Chapter 103
Viewers 18k

💘Chapter 103 

ထွက်သွား



ဟဲခယ်ချမ်း သေသွားခဲ့ပြီ…။


ဝေ့ချန် အံ့ဩမသွားချေ။ ကားက ရုပ်ထုကို ထိုအရှိန်နှင့် တိုက်မိပြီး ကြီးမားသည့်မီးကိုလည်း ဖြစ်စေခဲ့သည်။ ထိုအခြေအနေများအောက်တွင် ဟဲခယ်ချမ်းအတွက် အသက်ရှင်နေလျှင် အံ့ဖွယ်သာဖြစ်လိမ့်မည်။


ဟဲခယ်ချမ်း၏ သေဆုံးမှုက မမျှတဟု ဝေ့ချန်မခံစားရပေ။ ဟဲခယ်ချမ်းသေသင့်သည့်ဖြစ်စေ၊ ရှင်သင့်သည်ဖြစ်စေ သူ့တွင် အကဲဖြတ်နိုင်သည့် အခွင့်အာဏာမျိုးမရှိပေ။ သို့သော်လည်း လူက သေသွားပြီဖြစ်သောကြောင့် အသက်ရှင်စဥ်က ဖြစ်ခဲ့သည့်အရာအားလုံးကလည်း လေနှင့်အတူ ပျောက်ကွယ်သွားပြီပင်။ သူလုပ်ခဲ့သည့်အရာများအတွက် သေဆုံးပြီးသည့်နောက်တွင်တော့ ဝေဖန်ကဲ့ရဲ့ရန် မလိုအပ်တော့။ 


ဟဲခယ်ချမ်း၏ သေဆုံးမှုနှင့်အတူ သူနှင့် ပတ်သက်နေသည့် အရာအားလုံးကလည်း ဝေ့ချန်စိတ်ထဲတွင် အဆုံးသတ်သွားသည်။


သို့သော် ဝေ့ချန်တွင် သံသယအချို့တော့ ရှိနေသေး၏။ ဟဲခယ်ချမ်း၏ ကိုယ်ကျင့်စရိုက်မျိုးနှင့်ဆို ထိုကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားသည့် လုပ်ရပ်မျိုး မည်သို့လုပ်နိုင်လိမ့်မည်နည်း။ သူ့ကိုယ်သူလွတ်လမ်းလေးတောင် ချန်မထားခဲ့ချေ။ 


ဝေ့ချန်က ကိစ္စကို အနက်ကြီးမသွားလိုက်ပေ။ ထိုအစား ထိုသံသယကို စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။ ယခုတွင်တော့ ရဲများက အဖြေပေးလာပြီဖြစ်ရာ ဤကိစ္စကို လွှတ်ချလိုက်သင့်သည်။


ရှန့်ကျားချီက ဝေ့ချန်၏ အမူအရာကိုမြင်ပြီး ဝေ့ချန်လည်း တချို့အချက်များကို သတိထားမိကြောင်း ခန့်မှန်းလိုက်သည်။ သူကလျှောက်လာပြီး ဝေ့ချန်၏ပခုံးကို ပုတ်၍ ပြောလာ၏။ “ပြီးခဲ့တာတွေလည်းပြီးပါစေတော့”


“ကျွန်တော်နားလည်ပါတယ်” ဝေ့ချန်ခေါင်းညိတ်လိုက်သည်။ 


“မင်းဆေးရုံတက်နေရမှတော့ ကောင်းကောင်းနားလိုက်…ကုမ္ပဏီကိစ္စတွေကို စိတ်မပူနဲ့” ဝေ့ချန်၏ ကုတင်ဘေးတွင် လက်ပ်တော့ကို တွေ့သောအခါ ရှန့်ကျားချီမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ ဆေးရုံတက်နေရသည့်တိုင် အလုပ်ကိုစိတ်ပူနေသည့်အတွက် ဝေ့ချန်ကို ဆူနေသည့်အလား သူ့အသံထဲတွင် အပြစ်တင်မှုအချို့ ပါဝင်နေသည်။ 


ဝေ့ချန်က ရှန့်ကျားချီ သူ့ကိုဂရုစိုက်ကြောင်း သိသောကြောင့် ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကျွန်တော့်အကန့်အသတ်ကို သိပါတယ်”


ဝေ့ချန်ကို အလုပ်မလုပ်ရန် မဖျောင်းဖျနိုင်ကြောင်း ရှန့်ကျားချီသိသည်။ ထို့ကြောင့် သူက ကွေ့ဝိုက်သည့် နည်းလမ်းကို သုံးလိုက်၏။ သူက နည်းနည်းလှမ်းသည့်နေရာတွင် ရပ်နေသည့် ချန်လီကို လှည့်ကြည့်၍ ပြောလိုက်သည်။


 “ဝေ့ချန်အလုပ်လုပ်မယ်ဆိုရင် သူ့လက်ပ်တော့ကို အဝေးပို့လိုက်ပြီး သူ့ကိုသေချာစောင့်ကြည့်ပေးနော်” 


ချန်လီ တုံ့ပြန်မလာပေ။ သို့သော်လည်း ချန်လီ သဘောတူလိုက်ကြောင်း ရှန့်ကျားချီသိသည်။ မပြန်ခင် သူက ဝေ့ချန်အား အချို့အရာများကို သတိပေးလိုက်သေး၏။


ဝေ့ချန်၏အခြေအနေက မပြင်းထန်သောကြောင့် တစ်ပတ်ကြာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရလိုက်သည်။ ထိုတစ်ပတ်တွင် မြို့‌တော်ထဲရှိ သူ့အဖေဝေ့ကျန်းရှုန်း လုံးဝပေါ်မလာခဲ့ပေ။ သူလည်း ဖုန်းတစ်ချက်လေးမှ မဆက်ခဲ့ချေ။ ဝေ့ချန် ထူဆန်းသည်ဟု မခံစားရ။ သူ့အဖေ မှတ်မိနေလျှင်သာ ထူးဆန်းသည်ဟု ဆိုရမည်။ 


သခင်ကြီးဝေ့ကတော့ ဖုန်းတစ်ခါဆက်လာ၏။ ၎င်းက ဝေ့ချန်ဆေးရုံတက်နေသည့် တတိယမြောက်နေ့တွင် ဖြစ်သည်။ ဖုန်းတစ်ဖက်မှ အသံက တည်ငြိမ်နေခဲ့၏။ ဝေ့ချန် ကြီးကြီးမားမား မထိခိုက်မိသည်ကို ကြားပြီးနောက် ဖုန်းချသွားခဲ့သည်။ 


ဝေ့ချန်က အချစ်ကိုတောင့်တနေသည့် အဆင့်ကိုကျော်လွန်သွားပြီဖြစ်ရာ နှစ်ဖက်မှ တုံ့ပြန်မှုများက သူ့နှလုံးသားထဲတွင် လှိုင်းမထစေတော့ပေ။ ဆေးရုံဆင်းသည့်နေ့တွင် သူ ချန်လီ၏လက်ကိုကိုင်၍ ပျော်ရွှင်နေမိသည်။ 


ချန်လီက တစ်ပတ်လုံး အတန်းမတက်ခဲ့ဘဲ ဆေးရုံတွင် ဝေ့ချန်အား အဖော်ပြုပေးခဲ့သည်။ ကျူးကောယွီက ချန်လီမည်သို့ ခံစားနေရမည်ကိုသိသောကြောင့် ပန်းချီဆွဲရာတွင်လိုသည့် ပစ္စည်းကိရိယာများကို ဆေးရုံသို့ ပို့ပေးကာ ချန်လီအား ဝေ့ချန်ကိုအဖော်ပြုပေးစေခဲ့သည်။ 


ထို့အပြင် ချန်လီက ရှန့်ကျားချီ၏စကားများကို နှလုံးသားထဲအထိ မှတ်ယူထားခဲ့၏။ ဝေ့ချန် လက်ပ်တော့ကိုကိုင်၍ အလုပ်လုပ်ရန်ပြင်လိုက်သည့်အချိန်တိုင်း ချန်လီက ဘာခံစားချက်မှမပါဘဲ စိုက်ကြည့်နေတတ်သည်။ ချန်လီ၏အကြည့်အောက်တွင် ဝေ့ချန်အပြစ်ရှိသလို ခံစားလာရသောကြောင့် လက်ပ်တော့ကို ပြန်ချထားခဲ့ရ၏။


ထိုတစ်ပတ်အတွင်း ဝေ့ချန် သူ့ကိုယ်သူ အသုံးမကျသည့် လူတစ်‌ယောက်ဟု ခံစားခဲ့ရသည်။ ဘာမှလုပ်စရာမရှိ၍ နေ့တိုင်း မျက်နှာကျက်ကိုမျက်နှာမူရင်း နိုးထခဲ့ရ၏။ သူ တကယ်တော့ အဆင်မပြေခဲ့ချေ။ သူ့အရင်ဘဝ၏ ရက်အနည်းငယ်သို့ ပြန်ရောက်သွားသကဲ့သို့ ဝေ့ချန်ခံစားခဲ့ရသည်။ 


အဲ့တုန်းကနေ့ရက်တွေက အခုလိုမဟုတ်ခဲ့ဘူးလေ...။


သူက သတိလုံးဝမရှိဘဲ သစ်ပင်လူသားကဲ့သို့ ကုတင်ပေါ်တွင် လှဲနေခဲ့ရကာ သူ၏ မှေးမှိန်နေသည့် အသက်ကို ဆွဲဆန့်ရန် စက်ပစ္စည်းများအပေါ်၌ မှီခိုအားထားခဲ့ရသည်။ ထို့နောက်တော့ ဝေ့ချန်က ကမ္ဘာကြီးက သူ့ကိုမလိုချင်တော့၍ စွန့်ပစ်သွားပြီဟုပင် တွေးထင်ခဲ့၏။ သူဘာမှမလုပ်နိုင်သည့်တိုင် ချန်လီက သူ၏ အစစအရာရာအတွက် ဂရုစိုက်ခဲ့ပြီး သူ့အညစ်အကြေးများကိုတောင် သန့်ရှင်းပေးခဲ့သည်။ သို့သော်လည်း ချန်လီ၏ မျက်နှာ‌ပေါ်တွင် ရွံရှာမှုအရိပ်အယောင်တစ်စက်‌လေးမှ ရှာမတွေ့ခဲ့ပေ။


ဝေ့ချန် ထိုအချိန်က ခံစားချက်ကို မည်သို့ဖော်ပြရမည်မသိသော်လည်း သူသိခဲ့သည်က သူ့နှလုံးသားလေး နွေးထွေးနေခဲ့သည်ကိုပင်။ 


နက်ရှိုင်းသည့် အမှောင်ထုကို ကြုံတွေ့ခံစားဖူးသည့် သူများကသာ ရုတ်တရက်ရောက်ရှိလာသည့် အလင်းရောင်၏ အဖိုးတန်မှုကို သေချာသိကြသည်။ 


အရင်ဘဝတွင် ပိတ်မိနေသည့်ခံစားချက်များက ဝေ့ချန်ဆေးရုံတက်နေသည့် တတိယမြောက်နေ့၊ ဝူဇီခန်းနှင့် ချန်ချင်းတို့ ရောက်လာသည့်အခါ အမြင့်ဆုံးသို့ ‌ရောက်သွားတော့သည်။ 


ဝူဇီခန်းနှင့် ချန်ချင်းတို့က ညနေစောင်းတွင် ရောက်လာခဲ့ကြ၏။ ချန်လီက တရုတ်တိုင်းရင်းဆေး သောက်ပြီးခါစရှိသည်။ ဝေ့ချန်က ဆေးခါးသည့်အကြောင်းပြချက်သုံး၍ ချန်လီ၏တို့ဖူးလေးကို စားရန် ပြင်နေချိန်တွင် အပြင်ဘက်မှ တံခါးခေါက်ကသံက ထွက်လာခဲ့သည်။ ဝေ့ချန် ခေါင်းပြန်မော့၍ “ဝင်လာခဲ့ပါ” ဟုသာ ပြောရတော့သည်။


ဝူဇီခန်းက သစ်သီးခြင်းနှင့်ဝင်လာပြီး စားပွဲပေါ်တွင်ထားလိုက်သ်ည။ သူပြောလာ၏။ 


“အားချင်းနဲ့ငါ မင်းဆေးရုံတက်နေရတယ်ကြားလို့ လာတွေ့တာ...ဘယ်လိုနေသေးလဲ”


ဝူဇီခန်း၏ သာယာနူးညံ့သည့်အပြုအမူများက အရင်ဘဝက သူ၏ခက်ထန်သည့် အသွင်အပြင်နှင့် ကွာခြားနေရာ ဝေ့ချန်အား အတွေးထဲမှ နိုးထစေလိုက်သည်။ 


ဟုတ်သည်။ သူတစ်ခါ ပြန်လည်မွေးဖွားခဲ့၏။ ထိုအရာများက နောက်တစ်ခေါက်ထပ်ဖြစ်လာလိမ့်မည်မဟုတ်ချေ။ အနည်းဆုံးတော့ သူ့အရင်ဘဝက ဖြစ်ပျက်များအား ပြန်ဖြစ်လာမည်မျိုး သူခွင့်မပြုနိုင်ချေ။ 


“တော်တော်လေးသက်သာနေပြီ” သူနှင့် ဝူဇီခန်းကြားတွင် နံရံခြားနေသည့်အလား ဝေ့ချန်က သူတို့ဆက်ဆံရေးကို ခြားထားရင်း အမူအရာမဲ့စွာဖြင့် ပြောလိုက်၏။


ဝူဇီခန်း တစ်ခုခုကို ခံစားမိသော်လည်း မျက်နှာပေါ်တွင်တော့ မပြလိုက်ပေ။ သူ့အသံက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။ “အဆင်ပြေလို့တော်သေးတာပေါ့...သတင်းမှာတွေ့လိုက်တယ်...ဒီလိုလုပ်ရလောက်အောင်အထိ အဲ့လူမှာ ဘယ်လောက်ကြီးတဲ့ အာဃာတတွေရှိနေတာလဲ” 


“ဟုတ်တယ်...အခုလိုဖြစ်လာမှတော့ မင်းဘာလို့ မင်းရဲ့ကိုယ်ပိုင်ကုမ္ပဏီကိုပြန်ပြီး အလုပ်မလုပ်တာလဲ...မင်းက ဘယ်မှာပဲရှိနေနေ အနည်းဆုံးတော့ အဲ့ဒီ‌သေးငယ်တဲ့လူတွေကို ဖိနှိပ်နိုင်တဲ့ အဆင့်အတန်းရှိတာပဲလေ” ချန်ချင်းက ဘေးမှပြောလာခဲ့၏။ ဝေ့ချန်ကဲ့သို့ မိသားစုစီးပွားရေးလုပ်ငန်းကို အမွေဆက်ခံရန် သေချာနေသည့်လူက ဘာကြောင့် အပြင်တွင် ထွက်အလုပ်လုပ်ရန် ခေါင်းမာနေလဲ ချန်ချင်းနားမလည်နိုင်ချေ။ ၎င်းက ရူးမိုက်ရာကျသည်ပင်။ 


“ဟုတ်တယ်...ငါ့မှာမင်းလို လုပ်နိုင်စွမ်းတွေရှိနေရင် မြို့တော်ကိုပြန်သွားပြီး လူအိုကြီးဘေးမှာ သေချာပေါက် ရပ်တည်ပေးမှာပဲ...ငါ့ရဲ့လုပ်နိုင်စွမ်းတွေကိုသုံးပြီး အဲ့လူတွေကို မျက်နှာကောင်းကောင်းဖြတ်ရိုက်ပစ်မယ်...ဘာလို့ တစ်ယောက်တည်းရင်ဆိုင်ဖို့ ဆုံးဖြတ်ရမှာလဲ” ဝူဇီခန်းလည်း ဝေ့ချန်၏ တစ်ကိုယ်တည်းသွားချင်သည့် ဆုံးဖြတ်ချက်ကို မထောက်ခံသည့်သဘောဖြင့် ဝင်ပြောလာသည်။ 


ဝေ့ချန်က သူတို့အား အကြောင်းအရင်းများကို ရှင်းမပြလိုက်ချေ။ ထိုအစား သူက ပြတင်းပေါက်ကိုသာ ကြည့်လိုက်သည်။ နေရောင်ခြည်က တောက်ပနေပြီး နွေးထွေးသည့် ဝါကျင်ကျင်အလင်းရောင်လေးကို ဖန်တီးပေးထား၏။ ဆောင်းရာသီ နီးကပ်လာ၍ ဖြစ်နိုင်သည်။ သို့သော်လည်း အပြင်ဘက်ရှိ ရွက်ဝါများနှင့် သစ်ကိုင်းများက တိတ်ဆိတ်ငြိမ်သက်မှုကို ကိုယ်စားပြုနေ၏။


ဝေ့ချန် တုံ့ပြန်မလာသည်ကိုကြည့်ရင်း ဝူဇီခန်းနှင့်ချန်ချင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကာ ဝေ့ချန် ဘာတွေးနေလဲ မခန့်မှန်းနိုင်ဖြစ်နေကြသည်။ ထို့နောက် တိကျသည့်အကြောင်းအရာမရှိဘဲ ရှန်ဟိုင်းတွင် လက်ရှိ ဖြစ်ပျက်နေသည်များကို တစ်လှည့်စီ ပြောလိုက်ကြသည်။ အတိတ်တွင် သူတို့သုံးယောက် အတူရှိခဲ့ကြစဥ်က ဝူဇီခန်းနှင့်ချန်ချင်းတို့ကသာ စကားပြောကြပြီး ဝေ့ချန်ကတော့ နားထောင်သည်။ ထိုကဲ့သို့ အတွဲညီမှုက ယခုတွင် သူတို့ကို မထိရောက်တော့ချေ။


“ထွက်သွား” သူတို့ပို၍ ရဲတင်းလာသည့်အချိန်တွင် အနည်းငယ်အက်ရှနေသည့်အသံက သူတို့နားထဲသို့ ဝင်ရောက်လာ၏။ အခန်းထဲတွင်ရှိနေသည့် လူသုံး‌ယောက်က စကားပြောလာသည့် ချန်လီ့ကိုကြည့်လိုက်ကြသည်။ 


ဝူဇီခန်းနှင့် ချန်ချင်းတို့ အံ့ဩသွားသော်လည်း ဝေ့ချန်၏အကြည့်များကတော့ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။ သူက နောက်တွန့်မှု၊ ကြောက်ရွံ့မှုတို့မရှိဘဲ ဖြောင့်ဖြောင့်ရပ်နေပြီး ဝူဇီခန်းနှင့်ချန်ချင်းတို့ကို စိုက်ကြည့်နေသည့် ချန်လီ့ကိုကြည့်လိုက်သည်။ ချန်လီထပ်ပြောလာ၏။


 “နားငြီးတယ်...ထွက်သွား”


ခဏလောက်အံ့ဩသွားပြီးနောက် ချန်ချင်းက အပြုံးတစ်ခုနှင့်အတူ ထ၍ ပြောလာသည်။ 


“ဒါဆို မင်းက စကားပြောနိုင်တယ်ပေါ့...ငါမင်းကို အ နေတယ်ထင်တာ” 


သူ့အသံက စကားလုံးများကို ထက်ရှသည့်ဓားကဲ့သို့ အသုံးပြု၍ ချန်လီကိုနာကျင်စေသည့်အလား လှောင်ပြောင်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ 


ချန်လီက နောက်ဆုတ်မသွားဘဲ ချန်ချင်းကို သေချာစိုက်ကြည့်လိုက်၏။ “ထွက်သွား”


“ငါကဘာလို့ထွက်သွားရမှာလဲ...” မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အမူအရာနှင့်အတူ ချန်ချင်းမေးလိုက်၏။


“ဘာလို့ဆို ငါမင်းတို့နှစ်ယောက်ကို ဒီမှာ မရှိစေချင်လို့”


ချန်ချင်းက “အရူး”ဟူ၍ မဆိုနိုင်ခင်မှာပင် ဝေ့ချန်၏ အေးစက်သည့်အသံကထွက်လာသည်။ 


ချန်ချင်းက ဝေ့ချန်ကို မယုံနိုင်စွာဖြင့် ကြည့်၍ ပြောလိုက်၏။ “မင်းဘာပြောလိုက်တယ်”


ဝူဇီခန်းလည်း မယုံကြည်နိုင်ချေ။ ဝေ့ချန်က ချန်ချင်းကို ကြိုက်တယ်မလား....ဒီနေ့ ဘာလို့ ချန်ချင်းကို မောင်းထုတ်နေရတာလဲ...။


“ထွက်သွား” ဝေ့ချန်က အမူအရာမဲ့နေသည့် အေးစက်သော အကြည့်များဖြင့် ချန်လီပြောခဲ့သည့် စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်။ 


ချန်ချင်းက ဝေ့ချန်၏ မျက်နှာကြည့်ရင်း သူ့အမူအရာများတွင် တွန့်ဆုတ်နေသည့်အရိပ်အယောင်များကို မြင်ရန် မျှော်လင့်မိသော်လည်း နည်းနည်းမှရှိမနေပေ။ ဝေ့ချန်က သန္နိဌာန်ချထားသကဲ့သို့ မယိမ်းမယိုင်ဘဲ ရှိနေ၏။


“‌ဝေ့ချန်” သူဘာကြောင့် ရုတ်တရက် ဒေါသထွက်သွားလဲ ချန်ချင်းမသိပေ။ သူက ချန်လီကို လက်ညှိုးထိုး၍ ဒေါသများဖြင့် ပြောလိုက်သည်။ “ငါတို့ရဲ့ ဆယ်စုနှစ်တစ်ခုကျော်နေတဲ့ သူငယ်ချင်းသံယောဇဥ်က ဒီအရူးလောက်တောင် တန်ဖိုးမရှိဘူးလား”


“ဟုတ်တယ်....ဝေ့ချန်....ဒီနေ့မင်းနည်းနည်းလွန်တယ်” ဝူဇီခန်းလည်းထောက်ခံလာ၏။


ဝေ့ချန်တိတ်ဆိတ်နေကာ သူ၏ရေခဲတမျှအေးစက်နေသည့်အကြည့်များက ချန်ချင်းနှင့် ဝူဇီခန်းအပေါ်တွင်သာ ကျရောက်နေသည်။ သူပြန်မွေးဖွားလာကတည်းက သူတို့နှစ်ယောက်ကို မေးချင်နေသည့် စကားရှိသည်-ဘာကြောင့်သူတို့၏ အနှစ်နှစ်ဆယ်နီးပါးကြာ သူငယ်ချင်းသံယောဇဥ်က အဲ့ဒီအမြတ်ငွေတွေထက် တန်ဖိုးမရှိရသလဲ။


‌ဝေ့ချန်၏ တိတ်ဆိတ်နေမှုကိုကြည့်ရင်း ချန်ချင်းအထဲမှ မီးက ပို၍တောက်လောင်လာ‌တော့သည်။ “ဝေ့ချန်...မင်းနောင်တရလိမ့်မယ်” 


ထိုစကားများကိုပြောပြီးနောက် ချန်ချင်းလှည့်ထွက်သွားလေသည်။ ၎င်းက သူ့အတွက် ကြီးမားသည့်ကိစ္စမဟုတ်သော်လည်း သူ့မျက်လုံးများထဲမှ တစ်ခုခုထွက်လာတော့မလို ခံစားနေရသည်။


ဝူဇီခန်းက သူ့နောက်သို့ လျင်မြန်စွာလိုက်သွားပြီး မထွက်သွားခင် မနေနိုင်ဘဲ ပြောလိုက်၏။ 


“အားချန်...အားချင်းကို တောင်းပန်ဖို့ အခွင့်အရေးရှာထားလိုက်...သူက နှလုံးသားနူးညံ့တဲ့လူ...မင်းကိုခွင့်လွှတ်ပေးရင်ပေးလိမ့်မယ်”


အခန်းထဲတွင် ဝေ့ချန်နှင့်ချန်လီသာ ကျန်ခဲ့တော့သည်။ ဤကိစ္စပြီးသွားပြီးနောက် ဝေ့ချန်နှလုံးသားထဲတွင် လေးလံမှုကိုမခံစားရတော့ပေ။ ထိုအစား ချန်လီ၏ စကားများက ဝေ့ချန်ကိုပျော်ရွှင်လိုက်စေသည်။ သူက ချန်လီ၏လက်ကိုကိုင်၍ မေးလိုက်၏။ “အခုစကားပြောလိုက်တာ...လည်ချောင်းနာသေးလား”


ချန်လီ ခေါင်းခါပြလာ၏။ တိုင်းရင်း‌ဆေးဆရာဝန်ပေးလာသည့် ဆေးက တကယ်ကို ထိရောက်သည်ပင်။ ဆေးနှစ်ခွက်သာသောက်ရသေးသော်လည်း သူ့လည်ချောင်းက ပိုသက်သာလာပြီး စကားပြောလျှင်လည်း မနာတော့ပေ။ 


“နာနေလား” သို့သော်လည်း ဝေ့ချန်က ချန်လီဆိုလိုသည်ကိုနားမလည်သည့်အလား နောက်တစ်ခေါက်ထပ်မေးလာသည်။ 


ချန်လီ ထပ်၍ ခေါင်းခါပြလာ၏။


“နာနေလား” ဝေ့ချန်ထပ်မေးလိုက်သည်။ 


ဒီတစ်ကြိမ်တွင်တော့ ချန်လီက ဝေ့ချန်၏ သူ့ကို စကားပြောစေချင်နေသည့် ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ “မနာတော့ဘူး” သူ့အသံကနူးညံ့သော်လည်း စကားလုံးတစ်လုံးချင်းစီတိုင်းက ရှင်းလင်းသည်။ 


“လီလီ...အရမ်းတော်တာပဲ” ဝေ့ချန်က ချန်လီကို စိတ်လှုပ်ရှားစွာဖြင့် ဖက်လိုက်ရင်း နားရွက်လေးကို နမ်း၍ မေးလိုက်သည်။ 


“ခုဏက ဘာလို့ သူတို့နှစ်ယောက်ကို ထွက်သွားခိုင်းတာလဲ”


ချန်လီက သူစိမ်းများနှင့် အနေကပ်ခြင်းကို တွန်းကန်သော်လည်း သူ့တွန်းကန်မှုကို ပြင်းပြင်းထန်ထန် ထုတ်မပြပေ။ သူက ဘေးဘက်တွင်သာနေကာ ပြင်ပလောကကြီးမှ ရှောင်ဖယ်နေရန် ကြိုးပမ်းလိမ့်မည်။ ယခုက သူ၏တွန်းကန်မှုအား ပြင်းပြင်းထန်ထန်ပြသလာသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ဝေ့ချန်နားမလည်နိုင်ချေ။ 


“သူတို့ကိုမုန်းတယ်” အခုမှ စ စကားပြောလာသည့် ချန်လီက ထိုစကားစုကို ထစ်ထစ်အအနှင့်ပြောလိုက်သည်။ သူဘာဆိုလိုသည်ကို ဝေ့ချန် နားလည်လိမ့်မည်ဟု ချန်လီယုံကြည်သည်။ 


သေချာသည်က‌တော့ ဝေ့ချန်က ချန်လီ၏ စကားလုံးထဲမှ “မုန်းတယ်” ဆိုသည့် အဓိပ္ပာယ်ကိုချက်ချင်း နားလည်လိုက်သည်။ ၎င်းမှာ ချန်လီက သူတို့မုန်းသည်ဟုမဆိုလိုပေ။ သို့သော်လည်းချန်လီက သူတို့အပေါ် ဝေ့ချန်၏ အမုန်းတရားများကို ခံစားမိလိုက်တာဖြစ်သည်။ ထို့ကြောင့် သူတို့ သူ့နားသို့ကပ်၍ စကားပြောနေကြချိန်တွင် ချန်လီက သတ္တိမွေး၍ သူတို့ကို ထွက်သွားခိုင်းခဲ့တာဖြစ်သည်။ 


“လီလီ” ဝေ့ချန်က ချန်လီ့အမည်ကိုခေါ်လိုက်၏။


“ဟင်” ချန်လီ တုံ့ပြန်လိုက်သည်။ 


“ကိုယ်ဘာလုပ်ရမလဲ...ကိုယ်မင်းကို ပိုပိုပြီးချစ်မိနေပြီ”



💘