အပိုင်း ၅
Viewers 26k

Part 5


‘’ရှင်… ရှင်… ရှင်က ကျွန်မနဲ့ စေ့စပ်ထားတဲ့သူလား’’ သူမ ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။ သူမ၏ ကြီးမားလှသောမျက်ဝန်းများကို မျက်တောင်ခတ်လိုက်ပြီး ‘ ငါက နင့်ရဲ့စေ့စပ်ထားတဲ့သူပါ… ငါက နင့်ဘက်ကနော်… ငါ ဘာမှမကြားလိုက်ဘူး… တကယ်လို့ကြားရင်တောင် ငါဘာမှ မပြောဘူး ‘ ဆိုသည့် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။


ဝမ်ယွီ အံ့ဩနေမှုများကိုဖယ်လိုက်ပြီး သူမအား အေးစက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။


ထိုအချိန်တွင် သူနှင့်မည်သို့ ညှိနှိုင်းရမည်ကို ချီကျန်းကျန်း စိတ်ထဲမှ အလျင်အမြန်တွေးတောနေသည်။ တွေးရင်းနှင့်ပင် သူမ မေ့လဲသွားသည်။


ဝမ်ယွီ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြန်သည်။


ဖုန်းတဖက်မှ အတွင်းရေးမှုးနင် မေးလိုက်သည် ‘’ မစ်စတာ ဝမ်…’’


‘’အဆင်ပြေတယ်..’’ ပြောပြီးနောက် ဝမ်ယွီ ဖုန်းချလိုက်သည်။


ထို့နောက် သူ၏အေးစက်နေသောမျက်ဝန်းဖြင့် ကုတင်ပေါ်တွင် တဖက်သို့လဲကျနေသည့် ချီကျန်းကျန်းကို ကြည့်လိုက်သည်။


ဒါဆိုလဲ သူမ ကြားသွားတယ်ဆိုရင် ကြားချင်လဲကြားပါစေတော့…


အမှန်တကယ်ပင် ချီကျန်းကျန်းကို သူ့မျက်လုံးထဲ၌ ထည့်မထားသည်မှာ အသေအချာပင်ဖြစ်သည်။


သူမ နိုးလာသည်ကိုမြင်သော်လည်း ဆရာဝန်ပင်ခေါ်မပေးပဲ ဘာမှ မဖြစ်ခဲ့သလိုပင် ထွက်ခွာသွားသည့် သူမ၏ခင်ပွန်းလောင်းကို ကြည့်ရင်း ချီကျန်းကျန်း အံ့ဩနေမိသည်။


ဒါက သူမ ယောကျာ်းလား…


ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။


ဖုန်းတဖက်မှ အတွင်းရေးမှုးနင် သည် ထိတ်လန့်တကြားဖြင့် ဖုန်းကိုင်ထားဆဲဖြစ်ပြီး သူ၏မျက်ဝန်းတွင်လဲ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။


သူ့ဘောစ့်ဖုန်းထဲကနေ မိန်းကလေးအသံတစ်ခုကို ကြားလိုက်မိသလိုပဲ… ပြီးတော့ ယောကျာ်း လို့တောင် အော်ခေါ်လိုက်သေးတယ်…


အတွင်းရေးမှုးနင် တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံး ဖျားချင်သလိုလို ခံစားသွားရသည်။


‘’ အတွင်းရေးမှုး နင်..’’ အထူးလက်ထောက်အသံက အတွင်းရေးမှုးနင်ကို အသိပြန်ဝင်လာစေသည်။


အတွင်းရေးမှုးနင် တစ်ယောက် ပြန်လည်သတိဝင်လာပြီး အေးစက်နေသော မျက်နှာထားကို ပြန်လည်တပ်ဆင်ကာ လက်ထဲမှပစ္စည်းများကို အထူးလက်ထောက်ကောင်း လက်ထဲသို့လွှဲပေးလိုက်ရင်း ‘’ မင်းဆက်လုပ်လိုက်တော့’’


အထူးလက်ထောက်ကောင်း ‘’ ဒါဆို မင်းကကော…’’


‘’ ငါ ဆေးရုံကိုသွားလိုက်ဦးမယ် ‘’ ပြီးတော့ သူ့နားနှင့်ပတ်သတ်ပြီး တစ်ခုခုများ မှားသွားလားဆိုတာကို စစ်ဆေးရမယ်မဟုတ်ပါလား…


အထူးလက်ထောက်ကောင်း ‘’ …..’’


ဆေးရုံတွင် ဝမ်ယွီ အခန်းထဲမှထွက်သွားကြောင်း သေချာမှ ချီကျန်းကျန်းတစ်ယောက် မျက်လုံးဖွင့်လိုက်သည်။ ဟုတ်ပါသည်… သူမ မေ့လဲချင်ယောင်ဆောင်လိုက်ခြင်းသာဖြစ်သည်။


သူမ နိုးလာသည်နှင့် အင်အားကြီးမားသော အဓိကဇာတ်ဆောင်ကို တွေ့လိုက်ရသည့်အတွက် အမှန်တကယ်ပင် မခံစားနိုင်ပေ။


အရင်ဘဝတွင် ချီကျန်းကျန်းသည် သာမန်ပြည်သူတစ်ဦးမျှသာဖြစ်သည်။ သူမသည် အဖွားဖြစ်သူလက်ထဲတွင် ကြီးပြင်းလာရပြီး သာမန်တက္ကသိုလ်တစ်ခုမှ ဘွဲလေးတစ်ခုရခဲ့သည်။ သူမသည် သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာဘာသာရပ်ကို လေ့လာခဲ့ပြီး အသက် ၂၁ နှစ်ပြည့်ချိန်တွင် ဘွဲ့ရခဲ့သည်။ ထို့နောက် သူမသည် နိုင်ငံဝန်ထမ်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ သူမသည် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အလုပ်လုပ်ခဲ့သည်မှာ တစ်နှစ်ခွဲပင်ကြာခဲ့သည်။


အကယ်၍ ကားအက်စီးဒင့်သာ မဖြစ်ခဲ့ဘူးဆိုလျင် သူမသည် သာမန်ပြည်သူတစ်ဦးပင် ဖြစ်နေပြီး ချီမိသားစု၏ မင်းသမီးလေး ချီကျန်းကျန်း ဖြစ်လာမည် မဟုတ်ပေ။


ချီမိသားစုနှင့် သူမ၏ အဆုံးသတ်ကို တွေးနေမိသည်။


နောက်တစ်ခါ သေရဦးမှာလား… ဒါဆို သူမရဲ့ နဂိုကမ္ဘာကိုပြန်ရောက်နိုင်မှာလား…


ချီကျန်းကျန်း ခေါင်းကိုပြင်းပြင်းထန်ထန် ခါယမ်းလိုက်မိသည်။


သူမ၏ နဂိုခန္ဓာကိုယ်သည် ကားတက်ကြိတ်၍ အတော်လေးဆိုးရွားသည့် ပုံစံဖြစ်နေပေလိမ့်မည်။ သူမ ဒီမှာသေဆုံးသွားလျင် ပြန်သွားနိုင်မည်ဟု မည်သူမျှသေချာမပြောနိုင်ပေ။ အကယ်၍ သူမ ဒီမှာသေဆုံးသွားပေမယ့် နဂိုနေရာကို ပြန်မသွားနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ…


သူမတွင် သေဆုံးရမည့်အကြောင်းအရင်း မရှိပေ။ ထို့ကြောင့် အသက် ၈၀ တိုင်အောင် ဒီဘဝကို နေထိုင်ရမည်ဖြစ်သည်။


သူမ ကုတင်ပေါ်တွင် လဲလျောင်းရင်း မျက်ဝန်းကျယ်ကျယ်ဖွင့်ထားကာ လေးလေးနက်နက်တွေးနေမိသည်။


မူလစာသားတွင် ချီကျန်းကျန်းသည် တစ်နှစ်ကြာပြီးမှ သေဆုံးသွားသည်။ ယခုအချိန်သည် သူမ ကိုမာဝင်နေရမည့် အချိန်ဖြစ်သည်။ သို့သော် သူမ နိုးလာပြီဖြစ်သည့်အတွက် တစ်နှစ်အကြာတွင် သူမ မသေသင့်တော့ပေ။


မဟုတ်သေးဘူး…


သူမ ရုတ်တရက်ပင် ချီမိသားစု၏ အဆုံးသတ်ကို တွေးလိုက်မိသည်။


ချီမိသားစုသည် ဒေဝါလီခံကာ အကြွေးများစွာတင်ခဲ့သည့်အတွက် ချီမိသားစုမှလူတိုင်း ထိုအကြွေးကို ဆပ်ကြရသောကြောင့် သူတို့ဘဝသည် သေသည်ကမှပင် ပို၍ကောင်းသေးသည်။ ချီကျန်းကျန်း၏ မောင်ငယ်လေး ချီကျိုးချန်သည် လောင်းကစားကိုစွဲမက်လာပြီး ချီမိသားစုကို အရူးအမူး နှိပ်စက်ခဲ့ပြန်သည်။


ထို့ကြောင့် တစ်နှစ်အကြာတွင် သူမ မသေသော်လည်း ထိုကဲ့သို့သော ဘဝမျိုးနှင့် ရှင်သန်ရမည်ဖြစ်သည်။


ချီကျန်းကျန်း အော်ငိုချင်စိတ်များပင် ဖြစ်ပေါ်လာသည်။


အချိန်အကြာကြီးတွေးပြီးသော်လည်း သူမတွင် အကြံကောင်းများထွက်မလာပေ။


သူမ အိပ်ယာမှ ထနိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။


သို့သော်လည်း…


ဟားဟားဟား…


သူမ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။


ချီကျန်းကျန်း အံ့အားသင့်သွားသည်။


သူမ၏ပြုတ်ကျသည့် အသံကြောင့်ပင် ချီကျန်းကျန်းတစ်ယောက် နိုးထလာပြီဖြစ်ကြောင်း ချက်ချင်းပင် ပြန့်နှံ့သွားတော့သည်။


‘’ ဘာမှမဖြစ်ဘူး… မင်းခြေထောက်က အက်စီးဒင့်ဖြစ်ပြီး ရက်ပေါင်းများစွာ လှဲနေလိုက်တာကြောင် အခုလိုဖြစ်နေတာပဲ… ဆက်လက်စောင့်ကြည့်ဖို့ ဆေးရုံမှာ နေဖို့လိုသေးတယ်.. သိပ်မကြာခင် ပြန်ကောင်းသွားမှာပါ… စိတ်မပူပါနဲ့’’ ဆရာဝန်က ချီကျန်းကျန်းကို ကြည့်ပြီး အပြုံးနှင့် နှစ်သိမ့်စကားဆိုသည်။


ချီကျန်းကျန်း သက်ပြင်းချလိုက်မိသည်။ ‘’ ဟင်း..’’


သူမ ခြေထောက်နဲ့ပတ်သတ်ပြီး စိတ်မပူပေ။ သူမ ဘဝအတွက် စိတ်ပူနေခြင်းပင်ဖြစ်သည်။


‘’ချီကျန်းကျန်း နင်တကယ်နိုးလာပြီပေါ့…’’ ငယ်ရွယ်သောယောကျာ်းလေးတစ်ယောက် အသံထွက်ပေါ်လာသည်။


ချီကျန်းကျန်း ခေါင်းကိုမော့ပြီး တံခါးဝသို့ကြည့်လိုက်သည်။


ဒီစာအုပ်၏ အကြောင်းအရာကို သိထားသည့်အတွက် မူလပိုင်ရှင်၏မှတ်ညဏ်များ ဝင်ရောက်လာပြီး သူမရှေ့တွင် ရပ်နေသောသူသည် သူမ၏မောင်ငယ်လေး ချီကျိုးချန်မှန်း သိလိုက်သည်။


လူငယ်လေးသည် အလွန်ချောမောနေပြီး နူးညံ့သည့်မျက်ခုံးမွှေးနှင့် မောက်မာသော မျက်နှာထားရှိသည်။ ထိုလူငယ်လေးသည် တစ်နှစ်အတွင်း ထိန်းသိမ်းလို့မနိုင်သည့် လူဆိုးတစ်ယောက် ဖြစ်လာမည်ဟု မည်သူမှထင်မည် မဟုတ်ပေ။


ဟုတ်ပေသည်။ ချီကျန်းကျန်း၏ ဘဝသည် ဝမ်ယွီတစ်ယောက် ဝမ်အိမ်တွင် ဆိုးဆိုးရွားရွား ဆက်ဆံခံရသလောက် မရှိပေ။ သို့သော်လည်း ချီယန်နှင့် တင်းရိကျွင်းတို့နှစ်ယောက်လုံးသည် ချီကျိုးချန်ကိုသာ မျက်နှာသာပေးလေသည်။ သူမတွက် စားဖို့သောက်ဖို့ကိုပင် ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့ကြခြင်းဖြစ်သည်။ ထိုခဏတွင် ချီကျန်းကျန်းတစ်ယောက် ချီကျိုးချန်ကိုကြည့်ရင်း မည်သို့ဆက်ဆံရမည်ကို ဝေခွဲမရဖြစ်သွားသည်။


သူမသည် ခံစားချက်ရှုပ်ထွေးနေသော်လည်း ချီကျိုးချန်သည် လေသံမာမာဖြင့် သူမကိုကြည့်ရင်းပြောလိုက်သည်။ ‘’ ငါတို့မိဘတွေနဲ့ အန်ကယ်ဝမ်က တခြားစီးပွားရေးမိတ်ဆွေတွေနဲ့ အတူတူစားသောက်နေတယ်.. အဲ့ဒါကြောင့် သူတို့မလာနိုင်လို့ ငါ့ကို အရင်လာကြည့်ခိုင်းလိုက်တာ’’


ချီကျိုးချန်က နှုတ်ခမ်းကိုတွန့်လိုက်ရင်း အနည်းငယ်ရွံရှာသည့်လေသံဖြင့် ‘’ နင်က အရက်သောက်ပြီးတာတောင် ကားမောင်းရဲသေးတယ်နော်… ပြီးတော့ ကားအက်စီးဒင့်ဖြစ်ပြီး အမေ့ကိုတောင် ငိုရအောင်လုပ်ရဲတယ်… အကိုရိရန်ဆို နင့်ကိုအထင်သေးနေပြီ… ချီကျန်းကျန်း… နင်က ငါတို့ချီမိသားစုရဲ့ တကယ့်အရှက်ရစရာပဲ … ဒါနဲ့များ အစ်မဝမ်းကွဲ ယွီ နဲ့ သွားယှဉ်ချင်သေးတယ်…’’


ချီကျန်းကျန်း ‘’ ….. ‘’


သူမ စောနကတွေးမိတဲ့ အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်မိသည်။


ဒီမကောင်းတဲ့ကလေးကတော့လား… ဒီပုံစံနဲ့ဆိုရင် တစ်နှစ်နေပြီးနောက် သူဘယ်လိုပုံစံဖြစ်လာမလဲဆိုသည်ကို သူမ ကြိုမြင်နေမိပြီဖြစ်သည်။


သူမ သူ့ကိုဆက်မတွေ့ချင်တော့၍ တဖက်သို့လှဲနေလိုက်သည်။


သူမသည် ချီကျန်းကျန်း ဖြစ်သော်လည်း တချိန်တည်းမှာပင် ချီကျန်းကျန်း လဲ မဟုတ်ပေ။ သူမ၏ မိသားစုအပေါ်တွင် မူလပိုင်ရှင်ကဲ့သို့ပင် မည်သည့်ခံစားချက်မျှရှိမနေပေ။

လူငယ်လေးသည် ဒေါသထွက်လွယ်သူဖြစ်သည်။ ထို့ကြောင့် ချီကျန်းကျန်း၏ အမူအယာကိုကြည့်ပြီးနောက် နှုတ်ခမ်းကိုတွန့်ကုတ်လိုက်ပြီး လေသံတိုးဖြင့်


‘’နင်သာ ကတိအပိုတွေ ပေးခဲ့မယ်ဆိုရင် အကိုရိရန်လဲ စေ့စပ်ပွဲကို ဖျက်မှာမဟုတ်ဘူး… အခုတော့ နင်နိုးလာပေမယ့်လဲ နင်နဲ့စေ့စပ်ထားတဲ့သူက အကိုရိရန် မဟုတ်တော့ပဲ ရှက်စရာကောင်းတဲ့ ဝမ်ယွီနဲ့တဲ့လေ… ငါတို့မိဘတွေပြောတာလဲကြားခဲ့ရသေးတယ်… အနာဂါတ်မှာ နင့်ရဲ့မုန့်ဖိုးထဲက ယွမ် ၅ သောင်းကို လတိုင်းလျော့ပစ်မယ်တဲ့…’’


ချီကျန်းကျန်းတစ်ယောက် မျက်လုံးအပြူးသားဖြင့် အိပ်ယာထက်မှ ငေါက်ခနဲထထိုင်လိုက်မိသည်။ သူမ သူ့ကိုစိုက်ကြည့်နေမိပြီး သူမနားကို မယုံနိုင်အောင်ဖြစ်နေသည်။


တစ်လကို မုန့်ဖိုး ၅ သောင်းတောင်…


သူမ၏ တုန့်ပြန်မှုကိုကြည့်ရင်း ချီကျိုးချန်တစ်ယောက် ကျေနပ်သွားသည်။ ‘ ဒီလိုရှိုးပွဲကြည့်ရတာ အတော်လေးကောင်းတာပဲ….’


‘’ချီကျန်းကျန်း…ကြည့်ဦး… ငါတို့မိဘတွေက နင်နဲ့စကားပြောရမှာ အရမ်းကိုပျင်းနေပြီ… အနာဂါတ်မှာ နင့်ရဲ့မုန့်ဖိုးက တစ်လကို ယွမ် ၅ သောင်းပဲရှိတော့မှာ… နင်ဘယ်လိုထင်လဲ… နင်ဘာပြောချင်လဲ… အဖေနဲ့အမေကို နင်မှာတဲ့အတိုင်း ငါပြောပေးမယ်လေ…’’


မုန့်ဖိုးကို အနိမ့်ဆုံးအဆင့်ထိလျော့ချလိုက်တာတောင် တလကို ယွမ် ၅ သောင်းတောင် ရဦးမှာလေ…


ထိုအရာသည် တနေ့ကို မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သေမတတ် အလုပ်လုပ်ခဲ့ရသည့် ချီကျန်းကျန်းအတွက် သွေးမျက်ရည်ကျမတတ်ဖြစ်သွားသည်။

သူမ ချီကျိုးချန်ကိုကြည့်ရင်း ‘’ တကယ် တလကို ယွမ် ၅ သောင်းလား… ဒါဆို ပိုက်ဆံကို ကတ်ထဲတိုက်ရိုက်လွှဲထည့်ပေးတာလား…’’


ဇိမ်ခံပစ္စည်းများ တစ်ခါမှမဝယ်ဖူးသော စားစရာဆိုလျင်ဆိုင်အသေးလေးတွေမှာစားတတ်သော အဝတ်အစားဆိုလျင်ဈေးပေါသည့်ဆိုင်မှသာဝယ်ဝတ်သော ချီကျန်းကျန်းသည် တစ်လယွမ် ၅ သောင်းကို မည်သို့ကုန်အောင် သုံးရမှန်း စဉ်းစားနေမိသည်။


ဒါက သူဌေးတွေရဲ့ဘဝလား…


ရုတ်တရက် သူမတွင် အချိန်တစ်နှစ်သာကျန်တော့သည်ကို သတိရသွားသော်လည်း ထိုကဲ့သို့သာနေထိုင်ရမည်ဆိုလျင် သူမအရမ်းပျော်ရွှင်နေလိမ့်မည်ဟု ခံစားလိုက်မိသည်။


မဟုတ်သေးပါဘူး… ချီကျန်းကျန်း ခေါင်းကိုပြင်းပြင်းထန်ထန် ခါလိုက်မိသည်။


သူမ အသက်ရှင်ချင်တယ်… သူမ ကောင်းကောင်းမွန်မွန် အသက်ရှင်ချင်တယ်လေ…


ကားအက်စီးဒင့်ကြောင့် မူလကိုယ်နေရာတွင် သူမအစားထိုးနေသော်လည်း သူမ၏ဒုတိယဘဝသာဖြစ်သည်။ အနာဂါတ်တွင် မည်သို့ပင်ဖြစ်စေကာမူ သူမအနေနှင့် ကောင်းကောင်းမွန်မွန် နေထိုင်ရမည်ဖြစ်သည်။


ချီကျိုးချန် သူမကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။


သူမ မကျေမနပ် မဖြစ်ဘူးလား… ဒေါသမထွက်ဘူးလား…


‘’ ချီကျန်းကျန်း… ငါပြောတာကို နင်မကြားလိုက်ဘူးလား… ငါတို့မိဘတွေက နောက်လကစပြီး လတိုင်း ယွမ် ၅ သောင်းပဲ နင့်ကိုပေးတော့မယ်လို့ ငါပြောနေတယ်လေ… ‘’ ချီကျိုးချန် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။


‘’ငါကြားတယ်..’’  ချီကျန်းကျန်း စိတ်လှုပ်ရှားနေသော အမူအရာတစ်ဝက်ဖြင့် ချီကျိုးချန်ကိုပြောလိုက်သည်။ ‘’ ချီကျိုးချန်… ငါ့မိဘတွေကိုပြောလိုက်စမ်းပါ… ငါသူတို့ကို ကျေးဇူးတင်ပါတယ်လို့…’’


သူမ အသက်ရှင်သန်ရာ ကမ္ဘာတစ်ခုသို့ရောက်လာသည်။ သူမတွင် ဝမ်ယွီကဲ့သို့ အိုင်ကျူမြင့်မားစွာမရှိသည့်အတွက် ပိုက်ဆံအများကြီးမရှာနိုင်ပေ။


တစ်လကို ယွမ် ၅ သောင်း… ဒါဆို တစ်နှစ်ကို ယွမ် ၆ သိန်းပေါ့…


အကယ်၍ ချီမိသားစုသာ ဒေဝါလီခံရလျင် သူမတွင် ယွမ် ၆ သိန်းရှိသည့်အတွက် မသေနိုင်တော့ပေ။


ချီမိသားစုသည် မူလပိုင်ရှင်၏ အိမ်ဖြစ်ပြီး သူမသည်အစားထိုးတစ်ယောက်ဖြစ်ကာ ချီမိသားစုပိုက်ဆံကိုသုံးရာတွင် အနည်းငယ် အဆင်မပြေဖြစ်သည့်အတွက် ချီမိဘများကို ကျေးဇူးတင်မိခြင်းဖြစ်သည်။


ချီကျိုးချန် အံ့အားသင့်သွားသည်။