အပိုင်း ၆
Viewers 26k

Part 6


ချီကျန်းကျန်း၏ ရွဲ့စောင်းနေရမည့်မျက်နှာပေါ်တွင် သူတို့မိဘအား ကျေးဇူးတင်စကားဆိုနေသည်ကို အမှန်ပင် သူတွေ့နေရလေသည်။ ထိုအခြင်းအရာသည် သူ့အား စိတ်ဆိုးသွားစေပြီး


‘’ချီကျန်းကျန်း… နင်ရူးနေပြီလား.. ကားအက်စီးဒင့်ဖြစ်ပြီး ခေါင်းထိသွားတာလား…’’ အားပါးတရကျိန်ဆဲပြီးနောက် ချီကျိုးချန် အခန်းထဲမှ လှည့်ထွက်သွားသည်။


နောက်တွင်ကျန်ရစ်ခဲ့သည့် ချီကျန်းကျန်း အော်ပြောလိုက်သည်။


‘’ဒီလကစပြီးပေးမှာလား… ပိုက်ဆံလွှဲပေးပြီးရင် ငါ့ကိုသတိပေးဦးနော်…’’


ချီကျိုးချန် ‘’ ….. ‘’


သူဒေါသထွက်လွန်း၍ ခြေခေါက်လဲကျမတတ်ပင် ဖြစ်သွားသည်။


ချီကျန်းကျန်း တမင်သက်သက် ဒါကိုလုပ်လိုက်တာပဲဖြစ်မယ်…..


ချီကျိုးချန်ထွက်သွားပြီး နှစ်နာရီခန့်ကြာပြီးနောက် ကောင်းကင်သည် လုံးဝမဲမှောင်သွားကာ ချီနှင့်ဝမ်မိသားစုသည် အလျင်အမြန်ရောက်လာကြပြန်သည်။


‘’အစ်မ ကျန်းကျန်း နောက်ဆုံးတော့ နိုးလာပြီပေါ့…’’ သူမအား အရင်ဆုံးပြေးဖက်ပြီး ငိုကြွေးသူမှာ သူမ၏ဝမ်းကွဲညီမ ကြာပန်းဖြူမပင် ဖြစ်လေသည်။


ချီကျန်းကျန်း အနောက်သို့အသာဆုတ်လိုက်ပြီး အနည်းငယ်ရှောင်လိုက်သည်။


အန်းချင်ယု အေးခဲသွားသည်။


တင်းရိကျွင်းလည်း သူမမျက်ရည်တွေကို သုတ်လိုက်ပြီး သူမကိုယ်သူမ မထိန်းနိုင်ဟန်ဖြင့် ‘’ ကျန်းကျန်း… ချင်ယုကလည်း သမီးလဲနေတဲ့ ဒီရက်ပိုင်းအတွင်း စောင့်ရှောက်ပေးထားတာ… သူက သမီးကိုနေ့တိုင်း အဖော်လာလုပ်ပေးနေတာလေ… ပြီးတော့ သမီးအတွက်ငိုရလွန်းလို့ သူ့မျက်လုံးတွေတောင် ဖောင်းအစ်နေပြီ…’’


တင်းရိကျွင်းသည် အလွန်ကျက်သရေရှိသော အမျိုးသမီးဖြစ်သည်။ သူမတွင် မိုးမခပင်ကဲ့သို့မျက်ခုံးမွှေး, မက်မွန်သီးမျက်လုံးနှင့် ကောင်းမွန်စွာထိန်းသိမ်းထားသော ဂန္တဝင်ဆန်သည့်အလှမျိုးရှိသည်။ သူမသည် အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်နှင့် လုံးဝမတူပေ။


သူမပြောသည့်စကားလုံးများကြောင့် ချီကျန်းကျန်း ပြောစရာစကားများ ပျောက်ရှသွားသည်။


အကယ်၍ သူမသာ မူလကိုယ်ဖြစ်မည်ဆိုလျင် အကောင်းအဆိုးကို မခွဲခြားနိုင်တော့ဘဲ ထိုအခိုက်အတန့်အတွက် အန်းချင်ယု၏ အမှားကိုထောက်ပြကာ ပြန်လည်ချေပမည်ဖြစ်သည်။


မူလကိုယ်သည် ဒေါသထွက်လွယ်သူဖြစ်ပြီး မကြာခဏဆိုသလိုပင် မဆင်မခြင်ဖြင့် ပြုမူလေ့ရှိသည်။ ထို့ကြောင့် ကလေးဘဝမှ အရွယ်ရောက်သည်အထိ အန်းချင်ယုနှင့်နှိုင်းယှဉ်ခံရပြီး အန်းချင်ယုလက်နှင့်ပင် မည်မျှအထိနာခဲ့ရသည်ကို သူမ မသိပေ။


အန်းချင်ယုသည် တင်းရိကျွင်း၏ တူမဖြစ်ပြီး အလွန်အချစ်ခံရသူဖြစ်သည်။ ချီယန်သည်လည်း သူ၏သားကိုဂရုစိုက်သလို အန်းချင်ယုကိုလဲ ချီကျန်းကျန်းထက်ပင် ပို၍အရေးပေးလေသည်။


ထို့အတွက်ကြောင့်ပင် သူ သက်ပြင်းချလိုက်ရင်း ‘’ နိုးလာပြီဆိုတော့လဲ ကောင်းတာပဲ…’’


သူသည် ဝမ်ရိရန်ကိုကြည့်လိုက်ပြီး လူတိုင်း၏လျစ်လျူရှုခြင်းကို ခံထားရသည့် အခန်းထောင်တွင်ရပ်နေသော ဝမ်ယွီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် ရှုဝေမြင်သွားပြီး ချက်ချင်းပင် အပြုံးတစ်ခုဆင်မြန်းကာ ‘’ ယွီလေး… သားနဲ့ ကျန်းကျန်းက နတ်ဘုရားတွေ စီစဉ်ပေးထားတဲ့အတွဲပါပဲ… ရှေးခတ်ကဆိုရင် ကံဆိုးပြီးနောက်ပျော်ရွှင်ခြင်းတွေရောက်လာတယ်လို့ ခေါ်တယ်… သားနဲ့ ကျန်းကျန်း စေ့စပ်လိုက်ရုံနဲ့ ချက်ချင်းပဲ ကျန်းကျန်းကနိုးလာတယ်… အဲ့ဒါ ကြီးမားတဲ့ပျော်ရွှင်မှုပဲ မဟုတ်လား… မြန်မြန်လေး ကျန်းကျန်းကို ဂရုစိုက်လိုက်ပါဦး… သားတို့စုံတွဲနှစ်ယောက်က အနာဂါတ်မှာ ကောင်းတဲ့ဘဝကို ရမှာအသေအချာပဲ’’


ကံဆိုးပြီးနောက်ပျော်ရွှင်မှုတွေရောက်လာတယ်… ဟုတ်လား…


ချီကျန်းကျန်း အနည်းငယ် တုန်လှုပ်သွားသည်။ ဒီ big boss ကြီးနဲ့ သူမကိုပျော်ရွှင်မှုတွေ ပေးခိုင်းနေတာလား… မလိုပါဘူး… ရပါတယ်…နေပါစေတော့နော်… သူမ ခံစားနိုင်မှာ မဟုတ်ဘူး…


ဝမ်ယွီဘက်မှ လှုပ်ရှားမလာသလို သူ၏မျက်ဝန်းအစုံမှာလဲ အေးခဲနေသည်။


ဝမ်ကျင်စန်းက အော်ငေါက်သည့်လေသံဖြင့် ‘’ ဝမ်ယွီ ..’’


သူ ဒီသားကို တကယ်ပင် စိတ်မရှည်ပေ။


ဝမ်ယွီ သည် သူ့ကိုမကြည့်ပဲ ဖြေးညင်းစွာဖြင့် လမ်းလျောက်သွားကာ ချီကျန်းကျန်းဘေးရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူ့ပုံစံမှာ ဝမ်ကျင်စန်းအမိန့်ကို လုံးဝနားထောင်နေသကဲ့သို့ပင်…


လူတိုင်း ထိုကဲ့သို့သာ ထင်မြင်ကြသည်။


ချီကျန်းကျန်းတစ်ယောက်သာ ထိုနာခံမှုသည် သူ့အတွက်ဘာခံစားချက်မှမပါသည် အပြုအမူတစ်ခုဖြစ်မှန်း နားလည်သည်။ နောက်ဆုံးတွင်သူသည် ချီနှင့်ဝမ်မိသားစုနှစ်ခုလုံး ပျက်စီးသွားသည်ကို အေးစက်စွာဖြင့် ကြည့်နေသူဖြစ်သည်။ သူသည် သူတို့အားလုံးကိုအမြင့်သို့တက်စေပြီး အောက်သို့အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျစေခြင်းဖြင့် နှစ်ပေါင်းများစွာခံစားခဲ့ရသည့် သူ့၏ဒေါသ သက်သာစေလေသည်။


ယခုဆိုလျင် ဝမ်ယွီ၏ ကြွယ်ဝမှုသည် ချီနှင့်ဝမ်မိသားစု အထက်မှာရှိနေသည်။


သို့သော်လည်း ထိုသူသည် သူတို့အားလုံးကို ဆွဲမချသေးပဲ တစ်ယောက်ပြီးတစ်ယောက်စိတ်ပျက် အားငယ်သွားစေရန် နည်းလမ်းများကို သုံးနေလေသည်။


ဒါမှသာ အဓိကအမျိုးသားဇာတ်ဆောင်အသားပေးသည့် ဝတ္တုတစ်ပုဒ်ဖြစ်မည် မဟုတ်ပါလား…


သူ သူမဘေးတွင်ထိုင်လိုက်သည်။ သူသည် ခန့်ညားချောမောသော သူတစ်ယောက်ဖြစ်သော်လည်း ချီကျန်းကျန်းစိတ်ထဲမှ တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့အားမော့၍ပင် မကြည့်ဝံ့ချေ။


ရှုဝေသည် အပြုံးလေးနှင့်ပင် ပန်းသီးတစ်လုံးကိုကောက်ယူပြီး ဝမ်ယုဆီသို့လှမ်းပေးကာ ‘’ ယွီလေး.. ကျန်းကျန်းအတွက် ပန်းသီးစိတ်ပေးလိုက်ပါဦး…’’


ဝမ်ယွီ သည် မပြောင်းလဲသည့်မျက်နှာထားဖြင့် ပန်းသီးကိုလှမ်းယူလိုက်သည်။


ဝမ်ယွီ လက်ချောင်းများသည် အလွန်ကြည့်ကောင်းပြီး အရိုးအဆစ်များမှာ လှပနေသည်။ ဒီလူက တကယ်ပဲ ဟီးရိုးဖြစ်ဖို့ ထိုက်တန်လေသည်။ ထို့အပြင့်သူ့တွင် ထက်မြတ်သည့်အရည်အချင်းနှင့် ကြည့်ကောင်းသည့်ရုပ်ရည်သွင်ပြင်ကိုပါ ပိုင်ဆိုင်ထားသည်။ သူ၏လက်သည် ချီကျန်းကျန်း, ဝမ်ရိရန်နှင့် ချီကျိုးချန်တို့၏ လက်နှင့် လုံးဝမတူ ကွဲပြားသည်။


တွေးရင်းနှင့်ပင် ထိုသူ၏ဘဝသည် မချောမွေ့ခဲ့ဘူးဟု သူမ ခံစားလိုက်မိသည်။


သူက သူမတို့ထက်ပိုပြီး ခံစားခဲ့ရတာပဲ….


ဓါးသည်ပန်းသီးကိုလှီးဖြတ်နေပြီး ချီကျန်းကျန်း၏ စိတ်အာရုံအားလုံးသည် ပန်းသီးအခွံခွာခြင်းအပေါ်တွင်သာ ရှိနေသည်။ ပန်းသီးကို လှီးဖြတ်နေသည့်အသံသည် တခန်းလုံးတွင် ပြတ်သားစွာထွက်ပေါ်နေသည်။


ထိုသူ၏ ပန်းသီးအားအလေးတနက်ထားကာ မျက်လုံးများကိုစူးစိုက်၍ သူ၏သွယ်လျလှပသော လက်ချောင်းများဖြင့် ဖြည်းငြင်းစွာလှည့်ရင်း အခွံခွာနေသည့်ပုံကိုကြည့်ကာ ချီကျန်းကျန်းတယောက် အကြောင်းပြချက်မရှိ သူမ လည်ပင်းနားတဝိုက်တွင် ထိုဓါးဖြင့်လှည့်နေသည်ဟု ခံစားလိုက်မိသည်။


ဝမ်ယွီ ပန်းသီးကိုလှီးဖြတ်မည့်အစား သူမ လည်ပင်းကိုလှီးဖြတ်နေသည်ဟု ခံစားလိုက်မိသည့်အတွက် ယောင်ယမ်းပြီး သူမခေါင်းကိုလှည့်ကာ လှည်ပင်းအားအုပ်လိုက်မိသည်။


‘’ ဒီ စုံတွဲလေးကိုကြည့်ပါဦး… ဘယ်လောက်တောင် လိုက်ဖက်သလဲဆိုတာ’’ ရှုဝေက ပြုံးရင်းပြောလိုက်သည်။ 

(တခန်းလုံး သူ့အသံကြီးပဲ သူပဲပြော သူပဲကောင်းနေတာ )


သူမ တကယ်ပဲ အဲ့လိုထင်တာလား…


မဖြစ်နိုင်ဘူး … ရှုဝေက သူမနှင့် ဝမ်ရိရန်တို့ စေ့စပ်ပွဲဖြစ်သွားမည်ကို ကြောက်နေသူဖြစ်သည်။ ထို့ကြောင့် ဝမ်ယွီ နှင့်စေ့စပ်လိုက်သည့်က ပိုကောင်းသည်ဟု သူမ တွေးနေခြင်းဖြစ်သည်။


ဝမ်ကျင်စန်းအတွေးသည်လည်း ထပ်တူကျသည့်အတွက် ပြုံးလျက်ပင် ‘’ ဟုတ်တယ်… ကလေးနှစ်ယောက်လုံးက အရွယ်လဲရောက်နေကြပြီ.. ကျန်းကျန်းက ၂၁ နှစ်ရှိပြီ… ယွီလေးကလဲ ၂၆ နှစ်ရှိပြီဆိုတော့ သူတို့နှစ်ယောက်လုံးအတွက် လက်ထပ်ဖို့အချိန်ရောက်နေပြီ’’


လက်ထပ်မယ်…


‘’ အဟွတ်…ဟွတ်… ဟွတ်’’ ချီကျန်းကျန်း အသက်ပြင်းပြင်းရှုလိုက်သောကြောင့် ရုတ်တရပ် ဆို့နင့်သွားပြီး ပြင်းထန်စွာချောင်းဆိုးတော့သည်။


ဝမ်ယွီ ဘက်မှ မည်သည့်တုန့်ပြန်မှုမရှိပေ။


သူသည် စွမ်းအားကြီးသော အဓိကဇာတ်ဆောင်ဖြစ်သည်။ အချစ်အကြောင်း လုံးဝမတွေးထားသည့်အတွက် အေးစက်စွာဖြင့်ကြည့်နေသည်။ လက်ထပ်ပွဲအကြောင်းကြားနေလျက်နှင့်တောင် သူ့အကြောင်းပြောနေသည်မဟုတ်သကဲ့သို့ မည်သည့်တုန့်ပြန်မှုမျိုးမှ မရှိနေပေ။


ချီယန် ခဏမျှ တုန့်ဆိုင်းသွားပြီး ‘’ ကျန်းကျန်း က ရိရန်နဲ့စေ့စပ်ထားတာလေ ပြီးတော့ ကျန်းကျန်းက ရိရန်ကို အရမ်းသဘာကျတာ… သူက ဘယ်တုန်းကမှ ယွီလေးနဲ့ အဆက်အသွယ် လုပ်ဖူးတာမဟုတ်ဘူး…’’


သူ ဆက်မတွေးနိုင်တော့ပေ။ ကျန်းကျန်းက ဘာလို့များ စောစောနိုးမလာရတာလဲ…


မနက်ခင်းကပင် သူမသည် ဝမ်ရိရန်၏ စေ့စပ်ထားသူဖြစ်နေသေးသည်။ ယခု သူမနိုးလာချိန်တွင် သူမ၏ စေ့စပ်ထားသူသည် ဝမ်ယွီအဖြစ် ပြောင်းလဲသွားသည်။ ယခုအချိန်တွင် သူ့ဘက်မှ ပြန်ပြင်ချင်သော်လည်း ဝမ်မိသားစုဘက်မှ သဘောတူမည်မဟုတ်ပေ။


ဝမ်ကျင်စန်းသည် မပြောင်းလဲသောအပြုံးဖြင့် ‘’ ခံစားချက်ဆိုတာ မွေးမြူလို့ရပါတယ်’’


‘’ အန်ကယ်ချီ… ချီကျန်းကျန်းကို ကျွန်တော်ရဲ့ စေ့စပ်ထားတဲ့သူ မဖြစ်စေချင်ဘူး’’ ဝမ်ရိရန် မနေနိုင်စွာဖြင့် ဒေါသတကြီးပြောလိုက်သည်။


နောက်ဆုံးမှ ချီကျန်းကျန်းကို ဖယ်ရှားလိုက်နိုင်တာဖြစ်သည်။ ဘာကြောင့်များ ထိုတွင်းထဲသို့ နောက်တစ်ကြိမ် သူ ခုန်ချပါမည်နည်း…


ဝမ်ရိရန် ချီကျန်းကျန်းကို သည်းမခံနိုင်သော ရွံရှာနေသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် အမြဲတမ်း မာနကြီးမောက်မာနေတတ်သော ချီကျန်းကျန်းကို လုံးဝသဘောမကျခဲ့ပေ။ 


‘’ ချီကျန်းကျန်း… ငါ မင်းကို အရင်ကတည်းကပြောပြီးသား… ငါ မင်းကိုသဘောမကျဘူး.. ငါ့ကိုမနှောက်ယှက်နဲ့တော့… ငါ မင်းကိုဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး’’


‘’ အကိုရိရန်… ဘယ်လိုတောင်ပြောလိုက်တာလဲ… အဲ့ဒါက အစ်မကျန်းကျန်းကို အဆင်မပြေအောင်လုပ်နေတာပဲ’’ အန်းချင်ယုတစ်ယောက် ပြောရင်းနှင့်ပင် တကိုယ်လုံးတုန်ယင်နေပြီး မျက်ရည်များစီးကျလာသည်။


ဝမ်ရိရန် သူမကိုကြည့်ပြီးနောက် မခံစားနိုင်သည့်အမူအယာဖြင့် သူမခေါင်းကိုအသာလေးကိုင်လိုက်သည်။


ကြည့်ပါဦး… အဲ့ဒီ မန်ဒရင်းဘဲ မောင်နှံကို ကြည့်ကြပါဉီး…


နောက်ဆုံးတွင် ချီကျန်းကျန်း ချောင်းဆိုးလိုက်ပြီး သက်ပြင်းတစ်ခု ဖြည်းငြင်းစွာချလိုက်သည်။ 


‘’ကျွန်မ ပြောချင်တာက… ‘’ နောက်ဆုံးတွင် သူမ စကားပြောဖို့အခွင့်အရေး ရလာပြီဖြစ်သည်။


သို့သော်လည်း သူမ ရပ်လိုက်သည်နှင့် ဝမ်ရိရန်မှ ‘’ မင်းငိုရင်တောင် ငါ့စိတ်ကို ပြောင်းမှာမဟုတ်ဘူး ချီကျန်းကျန်း… ငါ နင့်ကိုမျက်နှာသာပေးနေတာပဲ… အနာဂါတ်မှာ ပိုပြီးတော့ ဂုဏ်သိက္ခာရှိရှိ ပြုမူသင့်တယ်…’’


‘’ မဟုတ်ဘူး … ကျွန်မ ပြောချင်တာက ‘’


ဝမ်ရိရန် နောက်တစ်ကြိမ် ကြားဖြတ်ပြောလိုက်ပြန်သည် ‘’ ငါ့ကို မကောင်းတာတွေ ပြောဖို့ ဖိအားမပေးနဲ့တော့…’’


‘’ ကျွန်မ စကားဆက် ပြောလို့ရမလား…’’


‘’ ချီကျန်းကျန်း … မင်းက ငါ့ကို ခက်ခက်ခဲခဲတွေပြောအောင် လုပ်နေတာပဲ…’’


ချီကျန်းကျန်း အသက်ပြင်းပြင်းတစ်ချက်ရှုးပြီး သူမ အသံကိုမြင့်လိုက်သည်။ ဒီတစ်ကြိမ်တော့ သူမ ကြားဖြတ်ရမည့်အချိန်ပင်။


‘’ ဝမ်ရိရန်… ကျွန်မ ရှင့်ကို သဘောမကျတော့ဘူးလို့ ပြောချင်တယ်… ဘာလို့လဲဆိုတော့ ရှင့်ဘက်က အဆင်မပြေတာတွေကို တွေ့လိုက်လို့ပဲ… ကျွန်မ ကိုမာဝင်နေတုန်းက ဘေးကအသံတွေကို ကြားရတယ်… ရှင်နဲ့ အန်းချင်ယုရဲ့ အိပ်ယာပေါ်က အခြေအနေတွေအားလုံးကိုပေါ့… အဲ့ဒါက အချိန်အရမ်းတိုပြီး အရည်အသွေးလဲမကောင်းဘူး… ရှင်တို့တွေ နေ့တိုင်းလာပြီး ကျွန်မရဲ့နားတွေကို ညစ်ညမ်းစေတယ်… အဲ့ဒါက ယောကျာ်းတွေအပေါ်ထားတဲ့ ကျွန်မရဲ့ ခံယူချက်ကိုထိခိုက်စေတယ်’’


သူမ၏ အသံသည် မကျယ်လောင်သော်လည်း တံခါးဖွင့်ထားသည့်အတွက် ဖြတ်သွားသည့် နာစ့်မလေးများ ရပ်တန့်သွားကြသည်။


ဆေးရုံခန်းအတွင်း လူတိုင်းတိတ်ဆိတ်သွားကြသည်။ လေထုသည် အတော်လေး မသက်မသာဖြစ်နေပြီး အသက်ရှုရခက်လာသည်။


တချိန်လုံးတုန့်ပြန်မှုမရှိသော ဝမ်ယွီပင်လျင် အနည်းငယ် တုန့်ဆိုင်းသွားသည်။ 


သူ ပန်းသီးတစ်ခုလုံး အခွံနွှာပြီးပြီဖြစ်သည်။