Chapter 259
ထို့နောက် ရှအန်းက ကျူးတစ်မိသားစုလုံးအတွက် လက်မှတ်ဖြတ်ပေးရန် ရှုထျန်းထျန်းကိုပြောလိုက်သည်။
သို့သော် ကျူးမောင်နှံက ငြင်းဆန်လေသည်။ သူတို့က ကျူးပိုင်ရွှယ်ကို အရင်ခေါ်သွားရန် ပြောလိုက်သည်။ သူတို့နှစ်ယောက်က အိမ်တွက် ကိုင်တွယ်စရာ ကိစ္စများရှိပြီး အလုပ်အတွက်လည်း ပြောစရာရှိသည်ဟု ဆိုလာကြသည်။
ထိုအရာများကိုလုပ်ပြီးမှ ကျူးပိုင်ရွှယ်နှင့် ရှအန်းတို့နောက်သို့ လိုက်လာမည်ဖြစ်သည်။
ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့က သူမတို့နှင့်အတူ မလိုက်နိုင်ပေ။ သူတို့၏ ဗီဇာများမှာ အဆင်သင့်မဖြစ်သေးပေ။ ထို့ကြောင့် သူမက ကျူးပိုင်ရွှယ်ကိုသာ ခေါ်သွားနိုင်ခဲ့သည်။
ကျူးပိုင်ရွှယ်က သူမ၏ မွေးစားမိဘများနှင့် ခွဲခွာရန် တွန့်ဆုတ်နေပြီး ရှအန်းနောက်ကို တစ်ယောက်တည်းလိုက်သွားရန် ကြောက်နေခဲ့သည်။
သို့သော် ကျူးတချင်းနှင့် ဝမ်လန်ကျီတို့က သူတို့၏သမီးလေးကို ရှအန်းနှင့် ရှရှင်းချန်တို့နှင့် အရင်ဆုံးဆက်ဆံရေးကောင်းကောင်းရစေချင်သည်။ ထို့ကြောင့် သူတို့၏သမီးလေးကို နှစ်သိမ့်ကာ လိုက်သွားရန် တိုက်တွန်းလေသည်။
ကျူးပိုင်ရွှယ်က နာနာခံခံလေး သဘောတူလိုက်သည်။ သူမက ရှအန်း၊ ရှရှင်းချန်တို့ဖြင့် မြို့တော်ကိုသွားပြီး သူမဘဝတွင် ပထမဆုံးကြုံဖူးသည့် အရာများကို တွေ့ကြုံခံစားရလေသည်။
သူမဘဝ၏ပထမဆုံးအကြိမ်အဖြစ် ကားစီးဖူးလေသည်။ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်စီးဖူးခဲ့လေသည်။ ပထမဆုံးအကြိမ်အဖြစ် အရသာရှိသည့်အရာများကိုစားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ဇိမ်ခံဗီလာကြီးထဲတွင် နေဖူးခဲ့သည်။
"ရှောင်ရွှယ်... ဒါက သမီးရဲ့ ယာယီအိပ်ခန်းပဲ.."
ရှအန်းက ကျူးပိုင်ရွှယ်ကို ရှရှင်းချန်နှင့် ကုရှုမော့တို့ ဘေးရှိ အိပ်ခန်းဆီခေါ်သွားလိုက်သည်။
C.Hကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သလို စူပါစတားတစ်ယောက်ဖြစ်သည့် ရှအန်းက အလွန်ချမ်းသာလေသည်။ ထို့ကြောင့် သူမက တရုတ်တွင် နေနေ နိုင်ငံခြားတွင်နေနေ အဆင့်မြင့်မြင့်နေရပေသည်။
ရှအန်းက အရေအတွက်ထက် အရေအသွေးကို ပိုအလေးပေးသဖြင့် သူမလက်ထဲရှိ အိမ်များမှာ အလွန်အမင်းဈေးကြီးလှပြီး ကျယ်ဝန်းကာ လှပလှပေသည်။
ဥပမာအားဖြင့် သူမနေနေသည့် ဗီလာမှာ မိသားစုတစ်စုစာ ဗီလာဖြစ်ပြီး တည်နေရာကောင်းကာ ပတ်ဝန်းကျင်လည်း ကောင်းလှပေသည်။
လူချမ်းသာရပ်ကွက်တွင်ရှိသည့်အတွက် အရေးအကြီးဆုံးဖြစ်သော လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာတို့မှာ လုံခြုံလွန်းလှပေသည်။
ကျူးပိုင်ရွှယ်၏ အိပ်ခန်းကို ယာယီအိပ်ခန်းဟု ပြောရခြင်းမှာ အဘယ်ကြောင့်ဆိုသော် သူမက တရုတ်တွင် ကြာကြာနေရန် မစီစဉ်ထား၍ဖြစ်သည်။
သူမ ကျူးမိသားစုသုံးယောက်အတွက် ဗီဇာနှင့် ပတ်စပို့တို့ပြင်ပြီးသည်နှင့် နိုင်ငံခြားသို့ ပြောင်းကြမည်ဖြစ်လေသည်။
"ဟုတ်ကဲ့...."
ကျူးပိုင်ရွှယ်က လိမ္မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမက ရှအန်းကို သူမ၏အမေအရင်းမှန်း သိသော်လည်း အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်သည်။ ထို့ကြောင့် ရှအန်းကို 'မေမေ'ဟူ၍ သဘာဝကျကျမခေါ်နိုင်သေးပေ။
သူမက ဤမျှလှပသည့်အိမ်တွင်နေရခြင်းနှင့် ကိုယ်ပိုင်အိပ်ခန်းရခြင်းတို့ကို အတော်လေးဝမ်းသာပေသည်။ သို့သော် သူမကိုယ်သူမ ထိန်းသိမ်းကာ ယဉ်ကျေးသိမ်မွေ့စွာ ပြုမူနေဆဲဖြစ်သည်။
ရှအန်းက ကလေးမလေး အိပ်ခန်းထဲကို တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို ကြည့်နေလိုက်သည်။ သူမလေးက အိပ်ခန်းကို ကြိုက်သော်လည်း မျက်နှာတွင် မည်သည့်ပျော်ရွှင်မှုမျှမပြပဲ တည်ငြိမ်နေသည်။ ရှအန်း၏ နှုတ်ခမ်းထောင့်လေးများ ကော့တတ်သွားသည်။
မူလကိုယ်၏ သမီးက အလွန် အပြုအမူကောင်းသော ကလေးမလေးဖြစ်သည်။ ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့က သူမကို အလွန်ကောင်းမွန်စွာ သင်ပြပေးထားခဲ့သည်။
ရှအန်း၏ မျက်နှာမှာ ပျော့ပြောင်းသွားရသည်။ ကျူးပိုင်ရွှယ်ဖြစ်ဖြစ် ရှရှင်းချန်ဖြစ်ဖြစ် ကလေးနှစ်ယောက်လုံးက အလွန်ချစ်စဖွယ်ကောင်းလှပေသည်။
"ရှောင်ရွှယ့် အခန်းထဲမှာ တစ်ခုခုလိုတာရှိရင် မာမားကို ပြောလို့ရတယ်နော်...."
ရှအန်း၏ နူးညံ့လှသော အသံလေးကိုကြားပြီး ကျူးပိုင်ရွှယ်၏ ပါးလေးများနီမြန်းသွားကာ တိုးတိုးလေးပြောလိုက်သည်။
"သမီး...ဘာမှမလိုပါဘူး... အဆင်ပြေပါတယ်..."
ကျူးပိုင်ရွှယ်က သူမက ရှအန်း၏သမီးဖြစ်သည်ဟူသောအချက်အပြင် နတ်သမီးနန်းတော်ကဲ့သို့သော အခန်းတွင်နေရ၍ ကိုယ့်ကိုကိုယ် အိပ်မက် မက်နေသည်ဟုထင်နေမိသည်။
ကလေးမလေးကို ခေါ်ထားရန် ဆုံးဖြတ်ချက်မှာ ရုတ်တရက်ကြီးဖြစ်လာသော်လည်း ရှအန်းက သူမအတွက် အရာတိုင်းဝယ်ပေးခဲ့သည်။
အခန်းထဲရှိ ပရိဘောဂများမှာ နူးညံ့လှပြီး အရာရာတိုင်းကို ဒီဇိုင်းနာများကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အချိန်က အကန့်အသတ်နှင့်ဖြစ်သော်လည်း ရှအန်းက ငွေပိုပေးလိုက်၍ ဤမျှလက်ဝင်သော ပရိဘောဂများကို မြန်မြန်ရလာခြင်းဖြစ်သည်။
သူမက အိပ်ခန်းထဲတွင် ကလေးပစ္စည်းမျိုးစုံကို ဖြည့်ထားခဲ့သည်။ နေ့စဉ်သုံး ပစ္စည်းများဖြစ်သော အဝတ်အစားများ၊ ဖိနပ်များနှင့် အရာအားလုံး ဗီရိုထဲတွင် အပြည့်ဖြစ်သည်။
ထို့နောက်တွင် ရှအန်းက ကလေးမလေးကို အဝတ်အစားလဲခန်းထဲခေါ်သွားသောအခါ သူမလေး လန့်သွားခဲ့သည်။
သူမငယ်စဉ်ကတည်းက မိသားစုက ဆင်းရဲသဖြင့် အဝတ်အစားများမှာ အိုဟောင်းနေသည်များသာဖြစ်သည်။ သူမတွင် အဝတ်အစားအသစ် အနည်းငယ်သာရှိသည်။
အဝတ်အစားအသစ်များရှိလျှင်ပင် ၎င်းတို့က ဝမ်လန့်ကျီချုပ်ထားသည့်အရာများသာဖြစ်သည်။ သူမက စက်ရုံမှ လက်ကျန်အစများကို ဝယ်ကာ သူမအတွက် ချုပ်ပေးခြင်းဖြစ်သည်။
သူမရှေ့ရှိ အဝတ်အစားလဲခန်းတွင် အလွန်လှပသော စကတ်လေးများ ဦးထုပ်လေးများ သားရေဖိနပ်များရှိနေသည်။
"ဒါတွေက သမီးအတွက် ပြင်ပေးထားတာလေ... ကြိုက်ရဲ့လား..."
သူမ ကိုယ်တိုင် သွားဝယ်ပေးခြင်းမဟုတ်သော်လည်း သူမဝယ်ပေးထားခြင်းသာဖြစ်သည်။
ထို့ကြောင့် ရှအန်းက သူမသာအမှန်ဆုံးဟူသော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ကလေးမလေးမှာ ရှအန်း၏ လုပ်ရက်ကြောင့် ထိရှသွားရသည်။
ရိုးသားလှသော ကလေးမလေးက ဤ အဝတ်အစားများအားလုံးက သူမ၏ အမေအရင်းက တစ်ခုချင်းစီ ရွေးပေးထားခဲ့သည်ဟု ထင်နေခဲ့သည်။
ကလေးမလေးက ဤမျှအချစ်မခံရဖူး၍ ရုတ်တရက် ရှက်သွေးဖြာသွားရသည်။
သူမ၏ မျက်ရည်ဝဲနေသာ မျက်လုံးရွဲကြီးများဖြင့် ရှအန်းကိုငေးစိုက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့.. ကြိုက်ပါတယ်..."
"ကောင်းတာပေါ့..."
ကလေးမလေးက အလွန်အပြုအမူကောင်းလှ၍ ရှအန်းက ခေါင်းလေးပုတ်ပေးလိုက်သည်။
"အနာဂတ်မှာ သမီးဘာလိုလို ဘာကြိုက်ကြိုက် မေမေကိုပြောနော်.. မေမေက အကုန်ဝယ်ပေးမယ်..."
ရှအန်းက ကျူးပိုင်ရွှယ်၏ သူမ၏ သမီးအဖြစ် လက်ခံလိုက်ပြီဖြစ်ပြီး သူမလေးကို အမေတစ်ယောက်လို စောင့်ရှောက်ပေးတော့မည်ဖြစ်သည်။
"ဒါနဲ့တင် လုံလောက်ပါပြီ...."
ကလေးမလေးက စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းကိုက်ထားလိုက်သည်။ သူမ၏လက်ကလေးများမှာ ရှအန်း၏ အင်္ကျီထောင့်ကို တင်းတင်းကိုင်ထားပြီး ထပ်ဝယ်ပါက ဖြုန်းတီးရာကျနေပြီဟုပြောချင်နေသယောက် ဖြစ်နေသည်။
ခြင်တစ်ကောင်ကဲ့သို့ အသံသေးသေးလေးဖြင့် ပြောလာသေးသည်။
"သမီး အကုန်လုံးကိုကြိုက်တယ်... ကျေးဇူးပါ မေမေ..."
ထိုသို့ပြောပြီးနောက်တွင် ကလေးမလေးက ချက်ချင်းခေါင်းငုံ့ချလိုက်ပြီး ရှအန်းကို မကြည့်ရဲတော့ပေ။ သို့သော် ရှအန်း၏ အင်္ကျီထောင့်လေးကို မလွှတ်တမ်း ကိုင်ထားနေဆဲဖြစ်သည်။
ကလေးမလေးက အလွန်ရှက်နေပြီး နားနှစ်ဖက်မှာ ရဲရဲနီနေသည်။
ရှအန်းက ပျော်သွားခဲ့သည်။ မူလက သူမက ကလေးနောက်တစ်ယောက်ကို ပျိုးထောင်ပါက ပြဿနာဖြစ်မည်ဟု ထင်ခဲ့သော်လည်း ယခုတွင် အတော်လေးစိတ်ဝင်စားဖို့ ကောင်သည်ဟု ခံစားလာရသည်။
....
"ဟားဟား.... ရှောင်ရှင်း မင်းမနာလိုဖြစ်နေတာမလား... မင်းရဲ့ မမက မမနတ်သမီးကို အပိုင်သိမ်းသွားမယ်လို့ တွေးနေတာလား.."
ဧည့်ခန်းထဲတွင် ကုရှုမော့က ရှရှင်းချန်တစ်ယောက် တက်ဘလက်ကိုင်ပြီး တွေတွေကြီး ထိုင်နေသည်ကို မြင်လိုက်ရသည်။
ရှရှင်းချန်က အားပါးတရရယ်နေသော ကုရှုမော့ကိုကြည့်ပြီး စကားပြန်မပြောပေ။
အမှန်အတိုင်းပြောရလျှင် မနာလိုသည်ထက် လက်မခံနိုင်သေးတာသာဖြစ်သည်။
အရင်က သူ၏နတ်သမီးမေမေတွင် ကလေးတစ်ယောက်သာရှိသည်။
သို့သော် ထို့နောက်တွင် နောက်ထပ်ကလေးတစ်ယောက် ရောက်လာခဲ့သည်။
သို့သော် ရှရှင်းချန်က သူ၏နတ်သမီးမေမေ ဂရုအစိုက်ဆုံးလူမှာ သူသာဖြစ်ကြောင်းသိ၍ မနာလိုမဖြစ်ပေ။
သို့သော် အနည်းငယ်ကူကယ်ရာမဲ့နေသည်။ သူက အနာဂတ်တွင် သူ၏မမဟူသော ထပ်တိုးလာသော နောက်တစ်ယောက်နှင့် သူ၏နတ်သမီးမေမေတို့ဖြင့် မည်ကဲ့သို့နေရမည်လဲ မသိပေ။
တစ်နေ့တာအဆုံးတွင် ရှအန်းက အကောင်ပေါက်လေးသုံးယောက်ကို ကိုယ့်အိပ်ခန်ဆီကိုယ် လိုက်ပို့ပေးလိုက်သည်။
အရာအားလုံး ပြီးသွားချိန်တွင် သူမ၏ကျောက်စိမ်းဆွဲသီးနှင့် အထဲရှိ ရှောင်ဟေးနှင့် ရှောင်ပိုင်တို့ကို သတိရသွားခဲ့သည်။