💘Chapter 102
ကယ်ဆယ်ရန်ကြိုးပမ်းမှုများ ကျဆုံးခြင်း
ညနေစောင်းတွင် ဝေ့ချန် မူးနောက်မှုများ သက်သာသလို ခံစားလာရသည်။ ဆရာဝန်၏ ခွင့်ပြုချက်နှင့်အတူ သူက ချန်လီ၏လက်ကိုကိုင်၍ ဆေးရုံအောက်ရှိပန်းခြံတွင် လမ်းလျှောက်ရန် ထွက်လာလိုက်သည်။ အဖြူရောင်ဆေးရုံအခန်းထဲတွင် တစ်နေ့လုံးကုန်ဆုံးခဲ့ပြီးနောက် ဝေ့ချန် စိတ်ကျဥ်းကြပ်လာ၏။ သူ အပြင်ထွက်၍ လေကောင်းလေသန့်ရှူရန်လိုအပ်လာသည်။
လက်ရှိရာသီက ဆောင်းနှောင်းပိုင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သည်။ အနောက်မြောက်ဘက်မှ လေအေးများက မကြာခင်တွင် အနောက်တောင်သို့ ပြောင်းလဲတိုက်ခတ်တော့မည်။
သစ်ပင်ရှည်ကြီးများက အရိုးခိုက်သည့်အအေးဒဏ်ကို ကာကွယ်နေသည့်ပုံရ၏။ အကိုင်းအခက်များနှင့် ဝေဆာမှုများကို ပြန်လည်လျှော့ချနေကြသည်။ သစ်ရွှက်များက စိမ်းစိုမှုလျော့နည်းသွားပြီး တဖြည်းဖြည်းနှင့် အဝါရောင်သို့ ပြောင်းလာ၏။ ဆောင်းရာသီလေညင်းလေးတစ်ချက်နှင့်တင် သစ်ပင်ပေါ်မှကြွေကာ သူတို့၏ဘဝကို အဆုံးသတ်ကြသည်။
ဆေးရုံပန်းခြံ၏ လမ်းမပေါ်တွင် သစ်ရွက်များ ကြွေကျနေသောကြောင့် အစုအပုံလေးများဖြစ်နေပြီး လမ်းမကျယ်ကြီးလို ဖန်တီးပေးနေ၏။
တစ်ခါတရံတွင် လူနာဝတ်စုံနှင့် သက်ကြီးရွယ်အိုအနည်းစုက လျှောက်လမ်းပေါ်တွင် လက်ချင်းတွဲ၍ လျှောက်သွားတတ်ကြသည်။ အချို့ကတော့ သူတို့၏အဖော်များတွန်းပေးသည့် ဝှီးချဲများဖြင့်ထိုင်နေကာ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးများ ရှိနေကြသည်။ ငယ်ရွယ်စဥ်က အငြင်းအခုံများနှင့် ရှက်သည်းဖြာနေသည့် မျက်နှာများက သူတို့ ဘဝနေဝင်ချိန်များ၏ ငြိမ်းချမ်းသော အဖော်များနှင့် နှိုင်းယှဥ်၍မရချေ။ အဖော်ပြုပေးခြင်း….ဒါက လူတွေပြောကြတဲ့ ငယ်စဥ်ကနေ အခုအချိန်အထိ အတူရှိလာတဲ့ ဘဝလက်တွဲဖော်မဟုတ်ပေလား…။
အတူရှိနေပြီး အဖော်ပြုပေးခြင်းက အချစ်၏ အလှပဆုံးဖော်ပြချက်ပင်ဖြစ်၏။ အချစ်က ဘဝတစ်သက်တာလုံး လက်တွဲလျှောက်၍ ဘဝနေဝင်ချိန်များတွင်တောင် အထူးတလည်အဖြစ် ကျန်ရှိနေသေးသည်။
ဝေ့ချန်နှင့် ချန်လီတို့က သက်ကြီးရွယ်အိုစုံတွဲများနှင့် ခြားနားနေ၏။ လူငယ်စုံတွဲများက ဤကဲ့သို့ အေးချမ်းသည့်လမ်းပေါ်တွင် လက်တတွဲလျှောက်ခဲကြသည်။ မလုပ်ချင်ကြ၍မဟုတ်ချေ။ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် ဘဝများ၏ ဖိအားများ များလွန်းသောကြောင့်ဖြစ်သည်။ သူတို့က အမြဲတစေ အလျင်စလိုနှင့် ပြေးလွှားနေကြပြီး စုံတွဲများအဖြစ် အတူတကွအချိန်ကုန်ရန် အချိန်လေးနည်းနည်းကိုသာ မျှဝေပေးနိုင်ကြသည်။
ထို့ကြောင့် ဝေ့ချန်နှင့် ချန်လီတို့ ဤလမ်းကိုလျှောက်နေကြချိန်တွင် သိချင်စိတ်များပြည့်များနှင့် အကြည့်များကို ဆွဲဆောင်မိနေ၏။ သေချာသည်ကတော့ အချို့အကြည့်များက သူတို့နှစ်ယောက်လုံးမှဦ ယောက်ျားလေးများ ဖြစ်နေကြ၍ဖြစ်သည်။
သို့သော်လည်း ဝေ့ချန်နှင့် ချန်လီတို့က ထိုအကြည့်များကို ဂရုမစိုက်ချေ။ သူတို့က လျှောက်လမ်းလေးအတိုင်း အေးအေးလူလူနှင့် လျှောက်လာကြသည်။ တစ်ခါတရံ ရွက်ဝါလေးတစ်ရွက်က သစ်ကိုင်းမှကြွေကာ ဆောင်းလေညင်းတွင် ငြိမ့်ညောင်းစွာ ကခုန်ရင်း ပြည့်စုံသည့်မြင်ကွင်းလေးကို ဖန်တီးလိမ့်မည်။
နွေးထွေးသည့်ဆောင်းရာသီ၏ နေရောင်ခြည်၊ စိတ်အေးချမ်းစေသည့် ရွက်ဝါများနှင့် လက်ချင်းယှက်သွယ်ထားမှု_ မည်မျှ ရင်ထဲထွေးနွေးလိုက်သနည်း…။
ထိုညနေစောင်းတွင် သူတို့နှစ်ယောက်က ဆေးရုံ၏ တရုတ်တိုင်းရင်းဆေးဝါးဌာနကိုသွားလိုက်ကြသည်။ ချန်လီ၏ လည်ချောင်းကို စစ်ဆေးပေးခဲ့သည့် ဆရာဝန်နှင့်တွေ့ကာ အသံကြိုးအတွက် လိုအပ်သည့် ဆေးများနှင့် အခြေခံကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဖက်ဝင်အပင်များအားယူလိုက်ကြ၏။ ချန်လီ၏ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်ပြီး ဆေးဖက်ဝင်အပင်များက သူ့ကိုကူညီပေးနိုင်လိမ့်မည်။
တရုတ်တိုင်ရင်းဆေးဆရာဝန်ကြီးက ချန်လီ၏အခြေအနေကို စစ်ဆေးလိုက်ကာ လျင်မြန်စွာနှင့် နဂါးကခုန်နေခြင်း၊ ဇာမဏီငှက်ပျံသန်းနေခြင်းတို့နှင့် တူသည့် ဆေးညွှန်းများကို ချရေးလိုက်သည်။ ဝေ့ချန် ဆေးညွှန်းရသည့်အခါ နံပါတ်အနည်းငယ်မှလွဲ၍ စကားလုံးတစ်လုံးကိုမျှ နားမလည်နိုင်ပေ။
သေချာသည်ကတော့ ဆေးဝါးကျွမ်ကျင်သူနှင့် တရုတ်တိုင်းရင်းဆေးဆရာဝန်ကြီးတို့က အလုပ်လုပ်ရာတွင် ပြီးပြည့်စုံစွာ လိုက်ဖက်ညီကြသည်ပင်။ သူမက ချက်ချင်း ဆေးညွှန်းတွင်ရေးထားသည့် ဆေးများကို သေချာသိကာ လျင်မြန်စွာနှင့် ကွန်ပျူတာထဲသို့ ရိုက်ထည့်လိုက်၏။
ကွန်ပျူတာ စာစီစာရိုက်ပုံစံဖြင့် ဆေးညွှန်းထွက်လာသည့်အခါ ဝေ့ချန်က စခရင်တွင်ပေါ် စကားလုံးများကိုကြည့်ပြီး တရုတ်တိုင်းရင်းဆေးဆရာဝန်ကြီး၏ရေးထားသည့်ဆေးညွှန်းကိုကြည့်လိုက်သည်။ သို့သော်လည်း ထိုနှစ်ခုကြားဆက်သွယ်မှုကို ရှာမတွေ့နိုင်ဖြစ်နေဆဲပင်။(ရယ်မိသွားပြီ🤣🤣)
ယခုခေတ်တရုတ်ဆေးဝါးဆေးရုံများတွင် ဆေးဝါးဖော်စပ်သည့်အခန်းများပါ တိုးချဲ့တည်ဆောက်ထား၏။ ဝေ့ချန်က ဆေးရုံတက်နေဆဲဖြစ်သောကြောင့် ချန်လီအတွက် ဆေးဖော်ပေးရန် အဆင်မပြေပေ။ ထို့ကြောင့် သူတို့က ဆေးပြင်ပေးရန် ဆေးရုံ၏ ဆေးဝါးဖော်စပ်သည့်အခန်းကိုသာ အားကိုးလိုက်ကြသည်။
ဒီနေ့တွင် ချန်လီက ပထမဆုံးဆေးတစ်ခွက်ကို သောက်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝေ့ချန်နှင့် ချန်လီတို့က တရုတ်တိုင်းရင်းဆေးဝါးဌာနတွင် ဆေးအဆင့်သင့်ဖြစ်သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်ကြ၏။
တစ်နာရီလောက်ကြာပြီးနောက် သူနာပြုတစ်ယောက်က ဖော်စပ်ထားသည့်ဆေးနှင့်အတူ ဆေးရုံမဆင်းခင် နောက်ရက်အတွက် လိုအပ်သည့်ဆေးများကို မနက်ဖြန်လာယူရန် ပြောလာသည်။
ဝေ့ချန်နှင့်ချန်လီတို့က ဒီနေ့အတွက် ဆေးများကို ယူလိုက်ကြပြီး ဝေ့ချန်၏အခန်းဆီသို့ ပြန်လာလိုက်ကြသည်။ အခန်းသို့ပြန်ရောက်ရန် ဆယ်မိနစ်လောက် အချိန်ပေးလိုက်ရ၏။
“လီလီ…ဆေးသောက်ဖို့အချိန်ရောက်ပြီ” ဝေ့ချန်က အညိုရောင်တိုင်းရင်းဆေးများကို ပန်းကန်လုံးထဲသို့ ထည့်၍ ချန်လီကို ခေါ်လိုက်သည်။
ချန်လီက မြို့တော်သို့ ရောက်လာသည့် ပထမဆုံးရက်အနည်းငယ်အတွင်း ခက်ခက်ခဲခဲဆေးဆန်ပြုတ်သောက်ခဲ့သည့် အချိန်များကို ပြန်သတိရသွားပြီး တွန့်ဆုတ်နေမိသည်။ ၎င်းက သူ့အား ယခုလေးတင် ဖော်စပ်ထားသည့် တိုင်းရင်းဆေးကို မသောက်ချင်စိတ်များဖြစ်လာစေသည်။ ဆန်ပြုတ်က မကောင်းဘူးဆိုတော့ တိုင်းရင်းဆေးဆို ပိုဆိုးနေလောက်မလား…။
ချန်လီက ဝေ့ချန်အား သနားကမားဖြင့် ကြည့်လိုက်ပြီး ညှာတာပေးရန် တောင်းဆိုလိုက်သည်။ သို့သော် ဒီတစ်ခေါက်တွင်တော ဝေ့ချန်က ချော့မြှူ၍ပြောလာသည်။ “သောက်လိုက်ပါနော်…လည်ချောင်းနာသေးတယ်မလား…ဒါကိုသောက်လိုက်တာနဲ့ နာတော့မှာမဟုတ်ဘူး”
ထိုမှသာ ချန်လီက နာနာခံခံနှင့် ဝေ့ချန်ဆီသို့ လျှောက်လာပြီး ဝေ့ချန် ကမ်းပေးနေသည့် ပန်းကန်လုံးကိုယူကာ ကြောက်မက်ဖွယ်ကောင်းသည့်ပြိုင်ဘက်နှင့် ရင်ဆိုင်နေသကဲ့သို့ ပန်းကန်လုံးထဲမှ အညိုရောင်ဆေးရည်များကို ကြည့်လိုက်သည်။ ထို့နောက် သတ္တိမွေးကာ ဆေးရည်အား မော့သောက်လိုက်လေသည်။
တစ်ငုံသောက်ပြီးနောက် ချန်လီခါးသက်မှုကို မခံစားရချေ။ တကယ်တမ်း ၎င်းက လန်းဆန်းစေ၏။ အေးမြသည့်ခံစားချက်က သူ၏နာကျင်နေသည့်လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး နာကျင်မှုကို သက်သာသွားစေသည်။
အံ့ဩစွာနှင့် ချန်လီကဝေ့ချန်ကိုမော့ကြည့်လိုက်သော်လည်း ဝေ့ချန်က ခေါင်းငုံ့၍ ချန်လီ၏နှုတ်ခမ်များကို သူ့နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။ ပြန်မခွာခင် ခဏလောက် နှုတ်ခမ်းပတ်လည်ကို လျက်၍ စနောက်လိုက်သေး၏။
“ဘာအရာမျှမဆိုမျှဝေခံစားကြတာပေါ့” ဝေ့ချန်ပြောလိုက်၏။ “ဒါပေမယ့် ဒီဆေးက မခါးဘူးလို့ကိုယ်ထင်တယ်…အေးမြမြနဲ့ ကောင်းသားပဲ”
သို့သော်လည်း ချန်လီက ခေါင်းခါရင်း ဆေးကခါးကြောင်း ပြောပြနေသည်။
ဝေ့ချန်က ချန်လီ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး ပြုံး၍ နောက်တစ်ကြိမ် ခေါင်းငုံ့ကာ ချန်လီ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ အနမ်းက ယခင်တစ်ခုထက် ပိုကြာလေသည်။
“အခုကောင်းသွားပြီလား” သူမေးလိုက်၏။
ချန်လီခေါင်းငြိမ့်၍ နည်းနည်းခါးနေသေးကြောင်း ပြလာသည်။ ခါးသက်မှုက သူ့လျှာတစ်လျှောက်တွင် ကျန်နေသေး၏။
ချန်လီ၏ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ဝေ့ချန်က သူ့ကိုနောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။ ဒီတစ်ခေါက်ကတော့ ချန်လီက ဝေ့ချန်၏လျှာကို သူ့လျှာဖြင့် ရစ်ပတ်၍ တက်ကြွစွာတုံ့ပြန်လာ၏။
ဆေးရုံအခန်းထဲတွင် ကသိကအောက်ဖြင့် ချောင်းဟန့်သည့်အသံများ ပဲ့တင်ထပ်မလာခင်အထိ သူတို့က နမ်းရှိုက်နေကြသည်။ ထို့နောက် လူချင်းခွာလိုက်၍ တံခါးတွင်ရပ်နေသည့် လူများကိုကြည့်လိုက်ကြသည်။
တံခါးတွင် ရပ်နေသူမှာ ရှန့်ကျားချီ၊ ကျူးကောညီအစ်ကိုဖြစ်သည့် ကျူးကောယွီနှင့် ကျူးကောဖုန်းတို့ ဖြစ်ကြသည်။ သူတို့က ဝေ့ချန်နှင့် ချန်လီတို့ နမ်းရှိုက်နေကြသည့်မြင်ကွင်းကို မြင်ထားကြသောကြောင့် အနည်းငယ် ရှက်ရွံ့နေသည့်အမူအရာများဖြစ်နေကြ၏။
“မင်းတို့…တံခါးမှမပိတ်ထားတာ…အဲ့တော့ ငါတို့အကုန်မြင်လိုက်တယ်” ကျူးကောယွီက အရင်ဆုံး အခန်းထဲသို့ ဝင်လာ၍ ပြောလိုက်သည်။ ထိုကဲ့သို့ ပြင်းပြသည့်မြင်ကွင်းအား သူမမြင်တွေ့ချင်ပေ။ သူတို့က အသက်အရွယ်တစ််ခုသို့ ရောက်နေပြီဖြစ်ပြီး ထိုအရာများကို မကိုင်တွယ်နိုင်ကြချေ။
သို့သော်လည်း သူတို့ဘာလုပ်နိုင်မည်နည်း။ သူတို့လည်း ကူကယ်ရာမဲ့သလို ခံစားရ၏။ ဝေ့ချန်နှင့်ချန်လီတို့ကသာ ချစ်စိတ်ပြင်းပြနေချိန်တွင် တံခါးမပိတ်ထားကြတာဖြစ်သည်။ သူတို့တံခါးဝသို့ ရောက်လာသည့်အချိန်တွင် ပါးစပ်အပြည့်ခွေးစာများကို စားလိုက်ကြသည်။
“အင်း…နောက်တစ်ကြိမ်…ချစ်ကြမယ်ဆိုရင်…တံခါးတွေနဲ့ပြတင်းပေါက်တွေ ပိတ်ထားတာအကောင်းဆုံးပဲ” ကျူးကောဖုန်းက သူတို့ကို အကြံပေးလိုက်၏။ တကယ်တမ်းတွင် သူ ဝေ့ချန်၏ ရှက်ရွံ့နေသည့် မျက်နှာကို မြင်ချင်နေသည်။
သို့သော်လည်း ဝေ့ချန်နှင့် ချန်လီတို့က ဘာမှမဖြစ်သလို နေနေကြ၏။ ဝေ့ချန်က ဆေးပန်းကန်လုံးကို သိမ်းလိုက်ပြီး ဝင်လာသည့် လူသုံးယောက်ကိုကြည့်၍ မေးလိုက်သည်။
“တစ်ခုခုလိုအပ်တာရှိလို့လား” သူ့အသံက တစ်မျိုးတစ်ဖုံ အေးစက်နေပြီး အနှောင့်ယှက်ခံလိုက်ရခြင်းကြောင့် မပျော်မရွှင်ဖြစ်နေမှန်း သိသာလှသည်။ ရှက်ရွံ့နေမှု တစိုးတစိမှရှိမနေချေ။
“မင်းတို့ကို လာကြည့်တာလေ…ဒါပေမယ့် အခု မင်းရဲ့အခြေအနေကိုတွေ့လိုက်ရတော့ ငါတို့ စိတ်သက်သာသွားပြီ” ကျူးကောဖုန်းဆက်ပြောလာသည်။ ဝေ့ချန်က လက်ရှိအခြေအေနတွင် ဆေးရုံတက်နေတာမဟုတ်ဘဲ နူးညံ့မှုကမ္ဘာကြီးထဲတွင် နစ်မြုပ်နေသည့်ပုံပေါ်နေ၏။
“ကျွန်တော်တို့ကို စိတ်မပူပါနဲ့…အဆင်ပြေပါတယ်…စိတ်ချလက်ချနေကြပါ” ဝေ့ချန် တုံ့ပြန်လိုက်သည်။
“ငါတို့တွေ့ပါတယ်” ကျူးကောဖုန်း ပြန်ပြောလိုက်၏။
ကျူးကောယွီက ချန်လီအနားသို့ကပ်၍ ခေါင်းမှခြေအဆုံး ဂရုတစိုက်နှင့် ကြည့်လိုက်သည်။ ချန်လီအဆင်ပြေကြောင်း မြင်ပြီးနောက် သက်ပြင်းချ၍ပြောလိုက်၏။
“မင်းအဆင်ပြေလို့ တော်သေးတယ်”
တကယ်တမ်းတွင် သူတို့သုံးယောက် ဆေးရုံသို့လာရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ မနေ့ညက သတင်းကြားပြီးနောက် သူတို့နှစ်ယောက် တစ်ခုခုဖြစ်သွားမည်ကို စိုးရွံ့ရင်း သူတို့အားလုံးက အလုပ်များကို ပစ်၍ ဆေးရုံသို့ အပြေးတလွှားလာခဲ့ကြသည်။
ဆေးရုံသို့ ရောက်လာသည့်အခါ ဝေ့ချန်အား အခန်းထဲသို့ တွန်းလှည်းဖြင့် ခေါ်သွားကြပြီဖြစ်သည်။ ဆရာဝန်ဆီမှ သူတို့နှစ်ယောက်လုံး အဆင်ပြေကြောင်းကြားပြီးနောက် အထဲသို့ဝင်၍ သူတို့ကိုကြည်ရန် ဆုံးဖြတ်လိုက်ကြ၏၊ သို့သော်လည်း သူတို့တံခါးဖွင့်လိုက်သည်နှင့် ချန်လီက ကုတင်ဘေးတွင်ထိုင်၍ စိုးရိမ်နေသည့်မျက်ဝန်းများဖြင့် ဝေ့ချန်အား ငူငိုင်ကြည့်နေသည်ကိ တွေ့လိုက်ရသည်။ သူတို့က မဝင်သွားဘဲ သူတို့အတွက် နေရာရှောင်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့ကို အံ့ဩသွားစေသည်က မလာခင် အလုပ်များပြီးအောင်လုပ်၍ နေရာဖယ်ပေးခဲ့ကြသော်လည်း နှစ်ယောက်က တံခါးကြီးဖွင့်၍ ချစ်စိတ်ပြင်းပြနေကြလေသည်။ ၎င်းက ရဲတင်းလွန်းသည်ပင်။
ချန်လီက ကျူးကောယွီကို ခေါင်းခါပြလိုက်သည်။ သူ စကားမပြောလိုက်သော်လည်း ချန်လီက စိတ်မပူရန်ပြောနေကြောင်း ကျူးကောယွီခံစားနိုင်သည်။
သည်းမခံနိုင်တော့ဘဲ ကျူးကောယွီ လက်ဆန့်၍ ချန်လီ၏ခေါင်းကိုထိလိုက်သည်။ ချန်လီ တွန်းလှန်ခြင်းနှင့် ရှောင်ရှားခြင်းမျိုးမရှိသည်ကို တွေ့သောအခါ ကျူးကောယွီပျော်ရွှင်မှုများကို ခံစားလိုက်ရသည်။ သူက တစ်ချက်ရှိုက်လိုက်ကာပြောလာသည်။
“မင်းအဆင်ပြေတာ ကောင်းတယ်…ကောင်းတယ်”
သူတို့နှစ်ယောက်လုံးက အန္တရာယ်မှ ကပ်တိုးလေးလွတ်မြောက်ခဲ့သည်ဟု ဆရာဝန်ထံမှ ကြားခဲ့ပြီဖြစ်သော်လည်း ကျူးကောယွီ အခုတွင် သူတို့ကိုတွေ့သည့်အခါတွင်မနေနိုင်ဘဲ ကြောက်လန့်မိသည်။ အကယ်၍ ဝေ့ချန်သာ အချိန်မီ မရှောင်နိုင်လိုက်ပါက သူ့တပည့်လေး ထိခိုက်သွားနိုင်သည်။
ကျူးကောယွီက ချန်လီကို တကယ်ဂရုစိုက်၏။ သူ့အမည်အောက်တွင် ကျောင်းသားများစွာ ရှိသော်လည်း မည်သူကမှ ချန်လီ့လို သူ့နှလုံးသားကို ကြေကွဲသည့်ခံစားချက်မျိုး ခံစားရအောင် မလုပ်ဖူးပေ။ ၎င်းက သူ့ကိုယ်ပိုင်ကလေးကို စိတ်ပူနေရသလိုပင်။
ချန်လီက ထိုးထွင်းသိမြင်နိုင်ပြီး ကျူးကောယွီ၏ သူ့အပေါ် စိတ်ပူမှုများကို ခံစားနိုင်သည်။ ထို့ကြောင့် ကျူးကောယွီ၏ ချဥ်းကပ်မှုကိုလက်ခံခဲ့ပြီး သူ့ကိုပင်ထိစေခဲ့သည်။ ကျူးကောယွီ၏ လက်က ညင်သာစွာဖြင့် ချန်လီ၏ ခေါင်းကိုထိလာသည့်အခါ ချန်လီတုန်လှုပ်သွား၏။ ဤမရင်းနှီးသည့်တိုင် နွေးထွေးသည့်ခံစားချက်က ဝေ့ချန်ဆီမှ အနွေးဓာတ်နှင့် ကွဲပြား၏။ ဤခံစားချက်က သူ့ကိုနှလုံးခုန်မမြန်စေသော်လည်း စွဲစွဲမြဲမြဲ တွယ်တာသွားစေသည်။
ချန်လီက ကျူးကောယွီကိုကြည့်လိုက်ရင်း မျက်လုံးများ အနည်းငယ် နီရဲကာ မျက်ရည်များဝဲလာသည်။ ချန်လီ ငိုနေသည်ကိုကြည့်ရင်း ကျူးကောယွီ လမ်းပျောက်သကဲ့သို့ ခံစားလိုက်ရပြီး ဝေ့ချန်အား တောင်းဆိုနေသည့်အမူအရာဖြင့်ကြည့်၍ သူ့ကိုကူညီပေးရန်မျှော်လင့်လိုက်သည်။
ဝေ့ချန်က ချန်လီ၏ စိတ်ခံစားချက်များက အတိုင်းအတာတစ်ခုအထိ နားလည်ပြီး ဒီတစ်ကြိမ်တွင် ဝင်မစွက်ဖက်ဘဲနေလိုက်သည်။ ချန်လီ၏ ကမ္ဘာကြီးက တဖြည်းဖြည်းနှင့် ပြည့်ဝလာပြီး အနာဂတ်တွင်လာည်း ကွဲပြားသည့် ခံစားချက်များ ရှိလာလိမ့်မည်။ ဝေ့ချန်က ချန်လီ၏ လက်ကိုကိုင်၍ ညင်သာစွာ ဖိညှစ်ရင်းနှစ်သိမ့်ပေးလိုက်၏။
ချန်လီ၏ ဝမ်းနည်းမှုများက ချက်ချင်းပျောက်ကွယ်သွားသည်။ သူက ရှုပ်ထွေးနေဆဲဖြစ်ပြီး ထိုခံစားချက်ကို မခွဲခြားနိုင်ဖြစ်နေသည်။
ဝေ့ချန်က ချန်လီ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ သူ့လှုပ်ရှားမှုများက ညင်သာပြီး ခံစားချက်များဖြင့် ပြည့်နေ၏။
သူတို့နှစ်ယောက်လုံး အဆင်ပြေသည်ကို နောက်တစ်ကြိမ် အတည်ပြုလိုက်ပြီးနောက် ကျူးကောယွီနှင့် ကျူးကောဖုန်းတို့က လုပ်စရာများရှိသေးသည့်အတွက် အရင်ပြန်သွားကြသည်။ ရှန့်ကျားချီကတော့ ဝေ့ချန်နှင့် ဆွေးနွေးစရာရှိသေးသည့်အတွက် ကျန်နေခဲ့၏။
“အခြေအနေကို သေချာစစ်ဆေးပြီးသွားပြီ” ရှန့်ကျားချီက လေးနက်သည့် အမူအရာြဖင့် ပြောလာသည်။ ဝေ့ချန်က ချန်ဖုန်းအုပ်စု၏ကိစ္စကြောင့် လက်တုံ့ပြန်ခြင်းခံလိုက်ရရာ သူ့တွင် တာဝန်ရှိသည်ဟု ရှန့်ကျားချီခံစားနေရသည်။
“အဲ့ဒီနေ့က မင်းတို့ကို ကားနဲ့တိုက်ဖိုလုပ်ခဲ့တဲ့သူက ဟဲခယ်ချမ်းပဲ…သူ့ကိုယ်သူ နောက်ပြန်မဆုတ်အောင်လို့ ဘရိတ်ကိုပါ ဖျက်ထားခဲ့တာ…ကားစက်နှိုးလိုက်တာနဲ့ သူကြောက်သွားရင်တောင် ရပ်လို့မရအောင်ပေါ့…ကယ်လို့ရတဲ့အချိန်မှာ ဟဲခယ်ချမ်းက တစ်ကိုယ်လုံး မည်းနေပြီ…ချက်ချင်း ကုသဖို့ ဆေးရုံကိုခေါ်သွားပေမယ့်လည်း ကယ်ဆယ်ရေးကျဆုံးသွားခဲ့တယ်...ဟဲခယ်ချမ်းဆုံးသွားပြီ”
ရှန့်ကျားချီ၏အသံက လေးလံနေ၏။ အဖြစ်အပျက်တစ်ခုလုံးက ဟဲခယ်ချမ်း၏လုပ်ရပ်ဖြစ်သော်လည်း ဘဝတစ်ခုအဆုံးသတ်သွားသည့်အခါ စိတ်မကောင်းသည့်ခံစားချက်တော့ ဖြစ်ကြရသည်ပင်။
💘