Part 14
ထိုအချိန်တွင် ချီယန်၏ ဒေါသတကြီးလေသံက အောက်ထပ်မှ ထွက်ပေါ်လာသည်။
‘’ ချီကျန်းကျန်း’’
သူမ အဝတ်အစားများမလဲနိုင်တော့ပဲ အောက်ထပ်သို့ဆင်းသွားသည်။
အန်းချင်ယုသည် တင်းရိကျွင်းကိုဖက်ရင်းငိုနေသည်။ ချီယန်သည် ချီကျန်းကျန်းကို ဒေါသတကြီးဖြင့် ကြည့်နေပြီး ချီကျိုးချန်၏ မျက်ဝန်းအစုံမှာလည်း အံ့ဩမှုတို့ဖြင့် ပြည့်နေသည်။
ဆေးရုံဝတ်စုံပင် ဝတ်ထားဆဲဖြစ်သည့် သူမကိုကြည့်ပြီး ချီယန် ခဏမျှ ရပ်တန့်သွားကာ သူမျက်ဝန်းထဲမှ ဒေါသများ အနည်းငယ်ပြေလျော့သွားသည်။ ချီယန် မျက်မှောင်ကြုတ်လျက်ပင် ‘’ ဘာလို့ ဆေးရုံအဝတ်တွေ ဝတ်ထားရတာလဲ’’
‘’ ဆေးရုံမှာ သမီးအကျီတွေမှ မရှိတာ’’ ချီကျန်းကျန်းပြောလိုက်သည်။
သူမ၏ လေသံသည် သဘာဝအတိုင်း နူးညံ့နေပြီး မူလကိုယ်တွင် ထိုကဲ့သို့သောအသံမျိုး မရှိပေ။ မူလကိုယ်သည် အမြဲတမ်း အသံကိုမြှင့်ကာ ပိုထက်မြတ်သော လေသံဖြင့် ပြောလေ့ရှိသည်။ သူမ၏ လေသံသည် မာနကြီးမောက်မာကာ အမြဲလိုလိုပင် ယုတ္တိမရှိသည်များကိုသာ ပြောလေ့ရှိသည်။
သို့သော် ချီကျန်းကျန်းသည် ထိုအခြင်းအရာအား ဂရုမစိုက်ပေ။ အသံအားလုံးသည် သူမပိုင်ဆိုင်သည့်အရာဖြစ်သည့်အတွက် သူမ စိတ်ကြိုက်ပင် ပြောလိုက်သည်။
ချီယန် နားထောင်လိုက်ပြီး ခဏမျှရပ်တန့်သွားကာ ရှက်ရွံ့စွာဖြင့် နှုတ်ဆိတ်သွားသည့် တင်းရိကျွင်းကိုလှမ်းကြည့်လိုက်မိသည်။
သူတို့အားလုံး ဆေးရုံက ချီကျန်းကျန်းအတွက် အဝတ်တွေ ယူသွားပေးဖို့ မေ့ခဲ့ကြသည်။ နှစ်ဦးသား ခဏမျှ တိတ်ဆိတ်သွားသည်။
အန်းချင်ယု နောက်တစ်ကြိမ်ငိုလိုက်ပြန်သည်။
တင်းရိကျွင်း ချက်ချင်းပင် ‘’ ကျန်းကျန်း … ဝမ်ရိရန်အကြောင်း လူအများရှေ့မှာ ဘာလို့ ပြောလိုက်ရတာလဲ… အဲ့လိုစကားတွေမပြောတော့ဖို့ သဘောတူခဲ့တယ်မဟုတ်ဘူးလား’’
‘’ သမီး သဘောမတူခဲ့ပါဘူး’’ ချီကျန်းကျန်း ဗလာအမူအယာဖြင့်ပြောလိုက်သည်။
ချီယန် နှင့် တင်းရိကျွင်း နှစ်ယောက်လုံး ပြောစရာစကားများပျောက်ရှသွားသည်။ ဟုတ်ပေသည်။ သူတို့အားလုံး အဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း သဘောမတူခဲ့ကြပေ။ သို့သော်လည်း ထိုကဲ့သို့ပြောရန် သူတို့ဆိုလိုခဲ့သည် မဟုတ်ပေ။
ချီယန် ဆူပူချင်သော်လည်း ဆေးရုံအဝတ်ဝတ်ထားဆဲဖြစ်သည့် သူမကိုကြည့်ပြီး သူမနစ်နာမှု့များကိုတွေးပေးလိုက်ကာ ချောင်းတစ်ချက်ဟန့်လိုက်မိသည်။ သူ ဆိုဖာတွင်ထိုင်လိုက်ပြီးနောက် ချီကျန်းကျန်းလည်း အေးအေးဆေးဆေးပင် ဝင်ထိုင်လိုက်သည်။
ချီယန် ဖြေးညင်းစွာဖြင့် ‘’ ကျန်းကျန်း… သမီးအရမ်းစိတ်ဆိုးနေတယ်ဆိုတာ အဖေသိတယ်… ဒါပေမယ့်လည်း ဒီအကြောင်းကြောင့် ကုမ္ပဏီနှစ်ခုလုံးပျက်စီးသွားရင် မကောင်းဘူးလေ… ပြီးတော့ အခုအချိန်က ကုမ္ပဏီနှစ်ခုအတွက် အရမ်းအရေးကြီးတဲ့အချိန်ပဲ … ဒါကြောင့် ဒီလိုအကြောင်းအရာသေးသေးလေးတွေကြောင့် ကုမ္ပဏီကို မထိခိုက်စေချင်ဘူး… ဒီလိုမဟုတ်တာတွေပြောတဲ့အတွက် ရိရန်လဲမျက်နှာပျက်ရသလို သမီးအတွက်လည်း မကောင်းဘူးလေ’’
အမြဲတမ်း ပြဿနာရှာတတ်သည့် ချီကျန်းကျန်းတစ်ယောက် ဒုက္ခရောက်တော့မည်ဟု တွေးနေမိသော်လည်း နောက်ဆုံးတွင် အေးဆေးစွာဖြင့် ခေါင်းငြိမ့်လိုက်ကာ ‘’ အိုကေ… သမီးဆက်မပြောတော့ပါဘူး’’
ဘာပဲဖြစ်ဖြစ် သူမ ပြောသင့်တာတွေ ပြောပြီးပြီမဟုတ်ပါလား…
သူမဘက်မှ အေးဆေးစွာဖြင့် ကတိပေးလိုက်မည်ဟု ချီယန် ထင်မှတ်မထားမိပေ။ သူမ အမူအရာသည် အေးဆေးနေသည့်အတွက်
‘’ သမီးက အဖေ့ရဲ့ တဦးတည်းသောသမီးလေးပါပဲ… အဖေက သမီးဒုက္ခရောက်မှာကို မကြည့်နိုင်ဘူးလေ… အချိန်တန်ရင် သမီးနဲ့ ဝမ်ယွီရဲ့ စေ့စပ်ပွဲကို အဖေတို့ ဖျက်ပေးပါ့မယ်.. အခုတော့ ဝမ်အိမ်ကိုသွားပြီး ဝမ်ရိရန်ကို တောင်းပန်လိုက်ပါဦး’’
ချီကျန်းကျန်း ရိုးရှင်းစွာဖြင့်ပင် ကတိပေးလိုက်သည်
‘’ ဟုတ်ကဲ့ ‘’
ဝမ်ရိရန်ဘက်မှ နစ်နာမှုနှင့် ယှဉ်ကြည့်လျင် သူမဘက်မှ တောင်းပန်သင့်သည်မဟုတ်ပါလား…
တဖက်မှ အန်းချင်ယု တစ်ယောက် အံ့အားသင့်သွားသည်။
သူမ မျက်လုံးများက မယုံနိုင်သကဲ့သို့ ပြူးကျယ်နေပြီး သူမ၏ ကိုယ်ပိုင်နားကိုပင် မယုံနိုင်တော့ပေ။
ဒီလိုမျိုး အေးအေးဆေးဆေးနဲ့ပြီးသွားတယ်လား…
ချီကျန်းကျန်းက ဘာလို့ ဒီတစ်ကြိမ်မှာ ပြဿနာမရှာတော့တာလဲ… ပြီးတော့ ချီယန်ကလဲ ဘာလို့ စိတ်ရှည်သွားရတာလဲ…
သားအဖ အရင်းနှစ်ယောက်ပြောနေသည်ကို သူမ မည်သို့မျှ နားလည်နိုင်ပါမည်နည်း.. ချီယန် ဒေါသထွက်နေချိန်တွင် မူလကိုယ်သည်လည်း ခွန်းတုန့်မခံပြန်ပြောပေလိမ့်မည် ထိုအခါ ချီယန်ပို၍ စိတ်ဆိုးလာပြီး ပြဿနာတက်မည်မှာ မလွဲပင်။
ဒီနေ့ ချီကျန်းကျန်းသည် ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီး စကားကိုလည်း ညင်သာစွာပြောသည့်အတွက် ချီယန်ဘက်မှ အနည်းငယ် နူးညံ့သွားခြင်းဖြစ်ပြီး သူမအပေါ်ထားသည့် သဘောထားသည်လည်း ပြောင်းလဲသွားခြင်းဖြစ်သည်။
‘’ အကျီ သွားလဲလိုက်ဦး ‘’ ချီယန် ပြောလိုက်သည်။
ချီကျန်းကျန်း ခေါင်းငြိမ့်ကာ မတ်တပ်ရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် လူတစ်ယောက်သည် တံခါးဝမှ အလောတကြီးဝင်လာပြီး ချီကျန်းကျန်းဆီသို့ တိုက်ရိုက်သွားကာ ပေါက်ကွဲတော့သည်။
ထိုသူမှာ ဝမ်ရိရန်ပင်ဖြစ်သည်။
သူသည် ချီကျန်းကျန်းဆီသို့ အလောတကြီးပြေးသွားကာ သူမလက်မောင်းကို အားဖြင့် ဆုပ်ကိုင်လျက်
‘’ချီကျန်းကျန်း…’’ ဝမ်ရိရန် အော်ဟစ်လိုက်ကာ သူမကို ရိုက်ရန် လက်ကိုပြင်လိုက်သည်။
‘’ ဝမ်ရိရန် ‘’ ချီယန် အမူအယာ ပြောင်းလဲသွားသည်။
ချီကျန်းကျန်း ဝမ်ရိရန်လက်မြှောက်လိုက်သည်ကို ကြည့်ပြီး အေးခဲသွားသည်။
သို့သော် ဝမ်ရိရန်ကို လူတစ်ယောက်မှ တားလိုက်သည်။
ထိုသူသည် ဝမ်ယွီဖြစ်သည်။
ဝမ်ယွီသည်လည်း ဝမ်ရိရန် အနောက်မှလိုက်လာပြီး ဝမ်ရိရန် လက်မြှောက်လိုက်သည်နှင့် သူ လှမ်းတားလိုက်ခြင်းဖြစ်သည်။
‘’ ငါ့ကိုလွှတ်စမ်း ‘’ ဝမ်ရိရန် ဒေါသတကြီးပြောကို အော်ငေါက်လိုက်သည်။
ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာအမူအရာသည် တင်းမာသွားသည်။ သူ ဘာမှမပြောပဲ လက်ကိုပို၍ အားထည့်လိုက်သည်။
‘’ ငါ့ကိုလွတ်လိုက်စမ်း… ငါ ချီကျန်းကျန်းနဲ့ ကိစ္စမပြီးသေးဘူး.. ဒီ ခွေးမကတော့…’’ ဝမ်ရိရန် သည်းခံနိုင်စွမ်းများ ပျောက်ဆုံးနေသည်။
ချီကျန်းကျန်းသည် သူကိုဒေါသထွက်လွန်း၍ ရူးမတတ်ဖြစ်စေသည်။
အရင်တုန်းက သူ့နောက်တကောက်ကောက် လိုက်ကာ တခြားသူများပါ ဒုက္ခရောက်အောင် လုပ်တတ်သည့် ချီကျန်းကျန်းနှင့် ယှဉ်လျင် ယခု ချီကျန်းကျန်းသည် သူ၏ဒေါသများကို အဆုံးစွန်ထိရောက်အောင် နေ့တိုင်းကျိန်ဆဲလုနီးပါ ဖြစ်သည်အထိစွမ်းဆောင်နိုင်လေသည်။
‘’ အကိုရိရန် … စိတ်လျော့ပါဦး…’’ အန်းချင်ယု အလျင်အမြန်ပြောလိုက်သည်။
အကယ်၍ ဝမ်ရိရန်သာ ချီကျန်းကျန်း ကို ရိုက်လိုက်မိလျင် တကယ့် ပြဿနာအကြီးကြီး တက်မည်မှာ အမှန်ပင်။
ချီယန်လည်း တည်ငြိမ်သည့်မျက်နှာဖြင့် ဝမ်ရိရန် ကိုဝင်ဆွဲလိုက်သည်။ တင်းရိကျွင်းသည် ချီကျန်းကျန်းအား သူမအနောက်သို့ဆွဲလိုက်ကာ သူမကိုယ်နှင့်ကာထားလိုက်ပြီး ချီကျိုးချန်၏ အမူအယာသည်လည်း ဆိုရွားသွားသည်။
‘’ သူ့ကို လွှတ်ပေးလိုက်ပါ’’ ချီကျန်းကျန်း နှုတ်ခမ်းစေ့၍ ပြောလိုက်သည်။
ဝမ်ယွီ သူမကိုကြည့်လိုက်သည်။
သူမ တင်းရိကျွင်းအနောက်မှ ထွက်လာပြီး ဖြေးညင်းစွာဖြင့် ဝမ်ရိရန် ရှေ့သို့လျောက်သွားလိုက်သည်။
သူမ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး သူမ မျက်နှာတခုလုံးသည်လည်း ဖြူဖွေးနေသည်။ သို့သော်လည်း သူမ ပါးနှစ်ဖက်သည် ဒေါသကြောင့် နီရဲနေသည်။
ချီကျန်းကျန်းသည် ကျောကိုဖြောင့်တန်းနေအောင်ထားပြီး လက်သီးများကိုဆုပ်ထားကာ ဆေးရုံဝတ်စုံကိုလည်း ဝတ်ဆင်ထားဆဲဖြစ်သည်။ သို့သော်လည်း သူမသည် ခေါင်းမာစွာဖြင့် ဝမ်ရိရန်ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာသည်။
ဒေါသကြောင် နီရဲနေသော သူမပါးပြင်သည် မီးတောက်တစ်ခုနှင့်တူနေပြီး … သူမ၏ မဲမှောင်နေသည့် မျက်ဝန်းအစုံမှာ အကြည့်ခံရသူများကို အရည်ပျော်သွားစေနိုင်သည်။
ထိုအချိန်တွင် ဝမ်ရိရန်လည်းပဲ ရုတ်တရက် အံ့အားသင့်ကာ ရပ်တန့်သွားသည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲတွေးလိုက်မိသည်မှာ ‘ သူများတွေ ပြောကြသလိုပဲ ချီကျန်းကျန်းက လူကြားထဲမှာ ကြည့်လို့အကောင်းဆုံး သူတစ်ယောက်ပဲ ‘ ဆိုသည်ပင်…