Chapter 40
Viewers 13k

🌌Chapter 40



VR  တိုက်ပွဲဇုန်သို့ ပထမဆုံး ဝင်ရောက်သည့်ဇာ့ဂ်တိုင်းက သူတို့၏ မျက်နှာကို စိတ်ကြိုက်ပြောင်းလဲနိုင်ပေသည်။ များစွာသော ဇာ့ဂ်များက သူတို့၏ ပုံပန်းသွင်ပြင်အစစ်နှင့် အထောက်အထားကို မဖော်ပြရသည်ကို ပိုနှစ်သက်လေသည်။


အသေအချာပင် ဇာ့ဂ်များစွာက သူတို့၏ သွင်ပြင်ကို ပိုကြည့်ကောင်းစေရန် စိတ်ကြိုက်ပြုပြင်သည်များလည်း ရှိပေသည်။ အမျိုးသားဇာ့ဂ် တစ်ယောက်၊ နှစ်ယောက်နှင့် သူတို့ မတော်တဆ ချိတ်မိ မမိကို မည်သူမှ မပြောနိုင်ပေ။


သို့သော် ပရိုဂရမ်က အလိုအလျောက်ရွေးချယ်ပေးသော ပုံစံကို ရွေးချယ်ကြသည့် အများနှင့်မတူ တမူထူးသည့် ဇာ့ဂ်အချို့လည်း ရှိသေးသည်။


လုမော့ တခဏမျှ တွေးပြီးနောက် တွန့်ဆုတ်လျက်ပြောလိုက်သည်။

ငါ အလိုအလျောက်ရွေးပေးတဲ့ ပုံစံကိုပဲ ရွေးချယ်လိုက်သင့်လား...


[ "မင်းရူးနေတာလား...မင်းက အမှိုက်ဆန်မှုပွိုင့်တွေ လိုချင်နေတဲ့သူလေ... အဲ့တော့ သေချာတာပေါ့ မုန်တီးမှုတွေ အများကြီးဆွဲဆောင်မိအောင် မင်းရဲ့ရုပ်အစစ်ပဲ သုံးလိုက်...]

စနစ်က အထင်သေးစွာ ပြောလိုက်သည်။


လုမော့ လျှာပင် လိပ်သွားသည်။

"အရင်တုန်းက မင်းပြောတော့ ဒီVR  တိုက်ပွဲဇုန်ရဲ့ အကြီးဆုံးကောင်းကွက်က ငါတို့က အမည်ဖော်စရာမလိုဘဲ ဘာမှထင်ထင်ရှားရှာကြီးလည်း မဖြစ်ဘူးဆို...အဲ့တော့ ငါ့ အမှိုက်ဆန်မှုပွိုင့်တွေ နှုတ်ခံရမှာကို ပူစရာမလိုဘူး..."


"ငါ မင်းကို တိုက်ခိုက်သူ အဖြစ်နဲ့ စာရင်းသွင်းဖို့ကိုလည်း ပြောခဲ့သေးတယ်..."

စနစ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"မင်း နားထောင်ခဲ့လို့လား..."


လုမော့ :  "......"


သူ၏ ပုံပန်းသွင်ပြင်ကို မသတီစရာကောင်းသည့်အပြုအမူနှင့် အနည်းငယ် တစ်ကိုယ်ကောင်းဆန်သည့်ပုံ သုံးလိုက်သည်။ သူ့ဆံပင်များကိုလည်း ငွေရောင်သို့ ပြောင်းလဲလိုက်သသည်။ 


စနစ်က မနှစ်မြို့စွာ ပြောလိုက်သည်။

[ရို့...ဘာလို့ မင်းမျက်လုံးတွေကိုပါ အနီမပြောင်းလိုက်တာလဲ...]


လုမော့ သူ၏ မူလဆံပင်အရောင်ကို လျင်မြန်စွာ ပြန်ပြောင်းလိုက်ပြီး ရှက်ရွံ့မှုဖြင့် ပြောလိုက်သည်။

"ကိုယ့်အလုပ် ကိုယ်သာလုပ်စမ်းပါ..."


စနစ် : [ကျွတ် ကျွတ်...]


10  မိနစ်ကြာပြီးနောက် အားလုံးပြီးသွားပြီး အသံတစ်ချက်နှင့်အတူ လုမော့ခန္ဓာကိုယ်က သူ့မျက်စိရှေ့တွင် ပေါ်လာလေသည်။


အနက်ရောင် ကုတ်အင်္ကျီအရှည်ပုံစံ စစ်မိုးကာ ဝတ်ထားသည့် အရပ်ရှည်ရှည်အမျိုးသားက ရင်ဘက်ရှေ့တွင် လက်ပိုက်လျက်ဖြင့် ငြိမ်သက်စွာ အိပ်ပျော်နေလေသည်။


လုမော့ မှန်ထဲသို့ ကြည့်လိုက်ပြီး တစ်ခဏမျှ အံ့အားသင့်သွားသည်။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို သူ ကြောက်ကြောက်ရွံ့ရွံ့ ထိုးပြလိုက်ပြီး ပြောလိုက်သည်။

"ငါက ခါတိုင်း အဲ့လောက် မောက်မာပြီး အေးစက်တဲ့ပုံပေါက်လို့လား..."


[အသေအချာပဲ...]

စနစ်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

[ မင်းကို 'ခွေးရူး ဒီရောက်နေပြီ အနားမကပ်ကြနဲ့' ဆိုတဲ့ အစွမ်းကဒ် ပေးလိုက်တဲ့အတွက် ငါ့ကိုကျေးဇူးတင်ရမယ် ဟမ်း...မဟုတ်လို့ရှိရင် မင်းရဲ့အမှိုက်ဆန်မှုပွိုင့်တွေကို လျော့မသွားအောင်ထိန်းသိမ်းထားဖို့ တော်တော်ကိုခက်မှာ ...]


ဒီတော့ အဲ့လိုဖြစ်သွားတယ်ပေါ့...


လုမော့က စိတ်ရင်းနှင့် စနစ်အား ပြောလိုက်သည်။

"မင်းအတွက် တကယ် ခက်ခဲခဲ့မှာပဲ..."


သူရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ ပြင်းထန်သည့် ဆွဲငင်မှုကို ခံစားလိုက်ရပြီး စုပ်ယူခံလိုက်ရသည်။


အကြိမ်အနည်းငယ် ပတ်ချာလည်နေပြီး နောက်ဆုံးတွင် မြေကြီးပေါ်သို့ ခြေချမိလိုက်သည်ကို ခံစားလိုက်ရသည်။ သူ့ခေါင်းကို ခါရမ်းကာ မူးနောက်နေသည်ကို ပြေပျောက်သွားအောင် အနည်းငယ် စောင့်ပြီးနောက် မျက်လုံးဖွင့်လိုက်သည်။


[လုမော့ #9527 ကို 'VR တိုက်ပွဲဇုန်' မှ ကြိုဆိုပါတယ်...နောက်ထပ်အနေနဲ့ လူသစ်နည်းပြသင်တန်းကို စတင်ပေးပါ-----]


လုမော့ လက်ကို ယမ်းလိုက်သည်။ : "ကျော်မယ်..."


[နောက်တစ်ဆင့်အနေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို ရှင်းပြပါမယ်-----]


လုမော့ : "ကျော်မယ်..."


[နောက်တစ်ဆင့် ပထမဆုံးလှုံ့ဆော်မှု အကဲဖြတ်ချက် စတင်ပါမယ်-----]


လုမော့ : "ကျော်မယ်..."


[နောက်တစ်ဆင့် ဒိုင်လူကြီးအနေနဲ့ ပထမဆုံးအကြိမ်ပြိုင်ပွဲကိုဝင်ရောက်ခြင်း စတင်လိုက်ပါ...]


လုမော့ : "ကျော်...အမ်…"


အချို့သော အဆင့်များကို တိုက်ရိုက်ပင် ကျော်ချခဲ့ပြီးဖြစ်သည်။


[ဟမ် ပိုင်ရှင် မင်းအခုတလော အရမ်းကို ဆုံးဖြတ်ချက်တွေ ပြတ်သားနေပါလား ...]

စနစ်က အားရကျေနပ်စွာ ပြောလိုက်သည်။

[ငါတို့ရဲ့ပန်းတိုင်က...]


လုမော့ စိတ်လှုပ်ရှားစွာ လက်သီးဆုပ်လိုက်သည်။

"အနက်ရောင် ဝီစီသံ… တရားမျှတမှုမရှိတဲ့ စည်းမျဥ်းတွေ… အကုန်လုံးကို ဖျက်ဆီးဖို့ ရနိုင်သမျှ ဇာ့ဂ်တွေတိုင်းကို ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ရိုက်ချပစ်မယ်ကွ..." 


(T/N - အမှိုက်ဆန်မှုပွိုင့်တွေစုဖို့ အမုန်တီးခံရအောင် ညစ်ပတ်ယုတ်မာတဲ့ ဒိုင်လူကြီးလုပ်မယ်လို့ပြောချင်တာပါ)


စနစ်က တက်ကြွမှုအပြည့်ဖြင့် ကခုန်နေပေသည်။

[ညီအစ်ကိုရေ...အရမ်းမိုက်တယ်ကွာ...]


ရွှေရောင်အလင်းစက်များက လုမော့ရှေ့တွင် ကခုန်နေလျက် ဧရာမကြီးမားလှသည့် စတုရန်းပုံ ပြိုင်ကွင်းတစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။


ဤပြိုင်ကွင်းက လက်တွေ့ဘဝက အကျော်ကြားဆုံး Essai ပြိုင်ကွင်းကို နမူနာယူထားပြီး တစ်ယောက်ချင်း ယှဥ်ပြိုင်တိုက်ခိုက်ရသည့် ပြိုင်ကွင်းဖြစ်သည်။


လုမော့က ပြိုင်ကွင်း၏အစွန်းဘက်ရှိ မြင့်မားသည့် ဒိုင်လူကြီးခုံပေါ်တွင် ထိုင်နေသည်။ ဤနေရာ၌နေ၍ ပတ်ပတ်လည်ကို ကြည့်လျှင် ပြိုင်ကွင်းတစ်ခုလုံး၏ မြင်ကွင်းကျယ်အား မြင်ရလေသည်။


[ပြိုင်ပွဲဝင်များ ကျေးဇူးပြုပြီး စတိတ်ပေါ် လာပါ...]


လုမော့ နှလုံးသားထဲတွငိ အနည်းငယ် ကြောက်ရွံ့နေသော်လည်း မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မတွေ့ရပေ။ သူက ထိုင်ခုံနောက်သို့ အနည်းငယ် မှီနေလိုက်သည်။


တောက်ပသည့် အလင်းစက်များက ပတ်ပတ်လည်တွင် ဦးတည်ချက်မရှိ လွင့်မျောနေကာ လုမော့၏ မျက်နှာက တစ်ဝက်လင်း တစ်ဝက်မှောင် ဖြစ်နေလျက် အေးစက်သည့် ပန်းပုရုပ်နှင့်အလားသဏ္ဍာန်တူနေသည်။


မီးခိုးရောင်ဆံပင်နှင့် အရပ်မြင့်မြင့် အမျိုးသမီးဇာ့ဂ်တစ်ယောက်က ကွင်း၏အလယ်တွင် ပေါ်လာကာ ခေါင်းမော့လိုက်ပြီး အဝေးမှ လုမော့အား တစ်ချက်ကြည့်လိုက်သည်။ 


----------


ဤကဲ့သို့ လူသစ်ပြိုင်ပွဲကွင်းအား လာသည်မှာ ဟွေ့ယွီအတွက် ဤသည်က ပထမဆုံးအကြိမ်ပင်။


ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူက လူသစ်ဖြစ်နေသောကြောင့်မဟုတ်ဘဲ သူက အဆင့်နိမ့် B အဆင့်ဖြစ်နေ၍သာ လူများက သူ့အား အထင်သေးစက်ဆုပ်နေကြခြင်း ဖြစ်နိုင်ပေသည်။


သို့သော် သူက ပြိုင်ကွင်းတွင် ပြိုင်နေသော A အဆင့်နှင့် နီးကပ်နေသည့် B အဆင့် အမျိုးသမီးဇာ့ဂ်တစ်ယောက် ဖြစ်ပေသည်။ ဤနေရာတွင်သူ့အား အနိုင်ယူနိုင်မည်ဟု ထင်နေကြသည့် လူတိုင်းက အဆုံးတွင်မူ တန်ဖိုးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။


ဟွေ့ယွီက အတွေ့အကြုံရှိသည့် အမဲလိုက်သူတစ်ယောက်ဖြစ်ပြီး ကြမ်းတမ်းရက်စက်လှသည့် ပတ်ဝန်းကျင်ရှိသည့် ဂြိုလ်တစ်ခုပေါ်တွင် မွေးဖွားလာခဲ့သည်။ ထိုနေရာတွင်ရှိသည့် သတ္တဝါများက A အဆင့် အမျိုးသမီးဇာ့ဂ် တစ်ယောက်ကိုပပင် တိုက်ခိုက်နိုင်သည်အထိ အလွန်အမင်း အင်အားကြီးမားကြသည်။


အစွမ်းအစရှိကြသည့် အမျိုးသမီးအားလုံးက ထိုဂြိုလ်မှ ထွက်ခွာသွားကြပြီး ဟွေ့ယွီသာလျှင် ထိုသတ္တဝါများကို တစ့်နေ့ပြီးတစ်နေ့ တိုက်ခိုက်ကာ ကျန်ရစ်ခဲ့သည်။


လွန်ခဲ့သည့်တစ်လ ယုံကြည့်ချက်မြင့်သည့် အမျိုးသမီးတစ်ယောက်က သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့စဉ်က ထိုလူ မသေဆုံးမီ သူ့ကို မျှော်လင့်ချက်ပျက်သုန်းမှုများဖြင့် ပြောလာသည်။


"မင်းက အဲ့လောက် စွမ်းအားကြီးနေရင်လည်း VR တိုက်ပွဲဇုန်ကို မသွားဘဲ ဘာလို့ဒီမှာပဲ နေနေတာလဲ..."


ဟွေ့ယွီ VR တိုက်ပွဲဇုန်က မည်သည့်အရာဆိုသည်ကို မသိသော်လည်း တစ်ဖက်လူ၏စကားကို နားလည်သဘောပေါက်ပေသည်။


သန်မာသည့် ပြိုင်ဘက်ကို ရှာဖွေရန် သူ ဤနေရာသို့ရောက်လာခဲ့ခြင်း ဖြစ်သည်။


သူ၏ပြိုင်ဘက်မှာ ဇာ့ဂ်တစ်ယောက်မဟုတ်ဘဲ ဦးနှောက်နှင့်အာရုံကြော အလိုအလျောက် ထိန်းချုပ် လှုပ်ရှားနိုင်သည့် နည်းပညာတစ်မျိုးဖြစ်ကာ ဒိုင်လူကြီးမှာမူ....


အမျိုးသားဇာ့ဂ်က မြင့်မားသည့် ဒိုင်လူကြီးခုံ၌ ထိုင်နေကာ သူ့အား ငုံ့ငုံ့ကြည့်နေပေသည်။


သူက အလွန် အဆင့်မြင့်မားသည့် အမျိုးသားဇာ့ဂ်တစ်ယောက် ဖြစ်ဟန်တူသည်။ ဟွေ့ယွီ၏ဂြိုလ်ပေါ်တွင် ထိုကဲ့သို့ အဆင့်မြင့်သည့် အမျိုးသားဇာ့ဂ်မျိုး ယခင်က တစ်ခါမျှ မမြင်ဖူးပေ။ ဤအမျိုးသားက အင်ပါယာကြယ်မှ စစ်ပွဲနယ်မြေကို ရောက်လာမည်ကို သူကြောက်မိသည်။


အကယ်၍ ထိုလူက အမျိုးသမီးဇာ့ဂ်ဖြစ်ခဲ့ပါလျှင် ဟွေ့ယွီပျာယာခတ်သွားပြီး အမျိုးသမီးဇာ့ဂ်၏ရှေ့တွင် သူ၏သန်မာသောခန္ဓာကိုယ်ကို မတတ်နိုင်ဘဲ ပြသလိုက်မည်ဖြစ်သည်။


ဟွေ့ယွီက လက်ထဲမှ လှံတံအား တင်းတင်းဆုပ်ကိုင်လိုက်သည်။


သူ့နှလုံးသားထဲတွင် သူသည်သာ အသန်မာဆုံးဖြစ်သည်။


[ပြိုင်ပွဲစတင်ပါတော့မယ်...]


[5, 4, 3, 2, 1]


'ရှူး'  ဟူသည့် အသံနှင့်အတူ မီတာ ဆယ်ဂဏန်းမျှ မြင့်မားသည့် ရုပ်ဆိုးအကျဥ်းတန်လှသည့် သားရဲတစ်ကောင်က ပြိုင်ကွင်းအလယ်တွင် ပေါ်လာခဲ့သည်။


ဟွေ့ယွီ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။


၎င်းက သူ့ဂြိုလ်ပေါ်တွင် ပေါ်လာသော သားရဲတိရစ္ဆာန်နှင့်တူညီသည့် အမျိုးအစားပင်။ သူ့ဘဝတစ်သက်တာ အမဲလိုက်သည့် နှစ်များအတွင်းတွင်ပင် ထိုကဲ့သို့ဧရာမ အရွယ်အစားအား 6 ကြိမ်သာလျှင် မြင်ဖူးပေသည်။


သို့သော် ယခုက ပြိုင်ပွဲကွင်းလေးတစ်ခုသာ ဖြစ်လေသည်။


စကားနှင့်ပင် မဖော်ပြနိုင်သည့် စိတ်အားထက်သန်မှုများက သူ့ရင်ဘက်ထဲမှ ပေါက်ကွဲထွက်လာသည်။ နောက်ဆုံး၌ သူ မှန်ကန်သည့်နေရာအား ရှာတွေ့ခဲ့ပြီဖြစ်သည်။


ကြီးမားလှသည့် သားရဲက လည်ပင်းဆန့်ကာ ရှည်လျားသည့် 'ရွှီ' အသံ ပြုလုပ်လိုက်လေသည်။ သူ၏ ကြီးမားလှသည့် ခြေလက်များက မြေပြင်ကို ရိုက်ပုတ်နေလျက် ငလျင်များဖြစ်သွားစေသည်။


ဒိတ်…


ဒိတ်…


ဒိတ်…


ထိုအသံက မြေပြင်မှလာသော အသံလား သူ၏ကိုယ်ပိုင်နှလုံးခုန်သံလား ဟွေ့ယွီ မပြောတတ်တော့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ တဒုတ်ဒုတ်မြည်နေသည်ကိုသာ ခံစားမိလျက် ရှေ့သို့ပြေးထွက်ပြီး ဧရာမသားရဲကြီးအား တိုက်ခိုက်လုနီပါးပင်။


"မင်း ဘာတွေလုပ်နိုင်လဲဆိုတာ ငါ့ကိုပြလိုက်တော့..."

အမျိုးသား၏အသံက ရေခဲပန်းဆွဲကဲ့သို့ အေးစက်နေပြီး ဟွေ့ယွီနောက်ဆုံး အသိပြန်ဝင်သွားသည်။


သူ့ခန္ဓာကိုယ်ကို အနည်းငယ်နိမ့်လိုက်သည့်အချိန် လက်ထဲတွင် လှံတံကိုကိုင်လျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာနင်းလိုက်ကာ ဧရာမ သားရဲတိရစ္ဆာန်ရှိရာထံသို့  တဟုန်ထိုး ပြေးသွားလိုက်သည်။


တစ်စုံတစ်ယောက်က ဤပြင်းထန်လိုက်ဖက်လှသည့် ပြိုင်ပွဲအား မြင်လိုက်ပါက သူတို့အံ့သြသင့်သွားကြမည်သာဖြစ်သည်။


အစစ်နှင့်တူညီသည့် VR ပြိုင်ကွင်းတွင် ပြိုင်ဘက်၏ အဆင့်ပေါ်မူတည်၍ ယှဥ်ပြိုင်ရမည့်သူ သို့မဟုတ် သားရဲ အမျိုးအစားများကို အသွင်ယူဖန်ဆင်းလိုက်ခြင်း ဖြစ်သည်။


ဤကဲ့သို ဧရာမသားရဲတိရစ္ဆာန်အမျိုးအစားက B အဆင့် အမျိုးသမီးဇာ့ဂ်၏ တိုက်ပွဲနယ်မြေတွင်ပေါ်လာစရာအကြောင်း မရှိချေ။ များစွာသော A အဆင့်ရောက်ခါစ အမျိုးသမီးများပင်လျှင် ၎င်းက ကလိမ်ကကျစ်ကျသည်ကို ရှာတွေ့နိုင်ပေသည်။


ဆိုလိုသည်မှာ VR ပြိုင်ကွင်းက ဟွေ့ယွီ၏အဆင့်မှာ သာမာန် A အဆင့်အမျိုးသမီးဇာ့ဂ်ထက် များစွာပိုမြင့်ကြောင်း သတိပြုမိနေသည်ပင်။ 


ဟုတ်ပေသည်။ ရှိနေကြသော အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်နှင့် စနစ်တစ်ခုက ၎င်းကို လုံးလုံးလျားလျား သတိမပြုမိကြပေ။


ဟွေ့ယွီ၏ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများက လှုပ်ရှားလိုက်တိုင်းတွင် စူဖောင်းတင်းကြွနေကြသည်။ ကြွက်သားများက ကျစ်လစ်ကာ သန်မာတောင့်တင်းတင်းနေပေသည်။ သူ၏သေးသွယ်သောမျက်နှာနှင့် ထူးခြားမှုမရှိသည့် မျက်နှာပေါက်က သူ့အား သာမာန် အဆင့်နိမ့်အမျိုးသမီးကဲ့သို့ အားနည်းပျော့ညံ့သည့်ပုံ ပေါက်စေသည်။


တိုက်ခိုက်လိုက်သည့်အချိန်တွင်မူ သူ၏အပြုအမူများက သိသာထင်ရှားစွာပင် ပြင်းထန်တင်းမာလာခဲ့သည်။ သားရဲတိရစ္ဆာန်ကြီး၏ လက်သည်းခြေသည်းနှင့် ချွန်ထက်သည့်သွားများက သူ့နံဘေးသို့ နီးကပ်စွာ ပွတ်တိုက်ဖြတ်ကျော်သွားသော်လည်း သူ့အား နာကျင်စေရန် မလုပ်ဆောင်နိုင်ပေ။ ထိုအစား ဟွေ့ယွီ၏ သန်မာကြံ့ခိုင်လှသည့် ခွန်အားကြောင့် ၎င်းက တဖြည်းဖြည်း မောပန်းနွမ်းနယ်လာခဲ့လေသည်။ 


ဧရာမသားရဲတိရစ္ဆာန်ကြီး သေသွားသည့်အခါတွင်နောက်ဆုံးလက်ကျန်ခွန်အားနှင့် ၎င်းက အပြင်းအထန် ရုန်းကန်ကာ ဟွေ့ယွီအား အသည်းအသန် ဖိထားခဲ့လေသည်။


ဟွေ့ယွီ အသက်ပြင်းပြင်း တစ်ချက်ရှူကာ ခုန်လွှားလျက် လှံတံအား သားရဲကြီး၏ မျက်လုံးသို့ ထိုးဖောက်လိုက်ကာ ဦးနှောက်တည့်တည့်သို့ စိုက်ဝင်သွားလေသည်။


ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ပြင်းထန်သည့်အသံနှင့်အတူ မြေပေါ်သို့ လဲပြိုကျသွားသည်။


ဟွေ့ယွီချွေးများကို ပွတ်သုတ်လိုက်ကာ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို တိတ်ဆိတ်စွာ ရပ်စောင့်နေခဲ့သည်။


ဤအခိုက်တွင် သူက အထင်ကြီးစရာမရှိသည့် အဆင့်နိမ့်အမျိုးသမီးကဲ့သို့ တစ်ဖန်ပြန်တူသွားခဲ့သည်။


အစကတည်းက ဒိုင်လူကြီးခုံတွင် ထိုင်နေသည့် အမျိုးသားက နှေးကွေးသည့် အော်ပရာပြဇာတ်ကိုကြည့်ရှုနေသည့်အလား သူ့ပါးပြင်ကို လက်တစ်ဖက်နှင့် ထောက်ထားခဲ့သည်။ ယခုအချိန်တွင် နောက်ဆုံး ၌ သူ့လက်အား အောက်ချလိုက်ပေသည်။

"မင်း အကောင်းဆုံး ကြိုးစားခဲ့တာလား..."


ဟွေ့ယွီ ခေါင်းညိတ်လိုက်သည်။


"ဒါက မင်းရဲ့အင်အား အကုန်ပဲပေါ့..."


ဟွေ့ယွီ ခေါင်းမော့လိုက်သော်လည်း အမျိုးသားက အလင်းရောင်ကို ကျောပေးထား၍ အမျိုးသား၏မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။


စက္ကန့်အနည်းငယ်ကြာပြီးနောက် သူပြန်ပြောလိုက်သည်။

"ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့တယ်..."


အမျိုးသားက နူးနူးညံ့ညံ့ တစ်ချက်ရယ်လိုက်သည်။ သို့သော်ငြား သူ့အသံက အေးစက်နေ၍ လှောင်ပြောင် သရော်နေသလိုပင်။


သူက လက်များကိုဖွင့်ကာ ပြောလိုက်သည်။

"ကံမကောင်းစွာနဲ့ပဲ မင်းကို ဒီပြိုင်ပွဲရဲ့ အနိုင်ရသူအနေနဲ့ လက်မခံနိုင်ဘူး..."


ဟွေ့ယွီ အံသြသင့်မှုများဖြင့် ပြောလိုက်သည်။

"ဘာလို့လဲ..."


"အမ်..."


အမျိုးသားက ခြေချိတ်ထိုင်လိုက်ကာ သူ့လက်ချောင်းများကို ခြေထောက်ပေါ်တွင် ချိတ်လိုက်လျက် အသံနက်နက်ဖြင့် ပြောလိုက်သည်။

"အဲ့ဒါက ဒီတိုင်း တိရစ္ဆာန်လေးတစ်ကောင်ပဲလေ...မင်းက အရမ်းကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ အပြင်မှာ ပိုစွမ်းအားကြီးမားတာတွေ ရှိသေးတယ်လေ... မင်းဒီမှာ နှစ်နည်းနည်းလောက် ပိုပြီးလေ့ကျင့်နေသင့်တယ်..."


ဟွေ့ယွီက တစ်ခုခု မှားနေကြောကြောင်း ခံစားမိသော်လည်း အမျိုးသားဇာ့ဂ်က ၎င်းနှင့်ပတ်သတ်ပြီးဘာပြဿနာမှ မရှိသည့်ပုံပင်။


သူ အံကြိတ်လျက် နေရာတွင် တောင့်တင်းအေးခဲနေခဲ့သည်။


"ကြည့်ရတာ မင်းက ငါ့ဆုံးဖြတ်ချက်ကို သဘောမတူပုံပဲ..."

အမျိုးသားဇာ့ဂ်က ပြောလိုက်သည်။

"ဒါဆိုလည်း မင်းဘယ်လောက်တောင် အားနည်းလဲဆိုတာ မင်းမျက်လုံးနဲ့ ကိုယ်တိုင်မြင်ခွင့်ပြုမယ်..."


သူ မြင့်မားသည့် ဒိုင်လူကြီးခုံပေါ်မှ ခုန်ချလိုက်ကာ ဟွေ့ယွီနံဘေးသို့ ဆင်းသက်လိုက်သည်။


အနက်ရောင် စစ်မိုးကာကုတ်အင်္ကျီက လေထဲတွင် ကျက်သရေရှိစွာ ကွေ့ဝိုက်လျက် ဟွေ့ယွီက နောက်ဆုံးတွင် အမျိုးသားဇာ့ဂ်၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


ပထမဆုံးခံစားချက်က အေးစက်သည်။ အမျိုးသား၏ မျက်နှာအစိတ်အပိုင်းတိုင်း၏ ထောင့်တိုင်းက ကျော့ရှင်းနေသည်မှာ ထင်ထင်ရှားရှားပင်။ ထိုအေးစက်သည့် စိမ်းမြမြမျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်ချိန်တွင် မတတ်နိုင်စွာပင် အဝေးသို့ အကြည့်မလွှဲဘဲ မနေနိုင်ပေ။ 


လေထဲတွင် မိုး၏ စိုထိုင်းထိုင်း အနံ့ဖျော့ဖျော့လေး ရှိနေသည်။ 


ဟွေ့ယွီ သတ်လိုက်သည့် ဧရာမသားရဲကြီး၏ အလောင်းက တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ အဆုံးတွင်မူ ၎င်းက VR ပြိုင်ကွင်းက ဖန်တီးထားသည့် အချက်အလက်လေးမျှသာ ဖြစ်သည်။ 


ထို့နောက်တွင် ချက်ချင်းပင် ရွှေရောင်အလင်းတန်းများက တောက်ပလာပြီး နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးက ပြိုင်ကွင်း၏ အလယ်တွင် ပေါ်လာလေသည်။


"မင်း မျက်တောင်မခတ်လိုက်နဲ့..."

အမျိုးသားက ထိုသို့ပြောလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားကာ ရှည်လျား၊ပါးလွှာပြီး ပိန်းပိတ်အောင် နက်မှောင်နေသည့် ဓားတစ်လက်က သူ့လက်ထဲ ပေါ်လာခဲ့သည်။ 


အမျိုးသား၏ ဖြူဖွေးသွယ်လျသည့် လက်ချောင်းများက နက်မှောင်နေသည့် ဓားပေါ်မှ ရှုပ်ထွေးပွေလီနေသည့် ပုံစံဒီဇိုင်းများနှင့် တစ်နည်းတစ်ဖုံ လိုက်ဖက်ညီနေကာ အံ့ချီးဖွယ်ရာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။


ဧရာမသားရဲကြီးက ဟိန်းဟောက်လိုက်၍ ဟွေ့ယွီ၏မျက်လုံးများက ပြူးကျယ်သွားကြသည်သည်။


သူရှေ့ရှိအရာရာတိုင်းက အကြိမ်ပေါင်းများစွာ အနှေးပြဖူးသည့် ရုပ်ရှင်ကဲ့သို့ ထင်ရပေသည်။ အမျိုးသား၏ လက်ကောက်ဝတ် ကွေးညွတ်သွားသည်ကို မြင်လိုက်ရပြီး ပြိုင်ဘက်ကို ဟက်တက်ခွဲပစ်တော့မည့်အလား အနက်ရောင်ဓားက အလင်းများထွက်လာလေသည်။


အနက်ရောင်ဓားမှ အလင်းများက သားရဲကြီး၏ အမာကြောဆုံး ဦးချိုမှ ၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပိုင်းဖြတ်ပစ်လိုက်သည်မှာ ကတ်ကြေးတစ်လက်က စာရွက်ကို ချောမွေ့စွာ ညှပ်ပစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။


အမျိုးသားက နောက်ဆုံးလက်သီးတစ်ချက် ထိုးနှက်သည့်အခါတွင်မူ သားရဲကြီး၏ မှုန်ဝါးနေသည့် မျက်လုံးများက အမြင်အာရုံ လုံးဝပျောက်ကွယ်သွားကာ ဓားရာအတိုင်းပင် ၎င်းက တဖြည်းဖြည်း နှစ်ခြမ်းကွဲသွားသည်။


ဟွေ့ယွီ၏ ပါးစပ်က ယင်ကောင် ဥဝင်ဥ လောက်သည်အထိ ပွင့်သွားကာ စကားပင် မပြောနိုင်တော့ချေ။


သူ ဗလုံးဗထွေးသာပြောနိုင်ပေသည်။

"မင်း..."


အမျိုးသားဇာ့ဂ်က စကားတစ်ခွန်းပင် မဆိုဘဲ ဓားကို မြှောက်ထားသည့်ဟန်အနေအထား အတိုင်းသာ ဆက်ရှိနေသည်။


ဟွေ့ယွီ အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ကာ သူ့တစ်ကိုယ်လုံး‌ ခြောက်ခြားမှုဖြင့် တုန်ယင်နေသည်။

"မင်း...မင်းပြောတာတွေ အကုန်လုံးကို ငါ..ငါနားလည်သွားပြီ...ငါက တကယ်ကိုပဲ အားနည်းလွန်းတယ်..."


သူ အမျိုးသားကို လေးလေးနက်နက် ဦးညွတ်အရိုအသေပြုလိုက်သည်။

"မင်းရဲ့ အဆင့်ကို ငါ မရောက်မချင်း ငါ ဘယ်တော့မှ ဒီပြိုင်ကွင်းကနေ မထွက်သွားဘူး..."


အမျိုးသားဇာ့ဂ်(လုမော့)  : "...."


"မင်းငါ့ကို စကားလုံးဝမပြောချင်လောက်ဘူး...ဒါပေမဲ့ အဆင်ပြေပါတယ်..."


ဟွေ့ယွီ လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။

"ငါမင်းရဲ့ အကြံပေးချက်ကို အမြဲ မှတ်မိနေမှာပါ...အရင်တုန်းက ငါ အရမ်းစိတ်ကြီးဝင်ခဲ့မိတယ်..."


"မင်းရဲ့အချိန်တွေက အဖိုးတန်လွန်းတယ်...ငါ့လိုသေးနုတ်လှတဲ့လူလေးကို မင်း စကားတစ်ခွန်းတောင် မပြောချင်မှာကို ကြောက်မိပါတယ်...ငါ အခုပဲ ထွက်သွားပေးပါ့မမယ်..."


---------


ဟွေ့ယွီက ပြိုင်ပွဲကျင်းပသည့်နေရာမှ ထွက်သွာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် စတုရန်းပုံ ပြိုင်ကွင်းတစ်ခုလုံး ရွှေရောင်အလင်းများ ပွင့်လာလေသည်။


လုမော့ ခေါင်းလှည့်ကာ သူ့လက်ထဲမှ ဓားကို ကြည့်လိုက်သည်။ သူ့လှုပ်ရှားမှုများက နှစ်ပေါင်းများစွာ သံချေးတက်နေသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းနေသည်။


တစ်ခဏမျှကြာပြီးနောက် သူပြောလိုက်သည်။

"စနစ် မင်းပြောတာကို ငါအခုယုံသွားပြီ..."


စနစ် : "......"


လုမော့ ဝမ်းနည်း၊သောကများဖြင့် ပြောလိုက်သည်။

"ဒါက တကယ်ကို အကြွင်းမဲ့ အကောင်းဆုံးဓားပဲ..."


ဇာတ်ညွှန်းအရ သိသာထင်ရှားစွာပင် သူက သေသည်အထိ နင်းခြေစော်ကားခံသင့်ပေသည်။


QAQ


စနစ်၏အသံက ဆို့နင့်နေသည်။

[နောက်တစ်ခေါက်ကျ ကျေးဇူးပြုပြီး အဲ့လောက် ဒရာမာတွေ အများကြီး မထည့်ပါနဲ့လား...]


ဘာလို့များ အခုထိအောင် သူတို့က A အဆင့် အမျိုးသားဇာ့ဂ်ဖြစ်ပြီးသားဆိုတာကို အသိတရား မရသေးရတာလဲ...


---------


ဟွေ့ယွီက စောင့်ဆိုင်းနေရာတွင် ခေတ္တနေနေလျက် မျက်လုံးများကို စိတ်လှုပ်ရှားစွာပိတ်ကာ ယခုလေး ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြန်လည်တွေးတောနေလေသည်။


အမျိုးသား၏ပုံရိပ်က သူ့စိတ်အတွေးထဲတွင် ရစ်ဝဲနေလေသည်။ သူ့ဘဝတွင် ထိုကဲ့သို့ ကြည်လင်ပြတ်သားသည့် တိုက်ခိုက်မှုကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။



🌌🌌🌌