Chapter 28
Viewers 2k

>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch28


"ဖယ်ဆန်!"

မြို့စားကြီးသည် ဖယ်ဆန်၏အခန်းတံခါးကိုဖွင့်ကာ သူ့သားနာမည်ကိုအော်လိုက်ပြီးနောက် ပါးစပ်ပိတ်သွားခဲ့သည်။

"…!"

အဲ့တာသည် သူတိတ်တိတ်နေချင်သောကြောင့် မဟုတ်ပေ။ သူ့ရှေ့ရှိ မထင်မှတ်ထားသော မြင်ကွင်းကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့တာဖြစ်သည်။

"အကျိုးနည်း...!"

ကွဲကြေနေသော အရက်ပုလင်းများနှင့် ဖန်ခွက်များရ အခန်းအနှံ့ ပြန့်ကျဲနေသည်။ ကုလားကာနှင့် ပရိဘောဂများသည် ဒေါသတကြီး‌ဖျက်စီးခံထားရသလို ကွဲပြဲနေခဲ့သည်။ ပရမ်းပတာများကြား တန်ဖိုးကြီးသောကော်ဇောပေါ်တွင် သွေးများပါစွန်းထင်းနေသည်။ ထိုသို့သောအရာများကြား ဖယ်ဆန်သည် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေကာ အလွန်မူးနေပုံရသည်။

မြို့စားကြီးသည် သူ့သားအား ဒီလိုအခြေအနေမျိုးဖြင့် ပထမဆုံးအကြိမ်မြင်ရသောကြောင့် နဖူးမှသွေးကြောများပေါက်ထွက်လာတော့မလို ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုအခြေအနေဖြစ်နေတာလဲ!"

မြို့စားကြီးသည် ဒေါသတကြီးအော်လိုက်ပြီး စက္ကန့်အနည်းငယ်အတွင် ပေါက်ကွဲတော့မလိုခံစားလိုက်ရသည်။ ဖယ်ဆန်သည် ရောင်ရမ်းနေသော မျက်လုံးများကို ပွတ်သပ်ကာ တစ်ဝက်လောက် မှုန်ဝါးဝါးဖွင့်ဟလိုက်သည်။

"မင်းက တန်ဖိုးမရှိတဲ့ကောင်ပဲ!"

မြို့စားကြီးသည် ဒေါသတကြီးဖြင့် ဗီရိုစင်တစ်ခုမှ ခရစ်စတယ်အလှဆင်ပစ္စည်းတစ်ခုကို ယူကာ ဖယ်ဆန်ဆီသို့ ပစ်ပေါက်လိုက်သည်။ ခရစ်စတယ်အပိုင်းအစများ ပျံ့ကျဲသွားကာ ရှုပ်ပွနေသော အခန်းကို ပိုပို၍ ရှုပ်ပွသွားစေခဲ့သည်။

"အာ...အဖေ"

ဖယ်ဆန်သည် အပြင်းအထန်မူးယစ်နေပြီး လေးလံသောစကားလုံးများကိုသာထုတ်လာခဲ့သောကြောင့် မြို့စားကြီး၏ အတွင်းမှ အမှောင်ဒေါသတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖယ်ဆန်သည် အမြဲတမ်းလုံ့လဝီရိယရှိပြီး ဖြောင့်မတ်သော သားဖြစ်ခဲ့သည်။ သူဘယ်လိုများ ယခုကဲ့သို့အရှုံးသမားပုံစံပေါက်နေရတာလဲ။ ထိုအတိုင်းသာ ဆက်သွားပါက မကြာမီပင် ဗင်းဆင့်မိသားစုသည် ၎င်းတို့ကို ကျော်တက်သွားမည်ဖြစ်သည်။တကယ်တမ်းတွင် သူတို့သည်ဘိုးဘွားပိုင် အာဏာချို့တဲ့မှုကြောင့် သူတို့နောက်ရောက်နေပြီးဖြစ်သည်။

မြို့စားကြီးသည် သူ့သားကို ငယ်စဉ်ကတည်းက ပြင်းထန်စွာ ဆုံးမခဲ့သည်။သို့သော် ဘယ်နားမှားသွားပြီး ဒီလိုပုံစံမျိုး ဖြစ်နေရတာလဲ။မြို့စားကြီး၏ရင်ထဲတွင် ဒေါသများ ပိုတိုးလာခဲ့သည်။

"ရေအေးယူလာခဲ့ကြစမ်း!"

မြို့စား၏ အမိန့်ပေးချက်အရ ပျာယာခတ်နေသော အစေခံတစ်ဦးသည် ရေအေးတစ်ခွက်ဖြင့် ပြေးဝင်လာခဲ့သည်။ မြို့စားကြီးသည် ဖယ်ဆန်၏မျက်နှာပေါ်သို့ ချက်ချင်းပက်လိုက်ပြီး သူ၏ရှည်လျားသောရှုံ့ချမှုကို ထပ်မံစတင်ခဲ့ပြန်သည်။

"မင်း ဒီအတိုင်းဆက်နေမယ်ဆိုရင် မိသားစုကို ထားခဲ့လိုက်။မင်းအစား နောက်ထပ် အမွေဆက်ခံမယ့်သူကို ပြုစုပျိုးထောင်တာကမှ ပိုကောင်းအုံးမယ်"

"…"

"မင်းလို မိုက်မဲတဲ့သားကို ငါ ဘာလို့ ဆက်ပြီးကျိန်ဆဲနေမိပါလိမ့်!"

ဒေါသအထွတ်အထိပ်သို့ရောက်သွားခဲ့သော မြို့စားကြီးသည် သူ၏နဖူးကိုအုပ်ကိုင်ကာ အခြားအမွေဆက်ခံသူကို ရှာဖွေလိုက်ခြင်းက ပိုကောင်းမည်ဟု ယူဆလိုက်သည်။

ပြဿနာသည် သူ့ဖက်ကမဟုတ်ဘဲ သူ့ဇနီးကြောင့်ဆိုတာ သေချာသည်။သူ ဇနီးအသစ်တစ်ယောက်လောက် လိုအပ်နေပြီဖြစ်သည်။

ဒီအတွေးများကို တွေးနေချိန်တွင် စောနကအထိ တိတ်ဆိတ်နေခဲ့သော ဖယ်ဆန် ရုတ်တရက်မျက်ရည်များကျလာတော့သည်။

"အဖေ... ကျွန်တော် တကယ်..တကယ်သေချင်နေပြီ"

"ဘာ…!"

ရေဆူအမှတ်သို့ရောက်နေပြီးဖြစ်သော မြို့စားကြီးသည် သူ့သားထံမှ ထိုကဲ့သို့သော စကားကိုကြားလိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ သူ ဒေါသမထွက်နိုင်ခင်မှာတင် ဖယ်ဆန်သည် နာမည်တစ်ခုကို ထုတ်ပြောလာခဲ့သည်။

"လူနာ...! လူနာ!"

မြို့စားကြီးသည် ဒေါသကို ခဏလောက် ထိန်းထားလိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို နားထောင်လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ။ပြော!"

"လူနာ...! လူနာက...သူနဲ့ တွဲနေကြတယ်လို့ ပြောခဲ့တယ်...!"

ထိုစိတ်ပျက်စရာအကြောင်းပြချက်ကြောင့် မြိုစားကြီးသည် ဖယ်ဆန်ကို ဒေါသတကြီး ကန်လိုက်သည်။

ဖောင်း!

ပြင်းပြင်းထန်ထန် ကန်သွင်းခံလိုက်ရခြင်းကြောင့် ဖယ်ဆန်သည် အသက်ရှုကြပ်သွားကာ နာကျင်စွာဖြင့် သူ့ခါးကို ဆုပ်ကိုင်လိုက်သည်။

"ဒီလောက် ပရမ်းပတာတွေ ဖြစ်ပြီးသွားရင်တောင် မင်း နာကျင်လို့မပြီးသေးဘူးလား။လာကြစမ်း သူ့ကိုထွက်မသွားနိုင်အောင် သော့ခတ်ထား!"

နောက်တစ်ကြိမ် ထပ်ကန်ပြီးနောက် မြို့စားကြီးသည် သူ့သား၏ ပျော့ညံ့သောပုံကို မမြင်ချင်စွာဖြင့် အလှဆင်ပစ္စည်းတစ်ခုကို ပစ်ပေါက်ကာ အခန်းအပြင်သို့ ထွက်သွားခဲ့သည်။

"လူနာ...ဘာလို့လဲ! လူတွေအားလုံးထဲမှ ဘာလို့ အန်းသန့်စ်လဲ... ငါမင်းအနားမှာ တချိန်လုံးရှိနေကိုတောင် ဘာလို့လဲ...!"

ဖယ်ဆန်သည် သူဘာပြောနေမှန်းမသိအောင်ပင် မူးနေပုံရသည်။

အထိန်းအကွပ်မရှိနေသော ဖယ်ဆန်ကို အထင်အမြင်သေးစွာဖြင့်ကြည့်လိုက်ရင်း အိမ်တော်ထိန်းသည် သက်ပြင်းလေးလံစွာချလိုက်ကာ တံခါးအပြင်ဘက်ရှိ ရပ်နေသော အစေခံများအား အော်ပြောလိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ!မြန်မြန် လာရှင်းကြလေ။ပြီးတော့ ဆရာဝန်ကို ခေါ်လိုက်!"

အစေခံများသည် လျင်မြန်စွာ လှုပ်ရှားကြပြီး အခန်းကို သပ်ရပ်စွာ ပြန်ရှင်းလင်းကာ ဖယ်ဆန်ကို ပြုစုကြတော့သည်။ထိုနောက် အိမ်တော်ထိန်းသည် အေးစက်သောမျက်နှာဖြင့် အရက်ပုလင်းကွဲများ ကောက်ယူနေသော အစေခံတစ်ဦးကို ခေါ်လိုက်သည်။

"မင်း၊ ဒါတွေကို ဖယ်ပြီးရင် ရှေ့နေကို ခေါ်လိုက်"

"အခုလား ဒါမှမဟုတ် မနက်မှလား"

"အခုချက်ချင်းခေါ်!"

မြို့စားကြီး ထွက်သွားနောက် ယခုအခါဒေါသထွက်လာသူမှာ အိမ်တော်ထိန်းဖြစ်သည်။အိမ်တော်ထိန်းသည် ရုတ်တရက်ကြီး သူ့ဒေါသကိုထုတ်ပြလာသောကြောင့် အစေခံခေါင်းကိုငုံ့ပြီး အခန်းထဲမှ လျှင်မြန်စွာထွက်သွားတော့သည်။

* * *

ညဘက်တွင် မြို့စားကြီး၏ ရုတ်တရက်ခေါ်ယူမှုကြောင့် ရှေ့နေပေါလ်ကန်သည် ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ခဲ့သည်ကို သိလိုက်ရသည်။

"ဘာဖြစ်ခဲ့တာလဲ"

"သေချာမသိဘူး။ ဟိုရောက်ရင် သိရလိမ့်မယ်"

အသုံးမဝင်ဘူး။အရိပ်အမြွက်ပေးလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။

ပေါလ်ကန်သည် ကျောက်တုံးကဲ့သို့ တင်းမာအေးစက်နေသော မျက်နှာဖြင့် အစေခံအား တစ်ချက်ကြည့်လိုက်သည်။

မြို့စားကြီး၏ရုံးခန်းသို့ လျင်မြန်စွာရောက်ရှိလာခဲ့သော ပေါလ်ကန်သည် စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့် အရက်သောက်နေသည့် မြို့စားကြီးကိုမြင်ပြီးနောက် ညင်သာစွာ ခေါင်းညိတ်သည်။

"သူတို့နေရာ သူတို့သိအောင် ငါလုပ်ချင်တဲ့ မိသားစုရှိတယ်"

ပေါလ်ကန်ကိုပင် မကြည့်ဘဲ မြို့စားကြီးက ဆက်ပြောလိုက်သည် ။

"သူတို့က ရဲတင်းလွန်းပြီး ပရမ်းပတာတွေဖြစ်အောင်လုပ်ခဲ့တယ်။ အထူးသဖြင့် အဲ့ အသိဥာဏ်ပျောက်နေတဲ့မိုက်မဲတဲ့မိန်းမ"

"ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"

ဇာတ်လမ်းအပြည့်အစုံကို မသိသော ပေါလ်ကန်သည် ရေလိုက်ငါးလိုက်လုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ မြို့စားကြီးသည် ဘာမှဆက်မပြောလာတော့သောကြောင့် ရုံးခန်းထဲကမှ တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အိမ်တော်ထိန်းသည် ထုံးစံအတိုင်း ပေါလ်ကန်ကို ဧည့်ခံခန်းသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုတွင် ပေါလ်ကန်သည်သည် တစ်နေ့တာ၏ဖြစ်ရပ်များကိုဖော်ပြနေသည့် အိမ်တော်ထိန်း၏နီမြန်းနေသောမျက်နှာကို စိုက်ကြည့်နေရင်း အတွေးထဲမြောနေခဲ့သည်။ 

"သခင်လေး ဖယ်ဆန်က ဘယ်ရွန်ပဲလ်မြို့စားကို တကယ်ပဲ ဖမ်းချုပ်ထားခဲ့တာဆိုရင် ဒါက ဖြေရှင်းဖို့ မလွယ်ကူလောက်ဘူး"

"ဒီတော့ မင်းမကိုင်တွယ်နိုင်ဘူးလို့ပြောနေတာလား"

"အဲ့လိုတော့ မဟုတ်ဘူး... ဒီတိုင်းနည်းနည်းတော့ ခက်နိုင်တယ်။ သူတို့ကို သတ္တိရှိရှိ စိန်ခေါ်ဖို့ဆိုတာ မလွယ်ဘူး"

"လွယ်လွယ် ခက်ခက် ကိုင်တွယ်ဖြေရှင်းဖို့က မင်းအလုပ်မဟုတ်ဘူးလား။ မြို့စားကြီးရဲ့ ဂုဏ်သတင်းကို နောက်ထပ်မထိခိုက်စေဖို့ သေချာပါစေ။ဒါကို သတိရှိရှိနဲ့ ချက်ခြင်း ကိုင်တွယ်ပေးပါ"

ပေါလ်ကန်၏ စွမ်းဆောင်ရည်များကို စမ်းသပ်နေသလိုပဲ၊ အိမ်တေည်ထိန်းသည် ပြတ်သားသော အကြည့်များဖြင့် ပြောလာသည် ။ တုံ့ပြန်မှုအနေဖြင့် ပေါလ်ကန်သည် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"သေချာတာပေါ့။ မင်း ဘယ်တုန်းက ငါအမှားလုပ်တာမြင်ဖူးလို့လဲ။ ငါ ဒါကို ကိုင်တွယ်မှာမို့လို့ စိတ်မပူနဲ့တော့"

"ဒါဆို ဒီကိစ္စကိုမင်းနဲ့ ထားခဲ့လိုက်မယ်"

အစေခံတစ်ဦးက အဖြစ်အပျက်အသေးစိတ်အစီရင်ခံစာကို လွှဲပေးလာခဲ့သည်။

ပေါလ်ကန်သည် ၎င်းကို လျင်မြန်စွာ ပြန်လည်သုံးသပ်ကာ မတ်တပ်ရပ်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မေးလိုက်သည်-

"ဒါနဲ့ စကားမစပ်၊ ငါတို့ ဘယ်ရွန်မြို့စား နဲ့ သူ့သမီးကို သတ်လိုက်သင့်လား"

"ဘယ်ရွန်မြို့စားကိုတော့မသိပေမယ့် အဲ့ကလေးမကိုတော့ မဖြစ်ဘူး။ ငါတို့သတ်ခဲ့လိုက်ရင် သခင်လေး ဖယ်ဆန်ဘာလုပ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး"

"သူမကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ရင်ရော"

'အရမ်းလှပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေး'ကိုမြင်ခဲ့တယ်ဟူသော သခင်လေး ဖယ်ဆန်၏ စကားများကို ပြန်ကြားယောင်ရင်း အိမ်တော်ထိန်းသည် ခေါင်းခါလိုက်သည်။

"သူမ မျက်နှာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်လိုက်တာတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ သခင်လေး ဖယ်ဆန်က သူမမျက်နှာကို သဘောကျတဲ့ပုံပဲ။အဲ့လိုလုပ်တာက သူ့စိတ်ထဲကနေ သူမကို ဖယ်ရှားနိုင်လိမ့်မယ်"

"အာ၊ မျက်နှာပျက်စီးဖို့အတွက် လုပ်ရမယ့်နည်းလမ်းကို ငါသိတယ်။ နားလည်ပြီ။ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းပြီး တည်ငြိမ်အောင် လုပ်လိုက်မယ်"

ဤသို့ဖြင့် သူတို့၏ စကားဝိုင်းကို ပြီးဆုံးသွားခဲ့သည်။ အေးစက်သောမျက်နှာဖြင့် အိမ်တော်ထိန်းသည် စာရွက်စာတမ်းများကို လွှဲပေးလိုက်ပြီး ပေါလ်ကန် ထွက်သွားခဲ့သည်။

ပေါလ်ကန်သည် ရထားပြတင်းပေါက်မှတစ်ဆင့် မြို့စားကြီး၏စံအိမ်ကြီးတဖြေးဖြေးသေးသွားခဲ့သောပုံစံကို တွေ့ရသည်။ သူသည် သူ၏ယုံကြည်ချက်ရှိသောအမူအရာကို ချက်ချင်းဖြေလျှော့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

'ဒီဟာတစ်ခုလုံးက သခင်လေးဖယ်ဆန်ရဲ့ အမှားပဲကို...'

မိန်းကလေးတစ်ယောက်အတွက်နှင့် ဒီလိုမျိုးအရူးအလုပ်တွေလုပ်ပြီး လူတွေကိုညနက်သန်းခေါင်ကြီး ပြေးရလွှားရအောင် လုပ်သည့်အထိ သူမကဘာများထူးခြားနေလို့လဲ။

မည်သို့ပင်ဖြစ်စေ တရားရုံး၌ ရှုံးဖို့ကိုတော့ မစီစဉ်ထားပေ။ ဘာအထောက်အထားမှ မရှိသောကြောင့် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးဟု အခိုင်အမာ ပြောလို့ရသည်။

သို့သော်လည်း ကျဆင်းနေသည့် မြင့်မြတ်သောမြို့စားမျိုးနွယ် မိသားစုအား ဆန့်ကျင်တိုက်ခိုက်ရန် ကြံစည်ရခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်လွန်းသည်။'ဒါမှမဟုတ် အကြောက်တရားကို ပျိုးထောင်တာနဲ့ စသင့်လား' 

၎င်းသည် အမြဲတမ်း အသုံးဝင်သော နည်းဗျူဟာတစ်ခုဖြစ်ခဲ့သည်။မိသားစုနှစ်စုကြားတွင် ကြီးမားသော ကွာဟချက်ရှိသောကြောင့် သူတို့ကို ခြိမ်းခြောက်ခြင်းသည် အရာများကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ ကမ္ဘာကြီးက အမြဲတမ်းဒီလိုပင်ဖြစ်သည်။

စံအိမ်သို့ပြန်ရောက်သောအခါတွင် ပေါလ်ကန်သည် စာတစ်စောင်အမြန်ရေးခဲ့လိုက်သည်။

ရစရာတစ်ခုခုရှိနေသရွေ့ ပြိုင်ဘက်ကို စဉ်းစားဖို့ အချိန်မပေးတာက အကောင်းဆုံးပင်။ ခြိမ်းခြောက်စာ မြန်မြန်ပို့လေလေ ပိုထိရောက်လေဖြစ်သည်

ထို့ကြောင့် လူနာသည် တရားစွဲမှုအတွက် အလေးအနက်ထား ဆွေးနွေးရန် အခွင့်အရေး မရမီမှာပင် ပေါလ်ကန်ထံမှ စာတစ်စောင် ရရှိခဲ့သည်။

အကြောင်းအရှာမှာ မြို့စားကြီးမိသားစုမှအမွေဆက်ခံသူဖြစ်သော ဖယ်ဆန်အား တိုက်ခိုက်ရဲခြင်း၊ ကောင်းစွာအဆုံးမသတ်ခဲ့ဘဲအလုပ်မှနှုတ်ထွက်ခြင်းနှင့် နောက်ဆုံးတွင် မြို့စားကြီးနှင့်တကွ သူ့မိသားစု၏ဂုဏ်သိက္ခာကို အဓိပ္ပါယ်မဲ့သောနားလည်မှုလွဲမှားခြင်းဖြင့် ညှိုးနွမ်းစေခြင်းတို့ဖြစ်သည်။

သက်သေအဖြစ်ရှိခဲ့သော ဘယ်ရွန်မြို့စားအား ဖယ်ဆန်က အတင်းအကျပ်ဖမ်းချုပ်ထားခြင်းနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိပေ။

"ငြိမ်းချမ်းသောဘဝတစ်ခုအတွက် ဘယ်ရွန်ပဲလ်မိသားစုထံမှ စစ်မှန်သောကြင်နာမှုကို ကျွန်ုပ်တို့မျှော်လင့်ပါသည်။ 
မြို့စားကြီးရိုဒရီယန်၏ရှေ့နေ ရို့စ် ပေါလ်ကန်"

ခြိမ်းခြောက်စာကိုဖတ်ပြီးနောက် လူနာ သည် ဒေါသများဖြင့် ထိုစာကိုဆုတ်ဖြဲလိုက်သည်။သို့သော် မကျေနပ်သေးသဖြင့် ထပ်မံဆုတ်ဖြဲကာ လေထဲသို့ လွှင်းပစ်လိုက်သည်။

အရုဏ်ဦးအချိန်၌ စိတ်ထက်သန်စွာ ရေးခဲ့သော ပေါလ်ကန်၏စာသည် ယခုအခါတွင် မြေပြင်၌ အနင်းခံနေရပြီဖြစ်သည်။

"သူတို့အားလုံး ရူးနေကြတာပဲ! သူတို့ကို ချက်ချင်းတရားစွဲမယ်။ သူတို့ကို သော့ခတ်ထားရင်ရော ဒီလိုလုပ်နိုင်အုံးမလား ကြည့်ကြသေးတာပေါ့"

"အိုး သခင်မလေး...!"

ဒေါသကြောင့် တုန်ယင်နေသော လူနာ၏ဘေး၌ ရပ်နေသည့် အမ်မာနှင့် လော်ရာ တို့သည် အလွန်စိုးရိမ်နေကြသည်။

"အချိန်ကြာနည်းနည်းလောက်ယူပြီး သက်သေအထောက်အထားတွေကို စုဆောင်းတာက ပိုကောင်းတာမှန်ပေမယ့် သူတို့လုပ်လာတဲ့ ထင်ရှားတဲ့ အမှားယွင်းတွေကြောင့် အချိန်က တင်းကျပ်နေရင်တောင်မှကိစ္စမရှိဘူး"

လျင်မြန်စွာ တရားစွဲခြင်းသည် တစ်ဖက်လူကို စဉ်းစားချိန်မရအောင် တားဆီးနိုင်သည်။

သက်သေအထောက်အထားတွေအကြောင်းကြောင့် လူနာသည် ခဏလောက်စဉ်းစားလိုရ်ပြီး မမျှော်လင့်ထားသော အကြံပြုချက်တစ်ခုကို ထုတ်လိုက်သည်။

"ကျွန်မတို့ ဖယ်ဆန် တိုက်ရိုက်ဝန်ခံခိုင်းရင်ရော ဘယ်လိုလဲ"

"အာ။ဖြစ်နိုင်ရင်တော့ အဲ့ဒါက အကောင်းဆုံး ရွေးချယ်မှုဆိုပေမယ့်…"

ဒါက ဖြစ်နိုင်သည်နှင့် ဝေးကွာလှသည်။ မယုံနိုင်စရာ အဆိုပြုချက်ကြောင့် ရိုယာ အံ့အားသင့်သွားရသည်။

ဒါပေမယ့် လူနာကတော့ ဒီလိုမတွေးပေ။ သူမသည် ဖယ်ဆန်ကိုကောင်းစွာသိပေသည်။

ဒါက ဖယ်ဆန်၏နားမလည်နိုင်သော စွဲလမ်းမှုကို အသိအမှတ်ပြုခြင်းဖြစ်ရင်တောင်မှပေါ့။

"ကျွန်မ စာရေးမယ်"

"စာ... ဆိုလိုတာက"

"ဟုတ်တယ်။ ပြန်လည်သင့်မြတ်ဖို့ဆိုပြီး အဲ့နေ့က အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ သူ့ကို တောင်းဆိုလိုက်မယ်။သူ အသေးစိတ်ဖော်ပြဖို့ မျှော်လင့်တယ်။ပြီးတော့ အဲဒါကို သက်သေအဖြစ်သုံးကြမယ်"

ဖယ်ဆန် အဆက်အဆံမဖြတ်ရန် အပြင်းအထန် မေတ္တာရပ်ခံမှုကြောင့် သူမသာပြန်လည်သင့်မြတ်မည်ဆိုသော လေသံဖြင့် ချဉ်းကပ်ပါက အရာအားလုံး အဆင်ပြေသွားနိုင်ဖွယ်ရှိသည်။ မဟုတ်ပါက ရိုယာသည် ဒါကို ကိုင်တွယ်ရခက်လိမ့်မည်။

"ဒါဆို နောက်ကျောဓားနဲ့ထိုးဖို့ကို အကြံပြုနေတာလား"

ဒါသာဖြစ်နိုင်ပါက ဒီထက်ပိုကောင်းသောသက်သေမရှိဘူးဟု ရိုယာတွေးလိုက်သည်။

"တစ်ခုတည်းသော ပြဿနာက စာကို ဘယ်လိုလျှို့ဝှက်ပို့ရမလဲဆိုတာပဲ"

"ဒါက ရနိုင်တယ်။ ငါ မြို့စားကြီးစံအိမ်ထဲမှာ အဆက်အသွယ်ရှိတယ်။ နည်းနည်းတော့ ကုန်ကျစရိတ်ရှိနိုင်ပေမယ့် သခင်လေးရဲ့အခန်းထဲမှာ စာတစ်စောင်ကို လျှို့ဝှက်ထားပေးဖို့က ရနိုင်တယ်။ ဒါပေမယ့် အကြောင်းပြန်စာရဖို့ကတော့ ခက်လိမ့်မယ်"

အကြောင်းပြန်စာကို ပြန်လည်ပို့ဆောင်ခြင်းသည် စာပေးပို့သူ၏ အထောက်အထားကို ထုတ်ဖော်သလိုဖြစ်သွားပြီး အန္တရာယ်ရှိနိုင်သည်။

လူနာသည် အကြံတစ်ခုပေးလိုက်သည်။

"ဒါဆို တရားရုံးကြမှ ယူရင်ရော။ အဲဒါကို ကျွန်မစာထဲမှာ ထည့်ရေးလိုက်မယ်လေ။ ရှင် သူ့ဆီကနေ တရားရုံးမှာယူပေးလို့ရတယ်မလား"

စာကို အစမ်းစစ်ဆေးသည့်နေ့တွင်သာ ယူနိုင်သော်လည်း ၎င်းသည် ကြီးမားသောအကူအညီဖြစ်လိမ့်ပေမည်။

"ဟုတ်ပြီ… အကြံကောင်းပဲ။ နာကျင်ရတယ်ဆိုရင်တောင် ဖမ်းဆုပ်ရမယ်"

အမြဲတမ်း ညှိနှိုင်းခြင်းအလုပ် လုပ်ခဲ့သော ရိုယာသည် ယခုတစ်ကြိမ်အတွက်လည်း အနိုင်ရရန် ပြီးပြည့်စုံသော နည်းဗျူဟာရှာဖွေရာတွင် အားအပြည့်တင်လိုက်သည်။ လူနာသည် ဒီကိစ္စပြီးနောက် ဖယ်ဆန်နှင့် ထာဝရအဆက်အသွယ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။

"ကျေးဇူးပြုပြီး သူ့ကို အသေအချာလေး ချေမွပေးပါ။ သူ ကျွန်မတို့မိသားစုကို ဘယ်တော့မှ ထပ်မချဉ်းကပ်နိုင်ဘူးဆိုတာ သေချာပါစေ။ ပြီးတာနဲ့ ရှင်ဆန္ဒရှိသလောက် ကျွန်မပေးပါ့မယ်"

လူနာသည် ရွှေတွင်းတစ်ခုဆိုရင်တောင် ပေးမည့်ဟန်ဖြင့် ပြောလိုက်သည်။

ပူးပေါင်းဆောင်ရွက်တတ်သော အမှုသည်ထက် ကြီးမားသော ဆုမရရှိတော့ပေ။သေချာတာပေါ့ ရိုယာသည် ဆုမလိုချင်ဘူးဟု ဆိုလိုတာမဟုတ်ပေ။ထို့နောက် သူ့ဘဝတစ်သက်တာဆန္ဒရှိသည်ကို ထုတ်ဖော်လိုက်သည်။

"ဟုတ်ကဲ့, နားလည်ပါတယ်။ ဒါဆို ဆုလာဘ်အနေနဲ့ မင်း အန်းသန့်စ်နဲ့ ဆက်ပြီးလက်တွဲဖို့ ငါတောင်းဆိုချင်တယ်"

အခြေအနေများ ကောင်းမွန်နေချိန်တွင် အန်းသန့်စ်ကို ရုတ်တရက်ဖော်ပြလာသည့် ခက်ခဲသောတောင်းဆိုမှုတစ်ခုကြောင့် လူနာ၏နဖူးတွင် နက်ရှိုင်းသောအတွန့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

TK Team