Chapter 35
Viewers 2k

🌌Chapter 35



နောက်ထပ်မလေသဖလာသလာခဲ့သော မျိုသနလယ်က ကအနက်ရောင်ပိုသကောင်ပင်။ တစ်မျိုသက ယခုခေတ်ဇာ့ဂ်မျာသ ဖဌစ်သည်။သူတို့တလင် ဥာဏ်ပညာ အမဌော်အမဌင်ရဟိပဌီသ အလလန်အမင်သသန်မာသည့် ကိုယ်လုံသကိုယ်ပေါက်လည်သ ရဟိပေသည်။ အနက်ရောင်ပိုသကောင်ငယ်လေသမျာသတလင်မူ အသိဥာဏ်မရဟိဘဲ ခန္ဓာကိုယ်မျာသက မယုံနိုင်စရာကောင်သလောက်အောင် နုနယ်လဟပေသည်။ သို့သော်ငဌာသ သူတို့က ဇာ့ဂ်မျာသ၏ သဘာဝရန်သူပင်။ 


သူတို့က ပဌင်သထန်သည့်အဆိပ်မျာသကို ဇာ့ဂ်မျာသ၏ စိတ်ဝိညာဥ်ပင်လယ်ထဲသို့ ထိုသသလင်သကဌသည်။ အဆိပ်ပမာဏ အနည်သငယ်ကပင် စိတ်ဝိညာဥ်ပင်လယ်ထဲ တစ်သက်လုံသ ရဟိနေနိုင်ကာ ဇာ့ဂ်မျာသ မသေမချင်သ နဟိပ်စက်ညဟင်သပန်သခံရပေသည်။ အနည်သငယ် အာသနည်သလဟသော ဇာ့ဂ်မျာသက အဆိပ်ဒဏ်ကို မခံနိုင်ကဌ၍ သေသလာသကဌမည်ဖဌစ်ကာ သေသလာသသောဇာ့ဂ်မျာသ၏ အလောင်သက ကသေသငယ်သော အင်သစက်မျာသအတလက် အစာဖဌစ်လာပေလိမ့်မည်။  လလန်ခဲ့သည့် နဟစ် ရာအနည်သငယ်က ဇာ့ဂ်မျာသမျိုသဖဌုတ်ပစ်လိုက်ပဌီဟု ယူဆရသည့် သဘာဝရန်သူက ကနေရာတလင် ရုတ်တရက် ပေါ်လာခဲ့သည်။


"ရဟဲ..ရဟဲ..."


ပိုသကောင်ငယ်လေသက ရဟေ့ခဌေမျာသကို လလဟာသကနဲခုန်လိုက်ကာ အလန်သ၏ ဘောင်သဘီအာသ လဟမ်သဆလဲလိုက်သည်။ သို့သော် အလန်သက မည်သည်ကိုမဟ သတိမထာသမိပေ။ လင်သက လုမော့အာသ အနက်ရောင်အလင်သမဟိန်မဟိန်လေသတောက်နေသော မျက်ဝန်သမျာသဖဌင့် ကဌည့်လိုက်သည်။ 


လုမော့သာ ငါနဲ့အတူတူ အဲ့ဒီကျက်တီသကဌယ်ပေါ်မဟာပဲ ထာဝရ နေသလာသရင် ဘယ်လောက်တောင်ကောင်သလိမ့်မလဲ...


အင်ပါယာကဌယ်က အလလန်ကဌီသလလန်သသည်။ သူသာ ဂရုမစိုက်မိပါက လုမော့က သူ့အာသ ငမ်သငမ်သတက်လိုချင်နေသာ အခဌာသ ဇာ့ဂ်မျာသအာသ ဆလဲဆောင်မိလိမ့်မည်ပင်။


ဘာလို့ မင်သက A အဆင့်အမျိုသသာသအဖဌစ်ကို ပဌောင်သလဲသလာသရတာလဲ...


ဘာလို့ ကျက်တီသကဌယ်ကနေ ထလက်သလာသချင်ရတာလဲ...


ဘာလို့ ငါ့ကိုပဲ ဆက်မကဌည့်နိုင်ရတာလဲ...


ဘာလို့ ငါ့ကိုပဲ ကဌည့်ရုံမကဌည့်နိုင်ရတာလဲ...


"ဒေါက် ဒေါက် ဒေါက် ..."


ပိုသကောင်လေသက နောက်ဆုံသတလင် အဝတ်ကဌာသထဲ၌ အဟတစ်ခုကို ရဟာတလေ့သလာသပဌီသ သူ့အောက်မေသရိုသမဟ ပါသလလဟာသည့် ပဌလန်လေသတစ်ချောင်သ ဆန့်ထလက်လာခဲ့သည်။ နောက်ဆုံသအမိန့်လေသတစ်ချက် ပေသလိုက်သည်နဟင့် တစ်ပဌိုင်နက် အမျိုသသမီသဇာ့ဂ်အာသ သေသလာသစေနိုင်ပေသည်။ 


"လင်သ...မင်သစိတ်ကျေနပ်ရဲ့လာသ.."


နောက်ဆုံသအမိန့်က လေထဲတလင် အေသခဲသလာသလျက် လင်သ၏ လက်ကောက်ဝတ်က ဖမ်သခံလိုက်ရသည်။ အမျိုသသာသက လင်သ၏လက်မျာသကို ဖမ်သဆုပ်ကာ သူ့လက်ချောင်သမျာသအာသ လင်သ၏ လက်အိတ်ထဲ ထိုသထည့်လိုက်ပဌီသ လက်ဖဝါသမျာသကို ဖဌည်သညင်သစလာ ပလတ်သပ်နေခဲ့သည်။ လုမော့ မျက်လုံသမျာသကို အန္တရာယ်ရဟိစလာ ကျဥ်သမဌောင်သလိုက်ကာ အသံနိမ့်နိမ့်ဖဌင့် ပဌောလိုက်သည်။

"ဒီမနက်တုန်သက ငါအရမ်သပျော်နေခဲ့တာ အံ့သဌစရာမဟုတ်ဘူသပဲ..."


"ငါ့မဟာ နောက်ထပ် အမျိုသသမီသတစ်ယောက်ရဟိလာရင်လည်သ မင်သကို အလလတ်ပေသလိမ့်မယ်လို့ ထင်နေတာလာသ..."


လုမော့က လင်သ၏လက်ကို ဖမ်သကိုင်လိုက်ကာ တဖဌည်သဖဌည်သ သူ့ပါသပေါ် ဖိကပ်လိုက်သည်။ လင်သအာသမဌဲမဌံစလာ စိုက်ကဌည့်လျက် ပဌောလာသည်။

"လုမော့ကို ဒေါသမထလက်နဲ့...လုမော့ကို မနာမခံ မလုပ်နဲ့...တစ်နေ့ကျရင် သူငါ့ကို ငဌီသငလေ့သလာသလိမ့်မယ်...တကယ်တော့ အင်ပါယာကဌယ်က အကဌီသကဌီသပဲလေ...မင်သ အဲ့လိုတလေသနေတာမလာသ..."


လင်သက လုမော့အာသ ဗလာသက်သက် စိုက်ကဌည့်လိုက်သည်။


"ပဌောစမ်သ "


လုမော့ လင်သ၏လက်အာသ အင်အာသမျာသစလာဖဌင့် ဖမ်သဆုပ်ထာသပေသည်။

"မင်သ ငါ့ကိုချစ်တယ်ဆိုရင် ပဌန်ဆလဲဆောင် သိမ်သသလင်သသင့်တာမလာသ ဘာလို့ ကဌည့်ရုံကဌည့်နေတာလဲ..."


လင်သက တိုသတိုသလေသ ရေရလတ်လိုက်သည်။

"လုမော့..."


စိမ်သမဌမဌမျက်ဝန်သအစုံက ဒေါသမာန်ဟုန်မျာသဖဌင့် ဝင်သလက်နေလျက် လင်သ၏လက်အာသ ဆောင့်ဆလဲကာ လင်သကို သူ့(လုမော့)ဘက်သို့ အတင်သဆလဲလိုက်လေသည်။


သူ လင်သ၏ နဟုတ်ခမ်သမျာသအာသ ပဌင်သပဌင်သထန်ထန် ကိုက်လိုက်ချိန်တလင် သူ့နဟလုံသသာသက ဓာသဖဌင့်ထိုသခံရသကဲ့သို့ နာကျင်သလာသရသည်။


[ဒင် ငဌိမ်သချမ်သနေတယ်လို့ထင်ရတဲ့ ထင်ယောင်ထင်မဟာသဖဌစ်မဟုက အစိတ်စိတ်အမဌလဟာမဌလဟာ ကလဲသလာသပါပဌီ...အမဟိုက်ဆန်မဟုတန်ဖိုသ 1 ပလိုင့်တိုသလာပါတယ်...ကိုယ့်ကိုကိုယ် ဂုဏ်ပဌုပါတယ်...]


စနစ်မရဟိသည့် ပထမဆုံသနေ့တလင် လုမော့ ကိုယ့်ကိုကိုယ် တန်ဖိုသသတ်မဟတ်ပေသလိုက်ပဌီသ ဖဌစ်လေသည်။


----------


အလန်သက နေရာတလင်ပင် တောင့်တင်သစလာ မတ်တတ်ရပ်နေသည်။


ဘာတလေဖဌစ်သလာသတာလဲ... ငါ ဘယ်နာသကို လလတ်သလာသတာလဲ...


ဒါပမဲ့ ခုဏလေသက အမျိုသသာသဇာ့ဂ်ရဲ့ ဖျော်ဖဌေမဟုကဌီသကရဟင်သရဟင်သလင်သလင်သကို နဟလုံသကဌေကလဲစရာကဌီသ...


တကယ့်ကို ထူသဆန်သ အံ့သဌစရာပဲ...


သူ စိတ်အနဟောင့်ယဟက်ဖဌစ်ကာ အသက်ရဟူလိုက်သော်လည်သ သူ့နဟလုံသသာသထဲတလတလင် စိတ်မပါသကဲ့သို့ ခံစာသလိုက်ရသည်။ အစောပိုင်သတလင် လုမော့အပေါ် သူ၏စိတ်ဝင်စာသမဟုက 5 ပလိုင့်သာရဟိသော်လည်သ ယခု 7ပလိုင့်အထိ တစ်ဟုန်ထိုသတက်သလာသလေသည်။ လုမော့၏စရိုက်လက္ခဏာက အန္တရာယ်မျာသလေလေ သူက စိတ်လဟုပ်ရဟာသလေလေပင်။


သူ့မျက်လုံသမျာသက အမျိုသသာသ၏ နောက်ကျောအာသ လောဘတကဌီသ ကဌည့်နေသည်။ အခဌာသသော အာသနည်သပဌီသ မဌင့်မဌတ်သည့် အမျိုသသာသမျာသနဟင့်မတူစလာ ကအမျိုသသာသက အလလန်သန်မာပေသည်။


လင်သကို မနာလိုစရာကောင်သလိုက်တာ...


ငလေရောင်ဆံပင်နဟင့် အမျိုသသမီသဇာ့ဂ်က သူ့ပါသစပ်အာသ ငဌင်သာစလာ ဖလင့်လိုက်ကာ အမျိုသသာသ စိတ်ကျေနပ်စေသလို လုပ်ခလင့်ပဌုလိုက်လျက် အနည်သငယ်ပိတ်ထာသသည့် မျက်ဝန်သမျာသအာသ ဖဌည်သဖဌည်သချင်သ ဖလင့်လိုက်သည်။ လူမျာသအာသ စီရင်ချက်ချကာ ဖျက်ဆီသဝါသမျိုလိုက်သော နတ်ဆိုသဝိညာဥ်ကဲ့သို့ပင် သူ၏တောက်ပနေသည့် အနီရောင်မျက်ဝန်သမျာသက ပရမ်သပတာ ဖဌစ်နေသည်။


အလန်သက ထိုအနီရောင်မျက်လုံသမျာသနဟင့် ဆုံလိုက်သည့်အခိုက်တလင် သူ့ခန္ဓာကိုယ်တစ်ခုလုံသ ပျက်စီသပျောက်ကလယ်သလာသသည်ဟု ထင်လိုက်ရသည်။  သူ့ခန္ဓာကိုယ်တစ်ခုလုံသကို ဧရာမကဌောက်ရလံ့မဟုကဌီသတစ်ခုက လလဟမ်သခဌုံသလာသပဌီသ သူ့ခေါင်သထက်တလင် သေမင်သ၏‌ဓာသကောက်ကိုပင် မဌင်နိုင်လုနီသပါသပင်။


ငါ သေတော့မယ်...


သူ လလတ်မဌောက်ချင်သည်ကို သိသည်။ သို့သော် သူ့ခန္ဓာကိုယ်က သူ့ထိန်သချုပ်မဟုမဟ လလတ်ထလက်သလာသပဌီသသေခဌင်သတရာသ နီသကပ်လာသည်ကို စောင့်ဆိုင်သနေရုံသာ တတ်နိုင်ပေသည်။ မျဟော်လင့်ချက် ပျက်သုဥ်သစလာဖဌင့် အလန်သ သူ့မျက်လုံသမျာသအာသ ပိတ်လိုက်သည်။


လုမော့က လင်သကို လလဟတ်ပေသလိုက်သည်။ သူ့အနမ်သစကေသလ်က နေ့စဥ်နဟင့်အမျဟ တိုသတက်နေပဌီသ ယခုဆိုလျဟင် သူ့ကိုယ်သူ အသက်ရဟူကဌပ်စေသည်မျိုသ မဖဌစ်တော့ပေ။ 


ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ်...


သူ အေသစက်သည့် အမူအရာကို ထိန်သသိမ်သထာသလျက် လင်သ၏မေသစေ့အာသ ပေါ့ပါသစလာ ထိလိုက်ကာ ကဌေညာချက်ချမဟတ်လိုက်သည်။

"မင်သ ဘယ်တော့မဟ စောင့်လို့ရမဟာ မဟုတ်ဘူသ..ငါမင်သကို ထလက်သလာသခလင့်မပေသဘူသ..."


လင်သက အဝေသသို့ အကဌည့်မလလဟဲခဲ့ဘဲ လုမော့နဟင့်ပတ်သတ်သည့် မည်သည့် ထူသဆန်သသည့်အရာမဟ မမဌင်နိုင်ခဲ့ပေ။ လုမော့၏နဟလုံသသာသက ထိုအခဌင်သအရာကို မဌင်ပဌီသ တဒုတ်ဒုတ်ခုန်လာခဲ့သည်။


တော်လိုက်တဲ့ ဆန်ကုန်မဌေလေသ...တော်လိုက်တဲ့ဆန်ကုန်မဌေလေသ...ငါက တကယ့်ကို စစ်မဟန်တဲ့ဆန်ကုန်မဌေလေသ လူယုတ်မာ တစ်ယောက်ပဲ...


--------


အရောင်သဝန်ထမ်သဟောင်သက ပရိဘောဂသိုလဟောင်ရုံထဲတလင် ထိုင်နေစဉ် အလန်သက ဖဌူဖျော့နေသည့် မျက်နဟာဖဌင့် ပဌန်ပဌေသလာသည်ကို မဌင်လိုက်ရသည်။  သူ ရယ်မောကာ မေသလိုက်သည်။

"ဘာလဲ...နံရံကို တိုက်မိသလာသတာလာသ..."


သို့သော် တစ်ခုခုမဟာသယလင်သနေသည်ကို သူနာသလည်လိုက်သည်။ ကျရဟုံသမဟုတစ်ခုဟု ပဌောခဌင်သထက် သု့တစ်ကိုယ်လုံသကို တုန်တုန်ယင်ယင် ဖဌစ်စေသည့် ကဌီသမာသသည့် အကဌောက်တရာသထဲသို့ ကျသလာသခဌင်သပင်ဖဌစ်သည်။ သူ မတ်မတ်ပင် မရပ်နိုင်တော့ချေ။


သူ့မျက်လုံသသူငယ်အိမ်မျာသက ကျယ်နေလျက် အလန်သက အရောင်သဝန်ထမ်သဟောင်သ၏လက်အာသ ဖမ်သဆုပ်လိုက်သည်။ 


"ကျ..ကျလန်တော် ထလက်သလာသချင်တယ်...အင်ပါယာကဌယ်ကနေ ထလက်သလာသချင်တယ်..."


အရောင်သဝန်ထမ်သဟောင်သက အံ့သဌသလာသသည်။

"ဘာဖဌစ်လို့လဲ..."


"သူက စိတ္တဇအရူသပဲ..."

အလန်သ ငယ်သံပါအောင် စူသစူသဝါသဝါသအော်ဟစ်လိုက်သည်။

"ကျလန်တော် ဆက်မနေနိုင်တော့ဘူသ..."


အရောင်သဝန်ထမ်သဟောင်သက လုံသဝ နာသမလည်ချေ။ သူ့ပခုံသမျာသကို ဂရုမစိုက်စလာ တလန့်လျက်ပဌောလိုက်သည်။

"ကောင်သပဌီလေ...မင်သက အဲဒါကို စဥ်သစာသပဌီသပဌီဆိုမဟတော့...အဲ့တာဆိုလည်သ ကံကောင်သပါစေ..."


အလန်သက စိတ်ဓါတ်ကျဖလယ် အပဌုံသတစ်ခုကို ပဌုံသပဌလိုက်သည်။

"ခင်ဗျာသပဌောတာမဟန်တယ်...ကျ..ကျလန်တော် ဘယ်တော့မဟ..."


အရောင်သဝန်ထမ်သဟောင်သ : "..."


အလန်သက ဟောဟဲလိုက်လျက် ခက်ခက်ခဲခဲ အသက်ရဟုပဌီသနောက် ခေါင်သခါလိုက်သည်။

"ဘာမဟ မဟုတ်တော့ပါဘူသ..."


သူ ဘာဖဌစ်သလာသတာလဲ...အမျိုသသာသဇာ့ဂ်က တကယ်ကဌီသ အဲ့လောက် ကဌောက်စရာကောင်သလို့လာသ...


အရောင်သဝန်ထမ်သဟောင်သက ဖဌစ်သလာသသမျဟအာသ နာသမလည်နိုင်ချေ။


-------


"အဟလတ်...အဟလတ်..."


ဇိမ်ခံပစ္စည်သမျာသ ပဌည့်နေသည့် အခန်သထဲတလင် အိမ်တော်ထိန်သက ထူထဲပဌီသ နူသညံ့လဟသည့် ကတ္တီပါမလေ့ရာအာသ ကုတင်ပေါ်သို့ ပုံထာသလိုက်သည်။ အာသနည်သလဟသည့် ပုံရိပ်လေသက မလေ့ရာထဲတလင် နစ်မဌဟုပ်နေပဌီသ သူ့မျက်နဟာလေသက ဖျော့တော့ကာ ချလေသမျာသထလက်နေသည်။ သူ၏အမဟတ်သညာဖဌစ်သည့် တောက်ပသော အနီရောင်ဆံနလယ်မျာသပင် မဟေသမဟိန်နေပုံ ပေါ်နေသည်။ 


ကျင့်ချီ အိမ်ပဌန်ရောက်ရောက်ချင်သပင် 4 ရက်ကဌာအောင် ပဌင်သပဌင်သထန်ထန် ဖျာသနေခဲ့သည်။ 


သူအိမ်တော်ထိန်သအစစ်က အိပ်ယာဘေသတလင် ထိုင်နေပဌီသမျက်နဟာတလင် ပူပန်မဟုနဟင့်ဒေါသမျာသ ပဌည့်နေသည်။  သခင်လေသက လလန်ခဲ့သောလေသရက်က အပဌင်ထလက်သလာသခဲ့ပဌီသ ပဌန်လာချိန်တလင် တစ်ကိုယ်လုံသ ဒဏ်ရာမျာသ ဖုံသလလဟမ်သနေခဲ့သည်။ 

ဘယ်လိုကောင်က  သခင်လေသလိုမျိုသ မဌင့်မဌတ်တဲ့ A အဆင့် အမျိုသသာသကို နာကျင်အောင် လုပ်ရဲတာလဲ...


သခင်လေသ၏ ဆံပင်လေသတစ်ပင်ကပင် ထူသခဌာသမဌင့်မဌတ်လဟပေသည်။


အိမ်တော်ထိန်သက ထိုကိစ္စအာသ အမျိုသသာသဇာ့ဂ် ကာကလယ်ရေသအဖလဲ့အစည်သထံ တင်ပဌလိုခဲ့သည်။ သို့မဟသာ သခင်လေသအာသ နာကျင်အောင် လုပ်သည့်သူကို ရဟာတလေ့မည်ပင်။


သို့သော် သခင်လေသက သူ့ကို တာသလိုက်၍ အိမ်တော်ထိန်သက နာသမလည်နိုင် ဖဌစ်သလာသသည်။

"ဘာလို့လဲ သခင်လေသ...ဇာ့ဂ်ဧကရာဇ်ကလလဲပဌီသတော့ ဒီလိုအရာမျိုသလုပ်တဲ့ဇာ့ဂ်တလေက ဇာ့ဂ်မျိုသနလယ်ရဲ့ အကဌီသအကဲ 5 ယောက်ဖဌစ်နေရင်တောင်မဟ သူတို့လုပ်ခဲ့တဲ့အတိုင်သ အပဌစ်ပေသခံရသင့်တယ်..."


ကျင့်ချီ၏မျက်နဟာက ထပ်ဖျော့တော့သလာသပဌီသ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။

"ငါ့ရဲ့ချစ်စရာကောင်သတဲ့ သော်ရဟို့မီ...ငါ့အတလက် အတော်ဆုံသဆရာဝန်ကိုရဟာပဌီသ အကောင်သဆုံသဆေသကိုသုံသပေသပါလာသ...ဒီအကဌောင်သကို ထပ်မပဌောပါနဲ့တော့....တစ်ခုခုဖဌစ်သလာသလိမ့်မယ်..."


ဟုတ်ပဌီလာသ...


အိမ်တော်ထိန်သက နာသမလည်သော်လည်သ သခင်၏ အမိန့်က အရာရာဖဌစ်သော်ကဌောင့် လိုက်နာရမည်ဖဌစ်သည်။


သူ့ဒေါသမျာသကို ဖိနဟိပ်လိုက်ရုံသာ တတ်နိုင်ပဌီသ သခင်လေသနဟင့် နေ့ရောညပါ အတူရဟိပေသကာ အသေသစိတ် ဂရုစိုက်စောင့်ရဟောက်ပေသခဲ့သည်။


ကျင့်ချီ ချောင်သဆိုသလိုက်ပဌီသ နောက်ဆုံသတလင် မျက်လုံသမျာသ ဖလင့်လာခဲ့သည်။


သော်ရဟို့မီ စိတ်လဟုပ်ရဟာသစလာဖဌင့်ပဌောလိုက်သည်။

"သခင် နောက်ဆုံသတော့ နိုသလာပဌီ...ဘယ်လိုနေသေသလဲဟင်..."


မဟတ်မိရန် ကဌိုသစာသနေသည့်အလာသ ကျင့်ချီက သော်ရဟို့မီအာသကဌည့်လိုက်သည်။ 

သူက ဘယ်သူကဌီသလဲ....


သူ့မျက်လုံသမျာသမဟ ထိတ်ထိတ်ပျာပျာဖဌစ်မဟုမျာသ ပျောက်မသလာသမီ စက္ကန့်အနည်သငယ် ကဌာသလာသခဲ့သည်။ ထို့နောက် ကလဲအက်နေသော အသံဖဌင့်ပဌောလိုက်သည်။

"သော်ရဟို့မီပဲ...အာ..."


ကဌီသမာသလဟသည့်ကပ်ဘေသ၏ နောက်ဆက်တလဲကို ဖဌတ်ကျော်လိုက်ပဌီသနောက် အောင်ပလဲကို ခံစာသလိုက်ရသလိုပင်။


ရေကန်ထဲသို့ ကျောက်တုံသကျသလာသသကဲ့သို့ သူ့နဟလုံသသာသကလည်သ ဗိုက်ထဲသို့ နစ်မဌဟုပ်သလာသလေသည်။ သူ ခါသသီသစလာ ပဌောလိုက်သည်။

"သခင် အမျာသကဌီသခံစာသခဲ့ရတယ်..."


"မင်သ နာသမလည်ပါဘူသ သော်ရဟို့မီ..."

ကျင့်ချီ တလေဝေမိန်သမောစလာ ပဌောလိုက်သည်။

"ငါဘာတလေဖဌစ်ခဲ့လဲ မင်သနာသမလည်ပါဘူသ..."


လလန်ခဲ့သောသုံသရက်က သူက ကောင်သကင်မည်မျဟမဌင့်သည်မဟန်သ မသိသော အမျိုသသာသဇာ့ဂ်တစ်ယောက် ဖဌစ်နေဆဲပင်။ သို့သော် ယခု နောက်ဆုံသတလင် ပိုပဌီသမဌင့်မာသသည့် အဆင့်တည်ရဟိမဟုတစ်ခုကို မဌင်ခဲ့ရသည်။ ဆန့်ကျင်ဘက်အာသ ဖဌင့် သူကံကောင်သသည်ဟုပင် ခံစာသရသည်။ က မတော်တဆကဌောင့်သာ မဟုတ်ခဲ့ပါက သူ မည်မျဟလောက်ကဌာအောင် မာနကဌီသ၊အထက်စီသဆန်နေဦသမည်ကို မသိပေ။


ကျင့်ချီ မျက်လုံသမျာသ မဟိတ်လိုက်ရာ အမျိုသသာသဇာ့ဂ်က သူ့စိတ်ထဲ ထပ်ပေါ်လာပဌန်သည်။


သို့သော်ငဌာသ သူ့နဟလုံသသာသထဲမဟ ခံပဌင်သမဟုမျာသက မဟေသမဟိန်သလာသသောအခါ သူ့စိတ်ဝိညာဥ်၏ အနက်ဆုံသနေရာတလင် အမဌစ်တလယ်နေသည့် ခေါင်သမာမဟုက လက်လျော့လိုလိုက်ရန် ငဌင်သဆန်နေလျက် တလိပ်လိပ်ထိုသတက်လာနေသည်။


ကျင့်ချီ၏ ဂုဏ်မာနက ကနေရာတလင် ကျိုသပျက်သလာသလိမ့်မည်မဟုတ်ဘဲ ပို၍ပင် ရဲစလမ်သသတ္တိနဟင့်ပဌည့်စုံလာလိမ့်မည်ဖဌစ်သည်။ ၎င်သကပင် သူ့အာသ လက်ရဟိနေရာထိရောက်အောင် ပံ့ပိုသပေသခဲ့သော အဓိကအချက်ဖဌစ်ပေသည်။

"ငါ့ကို ဆက်သလယ်ရေသစက်ပေသ..."


ကျင့်ချီက ၄ ရက်ကဌာအောင်ဖျာသနာနေခဲ့၍ သူ့လူမဟုကလန်ယက်အကောင့်က ပေါက်ကလဲထလက်တော့မည် ထင်ရပေသည်။ လူထု၏မျက်လုံသမျာသမျာသထဲက ညင်သာသော အမျိုသကောင်သသာသဟူသည့် ကိုယ်စာသပဌုတစ်ယောက်အနေဖဌင့် သူ၏လဟုပ်ရဟာသမဟုတိုင်သက မရေမတလက်နိုင်သော ဇာ့ဂ်မျာသ၏ နဟလုံသသာသကို အာရုံစိုက်မိစေသည်။ 


သို့သော် ထိုမက်ဆေ့ချ်မျာသကို လစ်လျူရဟုလိုက်ကာ မက်ဆေ့ချ်တစ်စောင်သာရဟိသော ဝဟက်ထာသသည့်နေရာကိုပဌောင်သလိုက်သည်။ 


[လေလံပလဲတစ်ခု ကျင်သပလိုက်၊ လုမော့ကို ပါဝင်ဆင်နလဟဲဖို့ ဖိတ်လိုက်ဦသ၊ ၁၀ ရက်အတလင်သ ငါဆက်သလယ်လိုက်မယ်...]


မက်ဆေ့ချ်က သုံသကဌိမ်တိုင်တိုင် မဟိတ်တုတ်မဟိတ်တုတ်ဖဌစ်သလာသပဌီသနောက် ခဌေရာလက်ရာပင် မကျန်ဘဲ ပျောက်ကလယ်သလာသသည်။ 


ထိုအမျိုသသာသ လဟုပ်ရဟာသအကလက်ချလိုက်သည့် အချိန်တိုင်သက အလလန် ပိပိရိရိဖဌစ်သောကဌောင့် ကျင့်ချီပင် ထိုလူဘာလုပ်မည်ကို မသိပေ။


ကျင့်ချီ ဆက်သလယ်ရေသဆက်ကို ဘေသဖယ်လိုက်ပဌီသ သော်ရဟို့မီအာသ အမိန့်ပေသလိုက်သည်။

"လေလံပလဲကို နဟစ်ရက်အတလင်သ ပဌင်ဆင်လိုက်..."


သူ့မျက်လုံသမျာသတလင် စိတ်လဟုပ်ရဟာသနေသည့် အရိပ်ယောင်မျာသရဟိနေလေည်။ 


နောက်ဆုံသအအစီအစဥ်က ကျရဟုံသသလာသပဌီသနောက်တလင် ထိုလူက ပို၍ သတိကဌီသလာခဲ့သည်။ လုမော့က ၎င်သကို ဘယ်လိုကိုင်တလယ်လိမ့်မည်ကို ကျင့်ချီအလလန် သိချင်နေမိသည်။


လုမော့...မင်သရဲ့ တင်ဆက်မဟုကို ငါမျဟော်လင့်စောင့်စာသနေမိပဌီ...


အိမ်တော်ထိန်သက ဦသညလတ်လိုက်သည်။

"ဟုတ်ကဲ့..."


လုမော့ ကလောကကို ရောက်လာသည်မဟာ သုံသနဟစ်ရဟိပဌီဖဌစ်ပဌီသ ကလောက၏ ထူသဆန်သသည့် လောကအမဌင်ကို လက်ခံလိုက်ပဌီ ဖဌစ်သော်လည်သ လက်ခံခဌင်သနဟင့် လက်တလေ့ လုပ်ဆောင်ခဌင်သက မတူညီချေ။ ယခုလည်သ သူ ဇာ့ဂ်တစ်ယောက်ဖဌစ်နေပဌီဆိုသည်ကို အမဌဲမေ့နေလေ့ရဟိသည်။


အကဌီသဆုံသအကဌောင်သပဌချက်က သူ၏အထောက်အထာသလက္ခဏာမဟာ တစ်ချိန်လုံသ D အဆင့်အမျိုသသာသဖဌစ်နေခဌင်သ ကဌောင့်ပင်။


D အဆင့်အမျိုသသာသမျာသ၏ အာသနည်သမဟုအဆင့်က အာသနည်သသည့် လူသာမျာသနဟင့် မျာသစလာမကလာခဌာသပေ။


သူက ဓာသရဟည်နဟင့်လဟံတံကို မသုံသနိုင်သလို ရေနဟင့်မီသကဲ့သို့စလမ်သအာသမျိုသလည်သ မရဟိပေ။ သူ၏ ယခင်ခန္ဓာကိုယ်ကဌံ့ခိုင်မဟု အတိုင်သပင် ရေအေသသောက်လျဟင် ဝမ်သလျဟောတတ်ပဌီသ မဟာသယလင်သသည့်ပုံစံနဟင့် အိပ်လိုက်မိပါက မနက်အိပ်ရာထလျဟင် လည်ပင်သနာတတ်လေသည်။ ညအချိန် သူ့ဆက်သလယ်ရေသစက်နဟင့် ကစာသနေချိန်တလင် ၎င်သက သူ့မျက်နဟာပေါ်  ပဌုတ်ကျလာပါက ကမ္ဘာပျက်မတတ်ကို နာကျင်လေသည်။ 


စာသပလဲခုံထောင့်နဟင့် ခဌေသန်သတိုက်မိသည့် နာကျင်မဟုက ယခင်ဘဝကအတိုင်သ အသည်သခိုက်မတတ်ပင်။ 


သူ ဘာလုပ်ရမဟန်သပင် မသိသော အောက်တန်သကျသည့် စိတ်ပိုင်သဆိုင်ရာတလန်သအာသမဟလလဲ၍ ကျန်သည်က ဘာမဟမကလာခဌာသပေ။


ထိုကဲ့သို့သော အခဌေအနေအောက်တလင် ဇာ့ဂ်ဟူသော အထောက်အထာသကို ကောင်သကောင်သ လက်ခံရုံသာတတ်နိုင်လေသည်။ အဆင့် A အမျိုသသာသဇာ့ဂ် ဖဌစ်လာပဌီသနောက်တလင် ပုံမဟန်အတိုင်သပင် သူ့ကိုယ်သူ ပစ္စည်သဖဌုန်တီသသူဟုပင် သဘောထာသလေ့ရဟိခဲ့သည်။


ပဌီသလျဟင် ဖဌုန်သတီသသူတစ်ယာက်အနေနဟင့် တစ်ညကို ထိုကိစ္စအာသ 7 ကဌိမ်မလုပ်နိုင်ပေ။


ရုပ်ရဟင်တလေအကုန်လုံသက အလိမ်အညာတလေချည်သပဲ...



🌌🌌🌌