Part 18
တကယ်ပဲ သူ ဘာတွေတွေးနေသည်ကို သူမ နားမလည်နိုင်တော့ပေ။ ထို့နောက် သူ့အနောက်မှ သူမအပြေးအလွှားလိုက်သွားတော့သည်။
သိပ်မကြာခင် ဝမ်ယွီ ရပ်တန့်သွားသည်။
ထို့ကြောင့် အနောက်မှ အလောတကြီးပြေးလာသည့် ချီကျန်းကျန်း ဝမ်ယွီ နောက်ကျောနှင့် ဝင်တိုက်မိတော့သည်။
‘’ အ …’’ သူမ နှာခေါင်း အတော်လေးနာသွားသည်။
‘’ဘာဖြစ်တာလဲ…’’ ဝမ်ယွီ မျက်မှောင်ကြုတ်ရင်း သူမကိုကြည့်ကာ မေးလိုက်သည်။
နှာခေါင်းကိုင်ထားသည့် ချီကျန်းကျန်းတစ်ယောက် နှာသံဖြင့် ‘’ ရပါတယ်… ကျွန်မ နှာခေါင်းနဲ့ဆောင့်မိသွားလို့’’ ကံကောင်းစွာဖြင့် တကယ်နှာခေါင်းဖြစ်နေသည်။ စီလီကွန်သာဆိုလျင် သူမ မလွယ်ကူနိုင်ပေ။
ဝမ်ယွီ မျက်မှောင်ကြုတ်ကာ သူမလက်ကိုဆွဲဖယ်လိုက်ပြီး သူမ နှာခေါင်းကို သေချာကြည့်လိုက်မိသည်။
ဟုတ်ပြီ… နှာခေါင်းက အတော်လေး နီရဲနေတာပဲ…
သူ စိတ်ကိုလျော့ကာ လက်လွှတ်ပေးလိုက်ပြီး ဓာတ်လှေကားတံခါးကိုဖွင့်ကာ အထဲသို့ဝင်လိုက်သည်။
ထို့နောက် ချီကျန်းကျန်း အနောက်မှ လိုက်ဝင်သွားသည်။
သူ၏လက်မှာ သူ၏မျက်နှာနှင့်မတူပေ။ သူ့အမူအရာသည် အေးစက်သော်လည်း သူ့လက်များသည် နွေးထွေးလွန်းသည်။ သူမကိုထိတွေ့လိုက်သည့် ထိုအခိုက်အတန့်လေးတွင် အလွန်ထူးခြားသည့် အထိအတွေ့ကိုရရှိလိုက်သလိုပင်…
ဈေးဝယ်စင်တာကြီးဖြစ်သည့်အတွက် သပ်သပ်ရပ်ရပ် အလှဆင်ထားပြီး လူသိပ်မများပေ။
ဓာတ်လှေကားထဲမှ ထွက်ပြီးနောက် ဝမ်ယွီခဏရပ်ကာ ချီကျန်းကျန်းကို ကြည့်လိုက်သည်။
သူကိုယ်တိုင် အဝတ်အစားဝယ်သည်မှာ အတော်လေးရှားပါးလှပြီး သူ့လက်ထောက်မှ ဝယ်ပေးနေကျဖြစ်သည်။ ထို့ကြောင့် သူ ဒီနေရာကို မရောက်သည်မှာ အတော်လေးကြာပြီဖြစ်သည်။
‘’ငါ ဒီနေရာကို သိပ်မသိဘူး… မှတ်မိသလောက်ပဲ ကြည့်ရတော့မှာပဲ’’
သူဆိုလိုသည်ကို ချီကျန်းကျန်း နားလည်သည်။
သူမသည် ညာဘက်ရှိ သာမန်ဆိုင်လေးတစ်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ သူမနှင့်အတူ ဘောစ်ကြီး အမှန်တကယ်ပင် ဆိုင်ထဲသို့ လိုက်ဝင်လာလေသည်။
‘ဘာကြောင့်လဲ…’
ဝမ်ယွီတစ်ယောက် ဝမ်အိမ်ကို လှည့်စားဖို့ သူမနဲ့ လိုက်လာတာများလား… ဒါမှမဟုတ် စေ့စပ်ထားတဲ့သူအတွက် ဒီနေရာမှာ ရှိနေပေးတာလား…
ဒါမှမဟုတ် ဝမ်ကျင်စန်းရဲ့ နောက်ထပ်တောင်းဆိုချက်များလား…
‘’ မဂ်လာပါအစ်မ’’ ဆိုင်ရှင်မန်နေဂျာမှ သူမတို့ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
ဆိုင်ထဲမှ အဝတ်အစားများသည် အတော်လေးကြည့်ကောင်းလှသည်။
အဝတ်အစား အရေအတွက် အများကြီးမရှိသော်လည်း တစ်ခုချင်းစီ၏ ပုံစံနှင့်အသားမှာ အတော်လေးကို လှပတင့်တယ်နေသည်။
အဝတ်လဲခန်းသည် ဒုတိယထပ်တွင်ရှိပြီး ချီကျန်းကျန်း အဝတ်လဲပြီးနောက် ထွက်လာကာ မေးလိုက်သည်။
‘’ကြည့်ကောင်းရဲ့လား ‘’
‘’ အရမ်းလှတာပဲ… ဒီနှစ်ခုက စက်ချုပ်ဆရာက အမျိုးသမီးတွေအတွက် ဒီဇိုင်းထုတ်ပြီး သီးသန့်ချုပ်ပေးထားတာ’’ ဆိုင်ရှင်မန်နေဂျာက အပြုံးလေးဖြင့် ချီကျန်းကျန်းကိုပြောလိုက်သည်။
ဝတ်စုံသည် အမှန်တကယ်ပင် ကောင်းမွန်သည်။
သူမ မှန်ထဲတွင်ကြည့်လိုက်ပြီးနောက် သူမမျက်ဝန်းထဲတွင် အံ့ဩမှုနှင့် ကျေနပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
အဖြူရောင်ဆွယ်တာလေးသည် နူးညံ့ကာ အလွန်သက်သောင့်သက်သာရှိသည်။ စကတ်၏ လိုင်းလေးများသည် သူမ ခါးကိုပေါ်လွင်စေပြီး ပို၍ပိန်ကာ လှပအောင် ပံ့ပိုးပေးထားသည်။
မှန်ထဲမှ မိန်းမပျိုလေးသည် အလွန်လှပနေသည်။
မျက်နှာအသွင်အပြင်သည် သပ်ရပ်လှပနေပြီး နူးညံ့ပျော့ပြောင်းသည့် ဆံပင်ရှည်များသည် သူမနောက်ကျောတွင်ဝဲကျနေသည်။ ထို့အပြင် အရည်အသွေးကောင်းသည့် အဝတ်အစားသည် သူမလေးကို ပို၍ လှပစေရန် အထောက်အပံ့ပြုနေလေသည်။
နူးညံ့ပြီး အပြစ်ကင်းတဲ့ နတ်သမီးလေး အတိုင်းပဲ….
ဆိုင်မန်နေဂျာ၏ အမြင်ကြောင့် သူမသည် ထိုဝတ်စုံနှင့် အလွန်လိုက်ဖက်နေလေသည်။
‘’ အပြင်မှာအေးတယ်… နောက်တစ်ထည်ထပ်ထည့်လိုက်’’ ဆိုဖာပေါ်တွင် ထိုင်နေသည့် ဝမ်ယွီမှ ပြောလိုက်သည်။
ချီကျန်းကျန်း လန့်သွားသည်။
‘’ ဟုတ်ကဲ့ပါ ဆရာ’’ တခြား ဝန်ထမ်းလေးက အပြုံးလေးဖြင့် ‘’ အစ်မ … ဒီနေ့ကအရမ်းတိုက်ဆိုင်တဲ့နေ့ပဲဗျ… ဒီဝတ်စုံလေးက ဆိုဒ်အသေးအနေနဲ့ ဒီနေ့မှရောက်လာတဲ့ ဒီဇိုင်းအသစ်လေးပါ… ပြီးတော့ ဒါက အမျိုးသမီးအတွက် သီးသန့်ထုတ်ပေးထားတာပါ’’
ပြောပြီနောက် ဝန်ထမ်းလေးသည် အပေါ်ထပ်အကျီတစ်ထည် ထုတ်ယူလာသည်။
သူမ ငြင်းဆန်ရန်ပြင်လိုက်သော်လည်း ထိုအပေါ်ထပ်အကျီလေးမှာ အလွန်လှပသောကြောင့် စိတ်မထိန်းနိုင်ပဲ ဝတ်ကြည့်လိုက်သည်။
အိုး… အရမ်းလှတာပဲ
ထို့ကြောင့် သူမ ဈေးမေးရန်ပြင်လိုက်သည်။
သို့သော် သူမ အနောက်မှ ဝမ်ယွီက ‘’ ဖိနပ်ကော’’
ဆိုင်မန်နေဂျာက ပြုံးရွှင်စွာဖြင့်
‘’ အစ်မ .. ဒီဖိနပ်လေးက ကျွန်တော်တို့ဆိုင်ရဲ့ limited edition ပါ ဒီတစ်စုံပဲ ဆိုဒ် ၃၅ ကျန်တော့တာ… အစ်မနဲ့ကွက်တိပဲနေမှာ’’
သူမ ဖိနပ်ကိုကြည့်ပြီး ထိုဖိနပ်များသည် သူမ အတွက်ပြုလုပ်ထားသကဲ့သို့ပင်…
ထိုအချိန်တွင်အရောင်းဝန်ထမ်း၏ စကားကို သူမ နားမထောင်တော့ပေ။ limited edition အကြောင်းကို လူတိုင်းသိပေလိမ့်မည်။ ထို့အပြင် ထိုဖိနပ်သည် အီတလီမှ handmade ဖြစ်သောကြောင့် ဈေးသက်သက်သာသာနှင့် မရနိုင်ဘူး ဆိုသည်ကို သူမ နားလည်သည်။
ဆိုင်မန်နေဂျာသည် ပြောရင်းနှင့်ပင် ဖိနပ်ကို ထုတ်ယူလာကာ ‘’ စမ်းစီးကြည့်ပါလား… ဒီဖိနပ်က တကယ်ပဲ အစ်မနဲ့ကွက်တိဖြစ်နေမယ်ဆိုတာ ကျွန်တော်ပြောရဲတယ်… ဒီတစ်ခုထက် ပိုလိုက်မယ့်ဖိနပ် ရှာလို့တွေ့မှာတောင် မဟုတ်ဘူး… ပြီးတော့ ဒီဖိနပ်နဲ့ဆို ဘာပဲဝတ်ထားဝတ်ထား အရမ်းကြည့်ကောင်းနေမှာ အသေအချာပဲ’’
တချိန်တည်းမှာပင် ချီကျန်းကျန်း ဖိနပ်ကို စီးလိုက်သည်။
အတော်လေးကြည့်ကောင်းသည့် ဖိနပ်ဖြစ်သည်။
ဖိနပ်သည် အကျီနှင့်အတော်လေး လိုက်ဖက်ညီနေပြီး သူတို့နှစ်ခုအတွက် သီးသန့် ထုတ်လုပ်ထားသကဲ့သို့ပင်… ဖိနပ်၏ ဒေါက်အမြင့်သည် အရမ်းမမြင့်ပဲ စီးရတာ သက်သောင့်သက်သာရှိသည်။
အမျိုးသမီးများသည် လှပသော အဝတ်အစားများနှင့် ဖိနပ်များအပေါ်တွင် ခံနိုင်ရည် မရှိကြပေ။
ဝတ်စုံသည် အမှန်တကယ်ကြည့်ကောင်းသည့်အတွက် ချီကျန်းကျန်း စိတ်လျော့ကာ အိတ်ထဲမှ ကဒ်ကို ထုတ်ယူလိုက်သည်။
သူမသည် မှန်ထဲမှ အလှလေးကိုကြည့်ပြီးနောက် ဆိုင်မန်နေဂျာကို မေးလိုက်သည်။ ‘’ ဘယ်လောက်ကျလဲ…’’
ဆိုင်မန်နေဂျာအပြုံးသည် ပိုတောက်ပလာပြီး ချီကျန်းကျန်းကို အံ့ဩသည့်မျက်ဝန်းများဖြင့်ကြည့်ကာ ‘’ ဈေးအရမ်းမများပါဘူး.. ဆွယ်တာက ၆၈၉၉ စကတ်က ၃၉၉၉ နဲ့ အပေါ်ထပ်အကျီက ကော်တွန်အစစ်နဲ့လုပ်ထားတော့ ၁၃၁၀၀ ပြီးတော့ ဖိနပ်ကလဲ သီးသန့်ချုပ်ထားတာဆိုတော့…’’
ချီကျန်းကျန်း ကြားထဲမှ ဖြတ်မေးလိုက်သည်။ ‘’ ဖိနပ်က ဘယ်လောက်လဲ’’
ဆိုင်မန်နေဂျာ၏ အပြုံးမှာမပြောင်းလဲဘဲ ‘’ နှစ်သောင်းခြောက်ထောင် ပါ’’