အပိုင်း ၂၅၇
Viewers 29k

Chapter 257


"ဖေဖေ... မေမေ.. ဘာဖြစ်လို့လဲဟင်... အိမ်မှာ တစ်ခုခုဖြစ်လို့လား... ဘာလို့ ခွင့်တိုင်လိုက်ရတာလဲ..."

ကျူးပိုင်ရွှယ်က သူမ၏မိဘများကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။


ကြားရက်များတွင် သူမ၏မိဘများမှာ အလွန်အလုပ်ရှုပ်တတ်ကြပြီး အချိန်ပိုများဆင်းရလေ့ရှိသည်။ ယခုတွင် နေ့လည်ခင်းသာရှိသေးသော်လည်း သူမ၏မိဘများက ခွင့်ယူပြီး သူမကို လာခေါ်ခဲ့လေသည်။


ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့က အချင်းချင်းကြည့်လိုက်ပြီး ကျူးပိုင်ရွှယ်ကိုပြောလိုက်သည်။

"အိမ်ကို အရင်ပြန်ကြတာပေါ့...အိမ်ရောက်ရင် ပြောပြမယ်နော်..."


ကျူးပိုင်ရွှယ်က အတော်လေး အရေးကြီးသည့်ကိစ္စဖြစ်နေမည်ဟု တွေးလိုက်ပြီး ခေါင်းငြိမ့်ပြကာ သူမ၏မိဘများနှင့် အိမ်ပြန်လိုက်သည်။


မကြာခင် သူတို့ အိမ်ပြန်ရောက်လာကြသည်။


ကျူးမောင်နှံမှာ အိမ်ပြန်ရောက်သည်နှင့် တံခါးသော့ခတ်ချလိုက်သည်။


ကျူးပိုင်ရွှယ်က ဤကဲ့သို့တစ်ခါမှ မကြုံဖူး၍ တံတွေးမြိုချကာ သူမ၏မိဘများကို ကြည့်လိုက်သည်။


ကျူးတချင်းက အသက်ပြင်းပြင်းရှူကာ အသံနက်နက်ဖြင့်ပြောလာသည်။

"ရှောင်ရွှယ်... မေမေနဲ့ ဖေဖေမှာ ပြောစရာရှိတယ်... အရမ်းမအံ့ဩသွားနဲ့နော်... ဖေဖေတို့ပြောတာကို စိတ်ငြိမ်ငြိမ်လေးထားပြီး နားထောင်..."


သူ့ မျက်နှာမှာ တည်တင်းနေလေသည်။


ကျူးပိုင်ရွှယ်ကလည်း တည်ကြည်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့..."


အခြားတစ်ဖက်တွင် ဝမ်လန့်ကျီမှာ သူတို့လို တည်ငြိမ်မနေခဲ့ပေ။ သူမ၏သမီးလေးကို အမှန်တရားကိုပြောပြရတော့မည်ဖြစ်၍ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။


သူမက ရှိုက်ငိုနေရင်း ပြောခဲ့သည်။

"ရှောင်ရွှယ်... သမီးခဏနေ ဘာကိုပဲကြားကြား... သမီးမှတ်ထားရမှာက မေမေနဲ့ ဖေဖေက ထာဝရအတွက် သမီးရဲ့ မေမေနဲ့ဖေဖေဖြစ်နေဆဲပဲ... သမီးကိုအချစ်ဆုံးပဲ... မေမေတို့ရဲ့ တစ်ဦးတည်းသော အဖိုးတန်သမီးလေးဖြစ်နေဆဲပဲနော်..."


ထိုစကားများတွင် နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာတို့ ပါဝင်နေသည်။


အမှန်တရားကို ပြောပြီးနောက်တွင် သူတို့၏သမီးက သူတို့၏သမီးသာမဟုတ်တော့ဘဲ အခြားလူ၏သမီးဖြစ်သွားပေတော့မည်။


"မေမေ..ဘာတွေဖြစ်နေတာလဲဟင်..."

ကျူးပိုင်ရွှယ် အနည်းငယ် ကြောက်လန့်လာတော့သည်။


သူမ ကျူးတချင်းကို ကြောက်လန့်စွာ ကြည့်လာခဲ့သည်။


သူ့သမီးလေး၏ မျက်နှာပေါ်ရှိ ကြောက်လန့်နေသော အကြည့်ကို မြင်လိုက်ရ၍ ကျူးတချင်းက အသက်ပြင်းပြင်းရှူကာ အလျှင်အမြန်ပြောပြလိုက်သည်။


သူက သူမဟာ သူတို့၏သမီးအရင်းမဟုတ်ဘဲ နှင်းများကြားထဲတွင် ကောက်တွေ့ခဲ့သူဖြစ်ကြောင်း ပြောပြခဲ့သည်။


၎င်းကလည်း သူမ၏အမေက စွန့်ပစ်ထားခဲ့ခြင်းမဟုတ်ဘဲ ရက်စက်လှသည့် လူကုန်ကူးသမားက ထားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ပြောပြလိုက်သည်။


ထို့ကြောင့် သူမ၏အမေအရင်းက အခုသူတို့ဆီလာနေပြီဖြစ်ပြီး သူမတွင် အမြွှာမောင်လေးပါ ရှိနေကြောင်းလည်း ပြောပြခဲ့သည်။


ထိုအကြောင်းများကို ပြောပြပြီးနောက်တွင် ဝမ်လန့်ကျီသာမက သန်မာသော ယောက်ျားရင့်မာကြီး ကျူးတချင်းကပါ ငိုလာခဲ့သည်။


ကျူးပိုင်ရွှယ်မှာမူ အံ့အားတကြီးဖြစ်နေရသည်။


ကျူးပိုင်ရွှယ်က သူမ၏မိဘများက သူမ၏မိဘအရင်း မဟုတ်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။


သူမက သူမ၏မိဘများနှင့်မတူပေ။ အခြားသူများကလည်း ထိုသို့ပြောကြသော်လည်း သူမက အမှန်တကယ်မွေးစားသမီးဖြစ်နေခဲ့မည်ဟု မထင်ခဲ့ပေ။


သို့သော် ယခုတွင်တော့...


"မေမေနဲ့ ဖေဖေ ဘာတွေပြောနေကြတာလဲ..."


ကျူးပိုင်ရွှယ်က ကျူးတချင်းနှင့် ဝမ်လန့်ကျီကို ကြောင်တောင်တောင်လေး စိုက်ကြည့်လိုက်သည်။


"မေမေ့ရဲ့ သနားစရာကလေးရယ်..."


"ရှောင်ရွှယ်မကြောက်နဲ့နော်... မေမေနဲ့ဖေဖေက သမီးရဲ့ မေမေနဲ့ဖေဖေဖြစ်နေဆဲပဲ... သမီးကလည်း ဖေဖေတို့ရဲ့ သမီးလေးဖြစ်နေဆဲပဲ..."


ကျူးပိုင်ရွှယ်၏ မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေပြီး နင့်နင့်သီးသီးငိုကြွေးလေတော့သည်။


လင်မယားနှစ်ယောက်ကလည်း ကျူးပိုင်ရွှယ်ကို ဖက်ရင်း ငိုကြွေးလေသည်။


သူမကို ဖက်ထားသော လူနှစ်ယောက်၏ မျက်ရည်စများက သူမ၏ပခုံးပေါ်ကျလာသည်နှင့် ကျူးပိုင်ရွှယ်၏ နှလုံးသားမှာ ပေါက်ကွဲသွားတော့သည်။


သူမတဖြေးဖြေးချင်း အသိပြန်ဝင်လာခဲ့သည်။


ကျူးပိုင်ရွှယ်က ဉာဏ်ကောင်းကာ အသိလွယ်သော ကလေးတစ်ယောက်ဖြစ်သည်။ စိတ်ငြိမ်သွားပြီးနောက်တွင် သူမ မိဘများပြောခဲ့ဖူးသော ဇာတ်လမ်းကို မှတ်မိသွားခဲ့သည်။


ယခုလက်ရှိ ကိစ္စနှင့် ဆက်စက်ကြည့်သောအခါ ဉာဏ်ကောင်းလှသည့် ကျူးပိုင်ရွှယ်က သူမ မိဘများက အမှန်အတိုင်းပြောနေကြောင်း ယုံသွားခဲ့သည်။


သူမက သူတို့၏ကလေးအရင်း မဟုတ်ပေ။


ထို့အပြင် သူမတွင် မောင်လေးပါရှိနေသေးသည်။


....


ကျူးပိုင်ရွှယ်တို့ မိသားစုက ငိုပွဲဆင်နွှဲနေချိန်တွင် အခြားတစ်ဖက်ကလူများမှာ ပျော်ရွှင်နေကြသည်။


အထူးသဖြင့် ကျူးပိုင်ရွှယ်က ရှအန်းနှင့် တူကြောင်းသိသွားခဲ့သော ကုရှုမော့ဖြစ်ပြီး ထိုနတ်သမီးညီမလေးကို အလွန်အမင်းတွေ့ချင်နေလေသည်။


ထိုပုံမှာ သူက ကျူးပိုင်ရွှယ်၏ အမြွှာမောင်လေးမှာ ရှရှင်းချန်မဟုတ်ဘဲ သူဖြစ်နေသည်ဟုပင် ထင်သွားစေနိုင်သည်။


ရှရှင်းချန်မှာ အလွန်စိတ်လှုပ်ရှားနေခြင်းမရှိပေ။


သူက သူ၏နတ်သမီးမေမေနှင့် သွေးသားတော်စပ်ခြင်းမရှိဘဲ ကျူးပိုင်ရွှယ်နှင့်လည်း ဘာမှ မတော်စပ်ကြောင်းသိ၍ အများကြီး မျှော်လင့်မနေပေ။


သို့သော် ရှုထျန်းထျန်းပြောပြသည်ကို နားထောင်ပြီး သူ၏နတ်သမီးမေမေ၏ သမီးအရင်းလေးဖြစ်ပြီး သူ၏"မမ"ဖြစ်လာမည့်လူမှာ အတော်လေးခက်ခဲသည့် ဘဝကို ပိုင်ဆိုင်ခဲ့ကြောင်း သိလိုက်ရသည်။


သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။သူတို့က သွေးသားမတော်စပ်ပဲ သူမက သူ့ကို မကြိုက်လျှင်တောင် ကျူးပိုင်ရွှယ်ကို ကောင်းကောင်းဆက်ဆံပေးမည်ဖြစ်သည်။


"နတ်သမီးညီမလေးက ဒီမှာနေတာလား... ဘယ်လိုလုပ် နေနိုင်ရတာလဲ.."


ရှုထျန်းထျန်းက သခင်ငယ်လေးနှစ်ယောက်ကို ကျူးပိုင်ရွှယ်ခံစားခဲ့ရသော အခက်အခဲများကို သိစေချင်၍ အခြားနေရာတွင် ဆုံရန်မစီစဉ်ခဲ့ပေ။


ယင်းအစား ကျူးတချင်း၏ ဟောင်းနွမ်းနေသော အိမ်ကိုသာ ခေါ်လာခဲ့သည်။


ကုရှုမော့ ကားပေါ်က ခုန်ထွက်လိုက်သည်နှင့် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ ဟောင်းနွမ်းစုတ်ပြတ်နေသည့် အိမ်များကို တွေ့လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။


ရှရှင်းချန်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောသော်လည်း အံ့ဩနေသော ပုံစံလေးဖြစ်လာသည်။


သူငယ်စဉ်က သူ၏နတ်သမီးမေမေ၏ အချစ်နှင့် ဂရုစိုက်မှုများကို မခံခဲ့ရပေ။ သို့သော် သူတစ်ခါမှ ခက်ခဲပင်ပန်းဖူးခြင်းမရှိပေ။


သူ မိဘမဲ့ကျောင်းတွင် ရက်အနည်းငယ်နေခဲ့ရသော်လည်း ဤနေရာလောက် စုတ်ပြတ်နေခြင်းမရှိပေ။


ရှရှင်းချန်က ရှုထျန်းထျန်းပြောခဲ့သည့် စကားများကို ပြန်တွေးပြီးငြိမ်ကျသွားခဲ့သည်။


"အဆင်ပြေပါတယ်... အခုကစပြီး သူမခံစားရတော့ပါဘူး...."


သူတို့၏ တုန့်ပြန်မှုကို မြင်သည်နှင့် ရှအန်းက ကားထဲမှ ဆင်းလိုက်ပြီး နှစ်ယောက်လုံးကို ခေါင်းလေးပုတ်ပေးကာ ကျူးတချင်းအိမ်သို့ လမ်းလျှောက်သွားလိုက်သည်။