> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch27
"ဒါနဲ့မင်း စံအိမ်တစ်လုံးဝယ်ဖို့ ပြောခဲ့တယ်မလား။ ရထားဝယ်တုန်းက ဖြစ်ခဲ့တဲ့ဟာကိုကြည့်ရင် ကိုယ် ညွှန်းတဲ့နေရာကို သွားချင်လောက်မယ်ထင်တယ်"
ခဏလောက် ရယ်မောပြီးနောက် အန်းသန့်စ်သည် ရုတ်တရက် စံအိမ်ဝယ်မည့်အကြောင်းပြောလာခဲ့သည်။ထို့နောက် တစ်စုံတစ်ခုပြင်ဆင်ထားသလိုမျိုး သူ့ရင်ဘတ်ညာဘက်ခြမ်းကို ပုတ်ပြလာသည်။
လူနာသည်သူ့အမူအရာကို နားမလည်စွာဖြင့် သူ့ရင်ဘတ်ကို စိုက်ကြည့်လိုက်သည်။သို့သော် သူမ အထင်အမြင်မလွဲနိုင်ခင်မှာတင် အန်းသန့်စ်က ရှင်းလင်းလာခဲ့သည်။
"အဆက်အသွယ်က ကိုယ့်အင်္ကျီအိတ်ကပ်ထဲမှာ"
"…"
လူနာသည် တိတ်တဆိတ်ဖြင့် အန်းသန့်စ်၏ အင်္ကျီအိတ်ကပ်ထဲလှမ်းပြီး သူပြောခဲ့သည့်အတိုင်း နာမည်နှင့် လိပ်စာကဒ်တစ်ခုကို တွေ့ခဲ့သည်။
"မင်းကို ကြိုပြောထားရအုံးမယ်။မင်း သူတို့ကို ကိုယ်အကြံပြုလို့လာတာလို့ပြောရင် သူတို့နားလည်လိမ့်မယ်"
"ရှင်...ထွက်သွားတော့မလို့လား"
"ဘာလို့လဲ။ကိုယ် မထွက်သွားရဘူးလား"
လူနာသည် သူရုတ်တရက် ထွက်ခွာမည်ဟု ကြေငြာချက်ကြောင့် သတိမထားမိဘဲ တုန်လှုပ်ချောက်ချားစွာ မေးလိုက်မိသည်။ အန်းသန့်စ်က ကြီးကြီးမားမား တစ်ခုခုကို ဖမ်းမိသွားသလိုမျိုး စိုက်ကြည့်လာခဲ့သည်။
သူမ ဒေါသတကြီး သက်ပြင်းချလိုက်သည်။
"မဟုတ်ဘူး၊ ကျွန်မ ရှင့်ကို ထွက်သွားစေချင်ပေမယ့် ရှင်ဒီလောက်အကြာကြီးခဲ့ပြီး အခုမှ ရုတ်တရက်ထွက်သွားမယ်ဆိုေတာ့ တကယ်ဟုတ်လို့လား သိချင်သွားတာ"
"ဒီတစ်ခါတော့ ကိုယ်တကယ်ထွက်သွားမှာ။ ကိုယ့် နယ်မြေကို အချိန်အကြာကြီး ပိုင်ရှင်မဲ့ အဖြစ်မထားနိုင်ဘူးလေ။ပြီးတော့ မင်းရဲ့ ရွှေတွင်းကိုလည်း စစ်ဆေးဖို့ လိုသေးတယ်"
သူမ ရွှေတွင်း...
အန်းသန့်စ်၏ လိမ္မာပါးနပ်သော စီမံမှုများကြောင့် လူနာသည် ဘာမှမလှုပ်ရှားစရာခဲ့သော်လည်း ငွေများ ဆက်လက်စီးဆင်းနေတာကို ကျေးဇူးတင်ရမည်။
ရွှေမှာ အဖိုးတန်လှသော်လည်း လူနာသည် အရောင်းအဝယ်အကြောင်း ဘာမှမသိပေ။ အန်းသန့်စ် ကြောင့်သာမဟုတ်ပါက သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ဆံပင်ကိုဆွဲကာ ရွှေရောင်းရွှေဝယ်သူများကို လိုက်ရှာဖွေနေရမည်ဖြစ်သည်။
ဒါကို သဘောပေါက်သွားသည်နှင့် သူမ၏ တုန်လှုပ်ချောက်ချားသော ခံစားချက်များကနေ ကျေးဇူးတင်သည့်ခံစားချက်များဆီသို့ ဦးတည်သွားခဲ့သည်။
"အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"
"ဘာလို့ ရုတ်တရက်ကြီး စိတ်ခံစားချက်အပြည့်ဖြစ်လာတာလဲ"
"ရွှေတွင်းအတွက်ရော ရထား၊ အဆက်အသွယ်တွေအားလုံး… အမ်း ကျွန်မတို့ချိန်းတွေ့နေတယ်ဆိုတဲ့အချက်တော့ မပါဘူး။ အဲဒါက ကျွန်မအမှားပဲ။ အခြေအနေက နောက်ပြန်ဆုတ်ဖို့အတွက် အရမ်းကြီးလွန်းခဲ့လို့။ကျွန်မ ဖေဖေ မသိခဲ့ရင်တောင်မှ ရှာတွေ့နိုင်တယ်"
အန်းသန့်စ်က သူမအား စူးစူးစိုက်စိုက်စိုက်ကြည့်နေသောကြောင့် စကားအလယ်တွင်ရှက်သွားပြီ ဟာသတစ်ခုအနေနှင့်အဆုံးသတ်ခြင်းသည် သူမစဉ်းစားမိနိုင်သောအရာတစ်ခုပင်ဖြစ်နိုင်သည်။
သို့သော်လည်း သူမ၏ ရိုးသားမှုကို မြင်သော အန်းသန့်စ်သည် လေအေးများကြောင့် အနည်းငယ်ကွဲသွားသော ပွနေသော လူနာ၏ဆံပင်ကို အသာအယာသပ်ပေးပြီး ပြန်ဖြေလာခဲ့သည်။
"ရွှေတွင်းက ကိုယ့်အတွက်လည်း အရမ်းကောင်းတဲ့အပေးအယူပဲ။ အဲ့ဒါက ကိုယ့်နယ်မြေကို တိုးချဲ့ဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတယ်။ မင်းကို အဆက်အသွယ်အနည်းငယ်ပေးတာကလည်း ဘာမှမဟုတ်ပါဘူး။ တကယ်တော့၊ ကိုယ်တို့ရဲ့သဘောတူညီချက်ကနေ မင်းနောက်ပြန်မဆုတ်ဘူးဆိုတာ သေချာအောင်လို့ မင်းအတွက် နောက်ထပ်ဘာလုပ်ပေးသင့်လဲဆိုတာတောင် ကိုယ်ရှာနေသင့်တယ်"
"တကယ်လား"
"တကယ်ပေါ့။ပြီးတော့ ဖယ်ဆန်ကို ရန်စဖို့ အခွင့်အရေးတစ်ခုတောငါ ထပ်ရဦးမှာ"
ဖယ်ဆန်၏တုံ့ပြန်မှုအကြောင်းပြန်တွေးလိုက်ရင်း အန်းသန့်စ်၏မျက်လုံးများသည် လရောက်ထဲ တောက်ပလာခဲ့သည်။
သူ့ပုံစံသည် ပျော်ရွှင်စရာပွဲတစ်ခုကို မျှော်လင့်နေပုံရသော်လည်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုကိုဖုံးကွယ်ထားနေခဲ့သည်။
လူနာသည် ထိုအကြောင်းကို ဆက်မေးချင်သော်လည်း ပြတင်းပေါက်များမှ ဥယျာဉ်ဆီသို့ ချောင်းကြည့်နေသော လူများကို သတိပြုမိလိုက်ပြီး စကားစဖြတ်လိုက်တော့သည်။
သူမမိသားစုသည် မှားယွင်းသောအချိန်များ၌ နှောက်ယှက်ရာတွင် အရည်အချင်းရှိသည်မှာ သေချာပေသည်။
* * *
သူ၏အလုပ်များသောအချိန်ဇယားကြောင့် အန်းသန့်စ်သည် နံနက်စောစောတွင် ဗင်းဆင့်နယ်မြေသို့ ပြန်လည်ထွက်ခွာခဲ့သည်။
'နည်းနည်းလေးနောက်ကျပြီးမှထွက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ။ မထွက်သွားခင် အနည်းဆုံး မနက်စာစားသွားတာမဟုတ်ဘူး"
လူနာသည် အန်းသန့်စ်ထွက်သွားတာကို ဝမ်းနည်းနေတာ မဟုတ်ပေ။
သူမသည် မနေ့ညက အရက်အလွန်အကျွံသောက်ထားသောကြောင့် နောက်ကျသည့်အထိ အိပ်ချင်သော်လည်း အမ်မာ နှင့် လော်ရာက အန်းသန့်စ်ကို နှုတ်ဆက်ဖို့အတွက် သူမကိုနှိုးလာခဲ့သည်။
"အင်း..ဂရုစိုက်"
လူနာသည် စကားပြောနေစဉ် မသန်းမိအောင် ကြိုးစားနေရချိန်တွင် ဘယ်ရွန်မိသားစုဝင်တစ်ဦးစီတိုင်းသည် အံ့သြသွားခဲ့ကြသည်။
"…ဘာလို့လဲ"
ဘာလဲ သူ့တို့ကတကယ့်ချစ်သူတွေလိုမျိုး ရှက်ရွံ့စွာ ပြုံးပြပြီး အချင်းချင်းပါးပြင်ကို အနမ်းပေးကြရမှာလား။ အဲ့လိုလား။
သူမသည် တင်းမာသောမျက်နှာဖြင့် ပြောလိုက်ချင်သော်လည်း အလွန်အိပ်ငိုက်နေပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။
"မဟုတ်သေးဘူး သခင်မလေးက အရမ်းအေးစက်တာပဲ..."
"သခင်မလေး အခုမှ ချိန်းတွေ့တာလေ နည်းနည်းတော့..."
လော်ရာနှင့် အမ်မာတို့က ဆုံးမလာသောကြောင့် လူနာသည် လုံးဝရှက်နေသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
"ရှက်စရာကောင်းလိုက်တာ။ ဒီမှာနေနေရတာအရမ်းကြာနေပြီ အန်းသန့်စ် ရှင်မြန်မြန်သွားသင့်ပြီ"
သူမသည် သူ့ကိုမြန်မြန်သွားဖို့ အရိပ်အမြွက်ပေးလိုက်သည်။
ထိုအချိန်တွင် အန်းသန့်စ်သည် ရုတ်တရက် ဝမ်းနည်းသွားဟန်ဖြင့် ပြောလာခဲ့သည်။
"လေဒီက ရှက်နေတာပဲ။ကိုယ်စိတ်မပျက်ဘူးလို့ ပြောရင် လိမ်ရာကျအုံးမယ်။ ဒါပေမယ့်လည်း ကိုယ် မင်းကို အတင်းတိုက်တွန်းလို့မှမရပဲ။ ဒီတော့ ဒီခံစားချက်ကိုပဲ လက်ခံရင်း ဒီနေ့အတွက်တော့ ထွက်သွားပါ့မယ်"
"…"
ရုတ်တရက် သူမသည် ခွဲခွာတော့မည့် ချစ်သူအား ကြင်နာသောစကားပင် မပြောနိုင်သော အေးစက်တင်းမာသည့် လူတစ်ယောက်ဖြစ်သွားခဲ့ရသည်။
သူမ အရမ်းမောပန်းနွမ်းနယ်ပြီး ပြိုလဲတော့မလိုတောင်ခံစားလိုက်ရသည်။သို့သော် ကျေးဇူးတစ်စွာပဲ နောက်ထပ် စကားနည်းနည်းပြောဖို့ ခွန်အားကို ရှာတွေ့ခဲ့သည်။ လူနာသည် အန်းသန့်စ်အားသနားသော အကြည့်တစ်ခုပေးလိုက်သည်။
"ကျေးဇူးပြုပြီး လမ်းခရီးမှာဂရုစိုက်ပါ။ကျွန်မ မနေ့ညက လွဲချော်ခဲ့ရတဲ့ သခင်လေးရဲ့ငယ်ဘဝဇာတ်လမ်းတွေကို မကြာခင်မှာ ကြားရဖို့ မျှော်လင့်နေပါတယ်။အထူးသဖြင့် ဟိုတစ်ယောက်တစ်ယောက်ခေါင်းကို ကျောက်တုံးနဲ့ထုတဲ့ကိစ္စက အမှတ်ရစရာအကောင်းဆုံးပဲ"
"…"
အန်းသန့်စ်သည် နေကဲ့သို့ တောက်ပသော အပြုံးဖြင့် တုံ့ပြန်လာခဲ့သည်။
"ငါလည်း သခင်လေးဗင်းဆင့်နောက်ကို လိုက်သွားသင့်တယ်။ ရွှေတွင်းအပြင် ဘာရှိသေးလဲ သိချင်မိတယ် ဟား ဟား"
ဘယ်ရွန်မြို့စားသည် စိတ်အားထက်သန်နေပေသည်။သို့သော် ကံမကောင်းစွာပဲ ရွှေတွင်းမှလွဲပြီး အခြားမည်သည့်အရာမှမရှိပေ။သို့သော်လည်း ၎င်းတည်ရှိနေခြင်းကပင် စိတ်ပျက်စရာမရှိဘဲ သူ့နယ်မြေကိုပြန်လည်တည်ဆောက်ဖို့အတွက်လုံလောက်ပေသည်။
"ဒါဆို ကျွန်တော် ဘယ်ရွန်မြို့စားအတွက် နေရာစီစဉ်ထားပေးပါ့မယ်"
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်၊ဒါက မင်းအတွက် အနှောက်အယှက်မဖြစ်စေဘူးလား"
"ဒါက ပြဿနာမရှိပါဘူးဘူး။ ဘယ်ရွန်မြို့စားက ကျွန်တော်တို့ရဲ့ ထိပ်တန်းဖောက်သည်ဖြစ်တဲ့အပြင်ကိုမှ ကျွန်တော့်ချစ်သူရဲ့အဖေလေ။ကျွန်တော့်ဘက်ကတောင်မှ ငါဘာတွေထပ်ပေးရအုံးမလဲ စဉ်းစားနေသင့်တာပါ"
"ဟားဟား။ လူနာက သခင်လေးလို ယုံကြည်ရတဲ့သူတစ်ယောက်နဲ့တွေ့ရတာ အရမ်းကောင်းတာပဲ"
လူနာထံမှ ရှုံးပြီးနောက်တွင် အန်းသန့်စ်သည် ဘယ်ရွန်မြို့စားကို ဆုပ်ကိုင်လာခဲ့သည်။
နောက်တစ်ကြိမ် ထပ်စိန်ခေါ်ဖို့ လူနာသည် သူမကိုယ်သူမ ပြင်ဆင်ထားလိုက်သော်လည်း အန်းသန့်စ်သည် ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိသလိုပဲ လူနာကို မေးလာခဲ့သည်။
"မင်းရော ဘယ်ရွန်မြို့စားနဲ့အတူ လိုက်မှာလား"
"ကျွန်မလား။ ဟင့်အင်း ဒီမှာပဲနေမှာ။ရွှေတွင်းကိုတော့ ခဏလောက်သွားလည်လို့ရပေမယ့် အဲဒီမှာတော့နေမှာမဟုတ်ဘူး"
မူလက သူမသည် သူမအဖေနှင့်အတူ လိုက်ရန် စဉ်းစားခဲ့သော်လည်း မြို့တော်က ပိုကောင်းပေသည်။ထို့အပြင် ဆိုင်င်ယာကိစ္စများကလည်း ယခုအခါ အားလုံးအဆင်ပြေသွားပြီဖြစ်သည်။
လူနာ၏ ရည်ရွယ်ချက်ကို အတည်ပြုပြီးနောက် အန်းသန့်စ် ခေါင်းညိတ်ပြကာ ဘယ်ရွန်မြို့စားအား ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့လိုက်သည်။
"ဒါဆို ကျွန်တော် သွားတော့မယ်"
ရိုယာကို တစ်စုံတစ်ခု တီးတိုးပြောပြီးနောက် အန်းသန့်စ်သည် ဘယ်ရွန်စံအိမ်မှ အမြန်ထွက်ခွာသွားခဲ့သည်။
ရိုယာကြားခဲ့သည့်အရာကိုမသိသော်လည်းအိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသော သူမတောင်မှ ရိုယာ၏ပြူးကျယ်သွားသောမျက်လုံးများနှင့် 'ဒါဟာ အံ့စရာပဲ' ဟူသောအမူအရာကိုမြင်နိုင်ပေသည်။
လူနာမှလွဲ၍ ဘယ်ရွန်မိသားစုဝင်များသည် သူမ လူကောင်းတစ်ဦးနှင့်တွေ့ဆုံရခြင်းအတွက် ဖုံးကွယ်မထားနိုင်အောင် ပျော်ရွှင်နေကြသည်။
'ဘာကို လူကောင်းလဲ။ တစ်ယောက်ယောက်ရဲ့ လက်တွေ ခြေထောက်တွေကို ချိုးပြီး တစ်ယောက်တစ်ယောက် ခေါင်းကို ကျောက်တုံးနဲ့ ထုတဲ့သူကိုလား။ဒီဇာတ်လမ်းတွေကို သူတို့ မနေ့ကကြားခဲ့တာ သေချာသားနဲ့'ထို့အပြင် သူ့တွင် မတော်တဆမှုများအတွက် ကိုယ်ပိုင်ရှေ့နေတစ်ဦးပင်လည်း ရှိနေသေးသည်။ ရှေ့နေက ရောက်ရောက်ချင်း သူ့သခင် ဘာအမှားလုပ်ခဲ့တာလဲလို့တန်းမေးလာတဲ့အထိ မတော်တဆမှုတွေဘယ်လောက်တောင်မှလုပ်ခဲ့တာလဲ။ ဤမျှထူးဆန်းသည်ကို သတိပြုမိဖို့ လွယ်သော်လည်း သူတို့သည် အန်းသန့်စ်၏ ကောင်းသောအချက်များကိုသာ မြင်ကြလေသည်။
'ကောလဟာလတွေအရ ကြောက်စရာကောင်းတာထက် ပိုပေမယ့်...သူက မိသားစုအပေါ်တော့ ကြင်နာသားပဲ'
သူမ မိသားစုနှင့် အလွန်အမင်းဖော်ရွေစွာဆက်ဆံနေကြသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသော်လည်း သူတို့အားလုံး ပြုံးနေတာကိုမြင်ရသောကြောင့် သူမသည် အန်းသန့်စ်အပေါ်တွင် အပျက်သဘောမျိုးလုံးဝမတွေးနိုင်တော့ပေ။
'အကောင်းဘက်ကပဲ တွေးကြတာပေါ့'
လူနာသည် လေးနက်သော မျက်နှာဖြင့် ဆုံးဖြတ်လိုက်သည်။ သူမသာ အန်းသန့်စ်နှင့် ဆိုးဆိုးရွားရွား လမ်းခွဲလိုက်မည်ဆိုပါက မေ့လဲသွားနိုင်သည့်အထိ လူတိုင်း ထိတ်လန့်သွားကြမည်ဖြစ်သည်။
ဒါပေမယ့် ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့လမ်းခွဲခဲ့ကြတယ်လို့ ကောလဟာလတွေထွက်အောင် ဘယ်လို လမ်းခွဲရမလဲ။
သူမသည် ယခင်က ထိုကဲ့သို့ဆက်ဆံရေးမျိုး တစ်ခါမှ မကြုံဖူးသောကြောင့် မည်သို့လုပ်ရမည်ကိုမသိပေ။
လူနာသည် ခေါင်းကိုက်လာကာ တဖြေးဖြေးပျောက်ကွယ်သွားသော အန်းသန့်စ်၏ ရထားကို အာရုံမရှိတော့ဘဲ ဘယ်ရွန်မြို့စားနှင့် ကျန်လူများနောက်တွင် ချန်ထားခဲ့ပြီး သူမအခန်းဆီသို့ ပြန်သွားခဲ့လိုက်သည်။
လောလောဆယ်တော့ သူမအိပ်ဖို့ လိုနေပြီဖြစ်သည်။
* * *
"ခဏလေး၊ ဘာဖြစ်တယ်။ဘယ်သူလုပ်ခဲ့တာလဲ"
အစေခံက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော အဖြစ်အပျက်အကြောင်း သတင်းပို့လာချိန်တွင် မြို့စားကြီးရိုဒရီယန်သည် တုန်လှုပ်ခြောက်ခြားသောအသံဖြင့် မေးလိုက်သည်။
အစေခံသည် တံတွေးကိုခက်ခက်ခဲခဲ မျိုချရင်း သူ့ပါးစပ်ကို ပြန်ဖွင့်လိုက်သည်။
"…လေဒီပဲလ်က သခင်လေး ဖယ်ဆန်ရဲ့ပါးကို ရိုက်ပြီးတော့ ဘယ်ရွန်မြို့စားနဲ့အတူ စံအိမ်ကနေ ထွက်သွားခဲ့ပါတယ်။ သခင်လေး ဗင်းဆင့်ကလည်း သူတို့နဲ့အတူရှိပြီးတော့ လိုအပ်ရင် အင်အားသုံးဖို့ပြင်ဆင်ထားတဲ့ပုံပဲ။ လေဒီပဲလ်နဲ့ သခင်ငယ်လေးဗင်းဆင့်တို့က ဆက်ဆံရေးရှိတဲ့ပုံပဲ။ပြီးတော့ သူတို့အတူထွက်သွားကြ-"
ခွမ်း!
အစေခံ၏စကားမပြီးခင်တွင် မြို့စားကြီးသည် သူကိုင်ထားသော ဝိုင်ခွက်ကို ပစ်ချလိုက်သည်။
သူ့ကို တိုက်ရိုက်မထိသော်လည်း နံရံကိုထိမှန်ပြီးကွဲထွက်လာသော ဖန်စများသည် အစေခံ၏ပါးပြင်အား ခြစ်ရာများဖြစ်သွားစေခဲ့သည်။ သို့တိုင်အောင် အစေခံသည် သေးငယ်သော ညည်းတွားသံကိုပင် မထုတ်ဝံ့ဘဲ လေးနက်စွာ ဦးညွှတ်လိုက်သည်။
"မင်းတို့ကကော ဘာတွေလုပ်နေခဲ့တာလဲ။ မင်းတို့က အစီရင်ခံစာပဲတင်တတ်တာလား ဟမ်။ ကိုယ်ရံတော်တွေရော အစောင့်တွေရော ဘယ်ရောက်နေကြလို့လဲ။... အဲဒီအရေးမပါတဲ့ ကလေးမက ဖယ်ဆန်ကို ပါးရိုက်ပြီး ဘယ်ရွန်နဲ့အတူ ထွက်သွားတဲ့အချိန်တုန်းက မင်းတို့ဘာလုပ်နေကြတာလဲ"
"…"
အန်းသန့်စ်ရှိနေသောကြောင့် အင်အားနှင့်အနိုင်ယူရန် နည်းလမ်းမရှိခဲ့ပေ။ ထို့အပြင် လူနာ နှင့် အန်းသန့်စ်တို့၏ဆက်ဆံရေးအကြောင်းသိရှိခဲ့သော ဖယ်ဆန်သည် တည်ငြိမ်မှုပျောက်ဆုံးလုနီးပါးထိတ်လန့်သွားခဲ့သည်။အစေခံက ပြန်မဖြေတော့သောကြောင့် မြို့စားကြီးသည် ဘေးနားရှိရှိသမျှအဖိုးတန်ပစ္စည်းတွေကို ပစ်ပေါက်တော့သည်။
ကံကောင်းထောက်စွာဖြင့် သူသည် အစေခံကို မရည်ရွယ်ဘဲ ဘာမှမရှိသောနံရံဘက်ကိုသာပစ်ပေါက်ခဲ့သည်။
"ဖယ်ဆန်ရော သူဘာလုပ်နေတာလဲ! ဒီလို အရှက်ကွဲအောင် လုပ်ထားပြီးတာတောင်မှ သူဘာလို့ ဒီကိုလာ ရှင်းပြပြီး ခွင့်လွှတ်ဖို့မတောင်းပန်ရတာလဲ"
"…အာ"
အစေခံသည် တုံ့ဆိုင်းသွားပြီး ချွေးသီးချွေးပေါက်များကျလာတော့သည်။ ဖယ်ဆန်သည် လက်ရှိအခြေအနေတွင် မတည်မငြိမ်ဖြစ်နေကာ ရှင်းပြရန်နည်းလမ်းမရှိနေပေ။
မြို့စားကြီးသည် သူ့သား၏အခြေအနေကို ခန့်မှန်းရင်း ဖယ်ဆန်၏အခန်းဆီသို့ လျှောက်သွားလိုက်သည်။
"အိုးး ဘုရားသခင်!"
မြို့စားကြီးသည် ဒေါသအလွန်ကြီးသောကြောင့် ဖယ်ဆန်နှင့်ထိပ်တိုက်တွေ့ပါက ဘေးဥပဒ်ဖြစ်ကုန်မှာ ထင်ရှားလှသည်။အစေခံသည် သူ၏ကြောက်ရွံ့မှုနှင့် ဖိအားများကို ဖယ်ရှားလိုက်ကာ မြို့စားကြီးနောက်သို့ အမြန်လိုက်ပြီး သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။
"သ..သခင်!အခုက နောက်ကျနေပြီဆိုတော့ ဒီနေ့ည အနားယူပြီး မနက်ဖြန်မှ သူ့ကိုတွေ့..."
"မင်းအဆင့်မင်းသိစမ်း!"
ဖြောင်း!
မြို့စားကြီးသည် အစေခံ၏ပါးကို လက်ဖြင့်ပြင်းထန်စွာရိုက်လိုက်သည်။
ချက်ချင်းပင် ရောင်ရမ်းလာသော ပါးပြင်ဖြင့် အစေခံသည် မြို့စားကြီး၏နောက်သို့ လိုက်သွားခဲ့သည်။ အခုချိန်တွင် သူဘာမှဝင်ရောက်မစွက်ဖက်နိုင်တော့ပေ။
TK Team