>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 24
'ငါဘာလို့ဒီလိုလုပ်လိုက်တာလဲ! ငါဘာလို့ အန်းသန့်စ်နဲ့ချိန်းတွေ့နေတာလို့ပြောလိုက်တာလဲ'
ထို့အပြင် သူမသည် သူနှင့် နှစ်ထောင်ပေါင်း သောင်းချီအောင် ချိန်းတွေ့ပြီး လက်ထပ်ကြမည်ဟုပင် ကြွေးကြော်ခဲ့သေးသည်။ လူနာသည် အခြေအနေများကို ပြန်တွေးရင်း သူမဆံပင်ကိုသူမ ဆွဲလိုက်မိသည်။
'ငါတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်ပြောမိရင်တောင် လျှာချော်သွားလို့ဆိုပြီးပြောလို့ရသေးတယ်။ငါ ပြန်စဥ်းစားအုံးမယ်ဆိုပြီး လျှောချသွားလို့ရတာကို'
သို့သော် ယခုတွင် သူမသည် လူတိုင်းရှေ့၌ အော်ပြောခဲ့မိသည်။ လျင်မြန်သောဉာဏ်ရည်ဉာဏ်သွေးရှိသော အန်းသန့်စ်သည် အခြေအနေကိုကျွမ်းကျင်စွာကိုင်တွယ်ခဲ့သည်။ ထို့နောက်တွင် လူနာအား ပြန်လည်ငြင်းပယ်ရန်အခွင့်အရေးပင်မပေးဘဲ အန်းသန့်စ်သည် ဆွဲခေါ်သွားခဲ့သည်။
အန်းသန့်စ်သည် လူနာကို လက်တစ်ဖက်က ဆုပ်ကိုင်ထားပြီး ဘယ်ရွန်မြို့စားကိုနောက်တစ်ဖက်ကကိုင်ထားရင်း ကမ္ဘာကြီးကို အနိုင်ယူနိုင်ခဲ့သလိုမျက်နှာဖြင့် ထွက်လာခဲ့သည်။
ဘယ်ရွန်စံအိမ်သို့ပြန်လာသောလမ်းတစ်လျှောက် ရထားပေါ်တွင် လူနာသည် ထိုအကြောင်းကို အကြိမ်ရေမည်မျှရှိပြီမသိအောင်ပင် နောင်တရနေခဲ့သည်။
"အဲဒါက.. ဘယ်တုန်းက စဖြစ်ခဲ့ကြတာလဲ။လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတင် မင်းတို့ မချိန်းတွေ့နေဘူးလို့ကြားခဲ့တာသေချာပါတယ်"
"အမှန်တော့ ကျွန်တော်က သူမကိုလိုက်နေတာပါ။ ဒါပေမယ့် အခုတော့ လေဒီက ဆုံးဖြတ်ချက်ချပြီးသွားတဲ့ပုံပဲ"
"ဟားဟား၊ ငါနားလည်သွားပြီ! သခင်လေးလိုလူက လူနာရဲ့လက်တွဲဖော်ဖြစ်ရင်ကောင်းမယ်လို့ထင်ခဲ့တာ အခုတော့တကယ်ဖြစ်လာပြီပေါ့!"
"ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ"
ထို့အပြင် ယခု ဘယ်ရွန်မြို့စားပါသိသွားပြီဖြစ်သောကြောင့် နောက်ပြန်လှည့်မရတော့ပေ။ မြို့စားကြီးစံအိမ်မှလူများသည် တင်းတင်းကျပ်ကျပ် နှုတ်ပိတ်နေတတ်သောကြောင့် ကောလာဟလများကို မဖြန့်နိုင်ပေ။ လူနာက လျှာချော်သွားတယ်လို့ နောက်တွင်ပြောရင်တောင်မှ ဒီတိုင်းထားမည့်အမျိုးအစားဖြစ်သည်။
ဒါပေမယ့် သူမအဖေက ပြဿနာဖြစ်နေသည်။
လူနာအတွက် ယောက်ျားတစ်ယောက်နှင့် ချိန်းတွေ့သည်က... မဟုတ်သေးဘူး ဖယ်ဆန်မှလွဲပြီး တခြားအထီးဖြစ်တည်မှုနှင့် ဆက်ဆံရေးရှိခြင်းမှာ သူမ၏ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ဘယ်ရွန်မြို့စား သည် အလွန်စိတ်လှုပ်ရှားနေပြီး မီးရှူးမီးပန်းများပင် ပစ်ဖောက်နေချင်ခဲ့သည်။
သူမသာ အခုမှ "မဟုတ်ဘူး" ဟုပြောလိုက်ပါက သူသည် အံ့ဩလွန်သွားပြီး ထမင်းမစားရေမသောက်ဖြစ်သွားလိမ့်မည်။
"မင်းတို့က အခုမှစတွဲတာကို ဒီစကားပြောရတာ နည်းနည်းကို့ရို့ကားယားဆန်မှန်းသိပေမယ့် လုနာက ငါ့ရဲ့အဖိုးတန်သမီးလေးပါ။ သူမကို ဒီတိုင်းခဏတာ အပန်းဖြေစရာသဘောနဲ့ ချိန်းတွေ့ဖို့ စိတ်ကူးထားရင် ငါ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"
…အဖေရေ! ရပ်လိုက်ပါတော့ ရပ်ပါတော့ ကျေးဇူးပြုပြီး!
လူနာသည် ရှက်ရွံ့စွာဖြင့် ရထားပြတင်းပေါက်ကို စိုက်ကြည့်လိုက်၍ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ စိတ်ထဲမှ အော်ဟစ်နေခဲ့သည်။
"အိုး ဘယ်ရွန်မြို့စား ဘာမှ စိုးရိမ်စရာမလိုပါဘူး။ကျွန်တော်က ဘယ်လိုလုပ်ပြီး လူနာလို လှပဉာဏ်ရည်ထက်မြက်တဲ့ မိန်းမပျိုလေးတစ်ယောက်ကို အပျော်တွဲရမှာလဲ..."
ဘယ်ရွန်မြို့စားနှင့်ပင် လုံလောက်နေပြီဖြစ်သော မီးတောက်ထဲကို အန်းသန့်စ်က လောင်စာထပ်ထည့်လာပြန်သည်။ ရူးနေတယ်ဆိုပြီး ကောလာဟလတွေ ပျံ့နှံ့နေတာမဆန်းတော့ပါဘူး။ သူက ဒီအခြေအနေကို တော်တော်လေးပျော်မွေ့နေသည့်ပုံရသည်။
"ဟားဟား။ဟုတ်တယ်၊အဲ့တာ အမှန်ပဲ။ သူမက အခု အရွယ်ရောက်နေပြီဆိုပေမယ့် ငါတော့ သူမကိုဟိုးလက်တောက်လောက်သေးသေးလေးလိုမြင်နေသေးတော့ အဘိုးကြီးတစ်ယောက်လို လိုက်စိတ်ပူနေရတယ်"
"စိတ်မပူပါနဲ့။ ဘယ်ရွန်မြို့စား စိုးရိမ်နေသလို ဖြစ်လာမှာမဟုတ်ပါဘူး။ လေဒီလူနာ ကျွန်တော့်ကို သဘောမကျလို့ ပါးရိုက်မလွှတ်ခင်အထိ သူမအနားမှာပဲကပ်နေဖို့ဆုံးဖြတ်ထားတယ်"
အန်းသန့်စ်၏ အဖြေကို တုံ့ပြန်သောအနေဖြင့် လူနာသည် သူ့ကို ချက်ချင်း ပါးရိုက်ချင်ပြီး လမ်းခွဲချင်မိပေသည်။
"ဘာလို့ ဒီလိုပြောတာလဲ။သူမ မင်းကိုမကြိုက်ဘူးလို့ မပြောလာအောင် သေချာဂရုစိုက်သင့်တယ်နော်။အခုထဲစ အဲဒီလို တွေးနေရင် ဘယ်လိုလုပ်မလဲ"
"အိုး ကျွန်တော် စကားမှားသွားတယ်။ကျွန်တာ် ဘယ်ရွန်မြို့စားရဲ့ စကားလုံးတွေကို နှလုံးသားထဲမှာ ရေးထားပါ့မယ်"
... လူနာသည် သူတို့၏ စကားဝိုင်းကို ရပ်စေချင်သော်လည်း ဒီလိုဖြစ်အောင်အစေ့ကိုကြဲ ရေလောင်း ပန်းပွင့်အောင်လုပ်ခဲ့သောသူက သူမကိုယ်တိုင်ဖြစ်နေသည်။
သူတို့၏ တရစပ်စကားများကြောင့် လူနာသည် လျှာချော်သွားသည်ဟု ပြောဖို့ အခွင့်အရေး ကျော်လွန်သွားမှန်းသိလိုက်ရသည်။
နောက်ဆုံးတွင် လူနာသည် သူမ၏ မျက်နှာကို လက်ဖဝါးဖြင့် အုပ်ကာ ဘာပဲဖြစ်ဖြစ်ဟု တွေးကာ လက်လျှော့လိုက်သည်။ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများကိုသာအာရုံစိုက်ရင်း အိပ်မက်မက်နေသလိုပဲဟန်ဆောင်နေလိုက်တော့သည်။
သူမသည် ဒီတစ်ကြိမ်တော့ တစ်နည်းနည်းဖြင့် သည်းခံလိုက်မည်ဟု တွေးခဲ့လိုက်သည်။
သို့သော်လည်း သူမ စံအိမ်ကြီးဆီ ပြန်ရောက်လာချိန်တွင် သူမအတွက် ပိုကြီးမားသော ကပ်ဆိုးကြီးတစ်ခုက ရှိနေခဲ့သည်။
"အမ်မာ၊ လော်ရာ။ မင်းတို့ကြားခဲ့ကြလား။ ငါတို့ လူနာမှာ ရည်းစားရှိနေပြီ!"
"ဘယ်လို!?"
"ဘယ်ရွန်မြို့စား ရုတ်တရက်ကြီး ဘာကိုပြောတာလဲ"
ဘယ်ရွန်မြို့စားသည် ရထားပေါ်မှ ဆင်းပြီးပြီးချင်း လူနာ၏ချိန်းတွေ့မှု အကြောင်း သူ့တို့ကိုလာကြိုသော အမျိုးသမီး နှစ်ယောက်အား အကြောင်းကြားခဲ့သည်။
"ဟားဟား! ဒါပေါ့ မင်းတို့ဘယ်သိပါ့မလဲ။အဲ့တာက အခုမှဖြစ်သွားတာလေ!"
အံ့သြမှုဖြင့် အမျိုးသမီးများသည် မျက်လုံးများပြူးကျယ်ကာ မေးလာကြသည့်အချိန်တွင် ဘယ်ရွန်မြို့စားသည် ဟက်ဟက်ပက်ပက်ရယ်မောကာ ရထားပေါ်မှဆင်းလာသော အန်းသန့်စ်၏ပခုံးကို ပုတ်လိုက်သည်။
အန်းသန့်စ်သည် ကျေနပ်နေပုံရပြီး ဘယ်ရွန်မြို့စားနှင့်အတူ ရယ်မောကာ လူနာနှင့် ချိန်းတွေ့နေပြီဖြစ်ကြောင်း အတည်ပြုလာခဲ့သည်။
"အိုး ဒီလိုဖြစ်မယ်ဆိုတာ ကျွန်မကြိုသိနေတယ်!"
"အား! ကျွန်မရောပဲ! သခင်လေးဗင်းဆင့် သခင်မလေး ကိုလာရှာတဲ့အချိန်ထဲစသိခဲ့တာ"
"တကယ်လား! ဒါက အမှန်ပဲလား!"
လန့်ဖျပ်နေသည့် ဟင်နရီသည် အမျိုးသမီးနှစ်ယောက်၏ စကားဝိုင်းထဲ ပါဝင်လာခဲ့သည်။
"ခဏလေး အဖေ! ရပ်လိုက်ပါတော့!"
သူမသည် ဘယ်ရွန်မြို့စားကလူစည်ကားသောလမ်းများဆီသို့ အပြေးအလွှားထွက်ကာ သူမနှင့်အန်းသန့်စ် ချိန်းတွေ့နေသည့်သတင်းကို တစ်ရပ်ကွက်လုံးကြားအောင် ကြေညာမည်ကို စိုးရိမ်သောကြောင့် အလောတကြီး ကြားဝင်ပြောလိုက်သည်။
"ရပ်ရမှာလား! ဒါက အဖေတို့ မိသားစုကို သတင်းကောင်း မျှဝေနေတာလေ။သမီး ဘာလို့ဒီလိုပြောတာလဲ"
"ဒါကအခြေအနေတစ်ချို့ ရှိလို့..အဲ့ဒါကြောင့် ဒီလို ဇာချဲ့နေဖို့ မလိုပါဘူး"
"အခြေအနေတစ်ချို့လား"
"အခြေအနေလား...သခင်မလေး"
ဘယ်ရွန်မြို့စား၊ အမ်မာ၊ လော်ရာနှင့် ဟင်နရီတို့ လေးယောက်စလုံး၏ မျက်လုံးများသည် လူနာအပေါ် အာရုံစိုက်လာခဲ့ကြသည်။
သူတို့မျက်နှာမှာ 'ချိန်းတွေ့ရင် ချိန်းတွေ့တယ်ပေါ့။ဘာတွေထပ်ပြောနေတာလဲ' ဟုမေးနေသလိုဖြစ်နေကြသည်။
'မဟုတ်ဘူး။ အဲဒါကဘာလို့လဲဆိုတော့... ဖယ်ဆန်ကြောင့် ရှုပ်ယှက်ခတ်နေတဲ့ဘဝကို သူကကူညီပေးမယ်လို့ ပြောလို့ သဘောတူခဲ့တာ'
အရှုံးအမြတ်ကို တွက်ချက်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်မချရသေးခင်မှာတင်ထိုသို့ဖြစ်လာခဲ့ရသည်။ ဒါတွေအားလုံး ဖယ်ဆန်ကြောင့်ပင်။
သို့သော် သူမ ထိုစကားများကိုမပြောနိုင်ခဲ့ပေ။
သူမ တစ်ယောက်တည်း နောင်တရနေချိန်မှာပဲ အန်းသန့်စ်သည် ထိတ်လန့်နေသော မျက်နှာဖြင့် မေးလာခဲ့သည်။
"မင်း...ကိုယ့်ကို သဘောမကျပေမယ့် အခြေအနေကြောင့် ဒီတိုင်းလက်ခံခဲ့ရတာလား!"
"အမ်?"
ခဏလေးနေပါဦး။ သူအခုဘာလုပ်နေတာလဲ။ အခြေအနေအားလုံးကို သိနေတာပဲကို အခုမှဘာလို့ဒီလိုမေးနေတာလဲ။
သူမသည် မျက်မှောင်ကြုတ်လိုက်ကာဆွံ့အနေသောအကြည့်ဖြင့် ပြန်မေးလိုက်သည်။အန်းသန့်စ်သည် မီးတောက်အပေါ်လောင်စာလောင်းလိုက်သကဲ့သို့ သနားစရာမျက်နှာလေးလုပ်ကာ နှုတ်ခမ်းကိုပြန်ဖွင့်လာခဲ့သည်။
"အဲဒါပဲ… ဖြစ်နိုင်တယ်။လေဒီက စိတ်ထားအရမ်းကောင်းတော့ အဲလိုလုပ်ခဲ့တာမလား။ ကိုယ်မကြိုက်တဲ့လူအပေါ်ကိုတောင်မှ စိတ်မထိခိုက်အောင် ကရုဏာထားခဲ့တာပဲ။အဲ့တာက လိမ်တာဆိုရင်တောင်မှပေါ့..."
"ဘယ်လို! လုံးဝမဖြစ်နိုင်ဘူး! သခင်မလေး ဒါက မမှန်ဘူးမလား။ တစ်ယောက်ယောက်ကို လိမ်ညာပြီး ဟန်ဆောင်ချိန်းတွေ့တာလား!"
အန်းသန့်စ်၏သရုပ်ဆောင်မှု ပြီးဆုံးခါနီးတွင် အန်းသန့်စ်ဘက်၌ လုံးဝရှိနေခဲ့သော အမ်မာက မယုံကြည်နိုင်သောမျက်နှာဖြင့် မေးလာခဲ့သည်။သူတို့၏ ကြင်နာတတ်သော သခင်မလေးက ဒီလိုမျိုးဘယ်တော့မှမလုပ်လောက်ဘူး!
"အိုး မဖြစ်နိုင်လောက်ပါဘူး!ဒါက နားလည်မှုလွဲတာပဲဖြစ်မှာ။ကျွန်မတို့ရဲ့ သခင်မလေးက လူတွေရဲ့ခံစားချက်ကို ကစားတတ်တဲ့ လူမျိုးမဟုတ်ပါဘူး!"
လော်ရာက ပြောလာခဲ့သည်။ လူနာသည် အလွန်အံ့သြနေစွာဖြင့် ကွဲလွဲနေသည့်အချက်ကို ငြင်းဆိုလိုက်သည်။
"ဘယ်သူကလူတွေရဲ့ ခံစားချက်ကို ကစားရမှာလဲ"
သူမတွင် ထိုသို့သော ရည်ရွယ်ချက်မရှိခဲ့ပေ။ အစကတည်းက သူတို့ဆက်ဆံရေးအပါ်တွင် ဒီလိုမျိုးမတွေးထားခဲ့ပေ။ ရှိခဲ့လျှင်တောင်မှ ဒါကသံသယသက်သက်သာ ဖြစ်နိုင်သည်။
ထို့အပြင် တစ်စုံတစ်ယောက်၏ခံစားချက်များနှင့်ကစားနေသောသူမှာ သူမ မဟုတ်ပဲ အန်းသန့်စ်သာဖြစ်သည်။ သူက ဘယ်ရွန်မြို့စားကိုရော သူ့ရှေ့ကလူများကိုရောကစားနေတာဖြစ်သည်။
"ထင်တဲ့အတိုင်းပဲ! ပြောပါတယ် ကျွန်မတို့ရဲ့ သခင်မလေးက ဒီလိုမဟုတ်ပါဘူးလို့"
"ဟုတ်တယ်! သခင်မလေးက ကြင်နာပြီး လှပတဲ့သူတစ်ယောက်ပဲ!"
"ကျွန်တော် မလိုအပ်ဘဲ စိတ်လှုပ်ရှားသွားမိလို့ နားလည်မှုလွဲသွားတာဖြစ်မယ်။ တောင်းပန်ပါတယ် ကိုယ့်ရဲ့ လေဒီ"
"ငါက အစထဲစ ငါတို့ရဲ့ လူနာကို သံသယမ၀င်ခဲ့ဘူး!"
စောနကအထိ တော်တော်လေး စိုးရိမ်နေပုံရသည့် ဘယ်ရွန်မြို့စားသည် ချက်ချင်းပင်သဘောထားပြောင်းသွားကာ သူ့သမီးကို ဘယ်တော့မှ သံသယဝင်မှာမဟုတ်ဘူးဟု ယုံကြည်ချက်ရှိစွာ ပြောလာသည်။
"ဒါဆို ကျွန်မတို့ဒီနေ့ ပါတီလုပ်သင့်တယ်။ ဒီနေ့က ကျွန်မတို့ရဲ့ သခင်မလေးပထမဆုံးရည်းစားရတဲ့နေ့ပဲ!"
"အား! ကျွန်မလည်းကူညီမယ် အမ်မာ!"
"ဒါဆို အရင်ဆုံး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ထားလိုက်တော့။ဘယ်ရွန်မြို့စား ကျွန်တော် အစားအသောက်နဲ့ ပစ္စည်းတွေ သွားဝယ်လိုက်အုံးမယ်"
"အဲ့လိုလုပ်လိုက်ပါ။ အကောင်းဆုံးတွေပဲ ဝယ်လာခဲ့လိုက်"
"ကောင်းပြီ! ဒီနေ့တော့ နည်းနည်းလေး ပိုအားစိုက်ထုတ်ရမှာပေါ့"
အမ်မာသည် သူမကိုသာ ယုံကြည်ထားလိုက်ဆိုသည့်ပုံစံဖြင့် အင်္ကျီလက်များကို ခေါက်တင်ကာ အလုပ်လုပ်ဖို့သွားတော့သည်။ ဟင်နရီသည် အပြင်ထွက်ရန် ပြင်ဆင်ဖို့အတွက် မြင်းဇောင်းထဲသို့ ပြန်သွားလိုက်ပြီး လော်ရာသည် ဘယ်ရွန်မြို့စား၏ ကုတ်အင်္ကျီကို ယူကာ စံအိမ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
"အားလုံးခဏလေး! နေကြပါဦး! မဟုတ်ဘူး။ မဟုတ်ဘူး! အခြေအနေတစ်ခုရှိတယ်... မဟုတ်ဘူး၊ အခြေအနေမရှ်ဘူး၊ အခြေအနေမရှိပေမယ့် အဲဒါ .... အဲဒါ .... မဟုတ်သေးဘူး!"
လူနာသည် ဘာပြောရမှန်း မသိတော့ဘဲ ကယောင်ကတမ်းဖြင့် ဝါကျတစ်ကြောင်းကိုသာ ထပ်ခါတလဲလဲ ပြောနေမိသည်။ထိုသည်မှာ မှန်ကန်သောဝါကျမဟုတ်နေပေ။ပြတ်တောင်းပြတ်တောင်း စကားစုများဆို ပိုမှန်လိမ့်မည်။
လူနာကို ထူးဆန်းစွာကြည့်နေသော ဘယ်ရွန်မြို့စားသည် အချိန်ကြာလာသည်နှင့်အမျှ သူမ စိတ်အေးအေးထားနိုင်ပြီး မှန်ကန်စွာပြောနိုင်လာလိမ့်မည်ဟု တွေးကာ အန်းသန့်စ်ကို လှည့်ကြည့်လိုက်သည်။
"ဟင်းက အဆင်သင့်မဖြစ်သေးဘူးဆိုတော့ ငါနဲ့အတူ ဝိုင်သောက်ကြမလား သခင်လေးဗင်းဆင့်"
"ကျွန်တော် အရင်မေးသင့်တာပါ။ဘယ်ရွန်မြို့စားက ကမ်းလှမ်းလာမှတော့ မငြင်းတော့ပါဘူး"
ငါတော့ရူးတော့မှာပဲ။
လူနာသည် အန်းသန့်စ်ကို စိုက်ကြည့်လိုက်ပြီး ရှုပ်ထွေးနေသော အခြေအနေများကြောင့် ခေါင်းကုတ်လိုက်မိသည်။
အန်းသန့်စ်သည် ဘယ်ရွန်မြို့စားကိုပြန်လည်ဖြေကြားခဲ့ပြီး ဘယ်ရွန်မြို့စားနောက်ကိုမလိုက်သွားခင် လူနာအားတိတ်တဆိတ်မေးလာခဲ့သည်။
"ကိုယ် ဒီအင်ပါယာထဲမှာ အရည်အချင်းအရှိဆုံးရှေ့နေကိုသိတယ်။မင်းကို မိတ်ဆက်ပေးစေချင်လား။သူက ကိုယ် ဖယ်ဆန်ရဲ့ခြေထောက်ကို ချိုးလိုက်တဲ့အမှုကိုတောင် ချောချောမွေ့မွေ့နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာ။မြို့စားကြီးစံအိမ်အကြောင်းကို သူအများကြီးသိတယ်"
သူက ဘာလို့ ဒီလိုမျိုး လွတ်လမ်းမရှိအောင်လုပ်နိုင်ရတာလဲ။ သူ ကူညီလာရင်တောင် မုန်းတယ်ဆိုပြီးသာ အော်ဟစ်ချင်မိတော့သည်။
သူက လူနာအား ဆက်ဆံရေးကို ဖျက်သိမ်းလိုကြောင်း မပြောနိုင်ရန်ကို လိုအပ်သမျှကိုဆုပ်ကိုင်၍တားလာခဲ့သည်။
"…ရှင်လုပ်ချင်သလိုသာလုပ်"
ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ သူမလည်း ဒါကို အပြည့်အဝ အသုံးချလိုက်တော့မည်။
သူမ အန်းသန့်စ်ကိုမသုံးရင်တောင်နောက်ပြန်ဆုတိဖို့ အရမ်းနောက်ကျနေပြီမှန်း သိပေသည်။
ရှင်တွေ့စေရမယ်! ကျွန်မ ရှင့်ကိုနောင်တရအောင် လုပ်ပစ်မယ်။
အန်းသန့်စ်၏လှပသော မျက်နှာလေးကို လုံးဝဂရုမစိုက်တော့သော လူနာသည် အပြုသဘောဆောင်သော အဖြေတစ်ခုပေးကာ ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြချင်လိုက်သော်လည်း မလုပ်ချင်ပေ။ ထို့နောက် သူမသည် ကြီးမားသောခြေလှမ်းများဖြင့် အိမ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
TK Team