Chapter 38
Viewers 2k

🌌 Chapter 38



"လူကြီးမင်းလု ကျေးဇူးပြုပြီး ဒီကိုကြည့်ပါ..."


နေမင်းကြီးက တောက်ပနေလျက် မွန်းတည့်လုနီးပါအချိန်ကို ညွှန်ပြနေသည်။ လုမော့၏ပုံက သုံးနှစ်တာ ရေကြီးပြီးနောက် သုံးနှစ်တာ မိုးခေါင်ရေရှားနေသကဲ့သို့ပင်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများက "ငါ အရမ်း စိတ်မချမ်းမသာ ဖြစ်နေတယ်" ဟု ဖော်ပြနေလေသည်။


အဖမ်းခံလိုက်ရသည့် ဝရမ်းပြေးကဲ့သို့ အစိမ်းရောင်သန်းနေသော သူ့မျက်နှာက အရည်အသွေးမြင့် ကင်မရာထဲတွင် ပေါ်လာခဲ့သည်။ ရဲစခန်းရှိ ဓာတ်ပုံဆရာက သူ့ ပစ္စည်းကိရိယာကို သယ်ဆောင်လာကာ လုမော့အား နွေးထွေးစွာ ပြုံးပြလိုက်သည်။

"လူကြီးမင်းလု… ဒီစာသားတွေကို ဖတ်နိုင်လား..."


လုမော့ : "..."


မက်ချယ်အား အကျဥ်းထောင်သို့ ဦးစွာပို့လိုက်ပြီးဖြစ်သော်လည်း  ကိစ္စတစ်ခုဖြစ်သွား၍ လုမော့၏ ဆုကြေးက အလှည့်အပြောင်းများ ရှိသွားခဲ့သည်။


လူမှုကွန်ယက်၏ ခေတ်စားမှုနောက်ကိုလိုက်ရန် ဇာ့ဂ်များအတွက် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရန်နှင့် လူ့ကျင့်ဝတ်ဖွဲ့စည်းတည်ဆောက်မှုအား မြှင့်တင်ပေးရန် လုမော့က ဤနေရာတွင် ခေတ္တနေနေ၍ ဇာတ်လမ်းအတိုလေး ရိုက်ကူးပေးရန် မျှော်လင့်နေမိပါကြောင်း ရဲအရာရှိက ပြောလာခဲ့သည်။


လုမော့က ရဲအရာရှိအား အေးစက်စွာ ကြည့်လိုက်သည်။

"တကယ်လို့ ငါငြင်းမယ်ဆိုရင်ရော..."


ရဲအရာရှိက ပြုံးကာပြောလိုက်သည်။

"ဇာ့ဂ်တွေရဲ့ ရည်ရွယ်ချက်ကောင်းတွေကို လစ်လျူမရှုလိုက်ပါနဲ့...ဆုကြေးကို ရဲကားအစီးရေ ရာပေါင်းများစွာနဲ့ လိုက်ပါစောင့်ရှောက်ပြီး လူကြီးမင်းအိမ်ကို သုံးရက်အတွင်း ပို့ပေးမှာပါ... လူကြီးမင်း ဘာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ခဲ့လဲဆိုတာ အင်ပါယာကြယ်က ဇာ့ဂ်အကုန်လုံး သေချာသိသွားအောင် မောင်းတွေ၊ ဒရမ်တွေတီးပြီးကို ကြေညာပေးဦးမှာပါ...ကျွန်တော့်ကိုသာ ယုံလိုက်ပါ...လူကြီးမင်းရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေကို သိပ်မကြာခင် ဇာ့ဂ်တွေအကုန် သိသွားကြမှာ..."


လုမော့ : "..."


လုမော့ သူ့လက်အား ရဲအရာရှိထံ ဆန့်ထုတ်လိုက်သည်။

"အရမ်း ဒုက္ခခံစရာမလိုပါဘူး...ပိုက်ဆံကို စိစစ်တတ်ရမယ်လေ...အသုံးအဖြုန်းကြီးပြီး လက်ဖွာတယ်ဆိုတာတွေက မကောင်းတဲ့ အမူအကျင့်တွေပဲ..."


ရဲအရာရှိက အလွန် ရင်ထဲထိသွား၍ မျက်လုံးတွင် မျက်ရည်များ ဝဲလာခဲ့သည်။

"အခုခေတ်မှာ လူကြီးမင်းလို အမျိုးသားတွေက အရမ်းကို ရှားသွားပြီ..."


ဇာ့ဂ်နှစ်ယောက်တွင် အလွန် ရင်းနှီးဖော်ရွေသည့် တွေ့ဆုံမှုတစ်ခု ရှိနေကြလျက် အမြင်များက သဟဇာတဖြစ်ပြီး တူညီသည့်ပန်းတိုင်ကို ရောက်လုနီးပါးပင် လိုက်ဖက်ညီနေကြသည်။ 


နေရောင်ရှိနေသော်လည်း 'ပေါ့ပ်' ဟူသည့်အသံနှင့်အတူ မီးမောင်းထိုးလိုက်သည်။ ဤကဲ့သို့ မီးအလင်းရောင်နှင့် ရိုက်ကူးနေလျှင်ပင် လုမော့၏ မျက်နှာထားက သူတို့ အလွန်ချွတ်ခြုံကျနေသည်ဟု ပရိတ်သတ်များအား လွယ်လွယ်ကူကူပင် ထင်သွားစေနိုင်သည်။ ဒေဝါလီခံရတော့မည့် သဏ္ဍာန်နှင့် အလားတူသွားစေလျက် ရိုက်ကူးရေးက ရဲစခန်း၏ နာမည်ဂုဏ်သတင်းအား ထိခိုက်သွားစေလိမ့်မည် ဖြစ်သည်။


ရဲအရာရှိက စာထွင်းထားသည့် ပျဥ်ချပ်ကို ကိုင်လျက် ဘေးသို့ ခုန်လိုက်သည်။

"လူကြီးမင်းလု ဒီကိုကြည့် ဒီကိုကြည့်..."


လုမော့ ယခင်က ဤအခြေအနေကို ကြုံဖူးသကဲ့သို့ ခံစားလျက် အသက်ပြင်းပြင်းရှုလိုက်ကာ သူ၏လေးလံနေသည့် နှလုံးသားအား ရှင်းရှင်းလင်းလင်းထားလိုက်သည်။ နှစ်ကုန်တွေ့ဆုံပွဲတွင် ကုမ္ပဏီ၏ ကျော်ကြားမှုကို မှင်သေသေမျက်နှာထားဖြင့် ချီးမွမ်းနေသည့်ပုံနှင့် အလွန့်အလွန်တူသည်ဟု လုမော့ တွေးလိုက်မိသည်။ သူ တည်းဖြတ်သူအား ထိုအပိုင်းကို ဖြတ်ထုတ်ခိုင်းရပေမည်။ ၎င်းက သူတို့၏ နောက်ဆုံး အပေးအယူပင် ဖြစ်သည်။


--------


[အကျဥ်းထောင်ထဲတွင်]


"ဝင်လိုက်..."


မက်ချယ် တွန်းထုတ်ခံလိုက်ရကာ အေးစက်နေသည့်အခန်းထဲသို့ လဲကျသွားသည်။ သူ့ပခုံးက မာကျောနေသည့် နံရံနှင့် ရိုက်မိသွားကာ အသံအကျယ်ကြီး ထွက်လာခဲ့သည်။ 


ဤနေရာမှ အကျဥ်းထောင်ပေါက်ဝထိ စစ်ဆေးမှုများစွာကို ဖြတ်ကျော်ရမည်ဖြစ်ကာ စစ်ဆေးမှုတစ်ခုချင်းစီကို အထူးအကျဥ်းထောင်စောင့်တစ်ယောက်က ဖွင့်ပေးရန် လိုအပ်သည်။ ထို့ပြင် ဤအခန်းအား အရည်အသွေးမြင့် သတ္တုများဖြင့် တည်ဆောက်ထားသည်။ အခန်းတစ်ခုလုံးက လေလုံကာ ဤအထဲတွင်နေချိန်တွင် အချိန်ကုန်လွန်သွားမှန်းပင် ခံစားရမည် မဟုတ်ဘဲ တစ်နေ့ သုံးနပ် အစာစားချိန်ကိုသာလျှင် ရေတွက်နိုင်ပေသည်။


အရက်စက်ဆုံး ရာဇဝတ်သားများသာလျှင် ထိုကဲ့သို့အဆင့်မြင့် စောင့်ကြပ်မှုကို ရရှိလေသည်။


မက်ချယ်တွင် များပြားလှသည့် ပြစ်မှုများရှိပြီး ထွက်ပြေးလွတ်မြောက်သွားသည့် မှတ်တမ်းလည်း ရှိခဲ့သည်။ ယခုအကြိမ်တွင်မူ သူက တရားစီရင်မှု ခံရပေလိမ့်မည်ပင်။


"အရမ်း ကြမ်းတမ်းတာပဲ..."


မက်ချယ် ထိုင်၍ သူ့လည်ပင်းအား လှည့်လိုက်ရာ အဆစ်များက တဖြောက်ဖြောက် မြည်သွားခဲ့သည်။ သူ၏သေးသွယ်သည့် လျှာအား ထုတ်ကာ နှုတ်ခမ်းကို လျက်လိုက်လျက် တံခါးဝရှိ အကျဥ်းထောင်စောင့်အား ပြုံးပြလိုက်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား...A အဆင့်အမျိုးသမီးကို ငါဘယ်လိုသတ်ခဲ့လဲ ဆိုတာရော သိလား..."


"သူ့အတောင်ပံတွေကို ဆွဲခွာပြီး ခြေလက်တွေကိုလည်း ဖြတ်ပစ်လိုက်တယ်...သူ့ကို သံချောင်းနဲ့ မြေကြီးပေါ် ထိုးချလိုက်တယ်...အဲ့လိုမှ သူက လူးလွန့်ပြီး အော်ဟစ်နေမှာလေ...တကယ်ကို ကြည့်လို့ကောင်းတဲ့ ပြကွက်တစ်ခုပေါ့..."


"ခဏလေးပဲ စောင့်ပေး...ငါမင်းကို သူ့ထက် ပိုအော်အောင် သေချာပေါက်လုပ်ပေးမယ်..."

မက်ချယ်က လှောင်ပြုံးတစ်ခုနှင့် ပြောလိုက်သည်။


ထောင်စောင့်က သူ့ဦးထုပ်အား ပြန့်ပြန့်ပြူးပြူး ဖြစ်စေရန် ဆန့်လိုက်သည်။ သူ့မျက်နှာသွင်ပြင်က ကြည်လင်ပြီး ထက်မြနေကာ တစ်နှစ်ပတ်လုံးနေရောင် မထိတွေ့ရသည့်အတွက် အသားအရေက ထွင်းဖောက်လုနီးပါး ဖျော့တော့နေပေသည်။ သူ့မျက်နှာက အေးစက်ပြီး ခက်ထန်သည့် သူ့စရိုက်အား ဖော်ပြနေသည်။


မက်ချယ်၏စကားများကို နားထောင်ပြီးနောက် သူ၏ ရက်စက်သည့် အမူအကျင့်များအကြောင်းကို သူ့(ထောင်စောင့်)အား ပြောနေသည်ကို မကြားသည့်အလား မျက်နှာအမူအရာက အနည်းငယ်ပင် ပြောင်းလဲမသွားချေချေ။  


"ကွပ်မျက်တာကို သုံးရက်အတွင်း လုပ်လိမ့်မယ်...နောက်ဆုံး အစားအသောက်အနေနဲ့ စားချင်တာတစ်ခုခုရှိရင် ကျေးဇူးပြုပြီး ငါ့ကိုအသိပေးပါ..."

ထောင်စောင့်က ပြောလိုက်သည်။


သူ တစ်ခဏမျှကြာအောင် ထိုနေရာတွင် ရပ်ကာ စိတ်ရှည်စွာ စောင်းဆိုင်းနေခဲ့သည်။ သို့သော်လည်း သူကြားရသည်က မက်ချယ်၏ ရက်စက်ကြမ််းတမ်းသော ကျိန်ဆဲနေမှုများပင်။


ထောင်စောင့်က ပြောလိုက်သည်။

"မင်းဘက်က ဘာမှ တောင်းဆိုစရာ မရှိဘူးဆိုတော့ ကျွန်တော်တို့က ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းတိတိကျကျ ဆက်လုပ်ရပါလိမ့်မယ်..."


သူ့ရှေ့ရှိ သတ္တုတံခါးက ဖြည်းညင်းစွာ ပိတ်သွားသည်။ စီရက်ချက် မချမချင်းတွင် သူ့ဘဝ၏  နောက်ဆုံးလက်ကျန် သုံးရက်အား ဤနေရာတွင် ကုန်ဆုံးရပေလိမ့်မည်။


အခြေအနေက တစ်ခုခုမှားနေတယ်...


မက်ချယ် တခစ်ခစ် ရယ်မောလိုက်သည်။ ရဲကားပေါ်တွင် သူ တိတ်ဆိတ်နေခဲ့သည်မှာ သူ့ကံကြမ္မာအား ကြိတ်မှိတ် လက်ခံလိုက်သောကြောင့် မဟုတ်ပေဘဲ ထိုအမျိုးသားထံမှ မက်ဆေ့ချ်ရခဲ့သောကြောင့်ပင်။


[ငြိမ်ငြိမ်လေး စောင့်နေ...မင်းအတွက် ပြစ်ဒဏ်အစားခံပေးမယ့်သူကို သုံးရက်အတွင်း ရှာတွေ့လိမ့်မယ်...]


၎င်းက ထိုအရှင်သခင်၏ပုံစံပင်။ မင်းက သူ့အတွက် အလုပ်လုပ်ပေးနေသရွေ့ သူက မင်းကို စွန့်ပစ်လိုက်မည် မဟုတ်ပေ။ လက်အောက်ငယ်သားတိုင်းကို ထည့်တွေးစဥ်းစားပေးတတ်သည့် ခေါင်းဆောင်တစ်ယောက်ကဲ့သို့ပင်။ မက်ချယ်ကဲ့သို့ ယုတ်မာသည့်လူဆိုးတစ်ယောက်ကပင် ထိုအရှင်သခင်အား ထက်သန်ပြင်းပြစွာ ကြည်ညိုလေးစားလျက် သူ့အတွက် သေပေးရန်ပင် ဆန္ဒရှိသည်။


မက်ချယ် ခန္ဓာကိုယ်အား ဖြေလျော့ကာ မြေပြင်ပေါ်တွင် လှဲလျောင်းနေလိုက်သည်။ ငွေဖြူရောင်မျက်နှာကျက်အား သူ၏တြိဂံမျက်ဝန်းတစ်စုံနှင့် စိုက်ကြည့်ကာ သူ့အစီအစဥ်၏ နောက်အဆင့်အား စတင်လိုက်သည်။


လင်း...


ထို အမျိုးသမီးဇာ့ဂ်၏ အားနညမးချက်ကို သူနောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။ သို့သော် လုမော့အား သတ်လိုက်ရုံက  လွယ်ကူလွန်းနေပေသည်။ မှုန်မှိုင်းသည့် ဓားတစ်လက်ကိုသုံး၍ အသွေးအသားများကို လှီးဖြတ်ကာ သူ့ပစ်မှတ်အား ဖြည်းညှင်းစွာ နှိပ်စက်ညှင်းပန်းရခြင်းကို မက်ချယ်ပို၍ နှစ်သက်ပေသည်။ 


ဤတစ်ကြိမ်က သူ၏ ပေါ့ဆမှုပင် ဖြစ်သည်။ သူ့ပစ်မှတ်၏ စရိုက်လက္ခဏာကို နားမလည်ဘဲ အခြားသော အမျိုးသားဇာ့ဂ်များကဲ့သို့ပင် တုံးအနေသည့် ဝက်ငတုံးဟု ထင်ထားခဲ့သည်။


ဤအမျိုးသားဇာ့ဂ်က ခန့်မှန်းထားသည်ထက် ပို၍ ထက်မြက်သည်ဟု အရှင်သခင်က သူ့အား သတိပေးခဲ့သည်မှာ အံသြစရာမဟုတ်တော့ပေ။ 


သို့သော် မည်သည့်ကိစ္စပင် ဖြစ်ပါစေ နောင်တစ်ကြိမ်တွင်မူ ယခင်က သူလုပ်ခဲ့သကဲ့သို့ ပို၍ သတိထားရလိမ့်မည် ဖြစ်သည်။ အမျိုးသားဇာ့ဂ်၏ နှစ်သက်မှုကို လုံးဝ ဆုံးရှုံးလိုက်ရသည့် လင်း၏ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကို မြင်ရရန် စောင့်နိုင်ပေသည်။


ထိုသို့တွေးလိုက်ပြီးနောက်တွင် မက်ချယ်၏ လည်ပင်းအနောက်က အလွန်အမင်း ပြင်းထန်စူးရှလှသည့် စပ်ဖျင်းဖျင်းဝေဒနာကို ခံစားလိုက်ရသည်။ သူအလိုအလျောက် ထိုနေရာကို လက်ဖြင့်ရိုက်လိုက်ရာ ကြေနေသော တကျိကျိအသံရှိသည့် ပိုးကောင်လေးက သူ့လက်တွင် ပါလာခဲ့သည်။ 


သူ့လက်ထဲမှ တစ်စစီကြေမွနေသည့် ပိုးကောင်လေး၏ အကြွင်းအကျန်များကို ကြည့်လိုက်ပြီး မက်ချယ် မျက်မှောင်ကြုတ်လိုက်သည်။ 

ဒီလိုမျိုး အကျဥ်းထောင်ထဲမှာ ပိုးကောင်တွေ ရှိနိုင်လို့လား...


ဒိတ် ဒိတ် ဒိတ် ဒိတ်…


သူ့နှလုံးက လည်ချောင်းမှ ခုန်ထွက်လာတော့မတတ် ပြင်းထန်စွာ ခုန်လာခဲ့သည်။  မက်ချယ်၏ မျက်လုံးများက ပြူးကျယ်စွာ ပွင့်လျက် သေခြင်းတရားထဲရောက်နေသည့်အလား လည်ပင်းအား ဖမ်းဆုပ်လိုက်သည်။

"ကယ်ကြပါဦး..."


တစ်စုံတစ်ခုက သူ့စိတ်စွမ်းအင်ပင်လယ်ထဲသို့ ဝင်လာခဲ့ပြီး သူ့စိတ်စွမ်းအင်ပင်လယ်က နှစ်ခြမ်းကွဲသွားသည့်အလားပြင်းပြင်းထန်ထန် နာကျင်လာခဲ့သည်။ 


နာတယ်..နာတယ်...အရမ်းနာတယ်...


မြေပြင်ပေါ်တွင် ပြင်းပြင်းထန်ထန် လူးလှိမ့်နေပြီး လက်သည်းများက နှစ်ခြမ်းအက်ကွဲနေသော်လည်း သူက မခံစားမိချေ။ သူ့စိတ်စွမ်းအင်ပင်လယ်ထဲမှ နာကျင်မှုက အရာရာတိုင်းထက် ပိုအလေးသာနေခဲ့သည်။


သူရှေ့သို့ တိုးသွားကာ ဂိတ်တံခါးဝသို့ လက်ဆန့်ထုတ်လိုက်လျက် စိတ်မချမ်းမြေ့စရာကောင်းလောက်အောင် အော်ဟစ်လိုက်သည်။

"ကယ်ကြပါ…"


စိတ်မချမ်းမြေ့စရာ အသံကြီးက အကျဥ်းထောင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သို့သော်ငြား မည်သူမှ သူ့အား လာရောက်မကယ်တင်ကြပေ။


မက်ချယ်က သူနှင့်ထိုက်တန်သည့် အရာကို ရရှိသွားခဲ့သည်။ သို့သော်ငြား ၎င်းက သူ၏ ပြစ်မှုများအတွက် မလုံလောက်သေးပေ။


ခံစားခဲ့ရသော လူများအတွက် အနည်းငယ်သော ပြန်ပေးဆပ်မှုလေးသာ ဖြစ်သည်။


မက်ချယ်၏ အသံက မောပန်းပြီးပျောက်ကွယ်သွားသည့်တိုင်အောင် ကံကြမ္မာဘီးလုံးတွင် ရှိသော ကျောက်ရိုင်းတုံးလေးများထဲမှ တစ်ခုက 'ခရက်' ဆိုသည့် အသံနှင့်ကွဲကြေသွားပြီး ပြာမှုန်များအဖြစ်သို့ပြောင်းလဲသွားသည်။


----------


[စုန့်ကျန်းရှူး၏ အဓိကဇာတ်လိုက်ရောင်ဝါ ပြန်လည်ကောင်းမွန်လာခြင်း ပြီးဆုံးသွားပါပြီပြီ...]


[လက်ရှိ ပြန်ကောင်းလာမှု အခြေအနေ - 25%]


လုမော့၏ လှုပ်ရှားမှုများ တန့်သွားသည်။


စနစ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

[မင်း စပ်စုချင်နေတယ်မလား အာ...အစောကြီး ငါဘယ်လို လွတ်လာပါလိမ့်ဆိုပြီးလေ...]


လုမော့ လျင်မြန်စွာ ငြင်းလိုက်သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါရဲ့အရင်းနှီးဆုံး သူငယ်ချင်းလေးရဲ့...မင်း ပြန်လာတာ အရမ်းကောင်းတယ်...မင်းမရှိတဲ့ရက်တွေဆို... ငါအရမ်းကို ဝမ်းနည်းနေခဲ့တာ...


[ဟား ဟား...]


စနစ်က မကျေနပ်မှုများဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

[မင်း တကယ်ပဲ မင်းရဲ့တောင်းပန်မှုကို ဖော်ပြချင်တယ်ဆိုရင်လည်း ငါ့ရဲ့ဝန်ဆောင်ခကို တိုးမြှင့်ပေးလိုက်လေ...ငါ့ရဲ့လက်ရှိဝေစုက 30% ပဲရှိတာ စနစ်တွေအားလုံးထဲမှာ ငါက အရမ်းတာဝန်ကျေပွန်တယ်ဆိုတာကို မင်းသိရမယ်...40% ထိသာ တိုးပေးမယ်ဆိုရင် ငါ့ကို ထိခိုက်အောင်လုပ်တာကို မင်းကို ခွင့်လွှတ်ပေးလိုက်မယ်...]


လုမော့ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

အဆင်ပြေပါတယ်...ငါ့ရဲ့ အမှိုက်ဆန်မှုတန်ဖိုးအားလုံးကို မင်းကိုပေးနိုင်တယ်...


[တကယ်..တကယ်ကြီးလား…]


စနစ်၏အသံက  ပျော်ရွှင်သည်ကို ဖော်ပြနေသည်။

[ကောင်းပြီလေ...ငါ့ရဲ့နောက်ဆုံးပိုင်ရှင်ထက် နည်းနည်း ဆိုးရွာနေပေမဲ့ မင်းက ပိုင်ရှင်ကောင်း တစ်ယောက်ဖြစ်တာကိုတော့ ငါဝန်ခံပါတယ်...မင်း ငါ့ကို အရမ်းချစ်တာကို မြင်ပြီး ငါ 50 %ပဲယူပါတော့မယ်လေ...]


လုမော့ : အမ်း...ဟမ်း...


သူ့ခေါင်းကို လှည့်ကာ လင်းကိုအော်ပြောလိုက်သည်။

"လင်း TV ရီမုဒ်က ဘယ်နေရာမှာလဲ..."


လင်းက သူ့ဘေးမှ ဆိုဖာတွင်ထိုင်နေပြီး သူ့လက်ကိုလုမော့ထံ ဖြန့်ပြလိုက်သည်။

" နေရာတိုင်းကိုကြည့်ပြီးပြီ...မတွေ့ဘူး…"


လုမော့ သူ့အား သံသယဝင်စွာ ကြည့်လိုက်သည်။

"မတ်တတ်ထလိုက်..."


လုမော့က ဆိုဖာကြားက နေရာလွတ်လေးထဲသို့ လက်နှိုက်ကာ သူတို့ တစ်နာရီကျော်မျှ ကြာအောင် ရှာမတွေ့ခဲ့သော ရီမုဒ်အား ဆွဲထုတ်လိုက်ပြီး ယခု လင်းရှေ့သို့ ရောက်လာခဲ့သည်။


လင်း မျက်ခုံးပင့်လိုက်သည်။

"အမျိုးသားသခင်က တကယ်ကို အမြော်အမြင်ရှိပြီး ထက်မြက်တာပဲ..."


လုမော့က လှုပ်လှုပ်ရွရွဖြစ်ကာ စက်ဆုပ်ရွံရှာစွာ ပြောလိုက်သည်။

"ဘာမှ မှန်မှန်ကန်ကန် မလုပ်နိုင်တဲ့ အမျိုးသမီးဇာ့ဂ်က ငါ့ကို နေ့တိုင်းဒုက္ခပဲ ပေးနေတာပဲ...ငါ မင်းကို လုံလောက်အောင် မကျွေးမွေးထားလို့လား...မင်းက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ နတ်ဆိုးလေးပဲ..."


လုမော့က ထိုကဲ့သို့သောအရာကို ပြောမည်ဟု မမျှော်လင့်ထားသည့်အလား လင်းက လုမော့အား အံ့သြစွာကြည့်လိုက်သည်။ အံ့အားသင့်သွားလျက် သူ့နားရွက်ထိပ်လေးများက တဖြည်းဖြည်း အနီရောင်ကို ပြောင်းသွားသည်။

"မင်း ဘယ်ကနေ သင်လာခဲ့..."


လုမော့၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ့မေးစေ့အား လင်း၏ ပခုံးပေါ်တင်လိုက်လျက် လင်း၏နားထဲသို့ တီးတိုးလေးပြောလိုက်သည်။


သူ့ခင်ပွန်းအား မည်သည့်မျက်နှာထားနှင့် မျက်နှာချင်းဆိုင်ရမည်ကို မသိဘဲဖြစ်နေလျက် လင်းက လုမော့ ၏ အင်္ကျီထောင့်အား လှမ်းဆွဲလိုက်သည်။ 


သူကဲ့သို့ အမျိုးသမီးဇာ့ဂ်တစ်ယောက်အတွက်မူ ပို၍ ပွင့်လင်းရိုင်းစိုင်းသော စကားများအား ကြားဖူးပေသည်။ အခြားသူများက သူကဲ့သို့ ဝေါဟာရမကြွယ်ဝသည်ကိုပင် မဆိုနှင့် လင်းကပင် အချိန်ကြာမြင့်စွာ  ၎င်းအား မမြင်ယောင်ဆောင်ခဲ့လေသည်။


မည်သို့ပင်ဆိုစေ လုမော့၏မျက်လုံးများ တောက်ပလျက် ထိုကဲ့သို့ ထူးဆန်းသည့်မျက်နှာထားနှင့် ထိုညစ်ပတ်သည့် စကားလုံးများအား ပြောလာသည့်အခါ လင်း၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။


မိခင်နတ်ဘုရားမရေ...


သူက ဘယ်လိုလုပ်ပြီး ဒီလောက်ချစ်စရာကောင်းရတာလဲ...


လင်း ညည်းတွားလိုက်ပြီး နောက်ဆုံးတွင် မတတ်နိုင်စွာပင် သူ့လက်ခုံနှင့် မျက်လုံးများအား ဖုံးကွယ်လိုက်ရကာ အခြားလက်တစ်ဖက်ဖြင့် လုမော့၏ပခုံးကို ဖိလျက် အားနည်းပျော့ပြောင်းစွာ ပြောလိုက်သည်။

"သခင် ကျေးဇူးပြုပြီး အဲ့လိုတွေ မပြောပါနဲ့..."


လုမော့ ချက်ချင်းပင် သတ္တိများရှိလာသည်။၊


ဤအရာအားလုံးက စနစ်၏စုဆောင်းမှုထဲရှိ စာအုပ်များမှ လေ့လာထားခဲ့ခြင်းဖြစ်သည်။ စနစ်က သူ့အား ခဏတာ ထားသွားခဲ့သော်လည်း လုမော့က စနစ်၏ လေ့လာသင်ယူခြင်းကို နှစ်သက်သည့် အမွေဆက်ခံခဲ့ပေသည်။ 


လင်း၏ နားကို ကိုက်လိုက်ပြီး သူ အသစ်သင်ယူထားသော ဝေါဟာရများကို တတွတ်တွတ် ရေရွတ်လိုက်သည်။


လင်း၏မျက်နှာက နီသထက်နီလာကာ နောက်ဆုံးတွင် တောင့်မခံနိုင်တော့ချေ။ သူ လုမော့အား ညင်သာစွာ တွန်းထုတ်လိုက်သည်။


"သခင် TV မကြည့်ချင်ဘူးလား..."


သူ၏အနီရောင် မျက်လုံးများက အနည်းငယ် စိုစွတ်နေသည်မှာ နှင်းစက်နှင့် ဖုံးအုပ်ထားသော သလဲသီးလေးများကဲ့သို့ပင်။ 


လုမော့ ပြန်ထိုင်ကာ စိတ်မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ...ချစ်ရတဲ့အိမ်သူဘုရင်မလေး...မင်းကအမြဲအဲ့တိုင်းပဲ ဝန်ခံဖို့ငြင်းနေပေမဲ့ မင်းခန္ဓာကိုယ်ကတော့ အရမ်းကို တက်ကြွနေတာပဲ...အဲ့ဒါက တကယ်ကြီး ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာပဲ..."


လင်း : "..."

ဟုတ်ပါပြီ ...ကောင်းပါပြီ... ငါ တခြား ဘာဘာများပြောနိုင်ဦးမှာလဲ...


လုမော့၏စိတ်ထဲတွင်မူ စနစ်က အော်ဟစ်နေခဲ့သည်။

[လုမော့ မင်းဘာတွေလုပ်လိုက်တာလဲ… ဘာလို့မင်းရဲ့ အမှိုက်ဆန်မှုတန်ဖိုးတွေ အကုန် နှုတ်ခံလိုက်ရတာလဲ...ငါထွက်သွားတုန်းက နည်းနည်း ကျန်နေသေးတာကို ငါ ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိတယ်ကွ...]


လုမော့ TV အားဖွင့်လိုက်သည်။

ကြည့်ရတာ ဒါကြောင့်နေမှာပေါ့...


အချိန်က 7 နာရီ ရှိနေပြီဖြစ်ကာ ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်မှု စတင်နေပြီ ဖြစ်သည်။


ကမ္ဘာက ခြားနားသွားသော်လည်း အချို့သော ထူးဆန်းသည့် အချက်အလက် သေးသေးလေးများမှ လုမော့ ထူးဆန်းသည့် ဆင်တူမှုတစ်ခုကို ရှာတွေ့ခဲ့သည်။ 


ဥပမာအားဖြင့် ယခင်က သူ မူလတန်းကျောင်းတစ်ကျောင်းကို ဖြတ်သွားသောအခါ အပြာနှင့်အဖြူရောင် ဆင်တူဝတ်စုံများ ဝတ်ဆင်ထားသည့် ပေါက်စလေးများက လည်ပင်းတွင် ကျောင်းလွယ်အိတ်များ လွယ်ထားလျက် ခုန်ပေါက်ပြေးလွှားကာ သူ့အား တိုက်ဖြတ်ပြေးသွားခဲ့သည်။


အခြားဥပမာတစ်ခုမှာ ဤသတင်းထုတ်လွှင့်မှု ဖြစ်ပေသည်။


"မကြာသေးမီက ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်သား မက်ချယ်ကို နောက်ဆုံးမှာ ဖမ်းဆီးရရရှိခဲ့ပြီး အကျဥ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်… သို့သော် ရဲစခန်းမှ ပြောကြားချက်အရ ယခုအကြိမ်မှာ အကြီးမားဆုံး အကူအညီပေးခဲ့တဲ့သူက စိတ်အားထက်သန်တဲ့ အမျိုးသားသားဇာ့ဂ်တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်...ဒါတွေအကုန်လုံးဘာတွေလဲ...ဆက်စောင့်ကြည့်ရအောင်..."


ခံ့ညားပြီး ကြည့်ကောင်းသည့် တင်ဆက်သူ အမျိုးသမီးဇာ့ဂ်က တောက်ပစွာ ပြုံးလိုက်သည်။ 

"နောက်ထပ် ပြည်သူတွေရဲ့ရင်ကို ထိသွားစေမယ့် ရုပ်ရှင်အတိုလေးကို ကြည့်လိုက်ရအောင်..."


ကင်မရာက ရိုက်ချက်ကို ပြလာခဲ့သည်။


ကျယ်ပြန့်သော စတုရန်းပုံကွက်လပ်တွင် အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးနှင့် အမျိုးသားဇာ့ဂ်က မတ်တတ်ရပ်နေခဲ့သည်။ သူ ကင်မရာကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ 


"ကျွန်တာ် လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ...အပြစ်ကျူးလွန်နေတဲ့ ရာဇဝတ်သားကို ရင်ဆိုင်ရတဲ့အခါ ဇာ့ဂ်တိုင်းက ဖြောင့်ဖြောင့်မတ်မတ် ရပ်တည်ပြီး မှန်ကန်တဲ့အရာကို လုပ်ဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်တယ်...အဲ့လို ရာဇဝတ်သားတစ်ယောက်ကို ကျွန်တော်သေချာပေါက် လူအဖွဲ့အစည်းထဲမှာ ထင်ရာစိုင်းခွင့် မပြုနိုင်ပါဘူး.."


သူ့လက်အား  ကင်မရာရှိရာ မြှောက်လိုက်ကာ အသည်းတစ်ခုအား တောင့်တောင့်တင်းတင်းပြုလုပ်လိုက်သည်။ 

"ဒီနေ့ မှန်ကန်တဲ့အရာကို လုပ်ဖို့ မင်းမှာသတ္တိရှိရဲ့လား..."


ကင်မရာကို ပိတ်လိုက်သည်နှင့် အမျိုးသားဇာ့ဂ်၏မျက်နှာက အစိမ်းရောင် ပြောင်းသွားခဲ့ပေသည်။


သူ မျက်လုံးများမှေးကျဥ်းလိုက်ပြီး စခရင် တစ်ခုလုံးကို သေချာကြည့်လိုက်ရာ နောက်ဆုံးတွင် စခရင်၏ အောက်ခြေက အလယ်တွင် သူလိုချင်သည့်အရာကို တွေ့လိုက်သည်။


'ပုံများက ကိုးကားရန်အတွက်သာလျှင် ဖြစ်သည်' ဟူသည့် အလွန်သေးငယ်သည့် ပုံနှိပ်စာလုံးများအား အောက်ခြေကအလယ်တွင် တွေ့လိုက်ရသည်။ အသင့်စားခေါက်ဆွဲ အမှတ်တံဆိပ်နာမည်များက လုမော့မျက်နှာပေါ်တွင် နေရာယူထားလျက် သူ့အထောက်အထားလက္ခဏာအား ဖုံးကွယ်ထားသည်။


#မှုန်ဝါးနေသည်#


စနစ် : [=□= အိုး ဘုရားရေ...ဘာကြီးလဲ...]


လုမော့ : နောက်တစ်ခုက...


စနစ်၏ အသံက တုန်ယင်နေသည်။

[ဘာလဲ...ဘာကိစ္စလဲ...]


လုမော့၏အသံက ငြင်သာသွားသည်။

[ ငါ မတော်တဆ ဒိုင်လူကြီးတစ်ယောက်အနေနဲ့ စာရင်းသွင်းမိသွားတယ်... ခေတ်မီတဲ့ စစ်သည်တစ်ယောက် ဖြစ်မလာနိုင်မှာလည်း ကြောက်တယ်...]


စနစ် : [ အားးးးးးး ပိတ်ထား ပါးစပ်ကို ပိတ်ထား...]


လုမော့ ရေနွေးတစ်ငုံအား တည်ငြိမ်စွာပင် သောက်လိုက်သည်။


အချို့သော အကြောင်းပြချက်များကြောင့် စနစ်က သူ့ဘေးတွင် ရှိနေသည့်တစ်လျှောက်လုံး သူ၏စိတ်ဆင်းရဲရသည့် ဝေဒနာအဆင့်က တစ်ရာပွိုင့်အထိ လျော့ကျသွားသည်ဟု ခံစားရသည်။ 


လုမော့ : ငါ့ဘဝတစ်လျှောက်လုံး မင်းက ငါနဲ့အတူရှိနေမယ်ဆိုလို့ ငါအရမ်းဝမ်းသာသွားတာ ငါ့ရဲ့ချစ်ရတဲ့ စနစ်လေးရဲ့...


စနစ်က အသက်ရှူကျပ်သွားကာ ပြောလိုက်သည်။

[မိခင်နတ်ဘုရားမကို သွားသတ်လိုက်တော့ လုမော့... မင်းနဲ့ ငါ့ရဲ့အမှိုက်ဆန်မှုတန်ဖိုးတွေကို ကယ်နိုင်မယ့် တခြားနည်းလမ်း မရှိတော့ဘူး...]


လုမော့ သူ့ခန္ဓာကိုယ်အား လင်းထံ တိုးကပ်ကာ ယခုထိ ရှက်သွေးဖြာမှုလျော့ကျမသွားသေးသော  ပါးများကို နမ်းလိုက်ပြီးနောက် ယုံကြည်ချက်ပြည့်ဝနေသော ရည်မွန်သည့် အပြုံးတစ်ခုအား ပြုံးလိုက်သည်။


ငါ ငြင်းတယ်...


စနစ် : [QAQ ဝူးး လုမော့ နှလုံးသားမရှိတဲ့ မင်းကိုမုန်းတယ်...]



🌌🌌🌌