အပိုင်း (၁၂)
Viewers 31k

part-12


လေယာဉ်ပေါ်သို့တက်သည့်အချိန်၌ ယွမ်ရှက အထူးတန်းတွင်လက်မှတ်ဖြတ်ခဲ့သောကြောင့် သူတို့ထိုနေရာ၌ထိုင်လိုက်ကြသည်။ ပို၍ကုန်ကျခဲ့ခြင်းကိုသူမနာကျင်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ ဝတ္ထုထဲကယွမ်ရှသည်ချမ်းသာကြွယ်ဝသည့်သူတယောက်သာဖြစ်သည်။


မဟုတ်သေးဘူး...နေဦး ဝတ္ထုထဲကယွမ်ရှရဲ့ခင်ပွန်းကချမ်းသာတဲ့လူလို့ပြောရမယ်...


လေယာဉ်ပေါ်၌ထိုင်နေရခြင်းက မည်သည့်စိတ်ဝင်စားစရာမှလဲမရှိသောကြောင့်စုန့်ရှုယန်လေး ပျင်းရိလာလေသည်။ပထမကသူတွေးထားသည်မှာသူတို့လေယာဉ်ပေါ်သို့တက်ပြီးနောက်ကောင်းကင်ဆီသို့ပျံတက်သွားနိုင်မည်ဟုထင်ထားခြင်းဖြစ်သည်။သို့မဟုတ်ပြတင်းပေါက်များကိုကျယ်ကျယ်ဖွင့်ဟ၍တိမ်များကိုထိတွေ့ကြည့်နိုင်မည်ဟုပင်။


......


စုန့်ထင်ရှန်းတယောက် ကုမ္ပဏီ၌ပရောဂျက်၏အဓိကအချက်အလက်များကိုဆွေးနွေးပြောဆိုပြီးသည့်နောက် ကားထဲသို့ဝင်လိုက်ပြီး ယွမ်ရှပေးပို့လိုက်သောလေယာဉ်နံပါတ်ကိုကြည့်လိုက်သည်။ သူအွန်လိုင်းပေါ်၌လေယာဉ်ရောက်ရှိမည့်အချိန်ကိုစစ်ဆေးကြည့်လိုက်ပြီးနောက် ကားမောင်းပေးမည့်လက်ထောက်ကိုလှမ်းပြောလိုက်သည်။


"လက်ထောက်ချန်း ဟိုတယ်ဧည့်ကြိုဌာနကိုဖုန်းခေါ်ပြီးတော့ ငါ့အခန်းရဲ့ဘေးနားကအခန်းကိုဘိုကင်ယူလိုက်ပါ..."


လက်ထောက်ချန်းကခဏမျှမှင်သက်သွားသည်။ သို့သော်လဲလက်ထောက်တယောက်အနေဖြင့်သူ့သူဌေး၏အတွင်းရေးများကိုမစပ်စုသင့်ကြောင်းသိပေသည်။


"ငါတို့လေဆိပ်ကိုသွားကြစို့ ..."


စုန့်ထင်ရှန်းကကားပြတင်းမှနေ၍အပြင်ဘက်ုကြည့်နေရင်းပြောလိုက်သည်။ သူ့၏တည်ငြိမ်လှသောအသံကြောင့်သူမည်သို့ခံစားနေရသည်ကိုတခြားသူများမှန်းဆနိုင်လိမ့်မည်မဟုတ်ပေ။


"ဒီနေ့ ငါ့ရဲ့ပေါင်ပေါင်ကဒီကိုလာနေတယ်..."


လက်ထောက်ချန်းသည် စုန့်ထင်ရှန်း၏အလုပ်နှင့်ကိုယ်ရေးကိုယ်တာလက်ထောက်အဖြစ်လုပ်ကိုင်ခဲ့သည်မှာနှစ်တချို့ရှိနေပေပြီ။ ထို့ကြောင့်သူ့ သူဌေး၏သားကိုမြင်ဖူးပေသည်။ထို့ကလေးလေးကချစ်စရာကောင်းလှပြီးတက်ကြွသွက်လက်လွန်းလှသောကြောင့်တခြားသူများ သူ့ကိုအလွယ်တကူပင်နှစ်သက်စေမိသည်။


သူဌေးက သူ့သားလေးကိုကုမ္ပဏီသို့ခေါ်လာသည့်အချိန်တိုင်း၌လဲ ကလေးသည်သူ့၏ချစ်စဖွယ်ကောင်းလှသောအသွင်အပြင်လေးဖြင့်အမျိုးသမီးဝန်ထမ်းများအပေါ်တွင်လွှမ်းမိုးနိုင်ခဲ့လေသည်။


နေပါဦး...သူဌေးရဲ့သားကသုံးနှစ်ပဲရှိသေးတယ်မဟုတ်ဘူးလား...သူဒီကိုဘယ်လိုလာတာလဲသူတစ်ယောက်ထဲတော့လာတာမဖြစ်နိုင်ဘူး...ဒါဆိုရင်ဘယ်သူကသူ့ကိုခေါ်လာတာလဲ...


ခဏမျှအကြာ၌ လက်ထောက်ချိန်း၏‌ခေါင်းထဲတွင် အတွေးတချက်လက်သွားလေသည်။စီအီးအိုစုန့်တွင်မည်သည့်ဆွေမျိုးရင်းချာမှမရှိကြောင်းကိုသူသိထားပေသည်။


အဲ့ဒီတော့ ဒါကကောလဟလတွေထဲက မစ္စစုန့်ပေါ့...


ပြောရမည်ဆိုလျှင် လက်ထေက်ချန်းကသူမကိုမကြိမ်အနဲငယ်ခန့်တွေ့ဖူးလေသည်။ သို့သော်လဲသူတို့တွေ့လိုက်သည့်အချိန်၌ အကွာအဝေးကလဲလှမ်းနေသည့်အပြင် သူမကလဲနေကာမျက်မှန်အကြီးကြီးကိုတပ်ဆင်ထားသည်နှင့်ပင်ကြုံခဲ့ရသည်။ ကုမ္ပဏီ၌လဲသူမနှင့်ပတ်သက်သည့်ကောလဟလသတင်းများကလဲပျံ့နှံ့နေခဲ့သည်။ 

ထိုကောလဟလများအရ သူမသည် လွန်ခဲ့သည့်လေးနှစ်က ကုမ္ပဏီတွင်သာမာန်ဝန်ထမ်းလေးအဖြစ် အလုပ်ဝင်ခဲ့ဖူးကြောင်းဆိုကြသည်။ထိုအချိန်တုန်းက သူမသည် အမျိုးသားများ၏အာရုံကို ဖမ်းဆုပ်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည်မြင်လိုက်သည်နှင့် မှင်သက်လောက်အောင် လှပလွန်းသောကြောင့်ဖြစ်သည်။


သို့သော်လဲ သူမက ကုမ္ပဏီတွင်အချိန်တိုလေးမျှသာ အလုပ်ဝင်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမကျောင်းတက်နေစဉ်အတွင်းနွေရာသီကျောင်းပိတ်ရက်၌အချိန်ပိုင်းအလုပ်သမားအဖြစ်လာရောက်လုပ်ကိုင်ခြင်းဖြစ်သောကြောင့် ကျောင်းဖွင့်ချိန်၌အလုပ်ထွက်သွားလေသည်။ထိုကာလတိုလေးအပြီး၌ သူမသည်မစ္စတာစုန့်နှင့်လက်ထပ်ခဲ့ပြီး သားလေးတယောက်မွေးဖွားပေးခဲ့သည်။


တချို့လူများ၏ပြောစကားအရ သူမသည်ကုမ္ပဏီ၌ ဧည့်ကြိုဝန်ထမ်းအဖြစ်အလုပ်မလုပ်ခင်ကထဲက မစ္စတာစုန့်နှင့်လက်ထပ်ပြီးသားဟုလဲဆိုကြသည်။ ၎င်းအခြေအနေက ဧကရီသည်သူ့၏ခင်ပွန်းသည်ကို စုံစမ်းစစ်ဆေးရန်အတွက် ရုပ်ဖျက်၍ရောက်လာခြင်းနှင့်ပင်တူနေသည်။ တချို့ကလဲယွမ်ရှသည် မစ္စတာစုန့်နှင့်ကိုယ်ဝန်ရအောင်ကြံစည်ခဲ့ပြီးနောက် 

ကိုယ်ဝန်ကိုအကြောင်းပြု၍ လက်ထပ်ခဲ့သည်ဟုလဲဆိုကြပြန်သည်။


ကွဲပြားခြားနားသော အချက်အလက်များနှင့်ကောလဟလများရှိနေ‌သော်လဲ သေချာသည့်တခုက သူတို့နှစ်ယောက်သည်အိမ်ထောင်ဖက်များဖြစ်ကြောင်းလုံးဝသေချာပေသည်။ ထူးဆန်းသည့်အချက်တချက်မှာ ထိုမစ္စစုန့်သည် ကုမ္ပဏီ၌တခါမှပေါ်လာခဲ့ခြင်းမျိုးမရှိတော့ပေ။ကုမ္ပဏီ၏နှစ်ပတ်လည်အခမ်းအနားများ 

ဂုဏ်ပြုညစာစားပွဲတို့တွင်လဲ သူတို့ဇနီးမောင်နှံနှစ်ယောက် အတူတကွတက်ရောက်လာခြင်းမျိုးမရှိပေ။ တချို့ကလဲ မစ္စစုန့်သည်လှပလွန်းလှသောကြောင့် မစ္စတာစုန့်က တခြားသူများ သူမကိုလုယူသွားမည်စိုးလွန်းသောကြောင့် အိမ်၌ပင် ဖွက်ထားသည်ဟုဆိုကြပြန်သည်။


ထိုထင်မြင်ယူဆချက်ကမှားယွင်းနေကြောင်းကိုတော့ လက်ထောက်ချန်းသေချာပြောနိုင်ပေသည်။


သူက စီအီးအိုစုန့်လက်ထပ်ပြီးသည့်အချိန်မှသာ သူ့၏လက်ထောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူတာဝန်ထမ်းဆောင်သည့်နှစ်အနဲငယ်အတွင်းတွင် မစ္စတာစုန့်နှင့်သူ့ဇနီးတို့အတူတကွပေါ်လာသည်မျိုးကအလွန်ရှားပါးလှသည်။ ထို့အပြင်သူ့၏ဇနီးအကြောင်းကိုပြောဆိုခြင်းကလဲရှားပါးလှသည်။ အမျိုးသားတယောက်၏အလိုလိုသိသောခံစားချက်အရ မစ္စတာစုန့်သည် သူ့၏ဇနီးသည်အပေါ်တွင် 

အလွန်တရာပိုင်ဆိုင်လိုစိတ်ကြီးသည့်သူတယောက်မဟုတ်မှန်း လက်ထောက်ချန်းခံစားမိပေသည်။


ထိုစုံတွဲ၌ ဆိုးရွားသည့်ဆက်ဆံ‌ရေးမျိူးရှိနိုင်ကြောင်းပြောနိုင်ပေသည်။ သူက သူ့၏ဇနီးအကြောင်းကို စဉ်းစားလိုခြင်းသို့မဟုတ်ပြောဆိုလိုခြင်းပင်မရှိပေ။ 


ဥပမာအားဖြင့် ယခု မစ္စစုန့်ကသူမ၏သားကိုမြို့တော်သို့ခေါ်ဆောင်ခဲ့သော်လဲ မစ္စတာစုန့်က သူ့သားလာနေသည်ဟုသာပြောခဲ့သည်။


ထိုအချက်အရ ဇနီးမောင်နှံနှစ်ယောက်ကြားမှ အခြေအနေသည် သာမာန်အိမ်ထောင်ရှင်များထက်ကို ဆိုးရွားလှကြောင်းရှင်း ရှင်းလင်းလင်းဖော်ပြပြီးသားဖြစ်နေလေသည်။