Chapter 25
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 25


ပျော်ရွှင်ပွဲဆိုသည်မှာ ပျော်ရွှင်နေသင့်သောအဓိပ္ပာယ်ဆိုသော်လည်း ဘာလို့ အဲ့လောက်ပျော်ရွှင်မှုမရှိဘူးဟု ခံစားနေရလဲမသိပေ။

လေထုထဲတွင်အဆုံးမဲ့ရယ်မောခြင်းများ ဟား၊ ဟိုဟို၊တို့ကပျံ့လွင့်နေပြီး အမ်မာ၏ စိတ်ရောကိုယ်ပါနှစ်၍သေချာပြင်ဆင်ထားသော အစားအသောက်များနှင့်အတူမူး‌ဝေလာကြခြင်းမှာ သဘာဝကျပေသည်။

"သခင်လေးဗင်းဆင့် အရသာဘယ်လိုနေလဲ။သခင်လေးရဲ့အကြိုက်တွေကို ကျွန်မ မသိတော့ အားလုံးပြင်ဆင်ခဲ့လိုက်တာ။ သခင်လေးရဲ့အရသာနဲ့ ကိုက်ညီမယ်လို့ ကျွန်မမျှော်လင့်ပါတယ်"

"ဒါကို ဘယ်လိုချီးကျူးရမှန်းတောင် မသိတော့ဘူး။ အားလုံးက အရမ်းကောင်းတယ်။ အမ်မာက ကျွန်တော့်မိသားစု စားဖိုမှူးထက် ပိုကျွမ်းကျင်တဲ့ပုံပဲ"

အန်းသန့်စ်သည် ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ရသော စားဖိုမှူးအား ပြန်သတိရလိုက်ပြီး အမ်မာကို ချီးကျူးခဲ့သည်။ မားကွစ်မြို့စားမိသားစု၏ စားဖိုမှူးသည် နှစ်ပေါင်းသုံးဆယ်ကျော်မျှ အသက်မွေးဝမ်းကြောင်းလုပ်ခဲ့သော အင်ပါယာတစ်ခွင်ရှိ အကျော်ကြားဆုံး အစားအသောက်ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။

မြှောက်ပြောမှန်း သူမ သိသော်လည်း ကျွမ်းကျင်ပညာရှင်ထက် သာလွန်သည်ဟု ချီးမွမ်းခံရသောကြောင့် အမ်မာ၏ နှုတ်ခမ်းများသည် နားရွက်တက်ချိတ်မတက် ကွေးညွတ်သွားခဲ့သည်။

"အိုး၊အမလေး ကျွန်မကို မားကွစ်မြို့စားမိသားစုစားဖိုမှူးနဲ့ နှိုင်းယှဥ်တာ အရမ်းများလွန်းပါပြီ။ ကျွန်မ ဒီလိုချီးကျူးမှုကိုလက်ခံနိုင်ပါ့မလား!"

ဟုတ်ပါသည်။ သူ့ကြောင့်ပဲ ပျော်ပွဲရွှင်ပွဲက လူနာအတွက်မပျော်စေတာ ဖြစ်သည်။ ဘယ်ရွန်စံအိမ်၏ အိမ်ထောင်ဦးစီးများသည် သူမ နှင့် သူမဖခင် ဖြစ်သင့်သော်လည်း အမ်မာသည် အစားအသောက်သုံးသပ်ချက်အားလုံးကို အန်းသန့်စ်ထံမှသာ တောင်းဆိုခဲ့သည်။

လော်ရာသည်လည်း သိပ်မကွာခြားနေပေ။ အန်းသန့်စ် ဘာမှမတောင်းဆိုရခင်မှာတင် လော်ရာသည် သူလိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့သည်။ သူသည် ယနေ့ပါတီ၏ဇာတ်လိုက်ဖြစ်နေကာ ဘယ်ရွန်မြို့စားနှင့် လူနာတို့သည် အရ‌ံလူလေးများဖြစ်နေကြသည်။

"ကြိုက်သလောက်စား။ ဒါတွေအားလုံးက သခင်လေး ဗင်းဆင့်အတွက် ပြင်ဆင်ထားတာ"

"ကျေးဇူးတင်ပါတယ် ဘယ်ရွန်မြို့စား"

ဒါကိုမြင်ရသည်မှာ သဘာဝအတိုင်းဝမ်းနည်းဖို့ကောင်းသော်လည်း အလေးစားခံသင့်ဆုံးဖြစ်သေည အိမ်ထောင်ဦးစီးသည် အဘယ်ကြောင့် ဤမျှစေတနာပါပါ ပြုံးပြုံးရွှင်ရွှင်နဲ့ ပျော်နေရတာလဲ!

ဒါက လူနာကို သူမမိသားစုအားလုံး အန်းသန့်စ်ဆီ၌ ဆုံးရှုံးခံလိုက်ရသလိုခံစားရပြီး လူနာ၏ အစာစားချင်စိတ်လည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူမသည် ထိုစိတ်ပျက်စရာခံစားချက်များကို မစွန့်ပစ်နိုင်သောကြောင့် ခရင်းကိုသာ ဘေးချလိုက်သည်။အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်အောင်လုပ်ခဲ့သော သူမှာ သူ့မကိုယ်ဖြစ်နေတာကြောင့်ပင်။

သူမသည် လူတိုင်းရှေ့တွင် အန်းသန့်စ်နှင့်ချိန်းတွေ့နေသည်ဟု ကျယ်ကျယ်လောင်လောင် မကြေငြာခဲ့ပါက ဤကဲ့သို့ဆိုးရွားသောပါတီကို ကျင်းပရန်လိုနေမည်မဟုတ်ပေ။ ထို့ကြောင့် သူမ ဘာမှ မပြောနိုင်တော့ဘဲ ရေအေးအေးကိုသာ သောက်လိုက်ပြီး အထီးကျန်သလို ခံစားလိုက်ရသည်။ထိုအချိန်မှာပဲ မထင်မှတ်ထားသော ဧည့်သည်က ဘယ်ရွန်မြို့စားကိုလာရှာခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က မားကွစ်ဗင်းဆင့်မိသားစုရဲ့ ရှေ့နေဟောင်း ရိုယာထရက်စ်ပါ"

ထိုသူသည် အန်းသန့်စ် ပြောခဲ့သောရှေ့နေဖြစ်သည်။ သူနဲ့အတူ ခေါ်လာသည့် အစေခံအရေအတွက်ကို ကြည့်ချင်းအားဖြင့် သူသည် အန်းသန့်စ်ပြောခဲ့သလိုပင် အရည်အချင်းရှိပုံရသည်။ သပ်သပ်ရပ်ရပ် ဖြီးထားသော အညိုရောင်ဆံပင်များနှင့် ထိုလူက ယဉ်ကျေးစွာ နှုတ်ဆက်လာခဲ့သည်။

လူနာသည် ရှေ့နေကို မကြာမီ မိတ်ဆက်ပေးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။သူမသည် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ကျွန်မက ဘယ်ရွန်ပဲလ်မိသားစုက လူနာပါ"

ရိုယာထရက်စ်သည် လူနာကိုကြည့်ရင်း သက်ပြင်းအသာလေးချလိုက်သည်။သူ့ကြည့်ရသည်မှာ သူ့သခင်က ဒီယဉ်ကျေးပြီး ချောမောလှပသော မိန်းမပျို‌လေး အပေါ် ဘာအမှားလုပ်ခဲ့တာလဲဆိုတာ သိချင်နေပုံရနေသည်။

"သခင်လေး ဘာအမှားလုပ်မိမှန်း မသိပေမယ့် မစိုးရိမ်ပါနဲ့။ကျွန်တော် စိတ်ရင်းမှန်နဲ့ လုံ့လစိုက်ထုတ်ပြီးဖြေရှင်းပေးပါ့မယ်"

"အမ်"

လူနာသည် အံ့ဩစွာဖြင့်မျက်လုံးများကို ပြူးကျယ်လိုက်သော်လည်း ရိုယာထရက်စ်သည် ရင်းနှီးနေသောအရာတစ်ခုအဖြစ် ဆက်လက်ပြောလာခဲ့သည်။

"ပထမဆုံးအနေနဲ့ အဖြစ်အပျက် အခြေအနေကို နားလည်ဖို့ လိုအပ်တာကြောင့် တတ်နိုင်သမျှ အသေးစိတ် ရှင်းပြပေးလို့ရမလား။ အာ ပြောရတာအဆင်မပြေရင် လေဒီငှားထားတဲ့ ရှေ့နေနဲ့ပဲ ဆွေးနွေးလိုက်ပါမယ်။ ဒီမှာ ကျွန်တော့်ရဲ့လုပ်ငန်းသုံးကတ်အဆင်ပြေရင် ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်"

ဒါက မမျှော်လင့်ပဲနစ်နာသူအဖြစ် ဆက်ဆံခံရတာလား။

လူနာသည် ယခင်ကလူအများထံမှ ပြစ်မှုကျူးလွန်သူအဖြစ် ပြတ်ပြတ်သားသား ဆက်ဆံခံခဲ့ရပြီး အံ့အားသင့်ခဲ့ရသော်လည်း ယခုအကြိမ်သည် သူမ၏ ပထမဆုံးသော နစ်နာသူအဖြစ်ဆက်ဆံခံရခြင်း ဖြစ်သည်။

ဘာမှမလုပ်ဘဲ ပြစ်မှုကျူးလွန်သူဖြစ်သွားသော အန်းသန့်စ်သည် ရိုယာကို ဒေါသထွက်သွားခဲ့သည်။

"လေဒီလူနာ နဲ့ ငါ့ကြားမှာ အဆင်မပြေတာ ဘာမှမရှိဘူး။အဲ့တာကြောင့် ပါးစပ်ပိတ်ထား"

"တကယ်လား"

ရိုယာ၏ မျက်လုံးများသည် မယုံကြည်ဟန်ဖြင့် နီရဲသွားခဲ့သည်။ အန်းသန့်စ်သည် မရေမတွက်နိုင်သော မတော်တဆမှုများ ဖြစ်ပွားစေခဲ့ကြောင်း သိရပြီး အခါတိုင်း ရိုယာသည် သူ့ဆံပင်ကိုသူဆွဲဆုပ်ကာ အခြားသူနှင့် သေလောက်အောင်လိုက်ညှိနှိုင်းရခဲ့သည်။

စိတ်မကောင်းစရာပင် အန်းသန့်စ်သည် ဘယ်ရွန်စံအိမ်ရှိသူများအား သူပြသခဲ့သည့်ဖော်ရွေသောမျက်နှာကို ဖျောက်လိုက်ပြီး သိသိသာသာစူးရှသွားသည့်အကြည့်များဖြင့် သူ့ရှေ့နေကိုအမိန့်ပေးလိုက်သည်။

"အပြင်ထွက်ပြီး ရထားပေါ်မှာ စောင့်နေ။ ထမင်းစားပြီးတာနဲ့ ခေါ်လိုက်မယ်"

"သခင်လေး အခုထိရက်စက်သေးတာကို မအံ့သြဘူး။ သခင်လေးက ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့တစ်ခေါက်ထပ် တော်တော်ကြီးပြင်းလာပြီး သန်လည်းသန်မာလာတာပဲ။ကိုယ်ရည်ကိုယ်သွေးကလည်း တိုးတက်လာတာမို့လို့ သခင်လေးသာတကယ် မတော်တဆမှုလုပ်ခဲ့ရင် တော်တော်ဖြေရှင်းရခက်လိမ့်မယ်"

ရိုယာက နောက်မဆုတ်ဘဲဆက်ပြောလာခဲ့သည်။ အမှန်တိုင်းပြောရလျှင် သူသည် ငယ်စဉ်ကတည်းက အန်းသန့်စ်ပါ၀င်ပတ်သက်ခဲ့သည့် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခဲ့ရသူဖြစ်ပြီး သတ္တိနှင့် စကားပြောကောင်းခြင်းမပါဘဲ ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။

ဂုဏ်သိက္ခာရှိသော ရိုယာ၏သဘောထားကြောင့် အန်းသန့်စ်၏မျက်လုံးများသည် သိသာစွာ ခက်ထန်လာခဲ့သည်။

လူနာသည် သူမတို့ကိစ္စကိုမဖြေရှင်းမီနောက်ထပ်ရန်ပွဲတစ်ခုဖြစ်လာမည်ကိုကြောက်သောကြောင့် သူတို့နှစ်ဦးကြားအလျင်အမြန်ဝင်ပြောလိုက်သည်။

"ခဏလေး။ သခင်လေး ဗင်းဆင့်က မတော်တဆမှုလုပ်ခဲ့တဲ့သူမဟုတ်ပါဘူး။ ကျွန်မ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဖယ်ဆန်က ပိုကြီးတဲ့အမှားကို လုပ်ခဲ့တာ... ဘာပဲဖြစ်ဖြစ် သခင်လေးဗင်းဆင့်က ကျွန်မကို မြို့စားကြီးရိုဒရီယန်တို့အကြောင်းသိတဲ့ ရှေ့နေတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ပြောခဲ့တာ ဟုတ်တယ်မလား"

"အဲဒါပဲလား"

ဒီမျိုးမစစ်လေးက ငါ့ကို မိတ်ဆက်ပေးခဲ့တာလား။

ရိုယာသည် ထိုသို့ အေးစက်စက်မျက်နှာထားဖြင့်အန်းသန့်စ်က တခြားသူအားကူညီသည်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ခဲ့လိုက်သည်။

"ဘာလဲ"

ဆောင်းရာသီသည် အနည်းငယ်ဝေးနေသေးသော်လည်း အန်းသန့်စ်၏အေးစက်စက်စကားကြောင့် ဆောင်းရာသီသည် ပိုမိုနီးကပ်လာဟန်ဖြင့် လေထုက အေးစိမ့်လာခဲ့သည်။

လော်ရာနှင့် အမ်မာတို့သည် သူတို့နှစ်ယောက်ကြားရှိခင်မင်ရင်းနှီးသော အပြုအမူကို မြင်ရုံမျှဖြင့် ဘာဖြစ်နေမှန်းသိကာ မျက်တောင်များ ခတ်လိုက်ကြသည်။ ထိုကဲ့သို့ကြားတွင်မှ လိမ္မာပါးနပ်မှုမရှိသော ဘယ်ရွန်မြို့စားသည် ရိုယာအား ပါတီသို့ ပျော်ရွှင်စွာဖိတ်ခေါ်လာခဲ့ပြီး အချိန်ကောင်းပဲဟုဆိုလာခဲ့သည်။

"ဟားဟား! ဇာတ်လမ်းကရှည်တဲ့ပုံပဲ။ဒါဆို အတူတူထမင်းစားကြရင်ကော"

"အိုး ဘယ်ရွန်မြို့စားရဲ့စကားအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့အတော်ပဲ"

ဖိတ်ခေါ်ချက်ကို အမြန်လက်ခံခဲ့သော ရိုယာ သည် ဘယ်ရွန်မြို့စားနှင့်အတူ ထမင်းစားခန်းထဲသို့ ပျောက်ကွယ်သွားခဲ့ကာ အန်းသန့်စ်၏ မည်းမှောင်နေသောအမူအရာကို မမြင်လိုက်ပေ။

"သူ့ကိုအဲ့လောက်မုန်းနေရင် ရှင်မိတ်မဆက်ပေးသင့်ဘူးလေ"

"ကိုယ်တို့ မတွေ့ရတာ ဆယ်နှစ်ကျော်ရှိနေတော့ သူကအဲ့လိုလုမျိုးဆိုတာကိုယ်မေ့သွားတာ"

အန်းသန့်စ်သည် နောင်တရဟန်ဖြင့် သူ့ဆံပင်များကို လက်ဖြင့် ဖွလိုက်သည်။ချောမောမှုဖြင့် သူမမိသားစုဝင်များကိုလာသိမ်းခဲ့သောသူ့မျက်နှာကိုမြင်ပြီးနောက်တွင် ထိုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်နေသောမျက်နှာကိုမြင်လိုက်ရသောကြောင့် လူနာသည် တစ်နည်းနည်းနှင့် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

"သူကဒီလိုတဲ့လား။ သူ့ကြည့်ရတာ လူကောင်းတစ်ယောက်လိုပဲကို"

လူနာ၏ တောက်ပသော အပြုံးကြောင့် အန်းသန့်စ်သည် ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

ရိုယာ၏ ကိုယ်ရည်ကိုယ်သွေးသည် မည်မျှ မကောင်းကြောင်းတစ်ခုပြီးတစ်ခုထုတ်ပြောလာခါနီး လေထုဖြစ်လာခဲ့ပြီး လူနာသည် သူ့အဖြေကိုပင် နားမထောင်တော့ဘဲ ပေါ့ပါးသော ခြေလှမ်းများဖြင့် ထမင်းစားခန်းထဲသို့ ဝင်သွားခဲ့သည်။

သူမ စိတ်ထဲရုတ်တရက်ပင်ငြိမ်းချမ်းသွားသလို ခံစားလိုက်ရသည်။

* * *

"ဟင် ဒီလိုကိစ္စသာဆိုရင် ကျွန်တော့်ကိုတောင် ခေါ်စရာမလိုဘူး။ဒါက သိသိသာသာကြီးကို ပြန်ပေးဆွဲထားတာလေ။ ဘယ်ရွန်မြို့စားနဲ့ လေဒီဘက်က အနိုင်ရမှာသေချာတယ်"

အဖြစ်အပျက်အလုံးစုံကို နားထောင်ပြီးနောက် ရိုယာက ဒီအမှုသည် ရှေ့နေတောင်ပါစရာမလိုဘဲ တရားစွဲခြင်း၌အနိုင်ရနိုင်ကြောင်း ပြောလာခဲ့သည်။

"ဒါပေါ့ ကျွန်တော်နဲ့ဆို ပိုတောင်ကောင်းသေးတယ်။ သူတို့ဘက်က တန်ပြန်အရေးယူလာတာမျိုး မလုပ်နိုင်အောင်လို့ တားဆီးပေးပါ့မယ်"

ဘယ်ရွန်မြို့စားသည် ယုံကြည်မှုအထွတ်အထိပ်သို့ ရောက်နေသည့် ရိုယာကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။ လူနာသည်လည်း မသက်မသာ ခံစားချက်များကို ဖျောက်ဖျက်နိုင်ခဲ့သည်။

"တကယ်တော့ အရမ်းစိတ်ပူနေပေမယ့် ဒီလိုကြားရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ တန်ပြန်အရေးယူတာကိုတားဆီးပေးမှာက ဘာကိုဆိုလိုတာလဲ"

"ကျွန်တော့်ကိုယုံလို့ရပါတယ်။ နောက်ဆုံးတစ်ခေါက်က ကျွန်တော့်သခင်လေးက သခင်လေးရိုဒရီယန် ရဲ့ လက်တွေခြေထောက်တွေကို ချိုးခဲ့တဲ့အမှုကိုတောင်မှ ကျွန်တော် ချောချောမွေ့မွေ့ဖြေရှင်းနိုင်ခဲ့တဲ့ မှတ်တမ်းတောင်ရှိပါတယ်"

"...သခင်လေးဗင်းဆင့်က သခင်လေးဖယ်ဆန်ရဲ့ ခြေလက်တွေကို ချိုးလိုက်တာလား"

ဘယ်ရွန်မြို့စား၏မေးခွန်းနှင့်အတူ တစ်ချိန်တည်းမှာပင် အန်းသန့်စ်သည် ချောင်းတစ်ချက်ဆိုးပြလာကာ အသုံးအဆောင်များကို ချလိုက်သည်။ အန်းသန့်စ်ထံမှ အဆူမခံရအောင် ရိုယာသည် ရှင်းပြချက်တစ်ခုသို့ အမြန်ဆွဲထုတ်လိုက်သည်။

"အာ...ဟုတ်တယ်။ ဒါပေမယ့် ဒါက မတော်တဆမှုတစ်ခုပါပဲ။ ယောင်္ကျားလေးတွေက ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းကစားတတ်ကြတယ်လေသိတယ်မလား။ ဒါကပုံပြင်လိုမျိုးတစ်ခုပဲ။ လူမှုရေးအဆင့်အတန်းကြောင့် အခြေအနေက နည်းနည်းပိုကြီးသွားခဲ့တာ"

"အိုး! ဟုတ်တယ်။ ယောက်ျားလေးတွေက အဲ့လိုပါပဲ။ ငယ်တုန်းရွယ်တုန်းမှာ ပြင်းပြင်းထန်ထန် ကစားခဲ့ပြီး ခြေလက်တွေအနည်းဆုံး တစ်ကြိမ်လောက်တော့ ထိခိုက်ခဲ့ကြတာပဲ"

"ဟုတ်တယ် ဟုတ်တယ်။ လူငယ်လေးတွေဆိုတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထုတ်ဖော်ဖို့ ခက်ခဲတော့ ငြင်းခုံကြ ခေါင်းကို ကျောက်ခဲတွေနဲ့ထုကြဖြစ်ကုန်ကြတာ"

"…ခေါင်းကို ကျောက်ခဲတွေနဲ့ ထုတာလား။ ဘယ်သူလုပ်တာလဲ"

ရုတ်တရက် လွန်ကဲသော ဇာတ်လမ်းပေါ်လာသောကြောင့် ဘယ်ရွန်မြို့စား၏ မျက်လုံးများ ပြူးကျယ်သွားရပြန်သည်။ထို့နောက် သူက အန်းသန့်စ်ကိုအကြည့်ဖြင့်လှမ်းကြည့်လိုက်သည်။

ဘာတွေများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ

မထင်မှတ်ထားစွာပင် အန်းသန့်စ်သည် ရုတ်တရက် သံသယများဖြင့်ကြည့်ခံရသောသူဖြစ်သွားသောကြောင့် လူနာသည် တုန်လှုပ်နေသော ခံစားချက်များကို ဖုံးကွယ်ရန် ခက်ခက်ခဲခဲ ကြိုးစာကာ ရေကို မြိုချလိုက်သည်။

အမ်မာ၊ လော်ရာနှင့် ဟင်နရီတို့လည်း အနည်းငယ် ထိတ်လန့်သွားကြပြီး ရိုယာ၏ အဖြေကို စောင့်မျှော်နေသကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

သို့သော် ယခုတစ်ကြိမ်တွင် အဖြေသည် ရိုယာထံမှ မဟုတ်ဘဲ အန်းသန့်စ်ဆီက ထွက်လာခဲ့သည်။

"ရှင်းပြဖို့က နည်းနည်းတော့ ရှည်နိုင်တယ် အဆင်ပြေရဲ့လား"

အန်းသန့်စ်သည် မျက်နှာပေါ်ရှိ မသက်မသာအကြည့်များကို ဖျက်ကာ နူးညံ့သောအပြုံးတစ်ခုဖြင့် မေးလိုက်သည်။ ရိုယာ စကားများများပြောလာလေလေ သူ့ပုံရိပ်က ဖျက်စီးခံရလုနီးပါဖြစ်လာခဲ့သည်။

ယဉ်ကျေးသော စကားလုံးများ ရုတ်တရက် ထွက်လာသောအခါတွင် စောနကအထိ ကောင်းမွန်စွာ ပြောဆိုနေသော ရိုယာသည် တစ္ဆေမြင်လိုက်ရသလို ဖြူဖျော့သွားခဲ့သည်။

"အာ မဟုတ်ဘူး၊ အဲ့တာ ဘယ်လိုအခြေအနေမျိုး ကြုံခဲ့တာလဲ..."

ဘယ်ရွန်မြို့စားသည် အန်းသန့်စ်ဘက်သို့လုံးဝပြောင်းရွှေ့သွားခဲ့သည်။ နတ်သားလေးလို အပြုံးဖြင့် အန်းသန့်စ်သည် ဖြစ်ပျက်ခဲ့သမျှအတွက် စိတ်မကောင်းဖြစ်နေပုံရသည်။

"အမှန်က...ဒီနေ့ ဘယ်ရွန်မြို့စား ဖြစ်ခဲ့တာမျိုးနဲ့ သိပ်မကွာဘူး။ မဟုတ်ဘူး ဒါက နည်းနည်းပိုကြီးတဲ့ကိစ္စဖြစ်နိုင်တယ်။မမှတ်မိချင်တဲ့ အတိတ်က မတော်တဆမှုတစ်ခုမို့ ပြောရတာ နည်းနည်းခက်ပေမယ့် ဘယ်ရွန်မြို့စားသိချင်ရင်တော့ အကုန်ပြောပြပါ့မယ်"

ကိစ္စကြီးတစ်ခုလို ပြောနေသော်လည်း လူနာသည် အလိုလိုသဘောပေါက်သွားသည်။

ဒါက ဒီတိုင်းရိုးရိုးရှင်းရှင်းပဲ သူ့ခေါင်းကို ကျောက်တုံးနဲ့ ထုလိုက်တာဖြစ်နိုင်သည်။ ဖယ်ဆန်က စိတ်အနှောက်အယှက်ဖြစ်လွန်းတာကြောင့် သူတမင်တကာပစ်ချလိုရ်တာဖြစ်နိုင်လောက်သည်။ 

သို့ရာတွင် ဘယ်ရွန်မြို့စားအပါအဝင် အစေခံများသည် တစ်ခါမှမဖြစ်ဘူးသော အရာများကို စိတ်ကူးယဉ်နေလိုက်ကြပြီး အန်းသန့်စ်အတွက်ပင် စိတ်မကောင်းဖြစ်နေကြ‌သည်။

"နားလည်ပါတယ်… ပြောရခက်နေရင် ပြောနေစရာ မလိုပါဘူး။ အကြောင်းပြချက်တစ်ခုရှိလို့မလား"

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘယ်ရွန်မြို့စား။ ဒါပေမယ့် ဒီအကြောင်စိတ်ဝင်စားရင်တော့ ပြောပြနိုင်အောင်ကြိုးစားပါ့မယ်။ ဝိုင်သောက်ကြရင်း ပြောမယ်ဆို ပြောရတာ ပိုလွယ်နိုင်လောက်တယ်"

"စိတ်မပူပါနဲ့။ ဇာတ်လမ်းကောင်းရင် အကြိမ်ရာနဲ့ချီနားထောင်တာကအဆင်ပြေပေမယ့် သူများအတွက်မကောင်းတဲ့ဇာတ်လမ်းကို နားထောင်ရင် အဓိပ္ပာယ်က ဘာရှိမှာလဲ။ အဲ့ဒီအစား တခြားကောင်းတဲ့ဇာတ်လမ်းကို ပြောကြတာပေါ့"

အန်းသန့်စ်၏မျက်နှာကို ထောက်ထားနေသော ဘယ်ရွန်မြို့စားသည် ဟက်ဟက်ပက်ပက် ရယ်မောရင်း ဝိုင်ခွက်ကို မြှောက်ကာပြောလိုက်သည်။ သူသည် လေထုကို ပြောင်းလဲရန် ကြိုးစားနေပုံရသည်။

အန်းသန့်စ်သည် ဘယ်ရွန်မြို့စားကို လေးလေးနက်နက် ကျေးဇူးတင်နေပုံဖြင့် သူ့ဝိုင်ခွက်ကိုမြှောက်လိုက်သည်။ အစေခံများကလည်း သူတို့၏ အလုပ်များကို ချလိုက်ကာ ဝိုင်ခွက်ကိုမြှောက်လိုက်ကြသည်။

'သူက မြွေလိုပဲ'

အန်းသန့်စ်သည် စိတ်အနှောက်အယှက်ဖြစ်စေသော်လည်း သူမအား နည်းအမျိုးမျိုးဖြင့် ကူညီပေးခဲ့သူဖြစ်သောကြောင့် အခြေအနေကိုဖျက်စီးရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူမသည် ဖန်ခွက်မြှောက်လိုက်သည်။ထို့နောက်တွင် အေးစက်သွားသောအစားအသောက်များနှင့် ရိုယာသာကျန်တော့သည် ။

"ဝိုင် မကြိုက်ဘူးလား"

အန်းသန့်စ်သည် တစ်ခုခုကိုမကြိုက်တော့သောအခါ၌ဖြစ်လာသော အေးစက်စက်မျက်နှာထားဖြင့်မေးလာခဲ့သည်။ဖန်ခွက်ကိုဘာလို့မမြှောက်တာလဲဟုပင် ကြိမ်းမောင်းချင်နေသည့်ပုံရနေသည်။

၎င်းသည် အနည်းငယ်မရင်းနှီးပြီး ကြောက်စရာကောင်းသောအမူအရာတစ်ခုဖြစ်သော်လည်း ရိုယာအတွက်သာဖြစ်သောကြောင့် မည်သူမျှ ထောက်ပြခြင်းမရှိနေပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဘယ်ရွန်မိသားစုသည် သူတို့နှစ်ယောက်အား အလွန်ရင်းနှီးကြပြီး စနေကြသည်ဟု ထင်သွားကြကာ ရိုယာ အား ပြုံးပြုံးကြီးကြီးကြည့်၍ အတူတူ ချီးမြှောက်ရန် တိုက်တွန်းခဲ့ကြသည်။

"မဟုတ်ပါဘူး…မဟုတ်…"

လေထုက ထိန်းချုပ်ခံထားရသလိုမျိုး ဖိနှိပ်လုနီးပါးဖြစ်‌လာပြီး စောနကအထိအန်းသန့်စ် ငယ်ဘဝဇာတ်လမ်းများကို ပြန်ပြောပြခဲ့သော ရိုယာက ဝိုင်ဖန်ခွက်ကို လှမ်းကိုင်ကာမြှောက်လိုက်သည်။

ထို့နောက် စောင့်ဆိုင်းနေသကဲ့သို့ ဘယ်ရွန်မြို့စားသည် ထိုင်ခုံမှထကာ လူနာ နှင့် အန်းသန့်စ်အတွက် ကျယ်လောင်စွာ ချီးမြှောက်လာခဲ့တော့သည်။

"ကဲ ဒီနေ့ကစပြီး ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ဒီစုံတွဲအတွက် ဆုတောင်းပေးလိုက်ကြရအောင်"

ခလွမ်း

သူကြားဖူးသမျှထဲ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကောင်းဆုံး ချီးမြှောက်ပွဲကြောင့် ရိုယာ၏ကိုင်မြှောက်ထားသော ဝိုင်ခွက်သည် ပြုတ်ကျသွားခဲ့သည်။

၎င်းသည် လမ်းဆုံးဒရာမာ၏အစပင်ဖြစ်သည်။


TK Team