💘Chapter 116
စန်းတင်ခြင်းမဟုတ်
အိပ်မက်ဖလားမြို့တော်ဌာနခွဲရှိ ပြပွဲသည် ဖိုင်နယ်လောက် မခမ်းနားသော်လည်း စုဆောင်းသူများနှင့် ပန်းချီပညာရှင်များစွာ၏ အာရုံစိုက်မှုကို ခံနေရဆဲဖြစ်သည်။ မြို့တော်ဌာနခွဲရှိ ပြပွဲတွင် ဒိုင်အချို့ပင် ပေါ်လာခဲ့သည်။
ယနေ့သည် အိပ်မက်ဖလားမြို့တော်ဌာနခွဲတွင် ထူးချွန်သောလက်ရာများကို ပြသသည့် ပထမဆုံးနေ့ဖြစ်ပြီး ပထမဆုံးနေ့မှာပင် ပန်းချီလောကတွင် ထင်ရှားကျော်ကြားသော ပန်းချီဆရာတစ်ဦးဖြစ်သည့် မော်ဒန်စိတ္တဇပန်းချီ၏ဖခင်ကြီးအဖြစ် တင်စားခံရသော ဆေးလ်ဗတ်စ်တာကိုဆွဲဆောင်နိုင်ခဲ့သည်။
ဆေးလ်ဗတ်စ်တာ ရောက်ရှိနေခြင်းသည် ပြိုင်ပွဲကျင်းပရေးကော်မတီကို ဝမ်းသာဂုဏ်ယူသွားစေခဲ့ပြီး ပေကျင်းဌာနခွဲမှ တာဝန်ခံက သူ့ကို ကိုယ်တိုင်ပင် သွားရောက် နှုတ်ဆက်ခဲ့သည်။
ဆေးလ်ဗတ်စ်တာ ကိုယ်တိုင်လာရောက်ကြည့်ရှုနေကြောင်းကြားသောအခါ Q တက္ကသိုလ်မှ ပါမောက္ခအများအပြားကလည်း သူ့ကိုသွားရောက်နှုတ်ဆက်ကြသည်။ Qတက္ကသိုလ် အနုသုခုမမေဂျာမှ ပါမောက္ခဝမ်မင်လည်းပါလေသည်။
ပါမောက္ခဝမ်မင်နှင့် လုရှို့ရန်၏အဖေတို့သည် သူငယ်ချင်းကောင်းများဖြစ်ပြီး သူက လုရှို့ရန်အတွက်အဆက်အသွယ်တည်ဆောက်ပေးချင်ခဲ့သည်။လုရှို့ရန်က အရည်အချင်းများစွာရှိပြီး ဆေးလ်ဗတ်စ်တာ၏အာရုံကိုဖမ်းစားနိုင်ပါက၊ ၎င်းသည် သူ၏အနုပညာလမ်းကြောင်းအတွက် ကြီးမားသောအကူအညီဖြစ်ပေလိမ့်မည်။
ဝမ်မင်နှင့်တွေ့ပြီး ဝမ်မင်ကသူ့ကိုဆေးလ်ဗတ်စ်တာနှင့်မိတ်ဆက်ပေးမည်ဟုကြားရချိန်မှာ လုရှို့ရန်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာလေသည်။
လုရှို့ရန်၏အဖေနှင့် ဝမ်မင်တို့ နှစ်ဦးစလုံးက သူ့ကို စိတ္တဇပန်းချီနှင့် သင့်တော်ကြောင်း ပြောခဲ့သည်။ သို့သော် လုရှို့ရန်က စိတ္တဇပန်းချီ သဘောမကျသဖြင့် ထိုလမ်းကြောင်းကို မလိုက်ခဲ့ပေ။
သို့ပေမဲ့ ဆေးလ်ဗတ်စ်တာကသာ သူ့ဆရာဖြစ်လာနိုင်လျှင် သူလေ့လာနေသော လက်ရှိမေဂျာကို စွန့်လွှတ်ပြီး စိတ္တဇပန်းချီမေဂျာကိုယူရန် ဆန္ဒရှိနေမှာ သေချာလေသည်။
"ပါမောက္ခဝမ် ကျွန်တော် လူကြီးမင်းဆေးလ်ဗတ်စ်တာကို ဒီလိုပုံစံနဲ့တွေ့တာ အဆင်ပြေရဲ့လား"
စေတနာ့ဝန်ထမ်းပုံစံ ၀တ်ဆင်ထားရင်း ဆေးလ်ဗတ်စ်တာနှင့် တွေ့ဆုံရန် မသင့်တော်သလို ခံစားရပြီး လုရှို့ရန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဝမ်မင်က ခေါင်းခါပြီး ပြောလိုက်၏။
"လဲစရာမလိုဘူး အဆင်ပြေတယ်"
သူက ဤတွေ့ဆုံမှုကို တမင်တကာထက် မတော်တဆတိုက်ဆိုင်သည့်ဟန် ပေါက်စေချင်သည်။
လုရှို့ရန်က ဝမ်မင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်ပြီး ပြောလိုက််၏။ "ကျေးဇူးတင်ပါတယ် ပါမောက္ခဝမ်"
"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး... မင်းအဖေနဲ့ငါက သူငယ်ချင်းမို့လို့ မင်းကိုတတ်နိုင်သလောက်ကူညီရုံလေးပါ"
ဝမ်မင်က ပြုံးပြီးပြောလေသည်။
လုရှို့ရန်က ခေါင်းညိတ်ပြီး ဤအကူအညီကိုလက်ခံလိုက်သည်။
ထို့နောက် ဝမ်မင်က လုရှို့ရန်ကို ဆေးလ်ဗတ်စ်တာတို့အဖွဲ့ရှိရာဆီသို့ ခေါ်သွားခဲ့သည်။
ဆေးလ်ဗတ်စ်တာက ဤတစ်ခေါက်တွင် အလုပ်သင်တစ်ဦးကို ရှာဖွေရန် အမှန်တကယ် ကြံရွယ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ပန်းချီကားများကို ကြည့်နေချိန်မှာ သူ့မှာ တိကျသော ပန်းတိုင်ရှိပုံမပေါ်ပေ။မှတ်ချက်မပေးဘဲ အဆုံးမှစပြီး တစ်ခုချင်းစီကို လိုက်ကြည့်နေသည်။ သို့သော် သူသည် ပန်းချီကားတစ်ချပ်ရှေ့တွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့သည်။
ဝမ်မင်က လုရှို့ရန်ကို ခေါ်လာချိန်မှာ ဆေးလ်ဗတ်စ်တာက လုရှို့ရန်၏ ပန်းချီကားကို ကြည့်နေခြင်းဖြစ်သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လုရှို့ရန်၏မျက်လုံးများ တောက်ပသွားပေမဲ့ အလျင်စလိုရှေ့ကိုပြေးတက်မသွားခဲ့ပေ။ သူ၏စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး ဝမ်မင်၏လုပ်ရှားမှုကို စောင့်နေခဲ့သည်။
ဆေးလ်ဗတ်စ်တာက ပန်းချီကားကို စစ်ဆေးနေစဉ်တွင် သူ့ဘေးတွင် ပန်းချီဆရာ၏ နာမည်နှင့် အောင်မြင်မှုများကဲ့သို့သောအရာများကို ရှင်းပြပေးမည့်သူတစ်ယောက် ရှိနေသည်။
ရှင်းပြပေးသူ စကားမပြောမီ ဝမ်မင်က ကြိုပြောလိုက်သည်။
"လူကြီးမင်းဆေးလ်ဗတ်စ်တာ ဒီပန်းချီကားက ဒီနှစ်မှာ အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတဲ့ အသက်ပြည့်ခါစကျောင်းသားတစ်ယောက်ဆီကပါ...သူ့မှာ ဘာအောင်မြင်မှုမှမရှိသေးပေမဲ့ လမ်းညွှန်မှုတွေနဲ့ အချိန်ပေးပြီးတော့လေ့ကျင့်လိုက်ရင် ပန်းချီလောကကို လှုပ်ခတ်သွားစေမှာ သေချာပါတယ်"
လုရှို့ရန်က ပြိုင်ပွဲတွင် အသက်အငယ်ဆုံးပါဝင်သူဖြစ်သောကြောင့် ၎င်း၏အကဲဖြတ်မှုက တရားမျှတသည်ဟု ဝမ်မင်ကယုံကြည်ခဲ့သည်။
ဆေးလ်ဗတ်စ်တာက ပန်းချီကားကို ဆက်လက်ကြည့်ရှုနေသော်လည်း ဝမ်မင်၏ စကားများကို မှတ်ချက်မပေးပေ။
ဆေးလ်ဗတ်စ်တာ၏တိတ်ဆိတ်မှုက ဝမ်မင်ကို အနည်းငယ် အမ်းတမ်းတမ်းဖြစ်သွားစေခဲ့သည်၊ သို့သော် သူ ယခုအချိန်တွင် ဆေးလ်ဗတ်စ်တာကို မနှောင့်ယှက်လိုပါချေ။ထို့ကြောင့် လုရှို့ရန်ကို ဆေးလ်ဗတ်စ်တာ နှင့်မိတ်ဆက်ပေးရန် နောက်ထပ်အခွင့်အရေးကိုပဲ စောင့်မျှော်နေခဲ့သည်။
"သူက တကယ်အရည်အချင်းရှိတယ်"
ဆေးလ်ဗတ်စ်တာက အချိန်အတော်ကြာ ကြည့်နေပြီးနောက် နောက်ဆုံးတွင် ပြောလာသည်။သို့သော်လည်း သူ၏ လေသံတွင် ချီးကျူးမှု အနည်းငယ်သာ ပါလေသည်။
"ငယ်လွန်းလို့နေမယ် သူ့စိတ်က မတည်ငြိမ်ဘူး"
ကျွမ်းကျင်သော ပန်းချီစုဆောင်းသူများ သို့မဟုတ် ပန်းချီဆရာများသည် ပန်းချီကားတစ်ချပ်မှ အရာများစွာကို မြင်တွေ့နိုင်သည်။ဆေးလ်ဗတ်စ်တာ၏ စကားများက လုရှို့ရန်၏ မတည်ငြိမ်သော အတွင်းစိတ်ကမ္ဘာကို ဖော်ထုတ်ပြသနေသည်။
လူအုပ်၏နောက်တွင်ရှိနေသော လုရှို့ရန်တစ်ယောက် တခဏမျှ အေးခဲသွားပြီး သူ၏အမူအရာမှာ အနည်းငယ် သဘာဝမကျသလို ဖြစ်သွားသည်။ဘာကြောင့် အမြဲတမ်းပဲ ဒီအကြောင်းပြချက်ကိုအခြေခံပြီး သူ့ရဲ့ပန်းချီကို အကဲဖြတ်ကြတာလဲ...ကျူးကောယွီ သူ့ကို တပည့်အဖြစ်လက်ခံဖို့ ငြင်းဆိုခဲ့တုန်းကလည်း ဒီအတိုင်းပဲပြောခဲ့တာ...
ဒါပေမဲ့ သူ့စိတ်က လုံး၀ မငြိမ်မသက်ဖြစ်မနေမှန်းသိသာတဲ့ဟာကို... ပန်းချီဆွဲတဲ့အခါတိုင်း သူ့ကိုယ်သူ ပန်းချီထဲမှာ လုံးလုံးလျားလျား နှစ်မြှုပ်ထားတာလေ... ဒီလိုဝါကျတစ်ခုတည်းကို အခြေခံပြီး သူရဲ့အနုပညာကို ဘာကြောင့် အကဲဖြတ်ကြတာလဲ...
လုရှို့ရန် မတရားသလို ခံစားရသော်လည်း ၎င်းကိုပြသရမည့်အချိန်မဟုတ်ကြောင်း သူသိသည်။
ထိုမှတ်ချက်ကို ပေးပြီးနောက် ဆေးလ်ဗတ်စ်တာက နောက်ထပ်ပန်းချီကားတစ်ချပ်သို့ ဆက်သွားခဲ့သည်။ဆေးလ်ဗတ်စ်တာက လုရှို့ရန်၏ ပန်းချီကားကို အထူးတလည်စိတ်မဝင်စားကြောင်း မြင်သောကြောင့် ဝမ်မင်ကစကားပြောရပ်လိုက်သည်။တစ်ခါတစ်ရံမှာ တစ်စုံတစ်ဦးကို အလွန်အမင်းညွှန်းပေးခြင်း အပျက်သဘောဆောင်သော ခံစားချက်များကို ဖန်တီးနိုင်သည်ကို သူသိသည်။သို့ပေမဲ့ ဤသည်ကလုရှို့ရန်အတွက် ဆေးလ်ဗတ်စ်တာရှေ့မှာ သူ့ကိုယ်သူ ပြသရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ထိုအချိန်မှစ၍ လုရှို့ရန်သည် ဆေးလ်ဗတ်စ်တာ၏ အဖွဲ့နောက်ပဲ လိုက်နေခဲ့ပြီး ဆေးလ်ဗတ်စ်တာက သူ့အား ပုံမှန်စေတနာ့ဝန်ထမ်းအဖြစ် သတ်မှတ်ကာ သူ့ရောက်ရှိနေသည်ကိုပင် သတိမထားမိခဲ့ပေ။
ပန်းချီကား သုံးဆယ်ကျော်အတွက် ဆေးလ်ဗတ်စ်တာက ၎င်းတို့ကို ကြည့်ရှုရန် နှစ်နာရီကျော် အချိန်ယူခဲ့ရသည်။ သူစိတ်ကျေနပ်သည့်ပန်းချီကိုတွေ့လျှင် ဆေးလ်ဗတ်စ်တာက မှတ်ချက်အနည်းငယ်ပေးတတ်သည်၊သို့ပေမဲ့ ပန်းချီကားတစ်ချပ်ကမှ သူ၏အပြည့်အဝ အာရုံစူးစိုက်မှုနှင့် အပြည့်အဝစိတ်နှစ်မြှုပ်မှုကို မဖမ်းစားနိုင်ခဲ့ပေ။
ပြပွဲ၏ဗဟိုတွင်တည်ရှိသည်များက မြို့တော်ဌာနခွဲ၏ အကောင်းဆုံးပန်းချီကားများဖြစ်သည်။ သို့သော်လည်း တစ်နေရာအရောက်တွင် ဆေးလ်ဗတ်စ်တာ ဘောင်အလွတ်တစ်ခုကိုတွေ့လိုက်ရသည်။ထိုနေရာမှာ ပန်းချီကားတစ်ချပ်ခင်းကျင်းပြသထားသင့်သော်လည်း အထဲမှာဘာပန်းချီကားမှရှိမနေပေ။
"ဒါက ဘာလို့လဲ"
ဆေးလ်ဗတ်စ်တာက မြို့တော်ဌာနခွဲတာဝန်ခံကို နားမလည်စွာ ကြည့်လိုက်လေ၏။
တာဝန်ခံက ချက်ချင်းရှင်းပြသည်။
"ဒီပြိုင်ပွဲဝင်ပန်းချီကားက အင်မတန် ထူးချွန်ပြောင်မြောက်ပြီး မှင်သက်စရာကောင်းတယ်လို့ ယူဆတဲ့အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီက နောက်ဆုံးပြပွဲမှ ဒီလက်ရာကို ပြသဖို့ ဆုံးဖြတ်ခဲ့တာပါ... ထိုက်တန်တဲ့ဂုဏ်ကို ထိန်းသိမ်းထားနိုင်ဖို့ အဲဒါကို ဘောင်လွတ်နဲ့ ယာယီ အစားထိုးထားပါတယ်"
အမှန်တွင် ဘောင်အလွတ်အောက်မှာ ရှင်းပြချက်တစ်ခုရှိပေမဲ့ ဆေးလ်ဗတ်စ်တာက တရုတ်စာလုံးများကို နားမလည်သည့်အတွက် သတိမထားမိခဲ့ပေ။
ဤရှင်းလင်းချက်က လူအများ၏ပါးစပ်ဖျားတွင် ပျံ့နှံ့နေပြီဖြစ်သည်။ လူအများက ပန်းချီကားကို သိချင်လာသော်လည်း ရှင်းပြချက်ကိုလည်း သံသယရှိနေကြသည်။
ဤပန်းချီကားကို ဆေးလ်ဗတ်စ်တာလည်း စိတ်ဝင်စားနေသည်။ ရှင်းပြချက်ကို သူလက်ခံနိုင်သည်။အကယ်၍ သူသာ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးဖြစ်ပြီး အံ့မခန်း ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာတစ်ခုကိုတွေ့ခဲ့လျှင်လည်း ၎င်းကို ဖိုင်နယ်အတွက် သိမ်းဆည်းထားကာ အဆုံးမှ ကမ္ဘာကြီးကို အံ့ဩတုန်လှုပ်သွားအောင်လုပ်ရန်ရွေးချယ်မိမှာဖြစ်သည်။
"တချို့ကိစ္စတွေကြောင့် ငါ အစက ဒီပြပွဲကို လာကြည့်ပြီးရင် ကိုယ့်နိုင်ငံကို ပြန်ဖို့ စီစဉ်ထားတာ...အခုတော့ ဒီဘောင်အလွတ်နဲ့ မင်းရဲ့ရှင်းပြချက်ကို ကြားပြီး ငါမပြန်ချင်ဘူးဖြစ်နေတယ်...ဘယ်လိုအနုပညာလက်ရာမျိုးက အိပ်မက်ဖလားရဲ့ စည်းမျဉ်းတွေကို နှောင့်နှေးစေပြီး ပြပွဲကို နှောင့်နှေးစေနိုင်တာလဲဆိုတာ ဆက်နေပြီးကြည့်ချင်တယ်"
ဆေးလ်ဗတ်စ်တာက ထိုသို့ပြောလိုက်ပြီး စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှုတို့ဖြင့် သူ့မျက်လုံးများက တောက်ပနေခဲ့သည်။
ထိုအချိန်တွင် လူအုပ်၏နောက်ကွယ်တွင်ရှိနေသော လုရှို့ရန်တစ်ယောက် ဖျော့တော့သွားသည်။ မည်သူ၏လက်ရာက နိုင်ငံတော်အဆင့် ဖိုင်နယ်သို့ တိုက်ရိုက်တင်ပေးခြင်ခံလိုက်ရသည်ကို သူ ခန့်မှန်းနိုင်သည်။မည်သို့ပင်ဖြစ်စေ သူက ဤလက်ရာကိုယခင်က မြင်ဖူးပြီး ၎င်း၏အကျိုးသက်ရောက်မှုကို ကိုယ်တွေ့ ခံစားခဲ့ရလေသည်။
ယနေ့ပြသခဲ့သည့် လက်ရာပေါင်း သုံးဆယ်ကျော်တွင် ချန်လီ၏ လက်ရာကို ယှဉ်နိုင်သူမရှိကြောင်း သူဝန်ခံပါသည်။ချန်လီ၏ ပန်းချီကားက မှန်ကန်စွာဖြင့် ထိပ်ဆုံးနေရာကို ရယူခဲ့ပြီး ၎င်းနှင့်လည်း ထိုက်တန်လေသည်။
သို့သော် သူ မကျေမနပ်ဖြစ်မိသည်။ သူ့ကိုယ်ပိုင်ပန်းချီကားက အစွန်အဖျားထောင့်နားမှာ ပြသခြင်းခံထားနေရချိန်မှာ အဲဒီအရူးရဲ့လက်ရာက ဘာကြောင့်လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်နေရတာလဲ...
မည်သို့ပင်ဆိုစေကာမူ ဤသည်က ပို၍ပင်ကောင်းသေးသည်။ နောက်ဆုံးပြပွဲရောက်သည့်အခါ ချန်လီက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မီးမောင်းအားလုံးက ချန်လီ၏အပေါ်ကိုရောက်လာလိမ့်မည်ဖြစ်သည်။သို့သော် ထိုအချိန်တွင်၊ ကမ္ဘာကို အံ့အားသင့်စေသော အနုပညာလက်ရာက ကူးချထားကြောင်း ပေါ်လာပါက ချန်လီထိုအမြင့်မှ ပြုတ်ကျကာ ကျော်ကြားမှုနှင့် ကံကြမ္မာအားလုံးကို ဆုံးရှုံးရလိမ့်မည်၊ပြန်လှည့်ရန် မျှော်လင့်ချက်မရှိအောင် ပြုတ်ကျသွားမည်ဖြစ်သည်။
ဤအတွေးများ စိတ်ထဲကိုရောက်လာချိန်မှာ လုရှို့ရန်၏မျက်နှာအမူအရာက တဖြည်းဖြည်း ပြေလျော့သွားသည်။ စောင့်ကြည့်ရအောင်... နောက်ဆုံးမှာ ရယ်နိုင်တဲ့သူကသာ အကောင်းဆုံးရယ်နိုင်တဲ့သူပဲ...
မြို့တော်ဌာနခွဲရှိ ပြပွဲသည် အထူးသဖြင့် ဘောင်အလွတ်ကြောင့် အနုပညာလောကတွင် အတော်လေး လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။ ၎င်းသည် ဆွေးနွေးမှုနှင့် သိလိုစိတ်များကို ဖြစ်ပေါ်စေခဲ့သည်။
ထင်ရှားသော ဝေဖန်ရေးဆရာတစ်ဦးက ပြသထားသည့် ပန်းချီကားများကို မှတ်ချက်မပေးဘဲ အိပ်မက်ဖလားပြိုင်ပွဲကျင်းပရေးကော်မတီကို ဝေဖန်သည့် ဆောင်းပါးတစ်ပုဒ်ပင် ရေးသားခဲ့သည်။ ဆောင်းပါးတွင် အိပ်မက်ဖလားက တဖြည်းဖြည်း စီးပွားဖြစ်ဖြစ်လာပြီး ထွင်လုံးများနှင့် ဝါဒဖြန့်ရေးစတန့်များကို အသုံးပြုကာ စန်းတင်နေသည်။အနှီဘောင်အလွတ်က အကောင်းဆုံးသက်သေဖြစ်ကြောင်း ဆောင်းပါးတွင် ပြတ်သားစွာ ထောက်ပြထားသည်။
ဤဆောင်းပါးက ပန်းချီအသိုင်းအဝိုင်းအတွင်းမှာ သိသာထင်ရှားသော တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။ ဝေဖန်သူ၏ စကားကို လူအများက သဘောတူကြပြီး အိပ်မက်ဖလားပြိုင်ပွဲကျင်းပရေးကော်မတီထံ တိုင်ကြားစာ အများအပြား ပေးပို့ခဲ့ပြီး အိပ်မက်ဖလားအနေဖြင့် ယခုကဲ့သို့ ကြော်ငြာခြင်းအစား မြို့တော်ဌာနတွင် ပထမရရှိခဲ့သော ပန်းချီကားကို လူသိရှင်ကြား ထုတ်ဖော်ပြသလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ဖြူစင်သန့်ရှင်းသော ပြိုင်ဆိုင်မှုကို သူတို့ လိုလားကြသည်။
သို့သော် တိုင်ကြားစာများရေးသားသူ မည်မျှသည် အိပ်မက်ဖလားပြိုင်ပွဲတွင် ပါဝင်သူများဖြစ်ကြောင်းကား မသိရပေ။လူဆိုသည်က သူတို့၏ အရည်အချင်းက သူများထက်အားနည်းသည့်အခါ သူတို့ ဘာကြောင့် ရွေးချယ်မခံရလဲဆိုသည်အတွက် အကြောင်းပြချက်များကို အမြဲရမယ်ရှာတတ်ကြသည်။ ယခုတစ်ကြိမ်တွင်၊သူတို့၏အကြောင်းပြချက်က အိပ်မက်ဖလားက ၎င်း၏ သန့်ရှင်းစင်ကြယ်မှုကို ဆုံးရှုံးခဲ့ပြီး ပိုပို၍ စီးပွားဖြစ်ဖြစ်လာကာ ယင်းက သူတို့၏ အိပ်မက်များကို ပျက်စီးစေသည်ဟူ၍ဖြစ်လေသည်။
မှန်ပါသည်၊ကောက်ချက်ချရန် အချိန်မတန်သေးဟု ယုံကြည်ကာ ဝေဖန်သူများကို သဘောမတူသူများလည်း ရှိခဲ့သည်။အိပ်မက်ဖလားမှာ ထိုကဲ့သို့သော အပြောင်းအလဲများကိုဖြစ်စေသည့် ထူးခြားသော ပါရမီရှင်တစ်ယောက် အမှန်တကယ် ရှိနေချင်ရှိနေနိုင်သည်။ ၎င်းသည် နာမည်ကြီးအောင် စန်းတင်ခြင်း ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ထိုလျှို့ဝှက်ဆန်းကြယ်သော လက်ရာကို ထုတ်ဖော်ပြသမည့်အချိန် နိုင်ငံတော်ဖိုင်နယ်ပွဲကိုစောင့်ပြီးမှသာ ဆုံးဖြတ်ရမည်ဖြစ်သည်။
နှစ်ဖက်လုံးက သဘောတူညီမှုမရသဖြင့် ဘောင်အလွတ်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ပိုမိုကြီးထွားလာခဲ့သည်။
တုံ့ပြန်သည့်အနေဖြင့် အိပ်မက်ဖလား ပြိုင်ပွဲကျင်းပရေးကော်မတီက ၎င်းတို့၏တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ယင်းသည် စန်းတင်ခြင်းမဟုတ်ပါဘဲ ပြိုင်ပွဲကျင်းပရေး ကော်မတီက ဂရုတစိုက် ထည့်သွင်းစဉ်းစားပြီး ညတွင်းချင်း ဆွေးနွေးမှုများပြုလုပ်ထားခြင်း၏ ရလဒ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ကြေငြာချက်မှာ ထိုလက်ရာက ဖိုင်နယ်အတွက် ထိန်းသိမ်းထားရန် ထိုက်တန်သောကြောင့် ၎င်းကို နောက်ဆုံးမှာ ပြသသင့်သည်ဟူ၍။
ဤကြေငြာချက်ထွက်လာသည်နှင့်တပြိုင်နက်၊ လျှို့ဝှက်ဆန်းကြယ်သောလက်ရာက အိပ်မက်ဖလား၏နိုင်ငံတော်အဆင့်ဖိုင်နယ်ပွဲကိုအနိုင်ရသည့်လက်ရာဖြစ်သည်ကိုလူများစွာနားလည်သဘောပေါက်သွားခဲ့သည်။
ရလဒ်အနေဖြင့် အိပ်မက်ဖလား၏ နောက်ကွယ်က ခြယ်လှယ်မှုများနှင့် ပတ်သက်ပြီး လူများစွာက မေးခွန်းထုတ်လာကြသည်။သူတို့သိချင်လာသည်—မည်သည့်ပန်းချီကားမျိုးနှင့် မည်သို့သောနောက်ခံနှင့်လူက စတင်တည်ထောင်ချိန်မှစ၍ ပွင့်လင်းမြင်သာမှုဆိုင်ရာ အခြေခံမူများကို လိုက်နာခဲ့သည့် အိပ်မက်ဖလားကို ယခုလိုအရာမျိုး ပြုလုပ်စေနိုင်ခဲ့နည်း။
<< >>
💘