Chapter - 13
(စတားကွန်ရက်မှာ ထပ်ပြီးပေါက်ကွဲနေပြန်ပြီ!!)
"ဗိုလ်ချုပ်က..... ကျွန်တော့်ကို မယုံမှာ စိုးလို့ မပြောပြခဲ့တာပါ...."
ကျောင်းမြန်သည်လည်း လက်ထဲမှ ဇွန်းခရင်းများကို ချလိုက်ပြီး
"ဒါပေမယ့် အခု ဗိုလ်ချုပ်သောက်နေတဲ့ဆေးတွေက အပင်တွေကနေတဆင့် ဖော်စပ်ထားတာ အခုဆေးက သောက်တာကြာနေပြီမို့လို့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပိုပြီးသန်မာလာလိမ့်မယ်"
"အင်း..."
စီဆဲလ်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ငယ်ငယ်လေးကတည်းက တခြားသူတွေထက်ကို အာရုံခံစွမ်းက အဆပေါင်းများစွာ ပိုသန်မာတယ်။ အရမ်းတိုးတဲ့ အသံတွေ အဲ့လိုမှမဟုတ်ရင် တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကိုပါ ခံစားလို့ရနိုင်တယ်၊ အဲ့ထဲမှာ အပင်တွေလည်း ပါတယ်။"
ကျောင်းမြန်သည် ခေါင်းကိုငုံ့ကာ သူ နောက်ထပ်ပြောရမည့်စကားလုံးများကို စဥ်းစားနေလေသည်။
"သဘာဝအရ အပင်တွေက ကြားခံဖြစ်နေနိုင်လို့ ကျွန်တော့်အတွက်ပိုပြီးအဆင်ပြေတယ်။ အပင်တွေမှာပါတဲ့ ဘယ်အပိုင်းတွေကို ဆေးအဖြစ်သုံးလို့ရတယ်၊ ဘယ်အပိုင်းတွေက လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တယ် ဆိုတာ ကျွန်တော်သိနိုင်တယ်။"
စီဆဲလ် အံ့သြသွားလေသည်။
အပင်တွေက အဆိပ်သင့်နေတယ်လို့ လူတွေအကုန်ထင်နေကြတဲ့အချိန်မှာ ကျောင်းမြန်ပြောသလိုမျိုး အသီးအနှံတွေရဲ့ အဆိပ်မရှိတဲ့အစိတ်အပိုင်းတွေကို ခွဲခြားလို့ ရနိုင်သေးတာလား?။
"ကျွန်တော်အရင်က မပြောခဲ့ဖူးဆိုတာ ခင်ဗျားကို ကျွန်တော်က အဆိပ်တွေတိုက်နေတယ်လို့ အထင်လွဲမှာဆိုးလို့....."
ကျောင်းမြန်က ခေါင်းကိုငုံ့လိုက်ကာ
"အဲဒါကြောင့် ခင်ဗျား ကျွန်တော့်ကိုယုံမယ်ဆိုရင် ကျွန်တော် လော်မြို့ကိုသွားပြီး ကုန်ကြမ်းတွေစုပြီးရင် ခင်ဗျားကို ဆေးပေးပါ့မယ်။"
"ကိုယ်မင်းကိုပါယုံတယ်။"
စီဆဲလ်က ခေါင်းခါလိုက်သည်။
"ဒါပေမယ့်..ဒီကိစ္စက အရမ်းအံ့သြဖို့ကောင်းတယ်..... ကိုယ့်ကိုစဉ်းစားဖို့ အချိန်နည်းနည်းလောက်ပေးပါ"
စီဆဲလ် အလွန်စိတ်လှုပ်ရှားသွားသည်။
ကျောင်းမြန်၏စွမ်းရည်နှင့်... သူ့ကိုယ်ထဲက အဆိပ်များကိုထုက်ကာ ကုသခြင်းကိုရပ်တန့်လိုက်ရသည်မှာ အလွန်နှမြောစရာကောင်းသည်။
"ကျောင်းမြန်"
စီဆဲလ်က ရှေ့သို့တိုးလိုက်ပြီး လေးနက်စွာပြောလေသည်။
"မင်းသိလား? မင်းရဲ့ ဒီစွမ်းရည်ကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ မင်းမှာဆန္ဒရှိတယ်ဆိုရင် မင်းရဲ့စွမ်းရည်နဲ့ လူတွေကို ကယ်တင်နိုင်လိမ့်မယ်"
ဖက်ဒရယ်ဆေးဝါးလုပ်ငန်းသည် အလွန်ညံ့ဖျင်းလွန်းသည်၊ အကယ်၍ ကျောင်းမြန် သည် အင်းဆက်များကို ခံနိုင်ရည်ရှိပြီး ဒဏ်ရာများကို သက်သာလာအောင်ကုသပေးနိုင်သော ဆေးဝါးများ ပိုမိုထုတ်လုပ်နိုင်ခဲ့ပါက ဒဏ်ရာရစစ်သားများ၏သေဆုံးမှုနှုန်းကို များစွာလျှော့ချပေးနိုင်လိမ့်မည်။
"ကျွန်တော်ကြိုးစားကြည့်ချင်တယ်"
ကျောင်းမြန်က ခေါင်းကိုယမ်းလိုက်သည်။
"ကျွန်တော် ဒီဆေးကို ရေခဲမြစ်စနစ်မှာ စစ်သားတွေအတွက်သုံးခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် အဲဒါက အဆိပ်နဲ့လုပ်ထားတဲ့အရာဆိုပြီးတော့ တော်ဝင်မိသားစုဆီက ဖိနှိပ်ခံခဲ့ရတယ်။"
တကယ်လို့ သူ့အဖေကိစ္စကိုသာ မသိခဲ့ဘူးဆိုလျှင် တော်ဝင်မိသားစုက သူ့အား အဆိပ်ဖြန့်ဝေသည့်အမှုဖြင့် တိုက်ရိုက် ဖမ်းဆီးခဲ့နိုင်သည်။
"ရေခဲပြင်စနစ်မှာလို အခြေအနေမျိုး ကျိန်းသေပေါက် မဖြစ်စေရဘူး"
စီဆဲလ်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး
"ဘာလို့လဲဆိုတော့ အရမ်းချောမောပြီး အရည်အချင်းရှိတဲ့ မင်းရဲ့ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်ဆိုတဲ့ ကိုယ်ရှိနေပြီလေ" ဟု ပြောလိုက်သည်။
ကျောင်းမြန်က ဆွံ့အကာ မရယ်ဘဲမနေနိုင်ပေ။
"အမှန်အတိုင်းပြောရရင် ကိုယ်နည်းနည်းတော့စိတ်လှုပ်ရှားတယ်။"
စီဆဲလ်က ဆိုသည်။
"ဘာလို့လဲဆိုတော့....ဒါက အံ့သြစရာကောင်းတယ်။ စက်ရုံတစ်ရုံ ဒါမှမဟုတ် သုတေသနဓာတ်ခွဲခန်းတစ်ခု မင်းကို ပေးထားမယ်ဆိုရင် ဆေးအမျိုးအစား တော်တော်များများကို မင်းတကယ်လုပ်ပေးနိုင်လား?"
"အဲဒါက... ဗိုလ်ချုပ်က အခုသောက်နေတဲ့ အဆိပ်ဖြေဆေးနဲ့ အကိုက်အခဲပျောက်ဆေးတချို့ကိုပဲ စမ်းသပ်ပြီး ထုတ်ဖူးတာ ကျန်တဲ့ဆေးအမျိုးအစားတွေကတော့ ကျွန်တော် အာမမခံနိုင်သေးဘူး"
"အဲ့လောက်ဆိုရင်ကို လုံလောက်နေပြီ။"
စီဆဲလ်က ပြောလိုက်သည်။
"ဖြေဆေးတစ်ခုက လူတော်တော်များများကို ကယ်တင်နိုင်မယ်ဆိုရင်၊ အဲဒီ့ဆေးကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းရှာရမယ်"
"ဗိုလ်...ဗိုလ်ချုပ်.."
ကျောင်းမြန်၏ မျက်နှာတွင် ရှက်ရွံ့သောအရိပ်အယောင်များ ပေါ်လာသည်။
"ဘာဖြစ်လို့လဲ?"
"ဒီလိုလုပ်ရတာ အန္တရာယ်များလို့ ဗိုလ်ချုပ်က ဒီကိစ္စကို သေချာစဉ်းစားပြီးမှ လုပ်တာဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ မဟုတ်ရင် ဗိုလ်ချုပ်လည်း ဝေဖန်ခံရလိမ့်မယ်..."
ကျောင်းမြန် သတိရလိုက်သည်။
အပင်တစ်ပင်သည် နှစ်ပေါင်းရာနှင့်ချီ၍ အဆိပ်ဟု သတ်မှတ်ခံခဲ့ရပြီးမှ ဒါသည်ဆေးတစ်ပင်ဖြစ်ကြောင်း လူအများအား ယုံကြည်လက်ခံ အောင်လုပ်ရန် မလွယ်ကူပေ။ ကျောင်းမြန်က သူ့အား ယုံကြည်မှုကိုအလွဲသုံးစားလုပ်သူ သို့မဟုတ် ကြယ်ဓါးပြများကဲ့သို့ မူးယစ်ဆေးဝါးသူခိုးဟု နာမည်တပ်ခံရမည်ဟု စိုရိမ်နေလေသည်။
"စီဆဲလ် ဆိုတဲ့ ကိုယ်က ဘာအရာကိုမှ မကြောက်ဘူး။"
စီဆဲလ်သည် အမဲသားတစ်ဖဲ့ကို လှီးဖြတ်ပြီး ဆက်စား၍ ပြုံးလိုက်သည်။
"ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တာပါ"
ကျောင်းမြန်သည် ခဏတာ အံ့အားသင့်သွားပြီး ရုတ်တရက် သူ့နှလုံးသားထဲတွင် စီဆဲလ် သည် ကောင်းကင်နှင့်မြေကြီးကို မကြောက်သောသူဖြစ်ပြီး အလွန်ချောမောကာ အလွန်လည်းကြောက်စရာကောင်းသည့်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူတို့နှစ်ယောက် ထမင်းစားပြီးသောအခါ စီဆဲလ်သည် သူ့၏အလုပ်များကိုလုပ်ရန် ထွက်သွားခဲ့သည်။
ကျောင်းမြန် သတိထားမိသည်။စီဆဲလ်သည် အခုလိုစေ့စပ်သေချာစွာလုပ်ဆောင်သည့်ပုံစံဖြင့် ယခင်အချိန်ကသာ ရုတ်တရက် နေမကောင်းမဖြစ်ခဲ့ပါက၊သူသည် အဖွဲ့ချုပ်၏အတွင်းရေးကို သူလျှိုလုပ်နေသည်ဟု မိမိအပါအဝင် မည်သူမျှထင်ထားမည်မဟုတ်ပေ။
စီဆဲလ်သည် အလုပ်ခန်းသို့ ပြန်သွားပြီးနောက်တွင်လည်း ကျောင်းမြန်၏ စကားများသည် သူ၏စိတ်ထဲတွင် ရှိနေသေးသည်။
အပင်ကထုတ်တဲ့ ဆေးတဲ့လား.....
စီဆဲလ်သည် ကုလားထိုင်ပေါ် ထိုင်၍ လက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ တွေးနေသည်။
မကြာမီရက်ပိုင်းအတွင်း အဖွဲ့ချုပ်၏နှစ်ပတ်လည် အစည်းအဝေးကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် စားပွဲပေါ်တွင် စီဆဲလ်အနေဖြင့် စစ်ဆေးရန်လိုအပ်သောအရေးကြီးသောစာရွက်စာတမ်းများစွာရှိနေသော်လည်း သူအလုပ် စလုပ်ရန် ပို၍ပျင်းနေလေဖြစ်သည်။
ပွင့်နေသော ပြတင်းပေါက်မှတဆင့် လေအေးများ တိုက်ခတ်နေရာ စီဆဲလ်သည် မသိစိတ်မှ လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်သွားသည်။
ပြတင်းပေါက်နားတွင် စိုက်ထားသော အပင်မှ ရုတ်တရက် ပန်းပွင့်နေသောကြောင့်ဖြစ်သည်။
စီဆဲလ်သည် ထိုအရာလေးကို ထိတွေ့ခံစားချင်မိသောကြောင့် ရှေ့သို့ ဖြေးဖြေးချင်း တိုးလာကာ ကြည့်လိုက်သည်။
ပန်းပွင့်ဖို့မပြောနှင့် အရင်က ညှိုးနွမ်းနေပြီဖြစ်သော အပင်သည် ဘာကြောင့် ရုတ်တရက် အသက်ပြန်ရှင်လာရတာလဲ။
"ဗိုလ်ချုပ်ကြီး...."
အိမ်ထိန်းသည် စီဆဲလ်အား လက်ဖက်ရည်ချပေးရင်း ပြန်ဖြေလိုက်သည်။
"ဗိုလ်ချုပ်ကြီး နေမကောင်းတုန်းက သခင်လေးကျောင်းပဲ ပြုစုပေးခဲ့တာ ၊ သူ့မှာကုတင်ဘေးမှာနေရင်း ဘာမှလုပ်စရာ မရှိတာနဲ့ ဒါလေးကို ဂရုစိုက်မိလိုက်တယ်ထင်တယ်.....သူ ပြုစုပေးလိုက်တာနဲ့ ရုတ်တရက်...ပိုကောင်းလာခဲ့တာ"
အိမ်ထိန်းက ပြုံးကာ ခေါင်းယမ်းလိုက်သည်။
"သခင်လေးက တကယ့်ကို တီထွင်ကြံဆနိုင်တာပဲ.."
စီဆဲလ်က ပြုံးကာ ခေါင်းခါလိုက်သည်။
ဒါက တီထွင်နိုင်စွမ်းမဟုတ်ပေမယ့်... ကျောင်းမြန်က သူထင်ထားတာထက် အများကြီး ပိုပြီးစိတ်ဝင်စားဖို့ကောင်းသည်။
သူတို့နှစ်ယောက် ဆွေးနွေးနေကြချိန်တွင် ကျောင်းမြန်ကတော့ အခန်းငယ်လေးထဲတွင် စန္ဒယားတီးခတ်နေပါသည်။
ကျောင်းမြန် ခဏတီးလိုက်ပြီးနောက် ခေါင်းလှည့်၍ ပြုံးပြကာ
"သား ဦးနဲ့အတူတူ လာမတီးချင်ဘူးလား"
ရှောင်လဲ့သည် စန္ဒယားအနောက်ဘက်တွင် ပုန်းနေပြီး ကျောင်းမြန်အား ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်နေသည်။
"ဦး သားကို သင်ပေးမယ်လေ..."
"ဒါဆို.."
ရှောင်လဲ့က ကျောင်းမြန်ရှေ့ ပထမဆုံးအကြိမ်အဖြစ်
"ဦး....သား....သားကိုမရိုက်ပါနဲ့" ဟုပြောလိုက်သည်။
ရှောင်လဲ့သည် စကားသိပ်မပြောသောကြောင့် သူ့အသံသည် သာမန်ကလေးနှင့်မတူဘဲ အက်ကွဲနေလေသည်။
ကျောင်းမြန် အံ့ဩသွားရသည်။ ဒီကလေး အရင်က အရိုက်ခံရဖူးတာလား....?
"မရိုက်ပါဘူး"
ကျောင်းမြန်က မျက်တောင်ခတ်လိုက်ပြီးအိတ်ကပ်ထဲက သကြားလုံးတချို့ကို ထုတ်လိုက်ကာ
"ဦး သားကို သကြားလုံး ပေးမယ်လေ"
ရှောင်လဲ့သည် ကျောင်းမြန်အားကြည့်ရန် ချီတုံချတုံဖြစ်နေကာ နောက်ဆုံးတွင် ကျောင်းမြန်ကိုကြည့်ရန် ပုန်းနေရာမှထွက်လာကာ စန္ဒယားဆီသို့ မဝံ့မရဲ လျှောက်လာခဲ့သည်။
ကျောင်းမြန်က သကြားလုံးတွေကို ရှောင်လဲ့အား ပေးလိုက်သည်။ "ယူလေ...အရမ်းချိုတယ်"
ရှောင်လဲ့သည် ကျောင်းမြန်၏လက်ကို မထိရဲသောကြောင့် ကျောင်းမြန်သည် သကြားလုံးအား ချထားလိုက်ပြီး သူ့ဘာသာသူ ယူခွင့်ပေးလိုက်သည်။
"ကြယ်လေး သီချင်းကိုကြိုက်လား? ကြိုက်ရင် တီးနည်း သင်ပေးမယ်လေ "
ရှောင်လဲ့သည် ကျောင်းမြန်နှင့် အတူမတီးရဲသေးသောကြောင့် ကျောင်းမြန် ကိုယ့်ဘာသာကိုယ် တီးနေလိုက်သည်။
ကျောင်းမြန်၏လက်ချောင်းထိပ်များမှကြည်လင် ပြတ်သားသောဂီတသံစဥ်များ ထွက်ပေါ်လာသည်အား ရှောင်လဲ့သည် ဘေးမှ အံ့သြစွာ ကြည့်နေလေသည်။
ကျောင်းမြန်က ပြောလိုက်သည်။
"ဦးက ရှောင်လဲ့အတွက် တီးပေးပြီးပြီဆိုတော့ သားကလည်း ဦးအတွက် ပြန်တီးပေးနော် "
ရှောင်လဲ့ အံ့သြသွားသည်။
ကျောင်းမြန်က ခေါင်းစောင်းပြီး သူ့ဘေးရှိ ဆိုဖာအား ညွှန်ပြလိုက်သည်။ "ဦး ဟိုမှာထိုင်နေမယ်လေ၊ သားက ဦးအတွက်တီးပေးမယ်မလား"
စကားပြောလိုက်ပြီးနောက် ကျောင်းမြန်သည် သူ့ဘေးရှိ ဆိုဖာသေးသေးလေးဆီသို့ ထသွားလိုက်သည်။
ရှောင်လဲ့သည် ခဏတုံ့ဆိုင်းနေဆဲဖြစ်ပြီး ကျောင်းမြန်ထွက်သွားတာကို မြင်တော့မှ သူ့အဝတ်စကို ဆွဲကိုင်လိုက်ပြီး ထိုင်ခုံပေါ် ဝင်ထိုင်လိုက်သည်။
"ဒင်........."
ပထမခလုတ်ကို စနှိပ်လိုက်ပြီး ရှောင်လဲ့က သံစဥ်ကို ဖြည်းညှင်းစွာတီးလိုက်လေသည်။
ကျောင်းမြန် အံ့ဩသွားလေသည်။
သူထင်တာက ဒီကလေးသည် စန္ဒယားမတီးတတ်သောကြောင့် သူက စန္ဒယားကို လျှောက်တီးနေတယ်လို့ သူထင်ခဲ့တာ..........
အခု....ဘာလို့ ....?
အို......ဘုရားရေ.....!
ဤသီချင်းသည် ကလေးများအတွက် ပြီးပြည့်စုံသော သီချင်းတစ်ပုဒ်ဖြစ်သည်။ ရှောင်လဲ့တီးလိုက်သော အပိုင်းသည် နူးညံ့ပျော့ပျောင်းကာထူးခြားသန့်စင်ပြီး အပြစ်အနာအဆာကင်းသည့် သံစဥ်ပါရှိသည်။
ရှောင်လဲ့သည် သီချင်းတဝက်တွင် ရုတ်တရက် ရပ်ကာ ခေါင်းလှည့်လိုက်ပြီး ကျောင်းမြန်အား မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည်။
ကျောင်းမြန်က ချက်ချင်းပြုံးပြီး လက်ခုပ်တီးလိုက်သည်...
"ရှောင်လဲ့ တီးတာအရမ်းကောင်းတာပဲ......ဦး အရမ်းကြိုက်တယ်....."
အဲ့တော့မှ ရှောင်လဲ့ကကျေနပ်သွားပြီး နောက်လှည့်ကာ တီးလေသည်။
ကျောင်းမြန်က မျက်လှည့်ဆန်တယ်ဟာခံစားလိုက်ရသည်။
ဒီကလေးသည် ပါရမီအပြည့်ပါသည်ကို စီဆဲလ် နှင့် တခြားသူတွေ သိရဲ့လားဆို သူမသိပေ။
ရှောင်လဲ့သည် စိတ်ကြီးပြီး သီချင်းတစ်ပုဒ်တည်းဆို တစ်ပုဒ်သာတီးခဲ့သည်။ ထို့နောက်၊ သူသည် ကီးဘုတ်ကို နှိပ်ကာ သူ၏ကိုယ်ပိုင်ကမ္ဘာတွင် တိတ်ဆိတ်စွာ စတင်ကစားနေခဲ့သည်။
ကျောင်းမြန်က သူ့အား မနှောင့်ယှက်တော့ဘဲ သူ့နေရာမှာ ထိုင်ပြီး တာမီနယ်ကိုထုတ်ကာ တိတ်တိတ်လေးဖွင့်လိုက်သည်။
ကြယ်တာရာကွန်ရက်ရှိ အတင်းအဖျင်းသတင်းများသည် အစုံဖြစ်ပြီး စီဆဲလ်နှင့် သူ့အကြောင်းသည်တော့ နေ့တိုင်းနီးပါး ဆွေးနွေးနေကြပါသည်။ ဒီလိုနှင့် ကျောင်းမြန်သည် အင်တာနက် စွဲလမ်းသူ ဖြစ်လာတော့မည်။
(အတင်းအဖျင်းအကြီးစား!) ရေတပ်ဗိုလ်ချုပ်ကြီးသည် လေဆိပ်တွင် ငွေပြာရောင်ဆံနွယ် အမျိုးသားနှင့် ထပ်တွေ့ကြပြန်သည်။ ငွေရောင် ဆံနွယ်ပိုင်ရှင် ရှေ့မျက်နှာဓာတ်ပုံများကို ရိုက်လိုက်နိုင်ပေမယ့် ထိုပုံများသည် မှောင်ရိပ်ကွယ်နေသောကြောင့် ရှင်းလင်းစွာမမြင်ရပေ။
[Hot Spots] ရှောင်စန်း (အငယ်အနှောင်း) နှင့် မင်းသမီးတို့သည် လေဆိပ်တွင် တိုက်ခိုက်နေကြသည်။အိုး! ......ဒီ..မိုက်မဲပြီးချစ်စရာကောင်းတဲ့ ဗိုလ်ချုပ်ကြီးက ဘယ်သူ့ဘက်ကနေမှာလဲ...
[ပေါက်ကွဲခြင်း ] ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် ရှောင်စန်းကို ကာကွယ်ပေးပြီး ဘုရင်မ၏ အချစ်ကို ကစားနေသည်။
[ယနေ့သတင်းခေါင်းစဉ်များ] သူ၏ပျော်ရွှင်မှုအရ ဖက်ဒရယ်ဗိုလ်ချုပ်ကြီးသည် အစိမ်းရောင်တောကြီးထဲတွင် ပြတ်ပြတ်သားသား လှည့်စားခဲ့ပြီး လက်တွဲကာ သွားလာနေခဲ့သည်။
ကျောင်းမြန် : ........
သေချာသည်မှာ ဒီခေါင်းစဉ်တွေကို ကြည့်လိုက်ရန် ကျောင်းမြန်က နှိပ်လိုက်တာနဲ့ သူနှင့် စီဆဲလ် တို့သည် လေဆိပ်တွင် ဓာတ်ပုံခိုးရိုက်ခံရတာကို တွေ့လိုက်ရပြန်သည်..။
သူတို့ VIP လမ်းကြောင်းကနေဘဲ ဖြတ်သွားနေတာကို ဘာလို့ နေ့တိုင်း ဓာတ်ပုံခိုးရိုက်ခံနေရတာလဲ။
လူအများ၏ မှတ်ချက်များကို ကြည့်လိုက်သည့်အချိန်တွင် လင်းဇီဝေ့ နတ်ဆိုးဆန်ဆန် သရုပ်ဆောင်မှုများကိုဆွေးနွေးနေကြကြောင်း တွေ့ရလေသည်။
{ကြည့်စမ်း!! ဒီတစ်ခါတော့ ဗိုလ်ချုပ်ကြီး လူတစ်ယောက်ကို တကယ်ကြွေသွားပြီထင်တယ်.... သူ့ရဲ့ ငွေပြာရောင်ဆံနွယ်ပိုင်ရှင်ကို သူကာကွယ်ပေးနေတဲ့ပုံစံကို ကြည့်လိုက်ပါဦး... မိဖုရားရဲ့လက်က လိမ်ကျိုးလုနီးပါးဖြစ်နေပြီ... }
ကျောင်းမြန်: "......."
စီဆဲလ်က မကျိုးစေချင်ပါဘူး၊ လှမ်းဖမ်းလိုက်ရုံပါပဲ။
{ငါက ဗိုလ်ချုပ်ကြီးနေရာမှာဆိုရင် သူမရဲ့လက်ကို ချိုးပစ်လိုက်မှာ အား!!!!!!!!!!!!!!!!!! ငါသေသွားပြီ၊ သူက အရမ်းလှတာပဲ....... ဘာမှလာမပြောကြနဲ့......ဗိုလ်ချုပ်ကြီးနဲ့ငွေပြာရောင်လေးတို့ cp ကို ငါထောက်ခံတယ်။ နျောင်ကုန်းက ကြိုးနဲ့တုပ်ခံဖို့ကို ကူညီပြီး တွင်းထဲကို ငါပြုတ်ကျသွားပြီ (T/N- ဒီအကြောင်းကသိပ်နားမလည်လို့ မူရင်းကိုပဲပြန်ပေးထားပါတယ်)}
{ အတူတူပါပဲ....အပေါ်ထပ်ရေ၊ ကျွတ်....ကျွတ်၊ ငွေပြာရောင်လေးက ခွေးကလေးကို ကောက်ချီလိုက်တဲ့အချိန်က ဗိုလ်ချုပ်ကြီးရဲ့ မျက်လုံးတွေကို သူ့ကိုပဲအာရုံစိုက်နေတာ..... နက်ကတိုင်ချည်လိုက်တဲ့အချိန်ကလည်း ငွေပြာရောင်လေးက လိမ္မာရေးခြားရှိတဲ့ ဇနီးလေးနဲ့တူတယ်မလား......ဗိုလ်ချုပ်ကြီးနဲ့ အရမ်းလိုက်ဖက်တာပဲ........}
{အပေါ်ထပ်မှာ ဆင်ခြင်တုံတရားရောရှိသေးရဲ့လားသလား။ ဘယ်လောက်ပဲ လိုက်ဖက်တယ်ပြောပြော နင်တို့ရဲ့ ငွေပြာရောင်ဆံပင်နဲ့တစ်ယောက်က ဘယ်လိုပဲရုပ်ချောပြီး နူးညံ့နေနေ အငယ်အနှောင်းဖြစ်နေတုန်းပဲ...။ }
{ဟဲဟဲ အပေါ်ထပ်က မင်းသမီးတစ်ယောက်ရဲ့ ပရိသတ်များလား။ ဗိုလ်ချုပ်ကြီးက နင်တို့မိသားစုဝင်ရဲ့ ပလပ်စတစ်ဆာဂျရီ မျက်နှာကို ရင်မခုန်လို့ မရွေးချယ်လိုက်တာက ဘာမှားနေလို့လဲ။ }
(+1!!! ငါ သာမာန်လူတွေ ဖောက်ပြန်တာကို သဘောမတူပေမယ့် ဒါက ဗိုလ်ချုပ်ကြီးဖြစ်နေလို့! သူအိမ်ထောင်ဖက်က ရန်သူမကောင်းဆိုးဝါးတစ်ကောင်ပဲ အဲ့တော့ဖောက်ပြန်မိမှာဘဲ...ဟုတ်တယ်မလား? ဒါပေမယ့်ဗိုလ်ချုပ်ကြီးက အိမ်မှာဆိုင်သူရှိနေတာဆိုတော့ ငွေပြာရောင်လေးကို ပျော်ရွှင်အောင်၊ စိတ်အားမငယ်အောင် ဘယ်လိုပုံစံမျိုးနဲ့ စောင့်ရှောက်ပေးနိုင်မှာလဲ။)
ကျောင်းမြန်....သူ့မျက်နှာကိုကာထားလိုက်သည်။
အင်တာနက်က ....အရမ်းအံ့သြဖို့ကောင်းတာပဲ။
အဖွဲ့ချုပ်ရဲ့ အင်တာနက်သုံးစွဲသူတွေကလည်း …. အရမ်းအံ့သြဖို့ကောင်းတယ်....
အဘယ်ကြောင့်ဆိုသော် သူတို့၏ ဦးနှောက်ဖြင့် သာမန်အငြင်းပွားမှုလေးတစ်ခုကို ဒီလို ဒရာမာကြီးတစ်ခုအဖြစ် ဖန်တီးနိုင်သည်....? စီဆဲလ် ၏မိန်းကလေးပရိသတ်များ၏ ပြဿနာပင်မဟုတ်တော့ဘဲ..အဖွဲ့ချုပ်တစ်ခုလုံးသည်ဒီကိစ္စကိုအတူတကွဆွေးနွေးနေကြလေသည်။
ဒီကြားထဲတွင် သေသေချာချာ ခွဲခြမ်းစိတ်ဖြာတတ်ကြသော ကျွမ်းကျင်သူများနှင့် စိတ်ပညာရှင်များလည်း အမှန်တကယ်ရှိနေသည်။
ကျောင်းမြန်က ဖိုရမ်အောက်မှ နောက်ထပ် ပိုစ့်များကိုဖတ်လိုက်သည့်အချိန်တွင် ပြောစရာစကားမဲ့သွားတော့သည်။
"နွေဦးကဖောက်ပြန်တတ်တယ်- လွှမ်းမိုးချုပ်ကိုင်တတ်သော ရေတပ်ဗိုလ်ချုပ်ကြီးက နူးညံ့သိမ်မွေ့သောဇနီးလေးကို ပိုနှစ်သက်တယ်"
"တားမြစ်ထားသောအချစ်၊ မင်းကိုချစ်ဖို့ ကမ္ဘာကြီးကိုသစ္စာဖောက်လိုက်ပြီ- မင်းက ကိုယ့်ကိုနှစ်သိမ့်ပေးနိုင်တဲ့ နွေးထွေးတဲ့နွေဦးလေးပဲ"
ကျောင်းမြန်သည် တာမီနယ် စာမျက်နှာကို ဆက်မကြည့်နိုင်တော့ဘဲ ပိတ်လိုက်သည်။
အဆိပ်ပြင်းတယ်.......တကယ်အဆိပ်ပြင်းလွန်းတယ်...
_____________________________________________