Part 15
သူမကိုပထမဆုံးအကြိမ် စတွေ့တုန်းက သူငေးကြည့်မိသည်အထိ ဖြစ်သွားဖူးသည့်အတွက် ချီကျန်းကျန်း သည် ချောမောလှပမှန်း သူ သိထားသည်။
နောက်ပိုင်းတွင် ချီကျန်းကျန်းအား သဘောကျမိချိန်တွင် သူမ၏ ဆိုးရွားလှသော ကောလဟာလများကိုကြားခဲ့ရသည်။
သူသည် အန်းချင်ယုကဲ့သို့သော နူးညံ့သိမ်မွေ့သည့်မိန်းကလေးများကို သဘောကျသူဖြစ်ပြီး သူ၏စေ့စပ်ထားသူမှာ ဒေါသကြီးကာ မာနထောင်လွှားသူ ဖြစ်နေသည်။
သူ သူမကိုမြင်လိုက်တိုင်း ပို၍ရွံရှာမိပြီး နောက်ပိုင်းတွင် သူမအား လုံးဝ မုန်းတီးလာတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ချီကျန်းကျန်းသည် ကျောကိုမတ်၍ နှုတ်ခမ်းတင်းတင်းစေ့ကာ သူ့ကိုစူးစိုက်ကြည့်နေပြီး တဖြည်းဖြည်း တလှမ်းခြင်း သူ့ဆီလှမ်းလာနေသည်ကို ကြည့်ရင်း သူမ အား ပထမဆုံး တွေ့ခဲ့သည့်အချိန်ကို ပြန်လည်မြင်ယောင်သွားမိသည်။
ချီကျန်းကျန်းသည် ဝမ်ရိရန်အရှေ့သို့ ရောက်နှင့်နေပြီဖြစ်ပြီး ဖြေးညင်းစွာဖြင့် ပြောလိုက်သည်။
‘’ ရှင် အရမ်းစိတ်ဆိုးနေလား… ဒါပေမယ့်… ရှင်လက်ညှိုးထိုးတာကို ခံရတဲ့လူတွေကလွဲလို့ တခြားသူတွေဆီကနေ ထိခိုက်မှုတွေခံဖူးလား’’
ဝမ်ရိရန် ငေးနေပြီး ဘာမှပြန်မပြောပေ။
ဝမ်ယွီ ဝမ်ရိရန်ကို လွှတ်ပေးလိုက်သော်လည်း ဝမ်ရိရန်နားမှ မခွာသေးပေ။
‘’ အဲ့ဒါက အတင်းအဖျင်းလေး နည်းနည်းပါ… ရှင့်အရှေ့မှာ မပြောရဲ့တဲ့ စကားတွေကိုမှ အတင်းအဖျင်းတွေလို့ခေါ်တာ … ပြီးတော့ ဘာလို့ ဒီလောက်ဒေါသထွက်နေတာလဲ ရှင့်ကိုယ်ရှင် မထိန်းချုပ်နိုင်ဘူးလား… ဒါပေမယ့် အတင်းအဖျင်းအကြောင်းပြောရရင် ချီကျန်းကျန်းက စပြီးစေ့စပ်ကတည်းက ဒါတွေကို နားထောင်လာရတာပဲ … ပြီးတော့ အဲ့လိုမျိုး အတင်းအဖျင်းတွေကို နေ့တိုင်းနားထောင်ခဲ့ရတာ’’ သူမ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
သူမသည် မူလကိုယ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြရုံသာဖြစ်သည်။
မူလကိုယ်သည် ဝမ်ရိရန်နှင့်စေ့စပ်ပြီးနောက်ပိုင်း သူမ၏ အနာဂါတ်တဝက်သည် ဝမ်ရိရန် ဖြစ်လာသည်။
သူ တရုတ်သို့ပြန်လာသည်နှင့် မူလကိုယ်သည် ဝမ်ရိရန်ကို နှလုံးသားတစ်ခုလုံးနှင့် သဘောကျခဲ့သည်။ သူမသည် သူ့အနောက်သို့တကောက်ကောက်လိုက်ခဲ့ပြီး ဝမ်ရိရန်၏ထိုက်တန်သည့် စေ့စပ်ထားသူဖြစ်ချင်ခဲ့သည်။ သို့သော်လည်း ဝမ်ရိရန်သည် မူလကိုယ်ကို သဘောမကျခဲ့ပေ။
သူ သူမကိုမကြိုက်ခဲ့သည့်အပြင့် ချီကျန်းကျန်း၏ စေ့စပ်ထားသူ အမည်အောက်မှာပင် အန်းချင်ယုနှင့် ပြောင်ပြောင်တင်းတင်းတွဲနေခဲ့သည်။
သူမ သူ့အတွက်အားထုတ်လိုက်တိုင်း သူမ ပြန်ရလိုက်သည်မှာ သူ၏ရွံရှာမှုများပင်ဖြစ်သည်။
စေ့စပ်ပြီးကတည်းက လူတိုင်းပြောကြသည်မှာ ချီကျန်းကျန်းသည် သူနှင့် မထိုက်တန်ဘူး ဟူ၍ပင်။ တချို့သူများဆိုလျင် ချီကျန်းကျန်းသည် ဝမ်ရိရန်နှင့်အန်းချင်ယု တို့ကြားကို ဝင်နှောက်ယှက်သည့် သူအဖြစ် သတ်မှတ်ကာ ဝမ်ရိရန်၏ နှလုံးသားကို မရယူနိုင်သူ ဟူ၍ပင်ပြောဆိုခဲ့ကြသည်။
တကယ်တမ်းတွင် သူမသည် ဝမ်ရိရန်ကို အလွန်သဘောကျပြီး အန်းချင်ယုကဲ့သို့ အကွက်များမစီမံတတ်သဖြင့် သူမသည် အန်းချင်ယု၏ အမျိုးမျိုးသော လှည့်ကွက်များကြား ကျဆင်းခဲ့ရသည်။
မူလကိုယ် ကားအက်စီးဒင့်ဖြင့် သေဆုံးသွားသည်မှာ အတော်လေးကောင်းသည်ဟု ချီကျန်းကျန်း တွေးလိုက်မိသည်။ မဟုတ်လျင် သူမသည် ဝမ်ရိရန်ကို သဘောကျလွန်း၍ သူမကိုယ်သူမ မည်မျှဒုက္ခခံနေရသည်ကို သိလိမ့်မည် မဟုတ်ပေ။
ချီကျန်းကျန်း ဝမ်ရိရန်ကို တည်ငြိမ်စွာဖြင့်ပြောလိုက်ရင်း ‘’ ဝမ်ရိရန်… ကျွန်မ အက်စီးဒင့်ဘယ်လိုဖြစ်ရလဲဆိုတာ ရှင်တို့နှစ်ယောက်လုံးရဲ့ နှလုံးသားထဲကနေ သိပါတယ် … ဟုတ်တယ်မဟုတ်လား…’’
ဝမ်ရိရန် မျက်နှာ သိသိသာသာပြောင်းလဲသွားသည်။ သူ့ဘေးတွင်ရှိသော အန်းချင်ယု၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
သူမ၏ခန့်မှန်းချက်များ မှန်ကန်သွားကြောင်း ချီကျန်းကျန်း သိလိုက်သည်။ ဒီစုံတွဲက မူလကိုယ်ကို ကြံစည်ကြတဲ့သူတွေပဲဖြစ်မည်။ အန်းချင်ယုက မူလကိုယ် မခံချင်အောင် ပုတ်ခတ်ပြောဆိုပြီး ဝမ်ရိရန်က စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ပြောလိုက်သည်။
ထို့ကြောင့် သူမ အလွန်ဒေါသထွက်ပြီး ကားထဲသို့ဝင်ကာ မောင်းလိုက်သည့်အတွက် အက်စီးဒင့် ဖြစ်သွားခြင်းဖြစ်သည်။
‘’ ကျန်းကျန်း … ဘာပြောတာလဲ… ကားအက်စီးဒင့်က ဘယ်လိုဖြစ်တာလဲ…’’ တင်းရိကျွင်း အံ့အားသင့်ကာ တိုက်ရိုက်မေးလိုက်မိသည်။
ချီကျန်းကျန်း မျက်လွှာအသာချပြီး တည်ငြိမ်သည့်လေသံဖြင့် ‘’ သူတို့တွေရဲ့စော်ကားပုတ်ခတ်တဲ့ စကားတွေကြောင့် စိတ်မြန်လက်မြန်နဲ့ ကားထဲဝင်လိုက်မိပြီး အက်စီးဒင့်ဖြစ်သွားတာပါ’’
ကားအက်စီးဒင့်သည် မူလကိုယ်၏ အမှားသာဖြစ်ပြီး ဥပဒေအရ ဝမ်ရိရန်နှင့် အန်းချင်ယုကို အပြစ်တင်လို့မရနိုင်ပေ။ သို့သော်လည်း သူတို့၏ စော်ကားပုတ်ခတ်သည့်စကားများကြောင့် မူလကိုယ်သည် စိတ်မထိန်းနိင်ပဲ ထိုနေ့တွင် ကားအက်စီးဒင့် ဖြစ်ခဲ့လေသည်။
ယခု သူမ နိုးထလာချိန်တွင် မူလကိုယ်သည် ကိုမာဝင်၍ ဟင်းသီးဟင်းရွက်ဖြစ်နေချိန်တွင် တိတ်တဆိတ် သေဆုံးသွားပြီဖြစ်သည်။
ဝမ်ရိရန် သူမ မျက်လုံးများကိုကြည့်ရင်း သူ ဘာကြောင့်မှန်းမသိသော်လည်း သူ့နှလုံးသားထဲမှ စွဲကိုင်ထားသော အမုန်းတရားများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ကားမှောက်သွားသည့်နေ့က သွေးအိုင်ထဲတွင်လဲနေသော ချီကျန်းကျန်းကိုကြည့်ပြီး သူ၏နှလုံးသားထဲတွင် အပြစ်တစ်ချို့ခံစားခဲ့ရသော်လည်း အန်းချင်ယု ပြောသည်မှာ မှန်လေသည်။ ထိုအက်စီးဒင့်သည် ချီကျန်းကျန်းဘာသာ ဖြစ်သွားခြင်းဖြစ်ပြီး သူ့ဘက်က ရှင်းရှင်းလင်းလင်းပြောခဲ့ရုံသာဖြစ်သည်။
သူ ထိုသို့တွေးလိုက်မိပြီး စိတ်လျော့လိုက်သည်။
ထိုအချိန်တွင် ဆေးရုံဝတ်စုံဝတ်ဆင်ထားလျက် တည်ငြိမ်စွာသူ့အားကြည့်နေသည့် ချီကျန်းကျန်းကို ကြည့်လိုက်မိပြီး ရုတ်တရက် ဘာလုပ်ရမှန်းမသိတော့ပေ။
သူ့နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေသည်။
သူ့အကြည့်ကို အန်းချင်ယု သတိထားမိသွားပြီး သူမ မျက်လုံးများ မသိမသာပြောင်းလဲသွားကာ အရှေ့သို့ထွက်လာပြီး ဝမ်ရိရန်လက်ကိုကိုင်ရင်း ပြောလိုက်သည်။
‘’ အစ်မကျန်းကျန်း ညီမမှားပါတယ်… အဲ့နေ့က ညီမအပြစ်တွေပါ.. ညီမ အစ်မကိုမတားလိုက်မိဘူး… ဒါပေမယ့် အစ်မကျန်းကျန်း အကိုရိရန်ကို အဲ့လိုတော့မပြောသင့်ဘူးလေ … မဟုတ်ရင် တခြားသူတွေက အကို့ကိုဘယ်လိုပြောကြမလဲ…’’
ဝမ်ရိရန် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
အန်းချင်ယုက ဆက်ပြောသည်။
‘’ ချီမိသားစုနဲ့ ဝမ်မိသားစုက အခုဆို ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီ … တကယ်လို့ အစ်မ ကျန်းကျန်း မကျေနပ်ဘူးဆိုရင် ညီမတို့ကို သီးသန့်အသိပေးသင့်တယ်လေ… အကိုရိရန်ကို အပြင်လူတွေရှေ့မှာ ပစ်မှတ်မထားသင့်ဘူး’’
ချီကျန်းကျန်း သူမမျက်လုံးများကို မှေးကျဉ်းပြီး အန်းချင်ယုကို ကြင်နာပြီးသနားစရာကောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
မူလက တစ်ခုခုပြောဖို့ကြံနေသည့် ချီယန် စကားလုံးများကို ပြောင်းလဲလိုက်ပြီး ‘’ ဒီတစ်ခါတော့ ကျန်းကျန်းရဲ့ အမှားပဲ… နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်စေဖို့ သူမ ကတိပေးပြီးပြီ… ပြီးတော့ သူမက လူတွေကိုရှင်းပြပေးပါလိမ့်မယ်… ကျန်းကျန်း ရိရန်ကို မြန်မြန်တောင်းပန်လိုက်လေ…’’
မိသားစု နှစ်ခုကြားက ပူးပေါင်းဆောင်ရွက်မှုကြောင့် ချီယန်သည် အခြေအနေကို ထိန်းချုပ်လိုက်သည်။
ချီကျန်းကျန်း မျက်လွှာချထားဖြစ်ပြီး ‘’ သမီး ရုတ်တရက် မတောင်းပန်ချင်တော့ဘူး’’
ဝမ်ရိရန်၏ အပြုအမူများကြောင့် သူမ ဘာမှမပြောချင်တော့ပေ။
တင်းရိကျွင်း သဘောမကျဟန်ဖြင့် အော်လိုက်သည် ‘’ ကျန်းကျန်း ‘’
‘’ အကိုရိရန်… အစ်မကျန်းကျန်းက မတောင်းပန်ဘူးဆိုရင်လဲ မေ့လိုက်ပါနော်… သူမ အဲ့သဘောမျိုးမဟုတ်လောက်ပါဘူး’’ အန်းချင်ယု ဝမ်ရိရန်ကို နူးညံ့သည့်အကြည့်ဖြင့် ကြည့်ရင်းပြောလိုက်သည်။ ‘’ စိတ်မဆိုးပါနဲ့… အကိုမပျော်ဘူးဆိုရင်… အန်တီဝမ်လဲ စိတ်ပူနေလိမ့်မယ်’’
ဝမ်ရိရန် မျက်ဝန်းများ အနည်းငယ်တုန့်ဆိုင်းသွားသည်။ သူဘာတွေတွေးနေမှန်းမသိသလို ဘာမှလဲ မပြောပေ။
သို့သော်လည်း ထိုစကားကြောင့် ချီယန်နှင့် တင်းရိကျွင်း အသိဝင်သွားသည်။
လူအများရှေ့တွင် ဝမ်ရိရန် မကောင်းကြောင်း ပြောခဲ့သည့်အတွက် ချီကျန်းကျန်း အမှားပင်ဖြစ်သည်။
အကယ်၍ ဝမ်ကျင်စန်းသာ သိသွားလျင် ဒေါသထွက်မထွက် သူတို့ဘက်မှ သေချာမသိနိုင်ပေ။
ချီယန် ‘’ ချီကျန်းကျန်း… အခုလေးတင် နင်ငါ့ကို ဘယ်လိုကတိပေးခဲ့တာလဲ… တောင်းပန်လိုက်စမ်း’’
တင်းရိကျွင်း၏ မျက်ဝန်းတွင်လည်း မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ အရှေ့သို့ခြေလှမ်းကာ ကျန်းကျန်းလက်မောင်းကို ကိုင်လိုက်ပြီး ‘’ ကျန်းကျန်း နည်းနည်းလောက် ဉာဏ်လေးကောင်းလိုက်စမ်းပါ… ကလေးတွေစိတ်ဆိုးသလို လုပ်မနေနဲ့တော့’’
သူတို့အားလုံး သူမကိုကြည့်နေပြီး သူမကိုသာ အပြစ်တင်နေကြသည်။
သူမ၏ မိဘအရင်းတွေတောင်မှပေါ့…
ချီကျန်းကျန်း ခါးသီးစွာပြုံးလိုက်မိသည်။