Part 16
‘’ မင်းက ဘာလို့တောင်းပန်ရမှာလဲ…’’ အမျိုးသားတစ်ယောက် အသံထွက်ပေါ်လာသည်။
ချီကျန်းကျန်း ခေါင်းကိုလှည့်ပြီးကြည့်လိုက်စဉ် သိပ်မဝေးသောနေရာတွင် ဝမ်ယွီ သည် လူတိုင်းကိုလျစ်လျူရှုကာ သူမကိုကြည့်ရင်း တည်ငြိမ်စွာဖြင့် ‘’ သူတို့တွေ မင်းကို အများကြီးအကြွေးတင်နေတာကို… မင်း မတောင်းပန်ချင်ဘူးဆို တောင်းပန်မနေနဲ့’’
သူ့ပါးစပ်မှာ များပြားလှသော စကားလုံးများထွက်ပေါ်လာသည်ကို သူမ မကြားဖူးပေ။ ဝမ်ယွီ စကားအများကြီး ပြောသည်မှာ အလွန်ရှားပါးလှသည်။
အခုကစပြီး တစ်နှစ်တာစိတ်ဆင်းရဲစေမယ့် သူမရဲ့ဘောစ့်အဖြစ် သတ်မှတ်လိုက်သည်။
ထိုအချိန်တွင် ချီကျန်းကျန်းတစ်ယောက် ဝမ်ယွီကို အလွန်အမင်းသဘောကျသွားသည်။
သူမ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ခိုင်မာသည့်လေသံဖြင့် ‘’ ဟုတ်တယ်.. ကျွန်မ မတောင်းပန်ချင်ဘူး အဲ့ဒါကြောင့် မတောင်းပန်နိုင်ဘူး’’
ပြောပြီးနောက် သူမ ဘာမှဆက်မပြောပဲ ချီအိမ်၏ တံခါးဝဆီသို့ တိုက်ရိုက်လမ်းလျောက်သွားသည်။
‘’ ကျန်းကျန်း ‘’ တင်းရိကျွင်း စိတ်ဆိုးစွာဖြင့် အနောက်မှ အော်ဟစ်ကာ ကျန်ခဲ့သည်။
ချီကျန်းကျန်း ဆက်လျောက်မြဲဖြစ်သည်။
ချီယန် အလွန်ဒေါသထွက်နေပြီး ဝမ်ယွီကိုကြည့်လိုက်သည်။ ထို့နောက် ချီကျိုးချန်ကို ကြည့်ကာ ‘’ မင်းအစ်မနောက်ကို မြန်မြန်လိုက်သွားစမ်း … သူမ ခန္ဓာကိုယ်က ကောင်းသေးတာမဟုတ်ဘူး… ဘယ်ကိုသွားချင်နေတာလဲ’’
ချီကျိုးချန် လုံးဝမလှုပ်ပေ။ ‘’ မသွားဘူး … အဖေ့ဘာသာပဲ သူမကို ဂရုစိုက်လိုက်’’
‘’မင်း…’’ ဒေါသတကြီးဖြစ်သွားတော့သည်။
နောက်ဆုံးတွင် ဝမ်ရိရန် အသိပြန်ဝင်လာပြီး ဝမ်ယွီကို အံကြိတ်၍ကြည့်လိုက်သည်။
တင်းရိကျွင်း ဝမ်ယွီကို ရွံရှာစက်ဆုပ်စွာဖြင့် ကြည့်လိုက်သည်။
ဝမ်ယွီ သူတို့အားလုံးကို ဂရုမစိုက်စွာဖြင့် ထွက်ခွာသွားသည်။
ခြေလှမ်းတစ်ချိုလှမ်းပြီးနောက် ခဏရပ်ကာ ချီယန်ကို သူ၏နက်မှောင်ပြီးထက်မြတ်သည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး ‘’ အကျိုးအမြတ်ကိုပဲကြည့်မယ်ဆိုရင် အဖေဆန်ဖို့ ကြိုးစားမနေနဲ့… သူမအတွက်ကောင်းဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူမကို အတင်းအကြပ်အကုန် လုပ်ခိုင်းမနေနဲ့’’
ထိုအချိန်တွင် သူပြောမည့်စကားများကို ချီယန် ရုတ်တရက် နားလည်သွားသည်။
ချီကျန်းကျန်းသည် ကားအက်စီးဒင့်ကြောင့် သေမလိုဖြစ်ပြီး ရက်ပေါင်းများစွာ ကိုမာဝင်ခဲ့သည်။ မိဘအနေဖြင့် သူမအတွက် စိတ်မဆိုးပေးခဲ့သလို လက်တုန့်ပြန်ဖို့လဲ သူ မစဉ်းစားခဲ့မိသည့်အပြင့် အကျိုးအမြတ်များအတွက် သူမ၏ဒေါသများကို မျိုသိပ်စေခဲ့သည်။
ဝမ်ယွီ လှောင်ပြုံးပြုံးကာ အခန်းထဲမှထွက်ခွာသွားသည်။
ချီယန် အနောက်သို့ နှစ်လှမ်းမျှ ဆုတ်လိုက်မိသည်။
ထိုအချိန်တွင် ချီကျန်းကျန်းအပေါ် မှားခဲ့မိသည့် သူ၏အပြစ်များကို သတိပြုမိသွားသည်။
….
ဝမ်ယွီမှာ ကြောက်ဖို့ကောင်းတဲ့ ကိုယ်ရောင်ကိုယ်ဝါရှိနေတာပဲ…
သူ သူ့ကိုတည့်တည့်တောင် မကြည့်ရဲခဲ့ဘူး…
ဘယ်လိုဖြစ်နိုင်မှာလဲ …..
သူက ဝမ်အိမ်ရဲ့ အမှိုက်မဟုတ်ဘူးလား…
ဝမ်ယွီ ကားပါကင်ထိုးထားသည့်နေရာသို့ လျောက်သွားလိုက်သည်။
ထိုနေရာသို့မရောက်ခင် ဘေးဘီသို့ လှမ်းကြည့်သော်လည်း ညအချိန်ဖြစ်၍ ညမီးတိုင်များကိုသာ တွေ့လိုက်ရသည်။
သို့သော်လည်း သူ မလှုပ်သေးပဲ ဖြေးညင်းစွာဖြင့် ပြောလိုက်သည် ‘’ ချီကျန်းကျန်းလား..’’
သူပြောလိုက်သည်နှင့် သစ်ပင်ကြီးတစ်ပင် အနောက်မှ ချီကျန်းကျန်း တစ်ယောက် ကို့ယို့ကားယားအပြုံးဖြင့် ထွက်လာသည်။
‘ ချီအိမ်က ထွက်လာတဲ့အချိန် ငါ ဘယ်လောက်တောင်မှ ကြည့်ကောင်းနေခဲ့လဲ…. ဒါပေမယ့် အိမ်အပြင်ရောက်တာနဲ့ လေအေးတွေအရမ်းတိုက်လွန်းလို့ နောင်တပြန်ရသွားချင်မိတယ်’
ဆေးရုံဝတ်စုံသာ ဝတ်ဆင်ထားဆဲဖြစ်သည့် ချီကျန်းကျန်းကို ဝမ်ယွီကြည့်လိုက်သည်။ သူမသည် ဖိနပ်ပါးလေးကို စီးထားပြီး ခြေချောင်းဆယ်ချောင်းလုံးကို မြင်နေရသည်။ သူ၏အကြည့်ကြောင့် အအေးဒဏ်ခံနေရသော ထိုခြေချောင်းလေးများကို သူမ အနောက်သို့တွန့်ကွေးကာ ဖွက်လိုက်မိသည်။
ချီကျန်းကျန်း နေရခက်လာပြီး သူမ၏လက်ချောင်းလေးများဖြင့် အကျီစကိုတွန့်လိမ်နေမိသည်။
သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့တဲ့အခါ အသက်ရှင်ဖို့ကိုသာ တောင့်တနေမိလိမ့်မယ်…
သူမ နှုတ်ခမ်းများကိုသွားဖြင့် ကိုက်လိုက်ပြီး ‘’ ဝမ်ယွီ… အဲ့ဒါ…’’
ဝမ်ယု ကားတံခါးကိုဖွင့်ကာ သူမစကားကိုဖြတ်ပြောလိုက်သည်။ ‘’ ကားပေါ်တက်…’’
ချီကျန်းကျန်း ချက်ချင်းပင် သူ့အား တောက်ပသော အပြုံးဖြင့် ပြုံးပြလိုက်ကာ ကားပေါ်သို့ အပြေးအလွှားတက်လိုက်တော့သည်။
….
ချီအိမ်တွင်
နောက်ဆုံးတွင် ချီကျိုးချန်သည် သူ့အဖေ၏ တွန်းအားပေးမှု့ကြောင့် ချီကျန်းကျန်းကို အပြင်ထွက်ရှာနေရလေသည်။ သူမ ဖုန်းသည် ပျက်သွားသဖြင့် အသစ်မဝယ်ရသေးပေ။ ထို့ကြောင့် မည်သူမျှ သူမကို ဆက်သွယ်လို့မရပေ။ ချီကျိုးချန် ကျိန်ဆဲ၍ ကားကိုထုတ်လိုက်သည်။
ဒီည၏လေထုသည် အတော်လေးရှက်စရာကောင်းသည်။ တင်းရိကျွင်း ပြုံးလိုက်ပြီး ‘’ ရိရန်… ကျန်းကျန်းက အထိခိုက်မခံဘူး… စိတ်လေးနည်းနည်းရှည်ပေးနော်… ပြီးမှ အနာဂါတ်မှာ အန်တီတို့ သူမကို သေချာစောင့်ရှောက်လိုက်ပါ့မယ်’’
ဝမ်ရိရန် ဘာပြောရမှန်း မသိတော့ပေ။ ဘာကြောင့်မှန်းမသိ သူ၏ ဒေါသများ ပျောက်ကွယ်သွားသည်။ ချီကျန်းကျန်းမှ မတောင်းပန်ရင်တောင် သူ သူမကို သတ်ပစ်ချင်သည်အထိ စိတ်မဆိုးတော့ပေ။ သူ့ကိုယ်သူ နားမလည်နိုင်အောင် ဖြစ်နေသည်။
သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ‘’ ကျွန်တော်လည်း ဒီနေ့စိတ်လောသွားတယ်… မိသားစုနှစ်ခုကြားက ဆက်ဆံရေးက အမြဲတမ်းကောင်းနေမှာပါ… ချီကျန်းကျန်းနဲ့ ကျွန်တော့ကြားက ပြဿနာက သေးသေးလေးပါ… အန်ကယ်နဲ့ အန်တီကို ကျွန်တော် စိတ်ပူအောင် မလုပ်သင့်တော့ပါဘူး’’
သူ ပြုံးလျက်ပင် သူ၏နဂိုပုံစံသို့ ပြောင်းလဲသွားသည်။ ‘’ ကျေးဇူးပြပြီး ကျွန်တော်ပြန်လိုက်ပါဦးမယ်… အချိန်လဲ မစောတော့ဘူးလေ’’
‘’ ကောင်းပြီ ကောင်းပြီ… ရိရန် ဖြေးဖြေးသွားဦး… ‘’
ပြောပြီးနောက် ဝမ်ရိရန် ပြုံးလျက် အန်းချင်ယုကို ကြည့်ကာ ပြန်သွားတော့သည်။
သူ၏ ဒီနေ့တုန့်ပြန်မှုသည် ခါတိုင်းနှင့်မတူသည်ကို အန်းချင်ယု သတိထားမိသည်။
အန်းချင်ယု နှလုံးသားထဲတွင် သူမ နားမလည်နိုင်သည့် စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။
ထို့နောက် ချီယန်၏ အေးစက်သောလေသံ ထွက်ပေါ်လာတော့သည်။
‘’ အန်းချင်ယု … ကျန်းကျန်း အက်စီးဒင့်ဖြစ်တဲ့နေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ကို ပြောပြတော့မှာလား… ဘာလို့ တစ်ခွန်းမှ မဟခဲ့တာလဲ’’
အန်းချင်ယု မျက်နှာ ဖြူဖျော့သွားတော့သည်။