Chapter 30
Viewers 4k

Ch30- ပြန်လည်စုစည်းခြင်း




ထိုနှစ်မှစ၍ ဖန်ချန်းသည် မေးခွန်းများမေးမြန်းရန်အစပြုမှုကို ရပ်တန့်ရန် သင်ယူခဲ့ပြီး နျဲ့ရှီသည်လည်း ပိုပြီး သီးသန့်ဖြစ်လာကာ တိတ်ဆိတ်လာခဲ့သည်။



အထက်တန်းကျောင်းနောက်ဆုံးနှစ်တိုင်သည်အထိ နျဲ့ရှီသည် အိမ်မှ ပိုက်ဆံတောင်းလေ့မရှိပေ။ သူ၏မွေးစားမိဘများသည် ငွေကြေးလျှော့ချနိုင်ခြင်းကြောင့် ကျေနပ်ကြပြီး နျဲ့ရှီ၏အရေးကိစ္စများကို အနည်းငယ်သာ စိတ်ဝင်စားကြောင်း ပြသလာခဲ့ကြသည်။



အစကတော့ သူတို့က နျဲ့ရှီသည် ရုပ်ရည်ကောင်းပြီး မျက်လုံးကို ဖမ်းစားထားနိုင်တာကြောင့် မွေးစားခဲ့ခြင်းဖြစ်သည်။ သို့သော် နျဲ့ရှီ၏ တသီးတသန့်အမူအရာကိုသူတို့မကြိုက်ကြပေ။ ထို့ကဲ့သို့ ယောက်ျားလေးများနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး ထူထောင်ရန် မဖြစ်နိုင်ကြောင်း သူတို့သိတာကြောင့် နျဲ့ရှီ ကြီးပြင်းလာသောအခါ၌ ခန်းဝင်ပစ္စည်း ပေးကမ်းရန် အစီစဉ် မရှိကြပေ။ ဒါ့အပြင် သူတို့မှာ သားအရင်းတစ်ယောက်ရှိနေပြီဖြစ်တာကြောင့် မွေးစားသားကို သိပ်အလေးမထားနေတော့ချေ။



မည်သို့ပင်ဆိုစေကာမူ နျဲ့ရှီက ဂုဏ်သိက္ခာရှိသည့် ဒေသအတွင်းကတက္ကသိုလ်တစ်ခုသို့ တက်ရောက်ခွင့်ရခဲ့သောအခါ၌ သူတို့သည်ဂုဏ်အသရေကို မျှဝေခံစားလာခဲ့ပြီး ကြီးပြင်းလာမှုကောင်းသည်ဟု ခံစားရကာ အိမ်နီးချင်းများအား ဂုဏ်ယူဝင့်ကြွားစွာ ကြွားဝါခဲ့ကြလေသည်။



နွေရာသီအားလပ်ရက်တွင် နျဲ့ရှီနှင့်ဖန်ချန်းတို့သည် နျဲ့ရှီ၏ကျောင်းလခအတွက် ငွေအနည်းငယ်ရှာရန် အတူတကွအလုပ်တစ်ခုကိုလုပ်ခဲ့ကြသည်။ နံနက်စောစောတစ်ခု၌ ဖန်ချန်းသည် လမ်းထောင့်တစ်နေရာတွင် တရုတ်ပန်ကိတ်တစ်လုံးကို ကိုက်စားနေခဲ့ကာ သူ့မျက်နှာပေါ်နေရောင်ကျရောက်နေပြီး မျက်လုံးထောင့်များတွင် သေးငယ်သော အလင်းရောင်များ ထွက်ပေါ်နေခဲ့သည်။



ရုတ်တရက် နျဲ့ရှီက ငုံ့ကာ သူ့လက်ချောင်းများဖြင့် ဖန်ချန်း၏ မျက်လုံးထောင့်ကို ပွတ်လာခဲ့သည်။



"မင်း ဘာလုပ်တာလဲ?" ဖန်ချန်းက အံ့အားတကြီးခေါင်းကို မော့လိုက်သည်။



နျဲ့ရှီက ဘာစကားမှမပြောဘဲ ဖန်ချန်းကိုသာ တည့်တည့်ကြည့်နေခဲ့သည်။



ပထမတော့ ဖန်ချန်းက ရှက်သလို ခံစားလိုက်ရတာကြောင့် အောက်ကိုငုံ့လိုက်ရင်း သူ့ခေါင်းကို လက်ဖြင့်အုပ်ထားလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ကာ "လာ.. သွားကြစို့" ဟုဆိုလာပြီး နျဲ့ရှီကိုပင် မကြည့်ဘဲ လမ်းကိုဖြတ်လျှောက်သွားခဲ့သည်။



ကျောင်းစတက်သည့်နေ့တွင် ဖန်ချန်းက န‌ျဲ့ရှီနှင့်အတူ ပျော်ရွှင်စွာပြုံးနေကာ အထွေထွေအခကြေးငွေပေးဆောင်ဖို့အတွက် တန်းစီရာတွင်ကူညီပေးခဲ့သည်။ ထိုနေ့တွင် ဖန်ချန်းသည် နျဲ့ရှီက သူ့အတွက်ဝယ်လာခဲ့သည့်အနည်းငယ်ချောင်ကျသော မိုးပြာရောင် လက်တစ်ဝက်ရှပ်အင်္ကျီနှင့် အနက်ရောင် ပေါ့ပေါ့ပါးပါး ဘောင်းဘီတစ်ထည်ကို ၀တ်ဆင်ထားခဲ့သည်။ သူ့ဆံပင်က အနည်းငယ်ရှည်နေတာကြောင့် ခေါင်းနောက်ဘက်တွင် မြင်းမြှီးလေးလို ချည်ထားခဲ့သည်။



စက်တင်ဘာလဖြစ်သော်ငြား နုပျိုသောအငွေ့အသက်ကို လွှမ်းခြုံထားပြီး နွေရာသီအသွင်အပြင်ကို ထိန်းသိမ်းထား‌လျက်ရှိနေသေးသည်ဟု ဖန်ချန်းမြင်မိသည်။ သူတို့ကျောင်းတံခါးဝမှာ လမ်းခွဲလိုက်ကြရင်း နျဲ့ရှီက ရှုပ်ပွနေသော မြင်းမြီးအထံုးလေးကို ဆွဲဖြည်လိုက်ပြီး ဖန်ချန်း၏ ဆံပင်များကို လက်ဖြင့်ဖွလိုက်သည်။



ဖန်ချန်းက အပြုံးဖြင့် နှုတ်ဆက်လာသောအခါတွင်မူ နျဲ့ရှီသည် သူ့ကို လွှတ်လိုက်ရန် တွန့်ဆုတ်နေခဲ့သည်။ သူက ဖန်ချန်း၏လက်ကို ဖမ်းကိုင်လိုက်ပြီး ခေါင်းကို သူ့ပုခုံးထက် မှီထားလိုက်သည်။



ဖန်ချန်းက နျဲ့ရှီဧ။်ခေါင်းပေါ် သူ့လက်ကို တင်လိုက်ပြီး‌တိုးဖွဖွပြောလာခဲ့သည်..



"အင်း... အဆင်ပြေသွားလိမ့်မယ်..အရာအားလုံး ပိုကောင်းလာလိမ့်မယ်"



နျဲ့ရှီ တက္ကသိုလ်ကျောင်းတက်စဉ်ကာလတွင် တစ်စုံတစ်ဦးက နျဲ့ရှီ၏ညီငယ်လေးသည် သူ့ကိုအရမ်းမှီခိုတွယ်တာတတ်ပြီး ကျောင်းကို အပတ်တိုင်း အလည်အပတ်လာလေ့ရှိသည်ဟု မှတ်ချက်ချလာခဲ့သည်။



ထိုလူပြောသောစကားသည် လုံးဝမမှန်နေပေ... ဖန်ချန်းကို လက်မလွှတ်နိုင်ခဲ့သောသူမှာ နျဲ့ရှီသညဖြစ်သည်။ သူသည်သာ ဖန်ချန်းကို မှီခိုရသူဖြစ်သည်။



အလင်းမဲ့သောနေ့ရက်များတွင် ဖန်ချန်းကသာ သူ့ကို အမြဲကာကွယ်ပေးခဲ့ပြီး အေးစိမ့်နေသောထောင့်များမှ ဆွဲထုတ်ပေးခဲ့ကာ ရွံ့ထဲမှ ဆွဲထူပေးခဲ့သည်။



သို့တိုင်အောင် သူကိုယ်တိုင်ကမူ ဖန်ချန်းကိုကောင်းကောင်းမကာကွယ်ပေးနိုင်ခဲ့ပေ...



ထိုအချိန်မှစပြီး ယခုအချိန်အထိ မပြောင်းလဲခဲ့ပေ...



မိုးတိတ်သွားသည်နှင့်အမျှ ဖန်ချန်းသည် ဘောလုံးတစ်လုံးကဲ့သို့ ကွေးကောက်သွားခဲ့သည်။ သူ့အမြင်အာရုံထဲတွင် နျဲ့ရှီ၏ လက်ဖဝါးအရိုးများကို ယောင်ဝါးဝါးမြင်နေရသည်။



ရှောင်လွှဲမရသော တုန်လှုပ်ချောက်ချားနေမှုများဖြင့်မေးလိုက်သည်.. "ငါက..ငါက မင်းကိုသတ်ခဲ့တဲ့သူလား"



နျဲ့ရှီ၏ လက်ချောင်းများ တုန်ယင်လာကာ စကားမပြောနိုင်တော့ပေ...



ဖန်ချန်းသည် မျက်လုံးများကိုမှိတ်ထားလိုက်သည်နှင့် သူ့ရှေ့တွင် မြင်ကွင်းတစ်ခုက ပေါ်လာခဲ့သည်- သွေးအိုင်များ.. ကွဲကြေနေသော မှန်ပြတင်းပေါက်များ.. နှင့် သူ့နှာခေါင်းများကို လွှမ်းခြုံထားသည့် လီလီရနံ့များ..



 "ဘာလို့..."



တကယ်ပဲဘာလို့လဲ... သူတို့တွေ အတူတူရှိကြစဥ်တုန်းက ဒီလောက်တောင် ကောင်းခဲ့ကြတာကို..ဘာလို့များ...



နျဲ့ရှီက သူ့ဘေးမှာ ဒူးထောက်ချလာရင်း သူ၏လက်ချောင်းများက ဖန်ချန်နားချဉ်းကပ်လာကာ ရပ်တန့်သွားခဲ့သည်။



တုန်တုန်ယင်ယင်ဖြစ်နေသော်လည်း ဖန်ချန်းသည် စိတ်လိုလက်ရ မတ်တတ်ရပ်လိုက်ကာ နျဲ့ရှီ၏လက်ဖဝါးကိုထိလိုက်ပြီး ဗလုံးဗထွေးပြောလာခဲ့သည်။ 



 “ငါ မင်းကို မကြောက်နေသင့်ဘူး… ငါ…ငါက” 



သူ ပိုတွေးလေလေ သူ့ကို ပိုနာကျင်စေလေလေပင်... သူ့မျက်လုံးထဲက မျက်ရည်များနှင့်အတူ ချွေးများက စီးကျလာပြီး စကားမပြောနိုင်တော့ပေ...



သူခံစားနေရသည့် ကြောက်ရွံ့မှု ခံစားချက်များနှင့် နားမလည်နိုင်သည့် ရှောင်လွှဲမှုတွေက သူ့ စိတ်ကူးထားသည့် ရည်ရွယ်ချက်အစစ်အမှန်တွေ မဟုတ်ပေ..



သူ့ဘာဖြစ်ခဲ့တာလဲ...



အရုဏ်တက်ချိန် တဖြေးဖြေးနီးလာသည်နှင့်အမျှ မိုးကုပ်စက်ဝိုင်းပေါ်ရှိ အပြာရောင်သည် တဖြည်းဖြည်းမှိန်လာခဲ့သည်။



သူတို့ အရမ်းနီးကပ်နေပေမဲ့ နျဲ့ရှီက ဒီထက်နီးကပ်ဖို့ကို တုံ့ဆိုင်းနေဆဲပင်...သူက သတိဖြင့်း ဖန်ချန်း၏လက်ချောင်းများကို သူ့လက်ချောင်းများနှင့် ညင်သာစွာယှက်လိုက်ပြီးပြောလိုက်သည်။



"မကြောက်ပါနဲ့ ငါ..မင်းနဲ့အတူရှိ‌ေနတယ်..နော်"



နျဲ့ရှီသည် သူတစ်ချိန်ကပြောခဲ့ဖူးသော စကားများကို ထပ်ခါတလဲလဲပြောလာခဲ့သည်။ ဖန်ချန်းသည် နျဲ့ရှီအပေါ် တစ်ချိန်လုံး နားလည်မှုလွဲနေခဲ့သည်။ အစမှအဆုံးထိ နျဲ့ရှီက သူ့အား အမြဲကာကွယ်ပေးချင်ခဲ့သည်။



နျဲ့ရှီသည် ဒီတစ်ကြိမ်တွင်တော့ သူ၏ ချုပ်တည်းမှုကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့လိုက်သည်။



ဖန်ချန်းသည် သူနှင့်အတူ ပတ်ဝန်းကျင်ရှိ အစိတ်စိတ်အမွှာမွှာ ကွဲအက်နေသော အမှတ်တရများကြောင့် ကမောက်ကမဖြစ်စေနိုင်ကာ သည်းမခံနိုင်သော နာကျင်မှုကို ခံစားရလိမ့်ပေမည်။



နျဲ့ရှီသည် ဖန်ချန်း၏ ...မျက်တောင်ဖျားများမျက်ခွံများပေါ် သို့ ပန်းပွင့်ကို ကျက်စားသည့် လိပ်ပြာတစ်ကောင်ကဲ့သို့ နူးညံ့သိမ်မွေ့သော အထိအတွေ့ဖြင့်အနမ်းပေးပြီးနောက် ဖန်ချန်း၏ နှုတ်ခမ်းလွှာကိုနမ်းရှုံ့လိုက်သည်။



ဖန်ချန်းသည် မျက်လုံးများကို မှိတ်ထားခဲ့လိုက်သည်။ နျဲ့ရှီ၏လက်ချောင်းများက သူ့ပါးပြင်ကို ပွတ်သပ်ပေးနေခဲ့ပြီး လရောင်က စင်္ကြံပေါ်ကနေ တဖြေးဖြေးဖယ်ခွာလာသည်။ နျဲ့ရှီသည် မတ်တပ်ထလိုက်ကာ ဖန်ချန်း၏မျက်နှာကိုစိုက်ကြည့်‌ေနရင်း နောက်ကိုဆုတ်ဆုတ်သွားခဲ့ကာ အရိပ်ထဲတိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။



အချိန်အတန်ကြာပြီးနောက် နောက်ဆုံးတွင် ကောင်းကင်သည် တောက်ပလာခဲ့ပြီး ဖန်ချန်း၏ မျက်ခွံများပေါ်သို့ အဖြူရောင်အလင်းတန်းများ ကျရောက်လာခဲ့သည်။ ကောင်းချန်က တံခါးကို တွန်းဖွင့်လိုက်သည်နဲ့ ဖန်ချန်းအား စင်္ကြံမှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရပြီး တုန်လှုပ်သွားကာပြောလိုက်သည်။



" ဖန်ချန်း...ဘာဖြစ်တာလဲ နျဲ့ရှီရော ဘယ်မှာလဲ"



သူ လှည့်ပတ်ကြည့်လိုက်သည်။ဖန်ချန်းက နှုတ်ဆိတ်နေဆဲပင်...‌ေကာင်းချန်က အံကိုတင်းတင်းကြိတ်ကာ ထပ်မမေးရဲတော့ပေ...



"မိုးလင်းသွားပြီလား? ငါဘယ်လိုအိပ်ပျော်သွားတာလဲတောင်မသိလိုက်ဘူး..."



ကောင်းချန်က ခေါင်းကုတ်ပြီး ဖန်ချန်းကို ငုံ့ကြည့်လိုက်သည်။သူသည် နျဲ့ရှီက ဆုံးပါးသွားပြီး ဖန်ချန်းက ဒါကိုမျက်မြင်တွေ့ခဲ့သည်လားဟု သံသယရှိသွားခဲ့သည်။



ကောင်းချန်က ဒီမှာအကြာကြီးဆက်မနေချင်တော့တာကြောင့် သူက နျဲ့ရှီ ပြန်မလာတော့ဘူးလားလို့ ထပ်မေးလိုက်ပေမယ့် ဖန်ချန်းက ဘာမှမတုံ့ပြန်လာသေးဘဲ သူ့ဘေးမှာ မတ်တပ်ရပ်နေခဲ့သည်။



ကောင်းချန်သည် သူ၏ သံသယများကို ပို၍ပင် ယုံကြည်လာပြီး သူတို့ခရီး‌ေရှ့ဆက်သင့်ပြီး နောက်ထပ် မစုံစမ်းတော့ရန် ဆုံးဖြတ်ခဲ့လိုက်သည်။



ကားဖြင့် လမ်းတလျှောက်မောင်းလာခဲ့ပြီးနောက် ကောင်းချန်က ဖုန်းလမ်းညွှန်ချက်ကို လက်ဖြင့်ညွှန်ပြကာပြောလိုက်သည်။ 



"ငါတို့ နောက်တစ်နာရီလောက်ဆိုရောက်လောက်ပြီ"



ဖန်ချန်းက မျက်လုံးတစ်ဝက်မှိတ်ထားကာ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။



ကားအတွင်း၌ လေထုက လေးလံနေသဖြင့် ကောင်းချန်က တိတ်ဆိတ်မှုကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။



"ပြောကြည့်...ရက်ပိုင်းလေးပဲရှိသေးတယ်၊ အခု ငါတို့နှစ်‌ေယာက်ပဲကျန်တော့တယ်... ဟေး...ဖန်ချန်း မင်းမှာ တစ်ခါမှရည်းစားမရှိခဲ့ဖူးဘူးလား။ မင်း ရုပ်ရည်က အဲ့လောက်လည်းမဆိုးပါဘူး၊မင်းကိုကြိုက်‌ေနတဲ့ ကောင်မလေးတွေရှိဖူးမှာသေချာတယ်... ဟုတ်တယ်မလား"



ကောင်းချန်က စကားစမြည်ပြောလိုက်သော်လည်း ဖန်ချန်း၏ တုံ့ပြန်မှုကင်းမဲ့တာကို မြင်လိုက်ရတာကြောင့် မျက်စောင်းထိုးလိုက်ပြီး ဆက်ပြောလိုက်သည်...



"လျှို့ဝှက်နေစရာမလိုဘူး အတွေ့အကြုံတွေ မျှဝေကြရအောင်လေ...အကယ်‌၍မင်း ပြောရမှာ ရှက်နေရင် ငါ့အတွေ့အကြုံကြိ အရင် မျှဝေပေးမယ်လေ.."



"အဲဒီလက်ကိုင်ပုဝါက..." 



ဖန်ချန်းသည် ပြတင်းပေါက်အပြင်ဘက်ရှိ တောက်ပသော နေ့အလင်းရောင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ကာဆက်မေးလိုက်သည်။



"တကယ်ပဲ မင်းကို သဘောကျနေတဲ့ ကောင်မလေးဆီက လက်ဆောင်လား"



ထိုမေးခွန်းကြောင့် ကောင်ချန်သည်အံ့အားသင့်သွားခဲ့သည်။ ဖန်ချန်း၏ စကားလုံးများ နောက်ကွယ်က အဓိက အဓိပ္ပါယ်ကိုဆုပ်ကိုင်လိုက်မိတာကြောင့် သူ မကျေနပ်မှုတွေကို ခံစားလိုက်ရပြီးပြောလိုက်သည်။



"ဘာကိုဆိုလိုချင်နေတာလဲ.. ကောင်မလေးက ငါ့လိုလူကို လက်ဆောင်ပေးတာမဖြစ်နိုင်ဘူးဆိုပြီး သံသယရှိနေတာလား.. မယုံရင်လည်း မယုံဘူးလို့ပြောလေ"



ဖန်ချန်းက ဒူးကို ထိလိုက်ပြီး ခေါင်းယမ်းပြရင်း ငြီးငွေ့နေသည့် အမူအရာနှင့် တောင်းပန်လိုက်သည်



 "ငါ...တောင်းပန်ပါတယ်"



ကောင်းချန်က မကျေမနပ်ဖြစ်ကာ ပါးစပ် လှုပ်လိုက်သော်လည်း ထိုအကြောင်းအရာကို ကျော်သွားရန်သာ ဆုံးဖြတ်ခဲ့လိုက်သည်။ ခဏအကြာတွင် ဆာလောင်မွတ်သိပ်မှုကို ခံစားလာရပြီး မွေးရာပါ အကြာကြီးဒေါသမထွက်တတ်သည့် ကောင်းချန်သည် ဖန်ချန်းနှင့် စကားစမြည်ပြောဆိုရန်အစပြုလာပြန်သည်။ သူကစားစရာတစ်ခုခုရှာဖို့ အကြံပြုလိုက်ပြီး စူပါမားကတ်တစ်ခုဝင်ပေါက်ရှေ့၌ ကားကိုရပ်လိုက်သည်။



ကောင်းချန်နှင့် အတူ ဖန်ချန်းသည် ကားထဲမှ ထွက်လာပြီး စူပါမားကတ်ထဲသို့ အတူတူ လျှောက်သွားခဲ့သည်။ ကောင်းချန်၏မျက်နှာသည် ကြင်နာသောအမူအရာရှိနေပြီး သူ၏နှုတ်ခမ်းများသည် သဘာဝအတိုင်း ကွေးညွတ်နေသည်။ သူပြုံးလိုက်တိုင်း သူ့မျက်လုံးများက ကျဉ်းမြောင်းသွားကာ နှုတ်ခမ်းများသည် အနည်းငယ် ဖောင်းလာပြီး ရယ်မောပျော်ရွှင်သော ရောင်ဝါများ ဖြာထွက်နေသည်။



စူပါမားကတ်ကြီးထဲတွင် အပြင်ဘက်မြင်ကွင်းကဲ့သို့ပင် ဗလာဖြစ်နေပြီး ဝိညာဉ်တစ်ကောင်တောင် မမြင်ရနိုင်ပေ...။ အချို့သော စျေးဝယ်လှည်းများသည် ကုန်ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေပြီး ဝင်ပေါက်နားတွင် ရပ်ထားဆဲဖြစ်သည်။



ဖန်ချန်းသည် စွန့်ပစ်ထားသော လှည်းရှေ့တွင် ရပ်လိုက်သည်။ အထဲ၌ အစားအသောက်၊ ရေ၊ အိမ်သာသုံးပစ္စည်းတွေနဲ့ ပြည့်နေသည်။တစ်စုံတစ်ယောက်သည် ဈေးဝယ်ထွက်ရင်း ရုတ်တရက် ပျောက်ကွယ်သွားကာ ၎င်းတို့၏ပစ္စည်းများကို ကုန်စုံဆိုင်၌ ချန်ထားခဲ့သကဲ့သို့ပင်။



သူသည် အလွန်စိတ်မသက်မသာ ခံစားလိုက်ရပြီး သူ့ပခုံးများ နောက်ကြိ အနည်းငယ် ယိုင်သွားကာ သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။



ကောင်းချန်သည် စျေးဝယ်လှည်းကို အသုံးမပြုရန် ရွေးချယ်ခဲ့ပြီး ကုန်စုံပစ္စည်းများအားလုံးကို လက်အပြည့်ဖြင့်သယ်ပိုးထားခဲ့သည်။



ထိုအချိန်တွင် အပြင်ဘက်မှ ရုတ်တရတ် "ကလစ်" အသံနှင့်အတူ တစ်စုံတစ်ယောက်က စူပါမားကတ်တံခါးကို တွန်းဖွင့်လာခဲ့သည်။



နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြကာ စင်နောက်တွင် လျင်မြန်စွာ ပုန်းလိုက်ကြသည်။ ကောင်းချန်သည် လေဖောင်းမုန့် သရေစာမျိုးစုံကို ယူထားခဲ့လိုက်ပြီး အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် အသံများ ထွက်လာသည့်အတွက်ကြောင့် လက်တောင်မချရဲပေ... တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိတော့ပေ....



တံခါးဖွင့်သံကြားပြီးနောက် နေရာတစ်ခုလံုးတိတ်ဆိတ်မှုက ဖုံးလွှမ်းသွားပြန်သည်။ တခြားတစ်ဖက်ကသူသည်လည်း တစ်ခုခုကို ရှောင်နေပုံရပြီး သတိကြီးကြီးနဲ့ လှုပ်ရှားနေပုံရသည်။ သူ့အဝတ်အစားသူ ဆုပ်ကိုင်ထားရင်း ဖန်ချန်း၏ နှလုံးခုန်သံက ပိုမြန်လာခဲ့ပြီး သူ့အကြည့်တွေက ဦးတည်ရညမဲ့ ပျံ့နေခဲ့သည်။



ခုနက ဘာဝင်လာတာလဲ...စိတ်နတ်ဆိုးလား...ဒါပေမယ့် သီအိုရီအရပြောရရင် ဒါက မဖြစ်နိုင်ဘူးလေ...



ဖန်ချန်းက ခေတ္တရပ်တန့်သွားသည်။



ဘယ်သူက တကယ်သိမှာလဲ... ဒီဘုံမှာက စိတ်နတ်ဆိုးတွေက တံခါးမဖွင့်နိုင်ဘူးလို့စည်းကမ်းချက်ရှိလားမရှိလားမှမသိတာ...



ယခု သူတို့သည် စင်များ၏အဝေးဆုံးထောင့်တွင် ‌ပုန်းနေသည်ကြောင့် သူတို့ကိုသာတွေ့ရှိသွားပါက မည်သည့်နေရာကိုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။



ဖန်ချန်းတွေးနေစဉ်မှာပဲ ကောင်းချန်၏ မုန့်များက သူ့လက်ထဲကနေ ပြုတ်ကျတော့မလိုဖြစ်သွားခဲ့သော်လည်း ဖန်ချန်းက ကူညီဖို့ မလှုပ်လာခဲ့‌ေပ။ အဆာပြေ မုန့်နှစ်ထုပ်က ကိုယ်ပေါ်ကနေ ပြုတ်ကျသွားပြီး လွတ်နေသည့်စူပါမားကတ် ကြမ်းပြင်ပေါ် ဆင်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းချန် ၏နှလုံးသည်လည်း လေထဲတွင် ရပ်တန့်သွားတော့သည် .. ထို့နောက်တွင်တော့ စင်၏ တစ်ဖက်စွန်းမှ ခေါင်းတစ်လုံး ထွက်ပေါ်လာ၍ သူတို့ကို မျက်လုံးတစ်ဖက်ဖြင့် စူးစိုက်ကြည့်လာသည့် တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရသည်။



မျက်လုံးထဲတွင် ညစ်ညမ်းမှုတစ်ခုခုကို မြင်လိုက်ရသလိုမျိုး ရွံရှာစက်ဆုပ်မှုများနှင့်ကြောက်ရွံ့မှုများက ရောထွေးနေ၏။ဖန်ချန်းသည် မျက်မှောင်ကြုတ်လိုက်ကာ မနေနိုင်ဘဲ သူ့နှုတ်ခမ်းများ ဖြူလာသည်အထိ တင်းတင်းကြပ်ကြပ် ဖိထားမိလိုက်ပြီး သူ့နှလုံးသားက တဒိန်းဒိန်းဆောင့်ခုန်နေခဲ့သည်။



ကောင်းချန်သည်လည်း ထိတ်လန့်သွားသော်လည်း အနီးကပ်စစ်ဆေးကြည့်လိုက်ရာ လူဖြစ်ကြောင်း သိလိုက်ရသည်။



တစ်ဖက်လူက သူတို့ကိုလည်း သိသာထင်ရှားစွာမြင်လာသည့်ပံုဖြင့် သက်ပြင်းတစ်ချက်ချကာ ခန္ဓာကိုယ်တစ်ဝက်ကို ပေါ်လွင်လာစေခဲ့သည်။ယောက်ျားတစ်ယောက်ဖြစ်ပြီး နောက်တွင် အမျိုးသမီးတစ်ဦးက ကပ်လျက်ရှိနေသည်။



ကျန်းရွေ့နှင့် ဝမ်ဟွေ့ဝမ်တို့ဖြစ်သည်။





သူတို့က ဖန်ချန်းတို့နောက်ကို လှမ်းကြည့်လာခဲ့ပြီး အဖြူရောင် နံရံတစ်ခုကိုပဲတွေ့လိုက်ရသည်။ ထို့နောက် သူတို့သည် ပတ်ဝန်းကျင်ကို စကင်န်ဖတ်ကာ အခြားသူများ၏ နေရာကို တိတ်တဆိတ် မေးမြန်းနေသလိုမျိုး ကြည့်လာခဲ့ကြသည်။



ဖန်ချန်းသည် သူတို့၏ အကြည့်များကို တိုက်ရိုက် ရှောင်လိုက်ပြီး ကြမ်းပြင်ကို စိုက်ကြည့်နေလိုက်သည်။ တစ်ဖက်တွင် ကောင်းချန်သည် တစ်ခုခုပြောချင်နေပုံရသော်လည်း တုံ့ဆိုင်းနေသည်။



ဝမ်ဟွေ့ဝမ်က သူမ ပါးစပ်ကို အံ့အားတကြီးဖုံးအုပ်လိုက်ပြီး ကျန်းရွေ့ကသူ့ခါးပတ်ကို စိတ်မသက်မသာ ချိန်ညှိလိုက်သည်။ သူတို့ရှေ့တွင် ရပ်နေသော လူနှစ်ယောက်ကသာ တစ်ဖွဲ့လံုးမှ ကျန်ရစ်ခဲ့သူဆိုတာကို ကျန်းရွေ့တို့နှစ်ယောက်လုံး နားလည်လိုက်ကြသည်။



အခြေနေက သောင်မတင်ရေမကျ ဖြစ်နေသဖြင့် ဘာမှပြောစရာမရှိတော့သောကြောင့် လင်မယားနှစ်ယောက်လုံး ခေါင်းညိတ် ပြလာခဲ့ပြီးထွက်သွားခဲ့ကြသည်။ ကောင်းချန်နှင့် ဖန်ချန်းတို့ကလည်း ကားဆီပြန်လာလိုက်ကြသည်။ ကားထဲသို့ ၀င်လိုက်သည်နှင့် တပြိုင်နက် ကောင်းချန်ကအံ့အားတကြီးဆိုလာသည်။



“သူတို့ ငါတို့ကို ထားပြီးရှေ့က ရှင်းရှင်းလင်းလင်း ထွက်သွားခဲ့တာကို အခုကြ ငါတို့နောက်ကို ဘယ်လိုလုပ်ပြီးရောက်လာကြတာလဲ” 



ဖန်ချန်းက စဉ်းစားလိုက်ရင်း နားလည်သဘောပေါက်သွားပြီး လက်ညှိုးကို ဒူးပေါ်တွင်ပုတ်လိုက်သည် ။ ချောင်ယန်နှင့် တစ်ဖက်အဖွဲ့သညိ သူတို့လူသားတွေက သီးခြားအဖွဲ့နှစ်ဖွဲ့ဖြင့်အလွန်ပြန့်ကျဲနေသောကြောင့် အခြေအနေကို ထိထိရောက်ရောက် စောင့်ကြည့်နိုင်ခြင်း မရှိတာဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူတို့သည် အဖွဲ့တစ်ခုလုံး ပြန်လည်စုရုံးသည်အထိ ထိုစုံတွဲ၏တိုးတက်မှုကို ဟန့်တားထားတာဖြစ်နိုင်လေသည်။



ဖုန်း၏လမ်းညွှန်မှုဖြင့် ကားသည် ခရီးဆက်ခဲ့လေသည်။ မြေပုံပေါ်ရှိ အနီရောင်အစက်သည် သူတို့နှင့် ပိုနီးကပ်လာခဲ့သည်။



ဒါပေမယ့် သူတို့ တကယ်လွတ်မြောက်နိုင်ကြပါ့မလား... မြို့ပြင်ကို လွတ်မြောက်ပြီးသွားရင်ရော ဘာဆက်လုပ်ကြမှာလဲ....



ကားက အရှိန်ပြင်းပြင်းမောင်းနေပြီး ဖန်ချန်းသည် ကားပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်သည်။ အနီရောင် အလင်းတန်းများက လမ်းဘေးကနေ ဖြတ်သွားတာကိုတွေ့လိုက်ရသည် ။ သူ အံ့အားသင့်စွာ တိတ်ဆိတ်စွာ ငေးကြည့်ပြီးနောက် အဝေးကို လှမ်းကြည့်ရာ သစ်ပင်များ မှလွဲ၍ ဘာမှမရှိသော လမ်းအလွတ်တစ်ခုကိုသာ မြင်လိုက်ရတော့သည် ။