Chapter 39
Viewers 2k

🌌 Chapter 39



ပန်းနှစ်ပွင့် ဖူးပွင့်လာခဲ့သည်။ တစ်ပွင့်စီက အကိုင်းတစ်ခုတွင်ရှိနေပြီး တစ်ပွင့်က ပျော်နေချိန်တွင် အခြားအပွင့်က ဝမ်းနည်းနေသည်။ 


လုမော့၏ ဘဝအား ကြီးကျယ်လေးနက်သည်ဟုပြောရလျှင် လက်ထောက်ဗိုလ်မှူး၏ ဘဝကမူ ဗိုလ်မှူးလက်ထပ်ပြီးကတည်းက အသူရာချောက်နက်ထဲသို့ ကျသွားသည်ဟု ဆိုနိုင်ပေသည်။ 


အတိတ်တွင် သူက ဘဝ၏အောက်ခြေကို ရောက်နေပြီးသားဟု ထင်ခဲ့သော်လည်း ထပ်၍ နိမ့်ဆင်းစရာ အခန်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။


"အား..."


"အား..."


ရုံးခန်းက အလွန်ကျယ်ဝန်းပြီး မူလက ဇာ့ဂ် ခုနှစ်ယောက် အလုပ်လုပ်ရန် နေရာတစ်ခု ဖြစ်သည်။ သို့သော် ယခုတွင် မရေမတွက်နိုင်အောင် များပြားလှသည့် ဖိုင်တွဲများက ကြမ်းပြင်မှ မျက်နှာကျက်အထိ ပုံထားပြီး တစ်ခန်းလုံး ပြည့်နေလေသည်။ 


၎င်းက အလွန် အန္တရာယ်များပေသည်။ မီးပွားလေးတစ်ပွင့် ရှိနေလျှင်ပင် မီးလောင်လွယ်သည့် စာရွက်များကို လောင်ကျွမ်းသွားပေလိမ့်မည်။ ထို့နောက်တွင် အလုပ်အားလုံးကို အစမှ တစ်ဖန်ပြန်၍ စလုပ်ရမည်ဖြစ်သည်။ 


သုံးလအတွင် မီး ငါးကြိမ်လောင်သွားပြီးနောက် လက်ထောက်ဗိုလ်မှူး၏ သုန်မှုန်ကြေကွဲနေသော အကြည့်များအောက်တွင် လင်းက နောက်ဆုံး၌ ဆေးလိပ်သောက်သည့် အကျင့်ကို ဖယ်ရှားလိုက်ပြီး စီးကရက်များကို ခြောက်ကပ်စွာ ဝါးသည့်ဘက်ကို ပြောင်းလဲခဲ့သည်။

( ဆေးလိပ်မီးမညှိဘဲ ပါးစပ်မှာခဲထားတာမျိုးကိုပဲ ဆိုလိုချင်တာထင်တယ်)


လက်ထောက်ဗိုလ်မှူးက ဆဲရေးတိုင်းထွာလိုက်သည်။

" အခုက ဘယ်ခေတ်တောင် ရှိနေပြီလဲ...ဘာလို့ အွန်လိုင်းရုံးအဖြစ် မပြာင်းနိုင်ရတာလဲ...ငါ ဒီသောက်ကိစ္စတွေကို အဲ့ဒီခေါင်းမာတဲ့ မိန်းမအိုကြီးတွေရဲ့ဖင်ထဲကို အနှေးနဲ့အမြန် ထိုးထည့်ပစ်မယ်..."


"လူကြီးမင်း ဘာလို့ သူတို့ကို အဲ့ဒါတွေ တိုက်ရိုက်သွားမပြောတာလဲ..."


ဝတ်ရုံခြုံထားသည့် ဇာ့ဂ်ငယ်လေးက ပြတင်းပေါက်ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။ သူ့ခြေထောက်လေးများက လေထဲလှုပ်ယမ်းနေလျက် လက်ထောက်ဗိုလ်မှူး၏စကား ရှေ့နောက် မညီညွတ်မှုကို ထောက်ပြလိုက်သည်။


"အရင်ကတော့ အခုလို ပြောခဲ့တာမဟုတ်ပါဘူး..."


"ဂါး..."


လက်ထောက်ဗိုလ်မှူး၏ လက်ထဲမှ ဘောပင်ထိပ်လေးက မှတ်တမ်းစာရွက်ပေါ်ကို ရှည်လျားသည့် မှင်ကြောင်းကြီးတစ်ခုအဖြစ် ရေးခြစ်မိသွားသည်။ နောက်ထပ်စာတစ်စောင် ပျက်စီးသွားသည်ကို မြင်လိုက်ပြီး သူ အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ 

ဒေါသမထွက်နဲ့...ကမူးရှူးထိုးမလုပ်လိုက်နဲ့...ဒေါသက မင်းခန္ဓာကိုယ်ကို ပျက်စီးစေတယ်ဆိုတာ မသိဘူးလားကွ...


"မင်းနားမလည်ပါဘူး...အဲ့ဒါကို စကားအလှသုံးတယ်လို့ ခေါ်တယ်ကွ..."


လက်ထောက်က မှတ်တမ်းစာရွက်ကို ပြောင်းကာ အေးအေးဆေးဆေး ပြောလိုလိုက်သည်။

"မင်းဘာသိလို့လဲ ကောင်ဆိုးလေး..."


"ဟမ့်..."


ဇာ့ဂ်ငယ်လေးက ဒူးများပေါ်တွင် တံတောင်ဆစ်ကိုတင်၍ လက်ခုပ်နှစ်ဖက်ထဲ သူ့ပါးလေးများကို ထည့်၍ ပြောလိုက်သည်။

"အရှင်လုမော့သာ အဲ့နေရာမှာရှိရင် အဲ့စကားတွေကိုခေါင်းမာတဲ့ အမျိုးသမီးဇာ့ဂ်အိုကြီးတွေရဲ့ မျက်နှာတည့်တည့် အားအပြည့်နဲ့ ပြောလိုက်မှာ...."


လုမော့၏လွှမ်းမိုးမှု အပြည့်နှင့် အမိန့်စကားပြောနေသည့် မြင်ကွင်းကို စိတ်ကူးနေသည့်အလား သူ့မျက်လုံး၏ ငွေရောင်သူငယ်အိမ်များက တောက်ပဝင်းလက်နေသည်။ 


သူ ထိုအကြောင်းကိုတွေးမိပြီး သက်ပြင်း နောက်တစ်ကြိမ်ချလိုက်သည်။

"အရှင်လုမော့ကို အရမ်း အရမ်းလွမ်းလိုက်တာ..."


လက်ထောက်ဗိုလ်မှူးက စာရွက်ပုံကြီးထဲတွင် ခေါင်းမြှုပ်နေသည်။

"ငါ မင်းကို  ဒီ 7 ရက်လုံးလုံး တာဝန်ယူရမယ်ဆို တည်းက  တစ်နေ့ကို အနည်းဆုံး အကြိမ် ၂၀‌ လောက် အဲဒါကို ပြောနေတာပဲ..."


ဇာ့ဂ်ငယ်လေးက တုန်လှုပ်ခြောက်ခြားကာသွားကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့နေလိုက်သည်။

ငါ အရှင်လုမော့ကို တကယ်ကြီးလွမ်းလိုက်တာ...


တစ်ခဏကြာပြီးနောက် ဆက်သွယ်ရေးစက်တစ်ခုက လွင့်ပျံလာကာ သူ့လက်မောင်းထဲသို့ တည့်တည့်ပြုတ်ကျလာခဲ့သည်။ သူက ဆက်သွယ်ရေးစက်ကို ကောက်လိုက်ကာ လက်ထောက်ဗိုလ်မှူး၏ နောက်ကျောကို တွေဝေစွာ ကြည့်လိုက်သည်။


"မင်းရဲ့အရှင်လုမော့နဲ့ ပတ်သတ်တဲ့သတင်းတွေ အင်တာနက်ပေါ်မှာ အများကြီးရှိတယ်...အဲ့တော့ ဖတ်နေပြီး ငါ့ကို တစ်ယောက်တည်း အေးဆေးလွှတ်ထားပေး..."


ဇာ့ဂ်ငယ်လေးက အံ့သြမှုများဖြင့် ဆက်သွယ်ရေးစက်ကို ကိုင်ထားလျက် ချိုသာစွာ ပြောလိုက်သည်။

"လူကြီးမင်းက တကယ့် ဇာ့ဂ်ကောင်းတစ်ယောက်ပဲ...ပထမဆုံးကြွေကျတဲ့ ဒုဓလီပန်းနဲ့ ကျွန်တော့်ရဲ့ပျော်ရွှင်မှုကို ဖော်ပြချင်တယ်..."


လက်ထောက်ဗိုလ်မှူး : "......"


ဤကဲ့သို့ စကားပြောနည်းအား မည်သည့်နေရာမှ သင်ယူခဲ့သလဲဟု အံ့အားသင့်လျက် ဇာ့ဂ်ငယ်လေးအား ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်သည်။ 


ဇာ့ဂ်ငယ်လေးက ဆက်သွယ်ရေးစက်အား တစ်ခါမှ မသုံးဖူးသော်လည်း သူ၏သဘာဝအရ ပြင်းပြသည့် စပ်စုစိတ်နှင့် သန်မာသည့် အာရုံစိုက်မှုအပေါ် အမှီပြုအားထားခဲ့သည်။ ဆယ်မိနစ်မျှကြာအောင် ဟိုဟိုသည်သည် ကလိပြီးနောက် ဆက်သွယ်ရေးစက်အား အမှန်ပင် နားလည်သွားသည်။


ညနေခင်းသတင်းတွင် လုမော့က တစ်မိနစ်မျှသာ ပေါ်လာခဲ့ပြီး ထိုတစ်မိနစ်ကြာဗီဒီယို တစ်ခုလုံးကိုလည်း တည်းဖြတ်ထားခဲ့သေးသည်။ ထိုသို့ဆိုလျှင်ပင် ကြည့်ရှုသူအရေအတွက်က သန်းပေါင်းရာချီသည်အထိ ချက်ချင်းမြင့်တက်သွားခဲ့သည်။ ဇာ့ဂ်အရေအတွက်က မြင့်မားလွန်းသည်ဟု ပြောရမည်လား ရိုးရိုးရှင်းရှင်းပင် အလွန် ပျင်းရိနေသည့် အမျိုးသမီးဇာ့ဂ်များ ရှိနေသောကြောင့်ဟု ပြောရမည်လားပင် မသိတော့ပေ။


ဗီဒီယိုထဲတွင် မရင်းနှီးသည့်မျက်နှာနှင့် အမျိုးသားဇ့ာဂ်တစ်ယောက်က  တောင့်တင်းနေသည့် အမူအရာနှင့် ကင်မရာအား လက်ဟန်ခြေဟန် ပြုလုပ်ပြနေသည်။

"ဒီနေ့ မှန်ကန်တဲ့အရာကို လုပ်ဖို့ မင်းမှာ သတ္တိရှိရဲ့လား..."


ဇာ့ဂ်ငယ်လေးက ဆက်သွယ်ရေးစက်အား မြင့်မြင့်မြှောက်လျက် မြေပြင်ပေါ်သို့ စိတ်လှုပ်ရှားစွာ ခုန်ဆင်းလိုက်ပြီး ပတ်ချာလည် လှည့်နေခဲ့သည်။ ထို့နောက် ဖတ်ခနဲအသံတစ်ချက်နှင့်အတူ လဲကျသွားခဲ့သည်။ 

" အရှင်လုမော့က ဒီနေ့လည်း အရမ်းအရမ်းကို ခံ့ညားနေတာပါပဲ..."


သိသာထင်ရှားစွာပင် သူ့ကဲ့သို့တူညီသော အတွေးရှိနေသည့် ဇာ့ဂ်များစွာ ရှိလေသည်။


[မင်းတို့ မြင်လိုက်ကြလား...အရှင်လုမော့ မျက်နှာက ချဉ်စူးနေတာပဲ...သူသေချာပေါက် စိတ်မပါဘူးဖြစ်ရမယ်...ဘယ်လိုပဲဖြစ်ဖြစ် သူက အခက်အခဲတွေနဲ့ အန္တရာယ်တွေ အကုန်လုံးကို ကျော်လွှားပြီးတော့ သူ့ရဲ့နှလုံးသားကို ငါ့ကိုပြနေတုန်းပဲ...ဒီရှုထောင့်ကို ကြည့်လိုက်...သူက ငါ့ကို သူ့နှလုံးသားထဲမှာ ဘောင်ခတ်ထားတာပဲ...သူ့နှလုံးသားထဲမှာ ငါရှိတယ်...လုမော့နဲ့ငါနဲ့က အတူတူ ပူးကပ်နေကြတာ...]


[မဟုတ်ပါဘူး လုပ်ချင်ပါရတယ််....ဒီနေ့ ငါ သူ့ကို TV မှာမြင်လိုက်တယ်...အဆုံးကျ သူနဲ့ငါလက်ထပ်လိုက်တယ်လေ]


[အဲ့ဒါကိုမပြောကြနဲ့ဦး...သူ့ကို ကြည့်ကြည့်ချင်းတုန်းကဆို ရုပ်ဆိုးတယ်လို့ ငါထင်လိုက်တာ..ဒါပေမဲ့ သူ့ကို ပိုကြည့်လေလေ သူက ပိုပို ဆွဲဆောင်မှုရှိလာလေလေပဲ...ဟေး...သူက တတယ့်ကို ကြင်နာပြီး...]


[မင်းက ဒီအတိုင်း သူ့ရဲ့ A အဆင့်အမျိုးသားဆိုတာကို လောဘတက်နေတာပါ...ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါရောပဲ လောဘတက်နေတာလေ...]


ဇာ့ဂ်ငယ်လေးက ဆက်သွယ်ရေးစက်ကို သူ့လက်မောင်းထဲ ပျော်ရွှင်စွာထည့်ကာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသည်မှာ လက်ထောက်ဗိုလ်မှူး၏ ခြေထောက်အနီးသို့ပင် ရောက်သွားခဲ့သည်။  ထို့နောက် စိတ်လှုပ်ရှား၍ကျလာသော မျက်ရည်များအား လက်ထောက်ဗိုလ်မှူး၏ ကုတ်အင်္ကျီထောင့်နှင့် ညင်သာစွာ သုတ်လိုက်သည်။


လက်ထောက်ဗိုလ်မှူးက သူ့အား စောင့်ဆိုင်းနေသည့် အခန်းအပြည့် စာရွက်စာတမ်းများကို ကြည့်လိုက်ပြီး ဇာ့ဂ်ငယ်လေးအား ကြည့်လိုက်သည်။

"......"


ကျေးဇူးပြုပြီး ငါ့ကို နားခွင့်လေးပေးပါဦး...


----------


လုမော့ နှာချေလိုက်ပြီး  စနစ်အား စလိုက်သည်။

မင်း ငါ့ကို တိတ်တိတ်လေး ကျိန်ဆဲနေတာလား...


[မင်းကမှ ငါ့ကို တကယ် အသရေဖျက်နေတာ...ငါမင်းကို တိတ်တိတ်လေး ကျိန်ဆဲဖို့ လိုလို့လား...]

စနစ်က အေးစက်စွာ ပြောလိုက်သည်။


စနစ်က အင်တာနက်ပေါ်မှ သတင်းများကို လျှင်မြန်စွာ ကြည့်နေပြီး တစ်က္ကန့်ကို 10 terabytes  နှုန်းဖြင့် အချက်အလက်များ စုဆောင်းနေခဲ့သည်။ ပိုဖတ်ကြည့်လေလေ စနစ်က ပိုစိုးရိမ်ပူပန်လာပြီး ပိုဒေါသထွက်လေလေပင်။ နောက်ဆုံး၌ လင့်ခ်ကိုပင် ဖျက်လိုက်တော့သည်။ 


စနစ်က ဒေါသထွက်စွာ ပြောလိုက်သည်။

[မင်းလိုမျိုး လုပ်နိုင်စွမ်းရှိတဲ့ ပိုင်ရှင်မျိုးကို ပထမဆုံးတွေ့ဖူးတာပဲ...ငါ အဝေးကိုရောက်သွားတာ သုံးရက်တောင်မကြာပေမဲ့ မင်းကိုယ်မင်း ဒီအခြေအနေထိရောက်အောင် လုပ်ပစ်လိုက်တယ်...နားမလည်နိုင်စရာဘဲ...]


လုမော့ ကြင်နာစွာ ပြောလိုက်သည်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ငါဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး...


စနစ်က သူထိုသို့ ရိုးသားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စွပ်စွဲအပြစ်တင်သံ အတွဲလိုက်ကြီးက ရပ်သွားခဲ့သည်။ 


လုမော့ သက်ပြင်းချလိုက်သည်။

စနစ်၊ စနစ်...မင်းမရှိရင် ငါ ဘယ်လိုများ လုပ်ရပါ့...ငါ မင်းမရှိဘဲ မနေနိုင်ဘူး...


စနစ် : [////]


စနစ် : [ကောင်းပြီ ကောင်းပြီ မင်းက မျှော်လင့်ချက်ကိုမရှိတော့ဘူးပဲ...မင်းငါ့ကို အဲ့လောက်လိုအပ်နေတယ်ဆိုတည်းက ပိုင်ရှင်ထောင်ပေါင်းများစွာကို ဦးဆောင်ခဲ့တဲ့ ငါ့ရဲ့အတွေ့အကြုံတွေကို အင်တင်တင်နဲ့ပဲ သုံးပြီး မင်းကို လက်တစ်ဖက် ငှားပေးရမှာပေါ့...မင်း ကျေးဇူးတင်သင့်တယ်...တကယ်တော့ ဘယ်ပိုင်ရှင်ကမှ မင်းကို ဒီလိုမျိုး မဆက်ဆံပေးနိုင်...]


ထိုအခိုက် လင်းက တံခါးကို တွန်းဖွင့်လိုက်၍ စနစ်က ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။


စနစ်၏တည်ရှိမှုကို လင်း သိိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။ သို့သော်လည်း စနစ်၏ အလိုလိုသိစိတ်က စနစ်အား ဆက်လက် တိတ်ဆိတ်နေစေသည်။


"ကျွန်တော့်ရဲ့အရှင်ခင်ပွန်း...သခင့်ရဲ့ပစ္စည်းတွေရောက်လာပြီ..."

လင်း၏ လက်ထဲတွင် သေးငယ်သည့် အနက်ရောင်ပစ္စည်းလေးတစ်ခု ရှိနေသည်။ သေချာသာမကြည့်ပါက ရိုးရှင်းသည့် မိုက်ပါသည့်နားကြပ် အသေးလေးတစ်ခုဟု ထင်ရပေသည်။


အဓိကအချက်မှာ ၎င်းက အပြင်လက်တွေ့မှ တိုက်ပွဲအစစ်နှင့်တူသည့် VR တိုက်ပွဲဇုန်တွင်းသို့ ဝင်ရောက်ရန် အတွက် ဇာ့ဂ်များအားလုံး လိုအပ်သည့် စိတ်ဝိညာဥ်ဆက်သွယ်ရေးစက်တစ်ခုပင် ဖြစ်သည်။


လုမော့က ဆက်သွယ်ရေးဆက်အား ကလိကြည့်နေချိန် တွင် လင်းက မေးလိုက်သည်။

"အရှင်ခင်ပွန်း...ဒါကို ဘယ်လိုထင်လဲ..."


လုမော့ ခေါင်းပင်မမော့ဘဲ သာမာန်ကာလျှံကာ မေးလိုက်သည်။

"ငါမြင်ဖူးပါတယ် ဒီတိုင်းပျင်းနေလို့..."


"အဲ့လိုကိုး..."

လင်းသူ့ခုံတွင် တည်ငြိမ်စွာ ထိုင်လိုက်ကာ ခြေချိတ်လျက် မျက်ဝန်းများ ကျဥ်းမြောင်းလိုက်သည်။


ထိုနေ့က လင်းနိုးလာသောအခါ လုမော့က သူ မမြင်လိုက်ဟု ထင်နေသော်လည်း သူအားလုံးမြင်ခဲ့ပေသည်။ လုမော့က VR  တိုက်ပွဲဇုန်အတွင်းတွင် ဒိုင်လူကြီးအဖြစ် စာရင်းင်းသွင်းခဲ့ပြီး လင်းက သူ့နံပါတ်ကိုပင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။


VR တိုက်ပွဲဇုန်အား တည်ဆောက်ခဲ့သည့် ကနဦး ရည်ရွယ်ချက်မှာ အမျိုးသမီးဇာ့ဂ်များ၏ စိတ်စွမ်းအင်ပင်လယ် ပြဿနာများကို လျော့ပါးသက်သာစေရန် ဖြစ်သည်။ သူတို့ကို လမ်းပြပေးသည့် အမျိုးသားဇာ့ဂ်၏ စိတ်စွမ်းအား မရှိပါက သူတို့၏ စိတ်စွမ်းအင်ပင်လယ်က မကြာမီတွင် ထိန်းချုပ်မရသော အခြေအနေအပေါ်သို့ ဝင်ရောက်သွားနိုင်ပြီး သူတို့၏ သက်တမ်းများကို လျော့ကျသွားစေသည်။


အဆုံး၌ ဧရာမကျယ်ပြောလှသည့် စိတ်စွမ်းအင်ပင်လယ်နှင့် မွေးဖွားလာလျှင်ပင် အမျိုးသမီးဇာ့ဂ်များက စိတ်စွမ်းအားကို လျင်မြန်သွက်လက်စွာ သုံးနိုင်တော့မည် မဟုတ်ပေ။


သို့သော် VR  တိုက်ပွဲဇုန်အတွင်းသို့ ဝင်သွားပါက သူတို့တိုက်ခိုက်သည့် အကြိမ်တိုင်း စိတ်စွမ်းအားများကို ပုံမှန် ရှင်းလင်းစီစစ်ပေးနေ၏။ အမျိုးသားဇာ့ဂ်၏ လမ်းပြမှုနှင့် နှိုင်းယှဥ်ပါက အကျိုးသက်ရောက်မှု နည်းပါးသော်လည်း အမျိုးသမီးဇာ့ဂ်၏ စိတ်စွမ်းအင်ပင်လယ် ထိန်းမရသိမ်းမရ ပြဿနာကို ထိထိရောက်ရောက် နှောင့်နှေးစေပေသည်။


နောက်ပိုင်းတွင် ဇာ့ဂ်များက ဤကဲ့သို့ VR တိုက်ပွဲမျိုးက သူတို့၏ အရည်အချင်းစွမ်းရည် တိုးမြှင့်စေသည်ကို ရှာတွေ့သွားပြီး မရေမတွက်နိုင်သည့် နည်းလမ်းများဖွံ့ဖြိုးလာလျက် ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြသည်။ 


ပါဝင်မှုများ : တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ စစ်တပ်လက်ရွေးစင်၊ တစ်ယောက်ချင်းတိုက်ပွဲနှင့် လောင်းကစားခြင်း အစရှိသဖြင့် များပြားစွာရှိပေသည်။


သို့သော် တိုက်ပွဲဇုန်တွင် အမျိုးသားများ စာရင်းသွင်းခြင်း အထူးသဖြင့် ဒိုင်လူကြီးအဖြစ် စာရင်းသွင်းခြင်းမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပေသည်။  


'ငါ သင့်တော်တဲ့ အမျိုးသမီးတစ်ယောက်ကို ရွေးပြီး သူ့ကို အမျိုးသမီးအဖော်အဖြစ် လက်ထပ်မယ်...'

ထိုသို့သာ။


အမျိုးသားဇာ့ဂ်က နောက်ဆုံးတွင် ညွှန်ကြားချက်များ နောက်လိုက်၍ လင့်ခ်နှင့် ချိတ်ဆက်လိုက်ကာ အိပ်ယာပေါ်တွင် လှဲလျောင်းလျက်နှင့် VR လေ့ကျင့်ရေးဧရိယာထဲ ဝင်သွားလိုက်သည်။


သူ့မျက်လုံးများကို မှိတ်ထားပြီး သာမာန်အိပ်မောကျနေသည့်အတိုင်း သူ့ကြွက်သားများက သက်တောင့်သက်သာဖြစ်နေသည်။ အနက်ရောင် ဆံပင်တိုကောက်ကောက်လေးများက သူ့မျက်နှာပေါ်တွင် ဖွဖွလေး အုပ်နေလျက် သူ၏ထက်မြတ် ပြတ်သားမှုကို အနည်းငယ် လျော့သွားစေသည်။


အပြင်ဘက်တွင် ကောင်းကင်ယံက မည်းမှောင်နေပြီး လင်းက ပါးပေါ်လက်တစ်ဖက်ထောက်လျက် လုမော့အား ကြည့်နေကာ သူ့ငွေရောင်မျက်တောင်မွှေးလေးများက အနည်းငယ် ငိုက်စိုက်ကျနေခဲ့သည်။


သူမျက်နှာအား အနည်းငယ် လှည့်လိုက်ရာ လည်ပင်းတစ်လျှောက် ကော်လံနှင့်ဖုံးအုပ်နေသော အနီမှတ်များပြည့်နေသည့် လည်တိုင်ဖြူဖြူလေးက ပေါ်လာခဲ့သည်။


အချိန် အလွန့် အလွန် ကြာမြင့်ပြီးနောက်တွင်....


နောက်ဆုံး၌ လင်း ခုံမှ ထလိုက်ကာ အိပ်ယာနံဘေးသို့ လျှောက်လာပြီး ဒူးတစ်ဖက်ထောက်၍ လက်အိတ်များကို ချွတ်လိုက်သည်။


အသားမာတက်နေသည့် လက်ချောင်းသွယ်သွယ်လေးများဖြင့် လုမော့မျက်နှာအား အသာအယာလေး ကိုင်လိုက်သည်။ သူ့ခေါင်းကို ငုံ့လိုက်သောအခါ ငွေရောင်ဆံနွယ်ရှည်များက လုမော့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာလေ၏။ 


ဤမျက်နှာကိုကြည့်လျက် အနီရောင်မျက်လုံးများက အကြိမ်များစွာ ပြောင်းလဲသွားသည်။ သံသယအလင်းများ ဖုံးလွှမ်းရစ်ပတ်နေသည့် နက်ရှိုင်းလှသည့် ချစ်ခြင်းမေတ္တာက ဧရာမဝဲကတော့ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားကာ အရာခပ်သိမ်းကို ဝါးမြိုသွားသည် ထင်ရပေသည်။


လင်း သူ့နှာခေါင်းနှင့် လုမော့၏ပါးပြင်အား ပွတ်တိုက်လိုက်ကာ ခပ်နိမ့်နိမ့်အသံဖြင့် ရယ်မောလိုက်သည်။ ရယ်သံက ဖြတ်တိုက်သွားသည့် လေပြင်းတစ်ချက်ကဲ့သို့ ပေါ့ပါးကာ မကြာမီပင် ညအမှောင်ထုထဲ ပျောက်ကွယ်သွားလေသည်။



🌌🌌🌌