Part 8
သူတို့ဘက်မှ ကောလဟာလကို မပြန့်စေချင်သလို ဝမ်မိသားစုနှင့် ဝမ်ရိရန်ကို အရှက်မကွဲစေလိုသောကြောင့် ဖြစ်သည်။
ဝမ်ရိရန်သည် ဝမ်မိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး ဝမ်မိသားစု၏ ဂုဏ်သတင်းပင်ဖြစ်သည်။ အကယ်၍ မကောင်းသည့် ကောလဟာလများသာ ပြန့်နှံ့သွားမည်ဆိုလျင် အစုရှယ်ယာနှင့်ပတ်သတ်ပြီး ကြီးမားသည့် အကျိုးဆက်များ ရှိလာနိုင်သည်။
ထို့ကြောင့် ထိုအခြေအနေကိုထိန်းရန် တစ်ချို့သောအကျိုးအမြတ်များကို စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုသို့ဖြင့် ချီကျန်းကျန်း၏ စေ့စပ်ထားသူသည် ဝမ်ရိရန်မှ ဝမ်ယွီအဖြစ်သို့ အနှောင့်အယှက်မရှိဘဲ ချောမွေ့စွာဖြင့် ပြောင်းလဲလိုက်နိုင်သည်။
ရုပ်ဆိုးနေသော ချီယန်မျက်နှာသည်လည်း ပို၍ ကြည့်ကောင်းလာသည်။
ဝမ်ကျင်စန်းသည် ထက်မြက်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့်အတွက် မည်သို့သောအကျိုးအမြတ်သည် ကိစ္စရပ်များအား ပို၍ချောမွေ့စေသည်ကို ကောင်းစွာနားလည်သည်။
‘’ရိရန် နဲ့ ကျန်းကျန်း က အတိတ်မှာကျန်ခဲ့ပြီ… အိမ်ပြန်ရောက်မှပဲ ရိရန်ကို သေချာသင်ပေးရမယ်… ချီယန်… မင်းကော အဆင်ပြေတယ်လို့ထင်လား’’ ဝမ်ကျင်စန်းမေးလိုက်သည်။
ရှုဝေ မျက်နှာသည် ရုပ်ဆိုးလာပြီး အန်းချင်ယုနှင့် ချီကျန်းကျန်းကို အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒီမိန်းကလေးနှစ်ယောက်နှင့် ပတ်သတ်ပြီး သူမ လုံးဝမကျေနပ်ပေ။ ချီကျန်းကျန်း၏ အတားအဆီးမရှိသောပါးစပ်ကို မကြိုက်သလို အန်းချင်ယု၏ တွက်ချက်တတ်မှုများကိုလည်း သူမ သဘောမကျပေ။
ဝမ်ရိရန်အနေဖြင့် အရင်တုန်းက ဘာပဲလုပ်ခဲ့ပါစေ အဲ့ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် လက်ထပ်ရန် စေ့စပ်ပွဲလုပ်ခဲ့ရုံသာဖြစ်ပြီး ယခုဆိုလျင် စေ့စပ်ပွဲပင် မရှိတော့ပေ။ ထို့ကြောင့် ဝမ်ရိရန်ကို တာဝန်ယူခိုင်းသည်မှာ မမှန်ကန်ပေ။
ထို့အပြင့် ၁ ရာခိုင်နှုန်းအကျိုးအမြတ်သည် အသင်တော်ဆုံးလျော်ကြေးဖြစ်သည်။
ချီယန် က ‘’ ဒါတွေအားလုံးက ကျန်းကျန်းရဲ့ အမြင်ပေါ်မူတည်သေးတယ်လေ…’’
သူပြောပြီးသည်နှင့် ချီကျန်းကျန်းအား မျက်ခုံးပင့်ပြလိုက်ကာ သူမ အဖြေကိုမေးလိုက်သည်။
သို့သော်လည်း….
အဖေနှင့်သမီးကြားက ဆက်ဆံရေးနှင့် မရင်းနှီးသော ချီကျန်းကျန်းသည် ထိုအရာကို သဘောမပေါက်ပေ။ ထို့ကြောင့် သူမ၏အကြံကို အမှန်တကယ်လိုအပ်နေသည်ဟု တွေးလိုက်မိပြီး…
‘’ဘယ်သူက ဒီလောက်အမြတ်အစွန်းနည်းနည်းလေးကို လိုချင်မှာလဲ… ကျွန်မ ဝမ်ရိရန်နဲ့ အန်းချင်ယု တောင်းပန်တာကိုလိုချင်တယ်’’
အဲ့ဒါက မူလကိုယ်အတွက် ဖြေရှင်းချက်အဖြစ် မှတ်ယူလို့ရသည် မဟုတ်ပါလား…
‘’ မင်း … ‘’’ ဝမ်ရိရန် မျက်လုံးများပြူးကျယ်သွားသည်။
ချီယန်လည်း ထိတ်လန့်သွားကာ တစ်စုံတစ်ခုပြောရန်ပြင်ပြီးမှ သက်ပြင်းအသာချပြီး ငြိမ်နေလိုက်တော့သည်။
ဒီတစ်ကြိမ်တွင်တော့ ချီကျန်းကျန်း မှားယွင်းသွားပြီဖြစ်သည်။ အကျိုးအမြတ် ၁ ရာခိုင်နှုန်းသည် အတော်လေးများပေမယ့်လည်း ချီမိသားစု အခြေအနေသည် ဆိုးရွားသည့်အခြေအနေတွင် မရှိပေ။
သူမ ပြောချင်တာကိုသာ ပြောပါစေတော့လေ…
ရှုဝေက အလျင်အမြန်ပင် ‘’ ရိရန်.. ကျန်းကျန်းကို ဘာလို့မတောင်းပန်သေးတာလဲ…’’
ချီကျန်းကျန်း အန်းချင်ယုကို အေးစက်စက်ကြည့်လိုက်ပြီး ‘’ နင်ကောပဲ…’’
‘’အမေ… သား တောင်းပန်ချင်ဘူး…’’ ဝမ်ရိရန် မကျေမနပ်ဖြင့် ပြောလိုက်သည်။ ချီကျန်းကျန်းကို တောင်းပန်ခိုင်းတာထက် သူ့ကိုယ်သူ ဓါးနဲ့ထိုးသတ်လိုက်တာကမှပင် ကောင်းပေဦးမည်။
သူသာ တောင်းပန်လိုက်လျင် အနာဂါတ်တွင် ချီကျန်းကျန်းအား မည်သို့မျက်နှာချင်းဆိုင်ဝံ့ပါမည်နည်း…
‘’ ဝမ်ရိရန်… တောင်းပန်လိုက်’’ ဝမ်ကျင်စန်း ပြောလိုက်သည်။
အန်းချင်ယု မျက်နှာတစ်ခုလုံး မျက်ရည်များနှင့်ပြည့်နှက်နေပြီး တင်းရိကျွင်းကိုကြည့်လိုက်မိသည်။
ဝမ်ရိရန်မတောင်းပန်ဘူးဆိုရင် သူမကော…
အန်းချင်ယု ပို၍ပင်ငိုကြွေးလိုက်သည်။ အိပ်ယာပေါ်ရှိ ချီကျန်းကျန်းနားသို့ လျောက်သွားကာ မရေတွက်နိုင်သော များပြားလှသည့် နစ်နာမှုများကို သူမ တစ်ယောက်တည်းခံစားခဲ့ရသည့်လေသံဖြင့် ‘’ အစ်မကျန်းကျန်း.. ညီ..ညီမ အရင်ကပြောဖူးသလိုပါပဲ… ညီမ တမင်သက်သက်လုပ်တာမဟုတ်ပါဘူး… ညီမလေ အမြဲတမ်း အကိုရိရန်ကိုငြင်းပါတယ်… ညီမတောင်းပန်ပါတယ်နော်.. အစ်မ ကျန်းကျန်း… အစ်မကို တကယ်ပဲ စိတ်မကောင်းမဖြစ်စေချင်ပါဘူး’’
သူမ ကိုယ်ကိုငုံ့လိုက်ချိန် မျက်ရည်များမှာ အတားအဆီးမရှိ မြေပေါ်သို့ ကျဆင်းကုန်တော့သည်။
ဆေးရုံတွင်းရှိလူများသည် တိတ်ဆိတ်စွာဖြင့် အန်းချင်ယုတစ်ယောက် ချီကျန်းကျန်းအား ငုံ့၍တောင်းပန်းနေသည်ကို အခန်းအပြင်မှစောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် အန်းချင်ယုတစ်ယောက် အလွန်အမင်းအရှက်ကွဲသွားသည်ဟု ခံစားလိုက်မိသည်။
‘ချီကျန်းကျန်းက ဘယ်လိုလုပ်ပြီး ဒီလိုပြောင်းလဲသွားရတာလဲ’
သူမရှေ့တွင်ရှိသော ချီကျန်းကျန်းသည် အရင်တုန်းက သူမအပေါ်လုံးဝ အနိုင်ရခဲ့ခြင်းမရှိပေ။
အနာဂါတ်တွင် ချီယန်နှင့် တင်းရိကျွင်းကို မည်သို့နှစ်သိမ့်ပေးရမည်ကို သူမ မစဉ်းစားတတ်တော့ပေ။
ချီကျန်းကျန်း အမှန်တကယ်ပင် ပြောင်းလဲသွားသည်။
အန်းချင်ယု တောင်းပန်ပြီးသည့်နောက် ဝမ်ရိရန်သာကျန်တော့သည်။
သူသည် အန်းချင်ယုအတွက် အလွန်စိတ်မကောင်းဖြစ်ကာ သူမကို မတ်တပ်ရပ်နိုင်အောင် ကူညီလိုက်သည်။ ရှုဝေနှင့် ဝမ်ကျင်စန်းသည် ဝမ်ရိရန် အန်ချင်ယုလက်ကိုတွဲလိုက်သည်အား ဒေါသတကြီးဖြင့် ကြည့်နေကြသည်။
ဝမ်ရိရန် ခေါင်းကိုငုံ့ကာ ‘’ ငါတောင်းပန်ပါတယ်’’
ချီကျန်းကျန်း လုံးဝ မကျေနပ်ပေ။ သို့သော်လည်း ထိုတောင်းပန်ခြင်းသည် မူလကိုယ်အတွက် နှစ်သိမ့်မှုတစ်ခုဟု သူမ မှတ်ယူလိုက်သည်။
ချီကျန်းကျန်းသည် သူမအား လှည့်ဖြားသွားသည့် လူလိမ်စုံတွဲအား အေးစက်စွာဖြင့်ကြည့်လိုက်သည်။
ခဏကြာပြီးနောက် ဝမ်မိသားစုထွက်ခွာသွားကာ ဝမ်ယွီကို သူမအား စောင့်ရှောက်ရန် ချန်ထားခဲ့သည်။
ချီယန်နှင့် တင်းရိကျွင်းသည် ဝမ်မိသားစုအားလိုက်ပို့ကြပြီး အန်းချင်ယုလည်း ပါသွားသည်။ အန်းချင်ယုနှင့် ဝမ်ရိရန်အား ထိုကိစ္စအား မေးမြန်းကြမည်မှာ အသေချာပင်ဖြစ်သည်။
ဆေးရုံခန်းထဲတွင် ချီကျန်းကျန်း, ဝမ်ယွီနှင့် သူမ၏ကံမကောင်းသည့်မောင်လေး ချီကျိုးချန်သာ ကျန်ခဲ့သည်။
ချီကျန်းကျန်းတစ်ယောက် ဝမ်ယွီကို မကြည့်ရဲပေ။
ချီကျိုးချန်သည် ဝမ်ယွီကိုကြည်ပြီး ‘’ ခင်ဗျားနဲ့ ချီကျန်းကျန်းက လိုက်ဖက်တဲ့ စုံတွဲပဲ’’
မည်မျှပင်အသုံးမကျဖြစ်နေပါစေ သူတို့နှစ်ယောက်လုံးသည် အလွန်ကြည့်ကောင်းနေလေသည်။ နှစ်ဉီးသားမှာ တီဗီဇာတ်လမ်းတွဲများတွင်ပါလာသည့် အမျိုးသားသရုပ်ဆောင်များထက် ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။
ထိုနှစ်ယောက် အတူတူထိုင်သောအခါ အလွန်လိုက်ဖက်ညီသည်ဟု ပြောရမည်ပင်။
ချီကျန်းကျန်း ‘’ ….. ‘’
သူမ ချီကျိုးချန်ကို စိုက်ကြည့်လိုက်သည်။
ဒီကံမကောင်းတဲ့ကောင်လေးက သေသင့်တယ်…
တကယ်လို့သူသေရင်တောင် သူမကို အတူတူဆွဲချသွားမည့်ပုံပင်…
ချီကျိုးချန် သူ၏လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး ချီကျန်းကျန်းအား နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ‘’ ကြည့်ပါဦး… နင်က အစ်မ ချင်ယုနဲ့ ယှဉ်လို့မရပါဘူးဆို… နင့်ရဲ့ ရည်းစားကို ဟိုကယူသွားပြီ… အဲ့ဒါကပဲ ငါတို့မိသားစုရဲ့ ရှက်စရာပဲ’’
သူက ခဏနားလိုက်ပြီးနောက် ‘’ ဒါပေမယ့်လည်း ဒီနေ့တော့ သူတို့ကိုတောင်းပန်ခိုင်းတဲ့အထိတော့ လုပ်နိုင်သားပဲ… အဲ့ဒါက ကတိလေးတစ်ခုပဲ… သန်းတစ်ရာလောက်တော့ မျက်လုံးထဲထည့်မနေနဲ့ ‘’
လူငယ်များ၏ အမြင်တွင် လေလုံးထွားခြင်းထက် အရေးကြီးတာမရှိပေ။
ငွေကြေးပေါများသည့် ဒုတိယမျိုးဆက်များအတွက်တော့ ငွေသည် အရေးကြီးသည့်အထဲတွင်မပါဝင်ပေ။
သူမ၏ခြေထောက်များ မသက်မသာခံစားနေရသည့်အတွက် အနားယူရန်ပြင်နေသည့် ချီကျန်းကျန်းသည် ရုတ်တရက်ငုတ်တုတ်ထိုင်လိုက်ပြီး မျက်လုံးအပြူးသားဖြင့် အလောတကြီးပြောလိုက်မိသည်။
‘’ နင် ဘာပြောလိုက်တယ်.. သန်းရာနဲ့ချီတဲ့ အမြတ်ဝေစုတွေ ဟုတ်လား’’