> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 29
နောက်တစ်နေ့တွင် ရှေ့နေရိုယာသည် ဘယ်ရွန်မြို့စား၏အမည်ဖြင့် တိုင်ကြားမှုလုပ်ခဲ့သည်။
မြင့်မြတ်သူမြို့စားအနွယ်ဝင်များကြား ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ဖြစ်တာကြောင့် စုံစမ်းစစ်ဆေးမှုများ အမြန်ပြုလုပ်ခဲ့ကြသည်။
စုံစမ်းရေးမှူးက မတော်တဆမှုကို အတည်ပြုဖို့ ရောက်လာချိန်တွင် လူနာ နှင့် ဘယ်ရွန်မြို့စားတို့သည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အကောင်းဆုံးရှင်းပြဖို့ ကြိုးစားခဲ့ကြသည်။ အခြားတစ်ဖက်တွင် မြို့စားကြီး၏ရှေ့နေ ပေါလ်ကန်သည် ထိုနေ့ကဖြစ်ပျက်ခဲ့သမျှအားလုံးကိုငြင်းဆိုခဲ့ပြီး လူနာအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့်ပြန်တရားစွဲဆိုခဲ့သည်။
ခဏအကြာတွင် ဖယ်ဆန်ထံမှ သက်သေရရှိရန်အတွက် စာတစ်စောင် ရေးသားခဲ့သော လူနာသည် ချက်လက်မှတ်နှင့်အတူ ရိုယာထံ လွှဲပြောင်းပေးခဲ့သည်။
"မလုံလောက်ရင် ပြန်ပြောပေးပါ။ကျွန်မဆီရှိသမျှအားလုံး ပေးမယ် ကျွန်မ ပိုင်ဆိုင်မှုတွေ အားလုံးကို ရောင်းရမယ်ဆိုရင်တောင်မှပေးမယ်"
သာမန်လူတစ်ဦးအတွက် တစ်သက်တာ ဇိမ်ခံဘဝဖြင့် နေထိုင်ခွင့်ရနိုင်မည့် များပြားလှသော ပမာဏတစ်ခုဖြစ်သည်။ လူနာသည် ဖယ်ဆန်ကိုလှည့်စားရန်အတွက် ကိုယ်ရောစိတ်ပါဆုံးဖြတ်ခဲ့သည်။
"ဒါက လုံလောက်တာထက်ပိုပါတယ်။ကျွန်တော် ချက်ချင်းလိုက်ပို့ပေးလိုက်မယ်"
ရိုယာသည် ချက်လက်မှတ်ကို ရွှေဒင်္ဂါးပြားများဖြင့် လဲလှယ်လိုက်ပြီး မြို့စားကြီးစံအိမ်အတွင်း သူချထားခဲ့သော အဆက်အသွယ်တစ်ဦးနှင့် တွေ့ဆုံခဲ့လိုက်သည်။
"မတွေ့တာကြာပြီ"
ရိုယာ၏ အဆက်အသွယ်သည် စံအိမ်ကြီးတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့သည်။ သူမသည် အန်းသန့်စ်မှ ဖယ်ဆန်အားတိုက်ခိုက်ခဲ့တိုင်း သူ့ကို အချိန်နှင့်တပြေးညီပြောပြပေးသော ဆက်သွယ်ရေးသမားဖြစ်ခဲ့သည်။ သူမသည် ထိုသို့လုပ်ခြင်းမှပြန်လည်ရရှိသောငွေဖြင့် သာယာသောဘဝတစ်ခုကို ခံစားခဲ့ရပြီး အန်းသန့်စ်အိမ်ပြန်သွားခြင်းအတွက်ပင် နောင်တရခဲ့သည်။
ဒါပေမယ့် သူကဘာလို့ ထပ်ခေါ်ရတာလဲ။ဟိုနေ့ကဖြစ်ရပ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။သူသိချင်တာမှန်သမျှ အချက်အလက်အားလုံး ပြောရမယ်ဟုတွေးကာ သူမက အာရုံများကို စုစည်းထားလိုက်သည်။
"အဲ့တာက တော်တော်ကြာပြီ။ အခု မင်းကို တောင်းဆိုစရာရှိလို့ ခေါ်လိုက်ရတာ"
"ဟိုအဖြစ်အပျက်နဲ့ပတ်သက်ပြီးလား။ ရှင် မေးသမျှ ကျွန်မဖြေပါ့မယ်"
"တကယ်တော့ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပေမယ့် မင်းကိုမေးဖို့ခေါ်လိုက်တာမဟုတ်ဘူး။မင်းကို တစ်ခုခု ပို့ပေးစေချင်လို့ ခေါ်လိုက်တာပဲ"
ရိုယာသည် ရွှေဒင်္ဂါးပြားတစ်ထုပ်ကို စားပွဲပေါ်တင်လိုက်သည်။ ထိုအကြောင်းအရာကိုတွေ့လိုက်ရသောကြောင့် သူမ၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားတော့သည်။
"ဒါ...ဒါကဘာလဲ"
"ဒါက မင်းရမယ့်ဆုလာဘ်ပဲ"
သူမသည် ဤမျှသော ပမာဏကို တစ်ခါမှ မရရှိခဲ့ဖူးပေ။သူမသည် အန္တရာယ်ရှိသော အလုပ်ဖြစ်မည်ကို စိုးရိမ်သွားပြီး တုံ့ဆိုင်းသွားခဲ့သည်။
"ဟင့်အင်း ကျွန်မ မလုပ်ဘူး။ကျွန်မ ပိုက်ဆံထက် ကျွန်မဘဝကို ပိုတန်ဖိုးထားတယ်"
"မင်းအသက်အန္တရာယ်ရှိမှာမဟုတ်ဘူး။ မင်း လုပ်ရမှာဆိုလို့ စာတစ်စောင်ကို လျှို့ဝှက်ပို့ပေးရမှာပဲ"
"စာတစ်စောင် ဘယ်လောက်အန္တရာယ်ရှိနိုင်လဲဆိုတာ ရှင်သိရဲ့လား။ ကျွန်မအသက်ကို အန္တရာယ်ဖြစ်စေတဲ့ အရာတွေ ပါနေရင် ဘယ်လိုလုပ်မလဲ"
"မင်း ဒီလိုပြောနိုင်မယ်ဆိုတာသိလို့ ငါ အပိုတစ်ခုပြင်ဆင်ထားတယ်။ ပြီးတော့ စာအတွက် စိတ်မပူနဲ့။ စာကိုလက်ခံမယ့်သူက အဲ့စာကို တန်ဖိုးထားလိမ့်မယ်။ ဒါပေမယ့် မင်းမဖမ်းမိအောင်တော့ သေချာပါစေ"
ထို့နောက် ရိုယာသည် နောက်ထပ်ရွှေဒင်္ဂါးတစ်ထုပ်ကို စားပွဲပေါ်တင်လိုက်သည်။ စုစုပေါင်းလိုက်ပါက အလွန်ကြီးမားများပြားလှသော ပမာဏတစ်ခုပင်ဖြစ်သည်။
"မင်း အလုပ်ပြီးတဲ့နဲ့ ဒါတွေအားလုံး မင်းအတွက်ပဲ။ ယူသွားပြီး တတ်နိုင်သလောက် ဝေးအောင်ပြေး"
အန္တရာယ်ရှိနိုင်သော်လည်း ထိုကဲ့သို့သော ဘဝတစ်ခုလုံးပြောင်းလဲနိုင်သည့်ပမာဏ၏ ဆွဲဆောင်မှုမှာ ငြင်းနိုင်စရာမရှိပေ။ သူမ ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သတိထားပြီး သဘောတူလိုက်သည်။
"ပို့ပြီးမှ ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ"
"မင်း စာပို့ပြီးသွားတာနဲ့ မင်းအတွက် လုံခြုံတဲ့နေရာတစ်ခုကို ငါပို့ပေးမယ်။ ကာလ်မန်တည်းခိုခန်းက ကောင်းမယ်ထင်တယ်။ ငါ့နာမည်နဲ့ တော်ဝင်အခန်းကို ကြိုမှာထားပေးမယ်။ မင်းဆန္ဒရှိရင် ငါ ကိုယ်ရံတော်ပါပေးလို့ရတယ်"
ထိုကဲ့သို့ ရက်ရောသောကမ်းလှမ်းချက်အား ခံနိုင်ရည်ရှိရန်မှာမဖြစ်နိုင်ပေ။သူမသည် စာနှင့် ဒင်္ဂါးထုပ်ကို ကောက်ကိုင်ပြီး ထလိုက်သည်။
"ကျွန်မ စာမပို့ဘဲ ထွက်ပြေးသွားရင်ရော ဘာဖြစ်မှာလဲ"
"ဘာမှ ဆိုးဝါးတာဖြစ်မှာမဟုတ်ဘူး။ ငါ့အမှုသည်က အဲ့လိုလူစားမျိုးမဟုတ်ဘူး။ ဒါပေမယ့် မင်းဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်"
ရိုယာသည် သူမကို အပြည့်အဝယုံကြည်ဟန်ဖြင့် ညင်သာစွာ ပြုံးပြလာခဲ့သည်။
ဆယ်နှစ်ကျော်မျှကြာသွားပြီဖြစ်သော်လည်း သူမသည် ယခင်ကအတိုင်းပင် သူ့အပြုံးအပေါ်ခံနိုင်ရည်မရှိသေးပေ။ သူမသည် ရှက်သွေးဖြာသွားပြီး ခဏမျှတုံ့ဆိုင်းကာ နောင်တမရှိစွာဖြင့် မြို့စားကြီး၏စံအိမ်သို့ ပြန်သွားခဲ့သည်။
* * *
ရက်အနည်းငယ်အကြာ သူမ၏ အတွေးများကို စုဆောင်းပြီးနောက် ဆီအန်သည် စာစောင်ကိုကိုင်ဆောင်ကာ သန့်ရှင်းရေးပစ္စည်းများနှင့်အတူ သခင်လေးဖယ်ဆန်၏အခန်းသို့ သွားခဲ့သည်။ သူမသည် ယခင်အချိန်များထဲစ အချက်အလက်စုဆောင်းရန် သခင်လေးဖယ်ဆန်၏အခန်းကိုအချိန်အတော်ကြာ တာဝန်ယူထားသောကြောင့် မည်သူမျှ သူမကို သံသယမဝင်ကြပေ။
'သခင်လေး ဖယ်ဆန်က... ဒီနေ့လည်း ထုံးစံအတိုင်း အိပ်နေတယ်ထင်တယ်'
မကြာသေးမီမှစ၍ ဖယ်ဆန်သည် အမြဲအိပ်နေတတ်ပြီး နိုးခဲပေသည်။ မြို့စာကြီး၏ အမိန့်ကြောင့် သူ့ကို ချုပ်နှောင်ထားလို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမှန်မှာအိပ်နေခြင်းဖြင့် အဖြစ်မှန်မှ လွတ်မြောက်သလို ခံစားနိုင်သောကြောင့်ဖြစ်သည်။
ဒါက သူမ၏တာဝန်ကို ပိုလွယ်ကူစေသည်။
'ငါ ဒီတိုင်းတိတ်တိတ်လေး ထားခဲ့လိုက်ရမလား'
သူမသည် သန့်ရှင်းရေးချင်ဟန်ဆောင်လိုက်ပြီး ဖယ်ဆန်ကို တစ်ချက်ကြည့်ကာ သူမဝှက်ယူလာခဲ့သည့် စာကိုထုတ်၍ အိပ်ရာနိုးသည်နှင့် အလွယ်တကူမြင်နိုင်သော စားပွဲပေါ်တွင် ဂရုတစိုက်တင်ထားလိုက်သည်။
များပြားလှသောပမာဏဖြင့် အပေးအယူလုပ်ရသည့်အလုပ်က လွယ်ကူလှသည်။ သူမ အခုလုပ်ဖို့လိုတာဆိုလို့ သန့်ရှင်းရေးပစ္စည်းများကိုယူ၊ အခန်းထဲက ထွက်သွားပြီး မိုးလင်းတာနဲ့ ထွက်ပြေးဖို့ပဲကျန်တော့သည်။
"အဲ့ဒါက ဘာလဲ"
ရုတ်တရက် ဖယ်ဆန်၏ အသံက သူမအနောက်မှ ထွက်လာခဲ့သည်။
"ဟေး မင်းဘာ ချန်ထားခဲ့တာလဲ"
အခုမှနိုးလာသူတစ်ယောက်၏ အသံမျိုးမဟုတ်ပဲ ကြည်လင်ပြတ်သားလှသည့်အသံပင်ဖြစ်သည်။ ဆီအန်သည် အေးခဲတောင့်တင်းသွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သခင်လေးဖယ်ဆန်သည် သူမထားခဲ့သောစာကိုကိုင်ထားကာ လေးနက်သောမျက်နှာထားဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
'ဘာ... ဘာလုပ်ရမလဲ။ ငါဘာလုပ်သင့်လဲ!'
သူမ မူးမေ့လဲတော့မလို ခံစားနေရချိန်မှာပဲ ဖယ်ဆန်သည် စာ၏နောက်ဘက်ရှိ လူနာ၏လက်ရေးကို မှတ်မိသွားသည်။
"ဒါကဘာလဲ လူနာပို့လိုက်တဲ့စာလား"
အံ့အားသင့်နေသော အသံကြောင့် ဆီအန်သည် မသိလိုက်ခင်မှာပင် ခေါင်းညိတ်လိုက်မိသည်။
" တကယ်ပဲ လူနာဆီကလား !"
ဖယ်ဆန်သည် အလန့်တကြားဖြင့် စာကို အလျင်အမြန်ဖွင့်လိုက်သည်။ ထို့နောက် လူနာ၏ လှပသော လက်ရေးများက သူ့အမြင်ထဲအပြည့်တိုးဝင်လာခဲ့သည်။
[ချစ်ရသော ဖယ်ဆန်အတွက်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာကြာလှပြီ။ ဒီမနှစ်မြို့ဖွယ်ဖြစ်ရပ်တစ်ခုက အရှက်ကွဲစေနိုင်တယ်ဆိုပြီး တွေးခဲ့မိလို့ နာကျင်မိပါတယ်။ဒီနားလည်မှုလွဲမှားတာတွေကို နင်ရှင်းပြပေးမယ်လို့ မျှော်လင့်ပါတယ်]
ပြန်လည်သင့်မြတ်ရန် တောင်းဆိုပုံပေါ်သည့် ချစ်စဖွယ်အကြောင်းအရာကြောင့် ဖယ်ဆန်သည် ဆီအန်ကို ထပ်မမေးမှီ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားကာ မျက်နှာကျက်သို့ မော့ကြည့်လိုက်သည်။
"ဒါကို ဘယ်တုန်းက ရခဲ့တာလဲ"
"ရိုးရိုးသားသား ပြောရရင် ကျွန်မ အဲ့တာကိုတိုက်ရိုက် လက်ခံခဲ့ရတာ မဟုတ်ပါဘူး သခင်လေး။ လူစိမ်းတစ်ယောက်က ကျွန်မကို လာပေးခဲ့တာ... အတိအကျတော့ ကျွန်မလည်း မမှတ်မိတော့ဘူး..."
လူနာသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ မပေးပို့နိုင်သောကြောင့် အခြားသူတစ်ဦးဖြင့် ပေးပို့ခဲ့ပုံရသည်။ ထုံးစံအတိုင်း ဖယ်ဆန်သည် သူတွေးသမျှကအမှန်ဟုအခိုင်အမာယုံကြည်လိုက်သည်။
"ဒါဆို ကျွန်မအခုသွားလို့ရမလား သခင်လေး... တခြားအခန်းတွေကိုလည်း သန့်ရှင်းရေးလုပ်စရာလိုလေးလို့…"
မေးခွန်းများထပ်ရှိသေးသော်လည်း ဖယ်ဆန်သည် လူနာ၏စာထဲတွင် နစ်မြုပ်သွားကာ တုံ့ပြန်လာခြင်းမရှိတော့ပေ။ သူ့မျက်လုံးများ၌ ဖော်မပြနိုင်သော ပျော်ရွှင်မှုများဖြင့် ပြည့်နေတော့သည်။
သူ၏ပုံစံကြောင့် ဆီအန်သည် အလျင်အမြန် ဦးညွှတ်လိုက်ပြီး ရိုယာစီစဉ်ပေးထားသော ကာလ်မန် တည်းခိုခန်းဆီ သွားဖို့ပြင်ဆင်ခဲ့လိုက်သည်။
* * *
မကြာခင်မှာပဲ နှစ်ဖက်စလုံးကြားရှိ တင်းမာမှုများကြောင့် ရုံးတင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ တက်ရောက်သူဦးရေ ကန့်သတ်ထားသော်လည်း ၎င်းသည် လူထုကြားနာပွဲဖြစ်နေဆဲသည်။
အမှုနှင့်ပတ်သက်ပြီး ဟိုဟိုဒီဒီစကားများကြားခဲ့ကြသော မြို့စားမျိုးနွယ်အမြောက်အမြားသည် တရားခွင်သို့ လာရောက်ကြားနာခဲ့ကြသည်။ သူတို့သည် အတင်းအဖျင်းများကို နှစ်သက်သောသူတွေပင်။
စာတစ်စောင်လက်ခံရရှိရမည့် လူနာသည် အနည်းငယ်စောကာ ရောက်လာခဲ့ပြီး တဖြည်းဖြည်း ပြည့်လာသော တရားစီရင်ခန်းကို ကြည့်ရှုလိုက်ရင်း ဖယ်ဆန်အား စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။
"အရမ်းကြီး စိတ်မပူနေပါနဲ့။ သူ့စာမရှိရင်တောင်မှ ကျနော်တို့ဘက်က အနိုင်ရမှာပါ။ စိတ်လျှော့ထားလိုက်"
ရိုယာသည် အားပေးလာရုံသာမက၊ သူ၏အဆက်အသွယ်များစွာကို အသုံးပြု၍ လုံလောက်သော အထောက်အထားများကို စုဆောင်းခဲ့သည်။
၎င်းသည် ချုပ်နှောင်ခြင်းမဟုတ်ဘဲ တစ်ညအိပ်ရုံမျှသာဟု ပေါလ်ကန်၏ပြောဆိုချက်ကို ချေပရန်အတွက် ရည်ရွယ်ခဲ့သည်။
"ကျွန်တော့်ကိုသာ ယုံကြည်ထားလိုက်။ အရင်က မဖြစ်နိုင်လောက်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အားလုံးကို ဖြေရှင်းခဲ့ဖူးတယ်။ ဒီတရားစွဲဆိုတာမှာ ကျွန်တော်တို့ လုံးဝရှုံးမှာမဟုတ်ဘူး။ ကျွန်တော် ထိန်းထားနိုင်တယ်"
ရိုယာသည် ယုံကြည်ချက်အလွန်ရှိနေသောကြောင့် လူနာပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။ ဘယ်ရွန်မြို့စားသည် ရိုယာ၏ ယုံကြည်ချက်ကြောင့်လည်း စိတ်ချသွားပုံရသည်။မကြာခင်မှာပင် ဖယ်ဆန်ပေါ်လာခဲ့သည်။ အမှုစစ်ဆေးခြင်း မစခင်လေးမှာပဲရောက်လာခဲ့သည်။
တရားခွင်ထဲ ဝင်လာပြီးနောက် လူနာကို တွေ့လိုက်ရချိန်တွင် ဖယ်ဆန်၏ မျက်လုံးများသည် ခွေးပိုင်ရှင်ကို မြင်လိုက်ရသော ခွေးတစ်ကောင်ကဲ့သို့တောက်ပလာခဲ့သည်။ လူနာ၏စာမှာရလဒ်ရှိပုံပေါ်သည်။
လူနာ၏ဗျူဟာ အောင်မြင်သွားသည်ကို သဘောပေါက်ကာ ရိုယာသည်သက်ပြင်းချလိုက်သည်။
"အခု ကျွန်တော့်ရဲ့ သက်သေတွေ အားလုံးက အသုံးမဝင်တော့တဲ့ပုံပဲ။ အဲ့တာကြောင့် ဆိုးတဲ့အရာတွေပြီးသွားတာနဲ့ ကောင်းတာတွေဖြစ်လာတတ်တယ်လို့ပြောကြတာကိုး။ မင်း ဘာများရေးပေးလိုက်လို့ သူကဒီလိုမျိုးခွေးပေါက်လေးလို ပုံစံမျိုးဖြစ်နေရတာလဲ"
စာတွင်ပါဝင်ခဲ့သော အကြောင်းအရာကို မသိသောကြောင့် ရိုယာသည် ဖယ်ဆန်ကို အပြုံးတစ်ခုနှင့် တုံ့ပြန်နေသောလူနာကိုတိုက်ရိုက်မေးခဲ့လိုက်သည်။
"အဲဒါက ဘာမှ မဟုတ်ပါဘူး။ကျွန်မကဒီတိုင်း ရိုးရိုးရှင်းရှင်း နားလည်မှုလွဲနေတာနဲ့ သူ့ကို မဆုံးရှုံးချင်ပါဘူး။ ကျွန်မတို့ရဲ့ဆက်ဆံရေးက နက်ရှိုင်းတယ် ထူးခြားပြီး အဖိုးတန်တယ်မလား၊ လို့ပဲရေးခဲ့တာပါ"
တကယ်တော့ ဖယ်ဆန်ကို ဆွဲဆောင်ရန် သူမရေးခဲ့တာတွေ အများကြီးရှိသော်လည် အသေးစိတ်အချက်အလက်များကို ထည့်မပြောဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။
ရိုယာသည် အနည်းငယ် ထိတ်လန့်သော အမူအရာဖြင့် တိတ်တဆိတ် တုံ့ပြန်လာခဲ့သည်-
"အဲ့တာက စိတ်ရင်းမှန်မဟုတ်ဘူးဆိုတာ ယုံပါတယ်။ ဒါပေမယ့် သခင်လေး အန်းသန့်စ်ကိုတော့ လျှို့ဝှက်ထားရမယ်"
သူမ၏ စိတ်ရင်းမှန်မဟုတ်သော်လည်း ဤမျှရေးရန် မလိုအပ်ပေ။ အန်းသန့်စ်သာ ရှာတွေ့သွားပါက သူ ရယ်နေလိမ့်မည်ဖြစ်သည်။
"ဒါဆို အခု စာရဖို့ပဲ ကျန်တော့တယ်။ကျွန်တော် မြန်မြန်သွားပြီး ပြန်လာခဲ့မယ်"
ရိုယာထခါနီးမှာပဲ လူနာသည် သူ့လက်ကို လှမ်းဆွဲလိုက်သည်။
"ခဏလေး။ ကျွန်မက ရှင့်ကို ဒီလိုမျိုး အရှက်တကွဲဖြစ်အောင် တကယ် တွန်းပို့ပါ့မလား"
သူသာ အင်အားသုံးပြီးစာယူဖို့ ကြိုးစားပါက ကိုယ်ထိလက်ရောက်ကျုးလွန်မှုဖြင့် တရားစွဲခံရနိုင်ချေရှိသည်။
"ဒါဆို ဘယ်လိုယူဖို့ စီစဉ်ထားလဲ"
"သာမန်နည်းလေးအတိုင်းပဲသွားကြတာပေါ့"
လူနာ ပြန်ဖြေလိုက်ချိန်မှာပဲ တရားပြိုင် ထိုင်ခုံဆီကို ဦးတည်သွားနေသည့် ဖယ်ဆန်သည် ရုတ်တရက် ဦးတည်ရာပြောင်းသွားပြီး လူနာဆီကို တည့်တည့်လာခဲ့သည်။
"အာ!"
ရှေ့နေနှင့် ကိုယ်ရံတော်များက သူ့ကို ရပ်တန့်ရန်အရှိန်အဟုန်ဖြင့်ရောက်လာကြပြီး ဖယ်ဆန်သည် သူမအနားသို့ အလျင်အမြန် ချဉ်းကပ်ကာ စာတစ်စောင် ပေးလာခဲ့သည်။
"ကျေးဇူးပြုပြီး စိတ်ခံစားချက်နဲ့မဟုတ်ပဲသေချာလေး အကဲဖြတ်ပြီး နားလည်မှုလွဲမှားတာကို ရှင်းလင်းနော်"
"ကျွန်မ လုပ်ပါ့မယ်"
လူနာသည် သူ့ဝန်ခံချက်စာကို လွှဲပေးလာခဲ့သော ဖယ်ဆန်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ဒီအပြုံးသည် သူမထံမှ သူပထမဆုံးမြင်ဖူးသော တောက်ပသည့်အပြုံးဖြစ်သည်။
ဖယ်ဆန်သည်ရှက်သွေးဖြာသွားပြီး သူ၏အဖွဲ့ဘက်သို့ ပြန်မသွားမီ ဘယ်ရွန်မြို့စားအား ခေါင်းညိတ်ပြလိုက်သည်။
အရာအားလုံးက မြန်မြန်ဆန်ဆန် ဖြစ်သွားသောကြောင့် မည်သူမှ ဝင်မစွက်ဖက်နိုင်ခဲ့ပေ။
"ဒါက ထူးထူးဆန်းဆန်းဟာတွေ လဲလှယ် နေတာမှ မဟုတ်တာ ဟုတ်တယ်မလား။ အဲဒါကို အတင်းအဓမ္မယူဖို့ မဖြစ်နိုင်တဲ့ တရားရုံးမှာဆိုတော့ ကျွန်မတို့ ဒီတိုင်းလဲလှယ်လိုက်ကြတာပေါ့'
လူနာသည် သူမရရှိသောစာကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ တစ်ဖက်အခန်းတစ်ဝိုက်တွင် ပေါလ်ကန်သည် ဘာပေးလိုက်တာလဲဟု ဖယ်ဆန်ကိုမေးပုံရသည်။
သူတို့လူတိုင်းရှေ့မှာ အထောက်အထားတွေ ပွင့်ပွင့်လင်းလင်း ဖလှယ်ဖို့ ဘယ်လိုတောင် သတ္တိရှိကြတာလဲ။
လူနာကို လက်မ မထောင်ပြခင်အထိ ရိုယာ သည် ခဏတာ အေးခဲသွားခဲ့သည်။
"သူက လေဒီ့ကို အရမ်းကြိုက်တဲ့ပုံပဲ။ တရားစီရင်တဲ့အချိန် သက်သေတင်ပြတဲ့အခါကျ သူဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ကူးတောင် မယဉ်နိုင်ဘူး"
တစ်ဖက်တွင် ဖယ်ဆန်သည်ဘာမှမဟုတ်ကြောင်း ရှေ့နေထံပြောခဲ့ပြီး ထိုင်နေခဲ့သည်။
လူနာသည် စာကိုဖတ်ပြီးနောက် နားလည်မှုလွဲနေသမျှကို ရှင်းလင်းသွားပြီး သူ့ကို ပြန်ဖော်ရွေလာလိမ့်မယ်လို့ သူမျှော်လင့်ထားသည်။
"ဒါက ကျွန်မရည်ရွယ်ထားတာပဲလေ။ သူ့ကို နောက်ကျောကနေ မဟုတ်ဘဲ ရှေ့တည့်တည့်ကနေဓားနဲ့ထိုးဖို့ ကြိုးစားလိုက်တာ။ကျွန်မ အဓိပ္ပာယ်မရှိတာတွေ မပြောနိုင်တော့ဘူး"
သူ ရူးရင်ရူးသွားနိုင်သည်။ ဒါမှမဟုတ် ဒေါသဖြစ်သွားနိုင်သည်။သို့သော်လည်း နားမလည်နိုင်သော စွဲလမ်းမှုထက်တော့ ပိုကောင်းပေသည်။
အကြောင်းပြချက်က ရှင်းသည်။
"ဒါတွေအားလုံးတင်ပြပြီးသွားရင် သူက 'မဟုတ်ဘူး၊ ဒါတွေအားလုံးက နားလည်မှုလွဲနေတာ။ အန်းသန့်စ်နဲ့ လမ်းခွဲလိုက်။ သူက မင်းကို လှည့်စားနေတာ'လို့ ဆက်ပြောလိမ့်မယ်။ကျွန်မ သူတို့ကို တစ်ခါတည်းရိုက်ချပစ်ဖို့ ကြံနေတာ"
လူနာသည် မဟုတ်ပါက သူမ သေနိုင်သည်ဟု တိုးဖွစွာရေရွတ်လိုက်သည်။ ထိုအချိန်တွင် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ဘယ်ရွန်မြို့စားက ကြားဝင်ပြောလာခဲ့သည်။
"လက်စသတ်တော့ အန်းသန့်စ်နဲ့ လမ်းခွဲဖို့ပြောနေတဲ့ စကားတွေကို မကြိုက်လို့ပေါ့။ အခုမှ နားလည်တော့တယ်"
"အာ! အဲ့လိုလား?"
"မဟုတ်ဘူး! နားလည်မှုလွဲနေတာ။ အဲ့ဒါမဟုတ်ဘူး!"
ဘာလို့လူတိုင်းက အန်းသန့်စ်ကိုပဲ စကားထဲဆွဲဆွဲထည့်လာရတာလဲ။ လူတိုင်းက အဆင်ပြေနေပေမယ့် တစ်ခါတလေကျ သူတို့လဲ ဖယ်ဆန်လိုပဲ။အာ အနှေးနဲ့အမြန် သုနဲ့လမ်းခွဲမှပဲ!
"အာ! ဖယ်ဆန်လို မဟုတ်တာတွေပြောမယ့်အစား စာပဲဖတ်ကြရအောင်။ သူတို့ကိုရိုက်ချဖို့ လုံလောက်ရဲ့လား သေချာအောင် လုပ်ရမယ်"
အကြောင်းအရာပေါ် မူတည်၍ အမှုစစ်ဆေးခြင်းအတွက် တုံ့ပြန်မှုသည် ပြောင်းလဲသွားနိုင်သောကြောင့် စာကို အမြန်စစ်ဆေးရန် လိုအပ်သည်။
သူတို့စတင်ဆွေးနွေးပြီးကြသည်နှင့် တရားသူကြီးများသည် တရားခွင်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ လူနာသည် စာကို အမြန်ဖွင့်လိုက်သည်။
TK Team