဲ့ဈာပနကိုတောင် မသွားဖြစ်လိုက်ဘူး" 
ကျောင်းမြန်က အဓိပ္ပါယ်မရှိဘူးဟု တွေးမိကာ ခေါင်းခါလိုက်သည်။

သူ အပြင်မှာ နှစ်အတော်ကြာ တိုက်ပွဲဝင်နေခဲ့သောကြောင့် မိသားစုကို သိပ်ပြီးဂရုမစိုက်နိုင်ပေ။ စစ်ပွဲပြီး၍ အိမ်ပြန်ရောက်ချိန်တွင် သူ့အဖေသည် အခြေအနေဆိုးနေကြောင်းရုတ်တရက် သိလိုက်ရသည်။

ရုတ်တရက် သူ့အဖေက ထွက်သွားပြီး အခု သူ့အမလည်း ထွက်သွားလေပြီ၊ ဒါက အမှန်တကယ်ဖြစ်နေကြောင်း နည်းနည်းလေးမှ လက်မခံနိုင်သေးပါ။

"မင်း ဝမ်းနည်းနေရင် ကိုယ့်ကို ပြောပြလို့ရတယ်" 
စီဆဲလ်က ပြုံးလိုက်ပြီး 
"ဒီမှာ ကြည့်ကောင်းတဲ့ ပုခုံးတစ်ဖက်ရှိတယ်။"

ကျောင်းမြန်က ဒါကိုကြားလိုက်တော့ ပြုံးကာ "ကျွန်တော် အဆင်ပြေပါတယ်"

"ကိုယ် တကယ်ပြောတာ ၊ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ကိုယ့်ကိုပြော...ကိုယ် မင်းကို ကူညီပေးမယ်"

"ကျွန်တော်တကယ်အဆင်ပြေတယ်....ဘာပြဿနာမရှိဘူး" 
ကျောင်းမြန်က ခေါင်းခါလိုက်ပြီး 
"ဒီလူတွေက ရှင်းပြလို့မရတဲ့ ကောလဟာလတွေကြောင့် အလိမ်ခံနေရတာပါ"

ကျောင်းမြန်က စီဆဲလ်အားပြုံးပြနေသော်လည်း စီဆဲလ်သည်တော့ သူ့(ကျောင်းမြန်)တစ်ကိုယ်လုံး အေးစက်နေသည်ဟု ခံစားရသည်။

လူတွေမမြင်နိုင်သော အထီးကျန်မှုများနှင့်.....။

စီဆဲလ်သည် သူ့နှာခေါင်းကို ထိလိုက်ပြီး 
"ဟမ်" ဟုပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ကျောင်းစံအိမ်သို့ ပြန်ခဲ့ကြသည်။ ကျောင်းမြန်သည် စီဆဲလ်အတွက် အကောင်းဆုံးအခန်းတွင် နေရာချပေးပြီးနောက်၊ အမှတ်တရများကို ရှာဖွေရန် သူ့အခန်းသို့ ပြန်သွားခဲ့သည်။

ဤသည်မှာ ရေခဲမြစ်မြို့တော်ရှိ သူသိပ်ပြန်မလာဖြစ်သည့် သူ့အိမ်ဖြစ်သည်။ထို့ကြောင့် ယခုအချိန်တွင် ရင်းနှီးသော်လည်း သိပ်မရင်းနှီးသည့်ပုံပေါက်သည်။

ကျောင်းမြန်သည် ဗီဒိုကိုဖွင့်၍ သူလိုချင်သောအရာကို ရှာသော်လည်း ရှာလို့မတွေ့ခဲ့ပေ။

ထူးဆန်းလိုက်တာ......

မရှိတော့ဘူးလား.....ပျောက်သွားတာလား....

ကျောင်းမြန်သည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ အခန်းတွင်းရှိနေရာအားလုံးကို လိုက်ရှာခဲ့သည်။

တစ်ညလုံး အကြိမ်ကြိမ် လိုက်ရှာပြီးတာတောင် မတွေ့သေးသောကြောင့် ကျောင်းရင်းကို ဖုန်းခေါ်ဖို့ရုံလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးအဆင်မပြေသောကြောင့် ကျောင်းမြန်က သူ့ကိုအနှောင့်အယှက်မပေးချင်ပေမယ့် အခုချိန်တွင် နည်းလမ်းသည်ဒီတစ်ခုတည်းသာရှိလေသည်။

"ကျောင်းမြန်.....?"

"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်အစ်မ ကျွန်တော်အရေးတကြီးမေးစရာလေးရှိလို့ ကျွန်တော်မရှိတုန်း ကျွန်တော့် အခန်းထဲကို လာတဲ့သူရှိသေးလား?"

"နင် တစ်ခုခု ပျောက်သွားလို့လား?"

"ဟုတ်.....ဟုတ်ကဲ့.....လက်စွပ်တစ်ကွင်းပါ။"

ကျောင်းရင်းက ခေတ္တရပ်လိုက်ပြီး 
"ငါသိတယ် အဲ့ဒါငွေရောင်လက်စွပ် ဟုတ်တယ်မလား?၊ နင် အရင်ကခဏခဏထုတ်ကြည့်နေတာလေ... အရမ်းတန်ဖိုးရှိလို့ ပြန်ပြင်ဖို့တောင် အချိန်တော်တော်ယူခဲ့ရတာလေ" 
ဟု ပြောလိုက်သည်။

"အဲ့ဒါ ဘယ်မှာလဲ အမသိလား" 
ကျောင်းမြန်၏ မျက်ဝန်းများ တောက်ပလာသည်။

"ဒီမှာ ငါနဲ့ အတူပါလာတာ။ တောင်းပန်ပါတယ်. . .အရင်က အကြောင်းအရာတွေ တော်တော်များများကိုမေ့နေခဲ့တာ ၊ ငါတို့အဖေ နေမကောင်းဖြစ်နေတုန်းက တော်ဝင်စစ်တပ်က ငါတို့အိမ်ကို မကြာခဏ လာရှာပြီး ဝင်စီးတယ် ဆိုတာ ပြောဖို့ မေ့သွားတယ်။ ပြီးတော့ အဖေ့အခန်းနဲ့ ငါ့အခန်းကို အကြာကြီး အကုန်လိုက်ရှာခဲ့ကြတာ။"

ကျောင်းမြန် မျက်လုံးများ ပြူးကျယ်သွားသည်။

ဒါ......သူမသိလိုက်ဘူး......

သူ ဘာမှမသိခဲ့တာ......

"နင့်ရဲ့ လက်စွပ်ကို ငါတွေ့ခဲ့တာ......ဒါကြောင့် နင့်ကို ကူဖွက်ပေးတဲ့အနေနဲ့ ငါ့ကိုယ်ပေါ်မှာဘဲဆောင်ထားလိုက်တာ ။"

"ကျေးဇူးပါ....အစ်မ။" 

ကျောင်းမြန်က "ပြီးတော့......တောင်းပန်ပါတယ်" ဟု မပြောခင် ခဏလောက် ငြိမ်သက်သွားသည်။

"မဟုတ်ဘူး၊ နင် တောင်းပန်စရာမှမလိုတာ ၊ အားလုံးပြီးသွားပြီလေ။" 
ကျောင်းရင်းက ပြောသည်။
"ဒါဆို လက်စွပ်ကို နင်ပြန်ယူမှာမလား"

"အင်း။ စွန့်ပစ်ကြယ်ကို အချိန်ရရင်ကျွန်တော်လာခဲ့မယ် လက်စွပ်ယူဖို့။"

"တကယ် ဘယ်ကရလာတဲ့ ရတနာမျိုးမို့လို့လဲ။" 
ကျောင်းရင်းက မရယ်ဘဲမနေနိုင်ပေ။

ကျောင်းမြန်က ပြုံးပြီးသာ အဖြေပေးလိုက်သည်။

ကျောင်းမြန်က မေးပြီးသည်နှင့် သူတို့ နှစ်ယောက် ကြားတွင် ဘာမှ ပြောစရာ မရှိတော့ဘဲ ကျောင်းရင်းက သူမကို တစ်ယောက်ယောက် ရှာနေပြီဖြစ်ကြောင်းပြောကာ ချက်ချင်း ဖုန်းချလိုက်သည်။

ကျောင်းမြန်သည် သူ့ပစ္စည်းမဆုံးရှုံးသောကြောင့် သက်ပြင်းချလိုက်သည်။

သူသည် ကျောင်းမိသားစု၏ သားအရင်းမဟုတ်သော်လည်း ကျောင်းမိသားစုမှ မွေးစားမခံရခင် သူ၏ ငယ်ဘဝအမှတ်တရများ ပျောက်ဆုံးသွားခဲ့သည်။

သူ၏ ငယ်ရွယ်စဉ်က အမှတ်ရစရာများသည် မှုန်ဝါးဝါး မြင်ကွင်းများနှင့် ကွဲအက်နေသော အသံများသာဖြစ်သည်။ ကျောင်းမြန် မှတ်မိသမျှသည် မျက်နှာသဲသဲကွဲကွဲမမြင်ရသောအကိုကြီးတစ်ဦးသာဖြစ်သည်။ ပြီးတော့ ထိုလက်စွပ်သည် သူ့ကလေးဘဝက အမှတ်တရများနှင့် ချိတ်ဆက်ပေးသည့် တစ်ခုတည်းသော အရာဖြစ်သည်။

သေချာသည်မှာ ကျောင်းမြန်သည် ၎င်းကို သေချာမမှတ်မိတော့သော်လည်း သူသည် ကျန်နေသေးသည့် မှတ်ဉာဏ်အပိုင်းအစကို မမေ့သွားစေရန် ထိန်းသိမ်းထားဖို့လိုသည်။

တစ်ဖက်ရှိ၊ စီဆဲလ်သည်လည်း ဘာမှမလုပ်စရာမရှိနေခဲ့ပါ။

သူသည် လက်တစ်ဖက်ကို ဦးခေါင်းနောက်ဘက်တွင်ထားကာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ကျန်တစ်ဖက်မှာ တာမီနယ်ကိုဖွင့်ကာ ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုမှုကို ဖွင့်ထားသည်။

"ဟေ့!! ရေတပ်ဗိုလ်ချုပ်က ငါ့ကိုဘာလို့ ဖုန်းခေါ်တာလဲ?"

ဗီဒီယိုထဲတွင် ဆက်ဆံရေးကောင်းမွန်ပြီး စွဲမက်ဖွယ်ကောင်းသောမျက်နှာသွင်ပြင် နှင့်ဆံပင်ရှည်ကောက်ကောက် ရှိသည့် အမျိုးသားတစ်ဦး ရှိနေသည်။

ထိုလူသည် ရေချိုးပြီးစဖြစ်သောကြောင့် သူ့ကိုယ်ပေါ်၌ ပေါ့ပါးသော ရေချိုး၀တ်ရုံကိုသာ ၀တ်ထားပြီး၊ စိုစွတ်နေသော ရွှေရောင်ဆံပင်ကောက်ကောက်များက သူ့ပခုံးထက်တွင် ဝေ့ဝဲကာကျဆင်းနေသည်။

စီဆဲလ်ကပြောသည်။
"အဖွဲ့ချုပ်ရဲ့မင်းသားတစ်ပါးက ဘာလို့ကုန်သည်လိုဝတ်စားထားတာလဲ?"

".....မင်း အမြင်အဲ့လောက်ဆိုးရလား??" 
ထိုလူက မျက်တောင်ခတ်ပြီး 
"ဒီလောက်ကြည့်ကောင်းနေတာက ငါ့အပြစ်လား???"

ရေခဲမြစ်များ၏တော်ဝင်မိသားစုမှာ ရှေးရိုးဆန်မှုတွေ ရှိပြီး ဖက်ဒရေးရှင်း၏တော်ဝင်မိသားစုတွင်.........

သူတို့အားလုံးသည် လှပတဲ့အဝတ်အစားတွေကို ၀တ်ပြီး သူတို့ကိုယ်သူတို့ ကုန်သည်တစ်ဦးကဲ့သို့ အရက်သောက်ရင်း ပျော်ပျော်ရွှင်ရွှင်နေနေသည့် အဆိုပါမင်းသားလေး လိုနေထိုင်ကြသည်။ အဓိကအားဖြင့် ဖက်ဒရယ်စစ်တပ်မိသားစုသည် အင်အားကြီးလွန်းသောကြောင့် တော်ဝင်မိသားစုသည် လုပ်ဆောင်ချက်နှင့် ရည်မှန်းချက်အနည်းငယ်သာရှိသည်။ ထို့ကြောင့်အခြေခံအားဖြင့် နိုင်ငံကိုအုပ်ချုပ်ရာတွင် စီဆဲလ် နှင့် ပူးပေါင်းဆောင်ရွက်ရသည့် စားပွဲဝိုင်းရှိ ထိုင်ခုံဖော်သာဖြစ်သည်။

စီဆဲလ်က မျက်ခုံးကိုပင့်လိုက်ပြီး
"ငါ မင်းနဲ့ ဆွေးနွေးစရာရှိတယ်" ဟုပြောလိုက်သည်။

"ဟင်...?"

"အင်း... အင်း" 

ထိုလူက တာမီနယ်ထဲမှ စာကိုဖတ်ရန်နောက်ထပ်ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်သည်။

"ဘာရယ်?" 
ထိုလူက တစ်ချက်ဖတ်ကြည့်လိုက်ပြီးနောက် မျက်လုံးပြူးသွားလေသည်။

"မင်း ရူးသွားပြီလား??"

စီဆဲလ်က ဆိုသည်။
"ဒါက အဖွဲ့ချုပ်အတွက်လည်း ကောင်းတဲ့ကိစ္စပါ"

"မဟုတ်သေးဘူးလေ ...... ဘာဖြစ်လို့လဲ၊ဗိုလ်ချုပ်ကျောင်း ကို မကူညီချင်ဘူးလား၊ မင်းတို့ ကြားမှာနှလုံးသားနဲ့ ခံစားချက်တွေကို မပါတဲ့ စာချုပ်ချုပ်ထားတဲ့ အိမ်ထောင်တစ်ခုတောင် ရှိနေပြီလေ"

စီဆဲလ်သည် မသိစိတ်မှ သူ့နှာခေါင်းကို ထိတတ်တဲ့အကျင့်ကို ထိန်းချုပ်ပြီး 
"ငါပြောပြီးပြီလေ၊ ဒါက အဖွဲ့ချုပ်အတွက် ကောင်းပါတယ်" ဟု ပြောခဲ့သည်။

ထိုလူသည် ခဏရပ်ပြီးနောက် အတင်းအဖျင်းများကို စပ်စုချင်သည့် မျက်လုံးများဖြင့် စီဆဲလ် ကို ကြည့်လိုက်သည်။

"ငါ့ညီလေး... အတုအယောင်တွေကို တကယ့်လက်တွေ့ဖြစ်အောင် မပြောင်းလဲချင်ဘူးလား"

"အပေါက်တွေပြည့်နေတဲ့ မင်းဦးနှောက်ကတော့...." 

စီဆဲလ်က ပြတ်သားစွာပြောလိုက်သည်။
"ငါက သူနဲ့အတူတူပဲမို့လို့ သူ့ခံစားချက်ကို ငါသိတယ်။ သူ့တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ယောက်က သူ့အသက်အပါအဝင် အရာအားလုံးကို ဒီကလူတွေအတွက် ပေးဆပ်ခဲ့ပေမယ့် သူပြန်လှည့်လာတဲ့အချိန်မှာ သူအနစ်နာခံပေးခဲ့တဲ့ လူတွေက သူ့ရဲ့ စွန့်လွှတ်ပေးဆပ်မှုအားလုံးကို ငြင်းဆိုပစ်လိုက်တာက သူ့အတွက် အကြီးမားဆုံးသော သစ္စာဖောက်မှုပဲ"

"အာ....? အင်း" 

ထိုလူက အများစုကို နားလည်ဖို့ မကြိုးစားလိုက်ဘဲ သူကြားချင်သည့်တစ်ချက်ကိုသာ အမိဖမ်းလိုက်သည်။
"ဆိုတော့....? မင်းက သူ့ကိုသိတယ်ပေါ့?" 

သူက မေးစေ့ကိုပွတ်ပြီး ပြုံးပြလိုက်ကာ
"ဒါက အရမ်းရင်းနှီးတဲ့ဆက်ဆံရေးပဲ!"

စီဆဲလ်က လှောင်ပြောင်ကာ ဆိုသည်။
"ဒီကမ္ဘာပေါ်မှာ သူ့အကြောင်းကို ငါ အသိဆုံးပဲ အရက်ဆိုင်က ပုပ်သိုးနေတဲ့သခွားသီးလို မင်းက ငါတို့ရဲ့ ခံစားချက်တွေကို နားလည်မှာ မဟုတ်ဘူး။"

ထိုအမျိုးသားက ပါးစပ်ထောင့်ကို တောင့်တင်းစွာကွေးလိုက်သည်။
"ဒါဆို မင်းvideo call ခေါ်ရတဲ့ ရည်ရွယ်ချက်က မင်းတို့ တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ ထူးခြားတဲ့ခံစားချက်တွေကို ဖျောက်ပစ်ဖို့လား ဒါမှမဟုတ် ငါ့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ဖို့လား" ဟု ပြောခဲ့ပါသည်။

"မဟုတ်ဘူး၊ ငါ မင်းကို ပို့လိုက်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ပိုကောင်းအောင်လုပ်ပေး၊မသေသေးတဲ့ လွှတ်တော်အမတ်တွေကို စည်းရုံးပြီး စာချုပ်ချုပ်နိုင်ဖို့ နည်းလမ်းရှာစေချင်တယ်။"

ထိုလူ : "....."

ထို့နောက် ထိုလူအား ငြင်းဆန်ရန် အခွင့်အရေးမပေးဘဲ စီဆဲလ်က ပြတ်ပြတ်သားသား ဖုန်းချလိုက်သည်။

စီဆဲလ်သည် ထလိုက်ကာ လသာဆောင်ဘေးတွင် ရပ်နေလိုက်သည်။

ညသန်းခေါင်ကျော်နေပြီဖြစ်သောကြောင့်အပြင်ဘက်တွင် မည်းမှောင်နေပြီး ရံဖန်ရံခါ လေအေးများက လသာဆောင်သို့ ဝင်လာသည်။

ရေခဲမြစ်စနစ်၏ အပူချိန်သည် တစ်နှစ်ပတ်လုံး အေးခဲနေပြီး နေရောင်ခြည်မရှိသလောက်ဖြစ်သည်။

ရာသီလေးခု မရှိပေ။

ထာဝရတိတ်ဆိတ်ပြီး နူးညံ့ကာ အေးစက်နေသည်။

'ကျောင်းမြန်လိုမျိုးပဲ' ဟု စီဆဲလ်ကတွေးကာပြုံးလိုက်သည်။