အပိုင်း ၂၅၈
Viewers 29k

Chapter 258


'ဒေါက် ဒေါက် ဒေါက်'


တံခါးခေါက်သံကြားသည်နှင့် ကျုးတချင်းက နီရဲနေသော မျက်လုံးများဖြင့် တံခါးဖွင့်ပေးလာသည်။


"မစ္စရှ ရောက်လာပြီပဲ... အထဲဝင်ပါဦး...."


သူ၏ပုံကိုကြည့်ပြီး ရှအန်းက သူတို့ ကျူးပိုင်ရွှယ်ကို ပြောပြပြီးကြောင်း သိလိုက်သည်။


ရှအန်းက ကလေးနှစ်ယောက်ကိုခေါ်ပြီး ကျူးတချင်းအိမ်ထဲ ဝင်သွားလိုက်သည်။


'ဘမ်း'


တံခါးပိတ်သွားသည်နှင့် အိမ်နီးချင်းအချို့က ခေါင်းပြူထွက်လာကြသည်။


"ကျူးတချင်းတို့ အိမ်ထဲဝင်သွားတာ ဘယ်သူလဲ... သူ့ကြည့်ရတာ အတော်လေးချမ်းသာတဲ့ပုံပဲနော်..."


"အမျိုးတွေများလား...."


"အဲ့လိုလည်း မတူဘူးနော်... ကျူးတချင်းတို့မိသားစုက ဆင်းရဲကြတာပဲကို... သူတို့မှာ ဘယ်လိုလုပ် ချမ်းသာတဲ့ အမျိုးတွေရှိမှာလဲ..."


"ဒါပေမဲ့ နေကာမျက်မှန်နဲ့ မိန်းမက အရမ်းလှတယ်နော်..."


"သူတင်မဟုတ်ဘူး ကလေးနှစ်ယောက်ရောပဲ... သူတို့ကလည်း ပန်းချီကားထဲက ခုန်ထွက်လာကြတဲ့လူတွေ အတိုင်းပဲ.."


"သူတို့က ဘယ်သူတွေများလဲ.. ကျူးတချင်းနဲ့ ဘာတော်တာတဲ့လဲ..."


.....


သူတို့က ရှအန်းနှင့် ကလေးနှစ်ယောက် ကျူးတချင်းအိမ်ထဲဝင်သွားသည်ကို မြင်သည်နှင့် အတင်းတုပ်ကြလေတော့သည်။


ရှအန်း ကျူးတချင်းအိမ်ထဲဝင်လိုက်သည်နှင့် သူမကို မဝံ့မရဲကြည့်နေသော သူမ၏ သမီးအရင်းကို တွေ့လိုက်ရသည်။


နီရဲကာ ဖောင်းနေသော မျက်လုံးလေးများက သူမကို ကြောက်လန့်ကာ လေးစားနေသလို ပျော်ရွှင်နေသော ခံစားချက်မျိုးစုံဖြင့် ကြည့်နေသည်။ သူမက အလွန်အမင်း မဝံ့မရဲဖြစ်နေလေရာ သူမမြင်ခဲ့ဖူးသော တက်ကြွသွက်လက်သော ကလေးမလေးနှင့် လုံးဝတူမနေတော့ပေ။


"ရှောင်ရွှယ်... သူက သမီးအမေလေ... မေမေလို့ခေါ်လိုက်ပါဦး..."


ဝမ်လန့်ကျီက သူမ မျက်နှာပေါ်မှ မျက်ရည်များကိုသုတ်ကာ ဘေးတွင် ကုတ်ကုတ်လေးရပ်နေသော ကျူးပိုင်ရွှယ်ကို ရှေ့သို့ တွန်းပို့လိုက်သည်။


သူမ ထိုစကားများကို ပြောစဉ်က နှလုံးသားတစ်ခုလုံး နာကျင်နေခဲ့ရသည်။


သူမ၏သမီးလေးက အကြောင်းစုံသိနေပြီဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် သူမနှင့်အတူတူနေရမည့် အမေအရင်းကို အသိအမှတ်ပြုရပေမည်။


ထို့ကြောင့် နာကျင်မှုကို သည်းခံကာ ပြောလိုက်ရခြင်းဖြစ်သည်။


ကျူးပိုင်ရွှယ်က ပါးစပ်ဟလိုက်သော်လည်း ရှအန်းကို အမေဟု မခေါ်နိုင်ခဲ့ပေ။


သူမ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ သူမ၏နှုတ်ခမ်းများက ဖြူဖျော့နေပြီး အတော်လေး ထိတ်လန့်နေသည့်ပုံပင်။


ရှအန်းက စိတ်ထဲမထားလိုက်ပေ။


နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ကလေးမလေးကို ကြင်နာစွာပြုံးပြလိုက်ပြီး မိတ်ဆက်လိုက်သည်။

"ဒါသမီးရဲ့ မောင်လေးလေ... ရှရှင်းချန်လို့ခေါ်တယ်..."


ရှအန်းက ရှရှင်းချန်ကို ရှေ့သို့ တွန်းပို့လိုက်သည်။


ရှရှင်းချန်က ရှအန်း၏ ရုတ်တရက်ဆန်သော အပြုအမူကြောင့် ကြောင်အသွားပြီး သဘာဝမကျစွာ မိတ်ဆက်လာသည်။

"အမ်း... မောင်လေးပါ... သားကို မောင်လေးလို့ ခေါ်လို့ရတယ်..."


သို့သော် ကျူးပိုင်ရွှယ်က ရှရှင်းချန်၏စကားများကို လုံးဝလျစ်လျူရှုထားမိသည်။


ကောင်မလေးက ရှအန်းကို မမှိတ်မသုန်ကြည့်နေလေသည်။


သူမက သူမ၏အမေက ဤမျှလှနေမည်မှန်း မသိခဲ့ပေ။


ထို့အပြင် သူမက သူမ၏အမေနှင့် အတော်လေးတူသည်။ သို့သော် သူမအမေကို ဘာကြောင့် ရင်းနှီးနေသလို ခံစားရကြောင်း မသိပေ။


"သားရောလေ... သားရောပါသေးတယ်... မမနတ်သမီးအရမ်းလွန်တာပဲ... သားကိုကြ မိတ်မဆက်ပေးဘူး..."


ကုရှုမော့က တွန်းကာတိုက်ကာနှင့် ကျူးပိုင်ရွှယ်ရှေ့တွင် ရပ်လိုက်သည်။


သူက ကျူးပိုင်ရွှယ်၏လက်ကို အရှက်မဲ့စွာ ကိုင်လိုက်သေးသည်။


"ဝိုး.... နတ်သမီးညီမလေးက မမနတ်သမီးနဲ့ အရမ်းတူတာပဲ.. သား အရမ်းသဘောကျတယ်..."


ကျူးပိုင်ရွှယ်က လက်ကိုင်ခံလိုက်ရမှ အသိပြန်ဝင်လာသည်။


သူမက သူမရှေ့တွင် ရပ်နေပြီး နေမင်းကြီးလို တောက်ပစွာပြုံးနေသော ကောင်ချောလေးကို ကြည့်လိုက်သည်။ ထို့နောက် ပဟေဠိဖြစ်သွားလေသည်။


"သွားစမ်းပါ... မင်း ငါ့မမကို ကြောက်အောင်လုပ်နေတာပဲ..."


ရှရှင်းချန်က ကုရှုမော့ကို ကော်လာမှကိုင်ကာ နောက်သို့ ဆွဲလိုက်ပြီး ကျူးပိုင်ရွှယ်နား မကပ်အောင်လုပ်နေသည်။


"ဟေး ဟေး ဟေး... လွှတ်စမ်းပါ ငါဘယ်တုန်းက မင်းမမကို ကြောက်အောင်လုပ်လို့လဲ..."


ကောင်လေးနှစ်ယောက် စကားများနေသည်ကိုကြည့်ပြီး အစက ကြောက်လန့်နေသော ကျူးပိုင်ရွှယ်မှာ စိတ်သက်သာရာ ရသွားခဲ့သည်။


ရှအန်းက ကျူးပိုင်ရွှယ်ကို ပြုံးပြလိုက်သည်။

"ရှောင်ရွှယ် အဲ့ကောင်လေးက တို့နဲ့အတူတူနေနေတာလေ... ကုရှုမော့တဲ့... သမီး သူ့ကို ကိုကိုရှုမော့လို့ ခေါ်လို့ရတယ်...."


ရှအန်း၏ စကားကိုကြားပြီး ကျူးပိုင်ရွှယ်က ရှက်ရွံ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။


သူမတွင် သူငယ်ချင်းမရှိပေ။ သူမ၏အိမ်က ဆင်းရဲကာ ပိုက်ဆံမရှိ၍ သူငယ်ချင်းထားရန် အချိန်မရှိခဲ့ပေ။


သူမက နေ့တိုင်း စာကျက်၊ ထမင်းဟင်းချက်၊ အိမ်အလုပ်လုပ် စသည်ဖြင့် နေ့တိုင်းအလုပ်ရှုပ်နေ၍ ကစားရန်ပင် မအားခဲ့ချေ။


သူမတွင် မွေးချင်းမောင်နှမလည်း မရှိပေ။


သို့သော် အခုတွင်.... သူမတွင် မောင်လေးနှစ်ယောက်... အိုး... မဟုတ်သေးဘူး... အစ်ကိုတစ်ယောက်နှင့် မောင်လေးတစ်ယောက် ရှိလာလေပြီ။


ထိုနှစ်ယောက်ကလည်း သူ့ကိုအလွန်ကြင်နာ၍ သူမအလွန်အမင်း ပျော်သွားခဲ့သည်။


"ညီမလေးရှောင်ရွှယ်... ကိုကိုလို့ခေါ်သိလား.."


"ပါးစပ်ပိတ်...."


"ဟားဟား... ရှောင်ရှင်းရေ မင်းက ရှောင်ရွှယ့်မောင်လေးဆိုတော့ ငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တာမဟုတ်ဘူးလား...."


"လစ်စမ်း..."


ဆူညံပွက်လောရိုက်နေသော ညီအစ်ကိုနှစ်ယောက်နှင့် နူးညံ့သော အပြုံးလေးရှိသည့် သူမ၏အမေက သူမရှေ့တွင်ရှိနေကြသည်။


ထို့ကြောင့် ကျူးပိုင်ရွှယ်၏ ကြောက်လန့်ကာ စိုးရိမ်နေမှုတို့က ပျောက်ကွယ်သွားခဲ့ရသည်။


သူတို့ သူမကိုချစ်ပေးမှာမလား.... သူတို့က သူမရဲ့အမေနဲ့ မောင်လေးနဲ့ အစ်ကိုမလား....


ကောင်းလိုက်တာ... သူတို့က အရမ်းကောင်းတဲ့ပုံပဲ....


ကလေးမလေးက ရှေ့သို့တိုးလာပြီး ရှအန်း၏လက်ဖဝါးကို မဝံ့မရဲကိုင်ကာ သူမ၏မျက်နှာကို ဂရုတစိုက်ကြည့်လိုက်သည်။


ထိုအချိန်တွင် သူမ၏ မျက်လုံးနက်နက်များတွင် လေးစားအားကျမှုတို့ ပြည့်နေလေသည်။


ဤလူက သူမ၏အမေအရင်းဖြစ်သည်။


ရှအန်းက ခေါင်းငုံ့လိုက်ပြီး အပြုံးလေးတစ်ပွင့်ဖြင့် ကလေးမလေး၏ခေါင်းကို ပွတ်ပေးလိုက်သည်။

"လိမ္မာလိုက်တဲ့ ကောင်မလေး...."