> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး > Ch30
မကြာမီမှာပဲ တရားသူကြီးက တရားခွင်အတွက်ပြင်ဆင်မှုများပြီးသွားကာ တရားခွင်စတင်ကြောင်း ကြေညာခဲ့ကြသည်။
အရင်ဆုံး အမှုစစ်ဆေးခြင်း၏ ခုခံချေပမှုများကိုရှင်းပြပြီးနောက် သူမသည် ဘယ်ရွန်ဘက်သို့စကားပြောပိုင်ခွင့်ပေးလာခဲ့သည်။
"ဒါဆို လုပ်ထုံးလုပ်နည်းအရ ဘယ်ရွန်ပဲလ်မြို့စားရဲ့ တိုင်ကြားချက်တွေကို အရင်ဆုံးကြားနာမယ်"
တရားသူကြီး၏ ညွှန်ကြားချက်အတိုင်း ရှေ့နေရိုယာသည် မတ်တပ်ရပ်လိုက်ပြီး ဘယ်ရွန်မြို့စား နှင့် လူနာအပေါ် မတရားပြုမူခြင်းနှင့်ပတ်သက်၍ ငြင်းခုံလာခဲ့သည်။
"မကြာသေးမီက ပဲလ်နယ်မြေအတွင်းမှာ ရွှေတွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် အငြိမ်းစားယူလိုကြောင်းထုတ်ဖော်ပြောဆိုခဲ့တဲ့ ဘယ်ရွန်ပဲလ်မြို့စားကို သခင်လေး ရိုဒရီယန်က တစ်ညတာချုပ်ထားခဲ့ပါတယ်။သူ့ အကြောင်းပြချက်ကတော့ ရွှေတွင်းရဲ့ ဖြန့်ဖြူးပိုင်ခွင့် လွှဲပြောင်းပေးဖို့ ပဲဖြစ်ပါတယ်"
‘ရွှေတွင်း’ ဟူသော စကားလုံးသည် ကြားနာနေသောပရိသတ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
မြို့အစားအနွယ်များကြားတွင် အဆင်းရဲဆုံးဖြစ်သော ပဲလ်မိသားစုသည် ယခုအခါတွင်ရွှေတွင်းတစ်ခုကို တွေ့ရှိခဲ့သည်။ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာတာမျိုးက ဘယ်လိုဇာတ်လမ်းမျိုးလဲ။
"ဒါမှမဟုတ် ရွှေတွင်းပိုင်ရှင်ဖြစ်တဲ့ လေဒီပဲလ်နဲ့အတင်းအကျပ်တွေ့ခွင့်ပေးခိုင်းခဲ့ပါတယ်။ ဒါကို ဘယ်ရွန်မြို့စားက ငြင်းဆိုခဲ့တော့ သူ့ကို အကျယ်ချုပ်ချထားခဲ့သည်။ လေဒီပဲလ်က ဒါကိုစစ်ဆေးဖို့အတွက် မြို့စားကြီးစံနေအိမ်သို့ ကိုယ်တိုင်သွားပြီးကြည့်ခဲ့ပါတယ်"
ရှေ့နေသည် ကြားနာနေသူပရိသတ်များအား ဖယ်ဆန်ကို ဆိုးရွားစွာပြောဖို့အတွက် ခဏရပ်လိုက်ပြီး နောက်ပြင်ဆင်ထားသော စာရွက်စာတမ်းများ၏နောက်စာမျက်နှာကိုဆက်လှန်ပြီး စကားဆက်ခဲ့လိုက်သည်။
"လေဒီပဲလ်က ဒီဖြစ်စဥ်အတွင်းမှာ သခင်လေး ရိုဒရီယန်ကို နှစ်ကြိမ် ပါးရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ရွန်မြို့စားကို ကယ်တင်ဖို့အတွက် ဒါကမျှတတဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဖြစ်ပါတယ်။ သခင်လေးရိုဒရီယန်သာ အစထဲစ ဘယ်ရွန်မြို့စားကို မချုပ်ထားခဲ့ဘူးဆိုရင် ဒါတွေဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပါပဲ"
ဖမ်းချုပ်ထားခြင်းကိစ္စမှာ အလွန်ပြင်းထန်သောကြောင့် ပါးနှစ်ချက်လောက်ရိုက်တာက ကလေးကစားတာနှင့်ပင်တူလှသည်။ သေချာတာပေါ့ သူတို့က ဒါကို အလေးပေးဖို့အတွက် ဖမ်းချုပ်ထားခဲ့တာကို ထပ်ခါတလဲလဲ ပြောခဲ့တာဖြစ်သည်။
တရားသူကြီးများက ၎င်းတို့၏စာရွက်စာတမ်းများပေါ်တွင် တစ်စုံတစ်ရာကို ရေးထိုးလိုက်ပြီးနောက် ဖယ်ဆန်ဘက်မှ စကားပြောပိုင်ခွင့်ကို ပေးလာသည်။
"ဘယ်ရွန်ဘက်က တင်သွင်းချက်တွေက မမှန်ပါဘူး။ ဘယ်ရွန်ပဲလ်မြို့စားက မကြာသေးမီက သူ့ရဲ့နုတ်ထွက်စာကို တင်ခဲ့ပါတယ်။ သူက အဲဒီမှာ အလုပ်လုပ်နေတာ အနှစ်နှစ်ဆယ်ကျော်နေပြီ ဖြစ်တာကြောင့် နောင်တရတာကို သက်သာစေဖို့အတွက် ရင်းနှီးတဲ့သူငယ်ချင်းဖြစ်တဲ့ ဖယ်ဆန်နဲ့ စကားစမြည်ပြောခဲ့တာဖြစ်ပါတယ်"
မျှော်လင့်ထားသည့် တုံ့ပြန်မှုဖြစ်သည်။ ဖယ်ဆန် ၏ရှေ့နေ ပေါလ်ကန်သည် အစတည်းစ အလားတူတင်သွင်းချက်ကို ထပ်ခါတလဲလဲ တင်သွင်းခဲ့သည်။
"သခင်လေးဖယ်ဆန်က ဘယ်ရွန်မြို့စားရဲ့ နေအိမ်မှာအကြိမ်ကြိမ်အိပ်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ဆန့်ကျင်ဘက်ပဲအနေနဲ့ မြို့စားကြီးအိမ်မှာဖြစ်သွားရုံလေးပါ။ သူတို့ ခါတိုင်းလဲ ဒီလိုအမြဲလုပ်ခဲ့ကြပါတယ်။အခုမှ လာပြီး ဖမ်းချုပ်ထားတယ်လို့ လာပြောနေတာလား။ လေဒီပဲလ်က နားလည်မှုလွဲပြီးတော့ ကျိုးကြောင်းဆီလျော်အောင်မစဥ်းစားမသုံးသပ်ခဲ့ပဲ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ပါတယ်။ ဒါပါပဲ"
အတိုချုံးခုခံချေပမှုပြီးနောက်တွင် ပေါလ်ကန်သည် စိတ်ချလက်ချပြန်ထိုင်လိုက်သည်။ သူတို့၏ ချေပမှုသည် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်ပေသည်။
ထို့အပြင် ဖယ်ဆန်သည် ယခင်က ဘာမှထူးထူးခြားခြားဆိုးဝါးတာမျိုးမလုပ်ဖူးခဲ့သော်လည်း လူနာကမူ နာမည်ဆိုးရှိသောကြောင့် ကြားနာသူပရိသတ်များသည် ဖယ်ဆန်တို့ဘက်မှပြောဆိုချက်များကို ပိုမိုယုံကြည်လာခဲ့ကြသည်။
" ဘယ်ရွန်မြို့စားဘက်က ငြင်းစရာရှိပါသလား "
"ဟုတ်ကဲ့။ ကျွန်တော်တို့ဘက်က အဲ့လိုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စကားဝိုင်း အကြောင်းအရာက စောစောက ပြောခဲ့တဲ့အတိုင်း ရွှေတွင်း ကိုဖြန့်ဖြူးပိုင်ခွင့်၊ လေဒီပဲလ်နဲ့ တွေ့ဆုံခွင့် စတဲ့ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုတွေကိုလုပ်ခဲ့တာပါ။ ပြီးတဲ့နောက်မှာတော့ ဒါကိုလက်မခံမခြင်း ဘယ်ရွန်မြို့စားကို သူ့ရုံးခန်းထဲမှာ အကျယ်ချုပ်ချထားခဲ့ပါတယ်"
ထုံးစံအတိုင်း တန်ပြန်ငြင်းခုံမှုက နောက်မှလိုက်လာခဲ့သည်။
"ဒါက အဓိပ္ပာယ်မရှိတာပဲ! သူတို့နှစ်ယောက်က ဒီတိုင်းစကားစမြည်ပြောရုံပဲရှိခဲ့တာ။ ဖြစ်စဉ်ထဲမှာ ရွှေတွင်းအကြောင်း ပြောခဲ့တာတော့ ရှိပေမယ့် အဲဒါက အဓိကအချက်မဟုတ်ဘူး။ ဒါက စကားဝိုင်းအကြောင်းအရာတွေထဲက တစ်ခုပဲ"
"ရုံးခန်းထဲမှာ တစ်ညလုံး စကားစမြည်ပြောဖို့အတွက် အကျယ်ချုပ်ချထားတာက သာမာန်လို့ ထင်နေတာလား"
"သူတို့ ဘာပြောပြောဘာကိစ္စရှိလို့လဲ။ ရှေ့နေရိုယာ ခင်ဗျားက လေဒီပဲလ်ရဲ့ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုကိုတော့ မချေပဘဲနဲ့ ယုတ္တိမရှိတာတွေကိုအခြေခံအသုံးပြုပြီး သခင်လေးကို အပြစ်တင်နေတာပဲ"
ဒုန်း၊ ဒုန်း
"လုံလောက်ပြီ!"
စိတ်ပိုင်းဆိုင်ရာခံစားချက်များထည့်ပြီး ငြင်းခုံလာမှုကြောင့် တရားသူကြီးသည် သူမ၏တူကို ထုလာခဲ့သည်။
တစ်ဖက်နဲ့တစ်ဖက် ဘယ်ဟာက လိမ်ညာပြောဆိုမှုဆိုတာမသိရပေ။တရားသူကြီးများသည် စိတ်မသက်မသာအမူအရာများဖြင့် အချင်းချင်း တီးတိုးပြောလိုက်ကြသည်။ အမှုစုံစမ်းစစ်ဆေးရေးအဆင့်တွင် ရှင်းလင်းပြတ်သားသော သက်သေအထောက်အထားမရှိသေးကာ နှစ်ဖက်စလုံးကလည်း သူတို့၏ ဇာတ်လမ်းများကိုသာ အခိုင်အမာပြောဆိုနေခဲ့ကြသောကြောင့် ဆွေးနွေးရုံသာတတ်နိုင်ကြပြီး အဆုံးအဖြတ်မပေးနိုင်ကြသေးပေ။
ဒါသည် အတိအကျပင် ပေါလ်ကန်၏ ရည်ရွယ်ချက်ဖြစ်သည်။ ဖယ်ဆန်လုပ်ခဲ့သည်မှာ ပိုဆိုးမှန်းသိသောကြောင့် တရားစွဲဆိုမှုကို တမင်ပျက်ပြယ်စေအောင်ကြံရွယ်ခဲ့သည်။ထို့နောက် သူတို့ဘက်မှ မဟုတ်မမှန်စွပ်စွဲချက်များအတွက် တရားပြန်စွဲရန် ရည်ရွယ်သည်။
ပေါလ်ကန်မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာပုံရသော လေထုကြောင့် အောင်ပွဲခံကာ ပြုံးလာခဲ့သည်။ သူ့မျက်နှာမှာ 'ဘယ်သူက ငါ့ကို စိန်ခေါ်ရဲလဲ'ဟုပြောနေသလိုမျိုး လှောင်ပြောင်မှုအပြည့်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ဖယ်ဆန်သည် ရှုပ်ထွေးသောအမူအရာဖြင့် လူနာကိုကြည့်နေခဲ့သည်။ အမှုစစ်ဆေးမှုက ဘာလို့ မရပ်သေးတာလဲဟုမေးနေသကဲ့သို့ သူ့မျက်လုံးများထဲ တုန်ရီနေသောမကျေနပ်မှုများ ရှိနေခဲ့သည်။
"ဒီအမှုအတွက် သက်သေအထောက်အထားနဲ့ သက်သေခံသူတွေ ရှိပါသလား။ ဘာမှကြိုတင်မတင်ပြထားခဲ့ဘူး။ ဒါကြောင့် ရှိရင် ကျေးဇူးပြုပြီး ပြောကြပါ"
ကာလရှည်ကြာ ဆွေးနွေးပြီးနောက် တရားသူကြီးချုပ်က ပြောလာခဲ့သည်။
ဤနေရာတွင် ဖော်ပြထားသော သက်သေ သို့မဟုတ် သက်သေခံသူမရှိပါက ရုံးချိန်းပြီးဆုံးမည်ဖြစ်သည်။
ဒီဟာကိုစောင့်နေခဲ့သော ပေါလ်ကန်သည် တရားသူကြီးဆီသို့ စာရွက်စာတမ်းများ အစုံလိုက်တင်ပြလိုက်သည်။
"ဒါက အခင်းဖြစ်ပွားတဲ့နေ့က ရုံးခန်းနားရှိခဲ့တဲ့ အစေခံတွေရဲ့ ထွက်ဆိုချက်ပါ။တရားသူကြီးမင်း မြင်ရတဲ့အတိုင်း သခင်လေးဖယ်ဆန်နဲ့ ဘယ်ရွန်မြို့စားတို့နှစ်ယောက်က စကားစမြည်ပြောခဲ့ကြရုံဖြစ်ပြီး ဖော်ရွေတဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်လို့ သက်သေခံထားကြပါတယ်"
တရားသူကြီးများက စာရွက်စာတမ်းများကို ကြည့်လိုက်ကြသည်။ ရုံးခန်းနားမှ ဖြတ်သွားတိုင်း ရယ်မောသံများသာ ကြားခဲ့ရသည်ဟု သူတို့က ပြောခဲ့ကြသည်။
အစေခံများသည် သဘာဝအတိုင်း သူတို့၏သခင် ဖယ်ဆန်ဘက်သို့သာ လိုက်ကြရမည်ဖြစ်သည်။ မဟုတ်ပါက အကျိုးဆက်ကို သေချာမသိနိုင်ပေ။
"ကန့်ကွက်ပါတယ်!ကိုယ်ပိုင်လက်အောက်ငယ်သားများထံက သက်သေခံချက်က ယုံကြည်နိုင်စရာနည်းပါးပါတယ်"
ရိုယာထကန့်ကွက်လာသည်နှင့် ချက်ချင်းပင် ပေါ်လ်ကန်ဘက်မှငြင်းဆိုလာခဲ့သည်။
"ရှေ့နေ့ရိုယာက ဘာကိုပြောချင်နေတာလဲ။ အထောက်အထားတွေကို လုပ်ကြံဖန်တီးထားတာလို့ ပြောချင်နေတာလား။ခင်ဗျားတို့ဘက်ကသာ သက်သေအထောက်အထားအတိအကျမရှိဘဲ အခြေအမြစ်မရှိတဲ့ တိုင်ကြားချက်တွေကို လုပ်ခဲ့တာပဲ!"
၎င်းကမှန်ကန်သောအချက်ဖြစ်သည်။သက်သေအထောက်အထားအချို့ပါရှိသော ဘက်သည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အနည်းဆုံးတော့ ဘာမှမရှိသည့်ဘက်ထက် ပိုမိုယုံကြည်နိုင်သည် ။
ထို့ကြောင့် ဖယ်ဆန်ကသာ နစ်နာသူဟု လူတိုင်းက ထင်ကုန်ကြသည်။
သူတို့က ရူးနှမ်းတုံးအသော ထိုမိန်းမလူနာနှင့် သူမဖခင်သည် အချိန်အကြာလာသည်နှင့်အမျှ ဖယ်ဆန်ဘက်မှပြသခဲ့သောကြင်နာမှုများကို အခွင့်ကောင်းယူကာ ဤကဲ့သို့အဓိပ္ပါယ်မဲ့သောတရားစွဲဆိုမှုကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ထင်လာခဲ့ကြသည်။ ရွှေတွင်းအကြောင်းအတွက်မူ - အရာအားလုံးပြီးပြည့်စုံကောင်းမွန်သော လူငယ်တစ်ဦး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် လိမ်ညာမှုတစ်ခုသာဖြစ်ပြီး ဘယ်ရွန်မိသားစုက မတရားစွဲဆိုပြီးငွေညှစ်ခြင်းလည်း ဖြစ်နိုင်သည်ဟုထင်လာကြည်။
"ကျွန်တော်တို့ဘက်မှာလည်း သက်သေရှိတယ်ဆိုရင်ရော"
စိတ်အနှောက်အယှက်ဖြစ်စေသော အခြေအနေကိုချိုးဖျက်လိုက်ပြီး ရှေ့နေ ရိုယာက စကားစလာခဲ့သည်။ ပေါလ်ကန်သည် အထောက်အထားရှိသည်ဟုပြောလာမှုအပေါ် သူ၏လှောင်ပြုံးကို မဖုံးကွယ်နိုင်ခဲ့ပေ။
"ဒါဆို ဘာလို့ စောစောထဲစမတင်တာလဲ"
အမှန်တော့ ဒီလိုလုပ်ခဲ့ရခြင်းမှာ မြို့စားကြီးဘက်ကို အခြေအနေဆိုးကြီးထဲသို့ တွန်းပို့ပြီး ပြဿနာကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ပင်ဖြစ်သည်။ ထိုမှသာ အနာရတ်တွင် ဤကဲ့သို့ သက်သေများ လုပ်ကြံဖန်တီးခဲ့ခြင်းကြောင့် မြို့စားကြီးမိသားစု၌ ဆိုးရွားသောအရာတစ်ခု ဖြစ်ပွားသည့်အခါတိုင်း လူတိုင်းသည် ရှေ့နေပေါလ်ကန်ကို သံသယဝင်ကြလိမ့်မည်ဖြစ်သည်။ ထိုသည်က ကြိုတင်ကာကွယ်သည့် လက်တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။
"ရှေ့နေတို့ဘက်က ရိုးရိုးသားသား ဝန်ခံခဲ့မယ်ဆိုရင် ဒါကတင်ပြစရာ မလိုပါဘူး။ တကယ်တော့ ကျွန်တော်တို့လည်းဒီလောက်ထိ မသွားချင်ခဲ့ပါဘူး"
ရှေ့နေရိုယာသည် စိတ်မကောင်းနောင်တရဟန်ဖြင့် တရားသူကြီးထံ စာတစ်စောင် တင်ပြခဲ့လိုက်သည်။
"ဒါက သခင်လေး ရိုဒရီယန်ကိုယ်တိုင်က အဲနေ့က အဖြစ်အပျက်တွေကို ဝန်ခံထားခဲ့တဲ့စာပါ"
"…ဘာ!"
ဒုန်း!
တစ်ချိန်တည်းမှာပင် လူနာကိုသာ တချိန်လုံး စိုက်ကြည့်နေခဲ့သော ဖယ်ဆန်သည် စားပွဲကို ဆောင့်ကာထုရိုက်လိုက်ပြီး ထိုင်ခုံမှထလိုက်သည်။ သူ့မျက်လုံးများထဲ၌ ထိတ်လန့်မှုအပြည့်ဖြစ်နေခဲ့သည်။
ဖယ်ဆန်၏ ရန်လိုသော ပုံစံကို ကြည့်ပြီး ရိုယာက ဆက်ပြောခဲ့လိုက်သည်။
"ဒီစာထဲမှာ သခင်လေးဖယ်ဆန်က ဘာလို့ ဘယ်ရွန်မြို့စားကို အကျယ်ချုပ်ချခဲ့တာလဲ၊ ဘာတွေတောင်းဆိုခဲ့တာလဲ စတဲ့အခြေအနေတွေအားလုံးကို စာမျက်နှာလေးမျက်နှာပေါ်မှာ ဝန်ခံထားပါတယ်"
ထိုနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို စာသုံးစောင်လုံးတွင် အသေးစိတ်ဖော်ပြထားခဲ့ပြီး ကျန်တစ်စောင်မှာ အန်းသန့်စ်မည်ကဲ့သို့ ဆိုးသွမ်းသောသူဖြစ်ကြောင်းခဲ့ကို ဖော်ပြထားခဲ့သည်။ ထိတ်လန့်စရာကောင်းသော အထောက်အထားများကြောင့် ခဏတာ တိတ်ဆိတ်သွားခဲ့ကြသည်။
"ဒါဘာကိုပြောနေ…!"
"အာ စာတွေထဲက တစ်စောင်က တခြားသူကို ဆဲဆိုထားတာသာ ဖြစ်လို့ အဲဒါက မသက်ဆိုင်ပါဘူး။ ကျွန်တော်ပြင်ပါရစေ။သခင်လေးဖယ်ဆန်ရဲ့ ဝန်ခံချက်တွေက အဲ့စာသုံးစောင်လုံးပေါ်မှာ ရှိပါတယ်"
တရားသူကြီးများက ဖယ်ဆန်၏စာကို လျင်မြန်စွာဖတ်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် 'အကျယ်ချုပ်ချထားခြင်း' မှာ ဘယ်ရွန်မြို့စားသည် သူ၏တောင်းဆိုချက်ကို နားမထောင်သောကြောင့် စကားပြောဆိုမှုကို အဆုံးမသတ်နိုင်ခဲ့ဘဲ ဆက်လက်ခေါ်ထားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
"တ.. တရားသူကြီးမင်း။ဘာအကြောင်းအရာတွေလဲဆိုတာ ကျွန်တော်မသိနိုင်ပေမယ့် စာက အတုလုပ်ထားတာ ဖြစ်နိုင်ပါတယ်!"
ထုံးစံအတိုင်း ပေါလ်ကန်သည် စာအကြောင်းမသိဘဲ အတုဖြစ်နိုင်သည်ဟု ထုတ်ဖော်ခဲ့ပြန်သည်။ ဒီလိုစာမျိုးရှိသည်ကို သူတစ်ခါမှမသိခဲ့ပေ။
"အဲဒါ ရယ်စရာပဲ! သခင်လေးက ဒီလိုစာမျိုး တစ်ခါမှ မရေးဖူးဘူး"
"ဒါဆို ဘာလို့သခင်လေး ဖယ်ဆန်ရိုဒရီယန်က ဒီစာရေးခဲ့လား မရေးခဲ့ဘူးလား ဘာလို့ မမေးတာလဲ"
ရှေ့နေရိုယာ၏စကားကြောင့် လူတိုင်း၏အကြည့်များသည် ဖယ်ဆန်ဘက်သို့ လှည့်လာကြသည်။ ဖယ်ဆန်သည် လန့်သွားပြီး သူ့ကိုယ်သူ အလျင်အမြန် ခုခံလိုက်သည်။
"ဘာအဓိပ္ပာယ်မရှိတာလဲ! အဲ့ဒါကညှိနှိုင်းရေးအတွကိဆွေးနွေးတဲ့စာပဲ မဟုတ်ဘူးလား။ အဲဒီနေ့က ဖြစ်ခဲ့တာတွေကို ရှင်းပြရင် ပြန်လည်ပြေလည်မယ်လို့ ပြောခဲ့တယ်လေ။ ငါတို့က စကားစမြည်ပြောရုံပဲ! စကားမပြီးဆုံးသေးလို့ ဘယ်ရွန်မြို့စားကို ခဏထိန်းသိမ်းထားခဲ့လိုက်ရုံပဲ"
ဖယ်ဆန်သည် မှားယွင်းစွာ စွပ်စွဲခံရသကဲ့သို့ ခုခံပြောဆိုလာခဲ့သည်။ ပေါလ်ကန်သည် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလိုမျိုး ခံစားလိုက်ရသည်။
သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေကိုမပြောဘဲ လှည့်စားခဲ့တော့ဘာဖြစ်မှာမို့လို့လဲ!
လူနာသည် ဖယ်ဆန်အားလုံးဝခြားနားသော ကမ္ဘာတစ်ခုတွင် နေထိုင်သောသူဟု တွေးလိုက်ကာ ကျစ်တစ်ချက်သပ်သည်။
"ဒီစာကိုသာ သခင်လေးဖယ်ဆန်က တကယ်ရေးခဲ့တာဆိုရင်…"
ပရမ်းပတာအခြေအနေများ ကြားတွင် ဤအမှုကို စီရင်ချက်ချမည့် တရားသူကြီးချုပ်သည် ဖြည်းညှင်းစွာ စကားစလာခဲ့သည်။
"အခုချိန်ထိ တင်သွင်းခဲ့တဲ့အချက်တွေက အမှားတွေဖြစ်နေတာပဲ"
တရားခံအဖြစ် လုံးဝချောင်ပိတ်ဖမ်းခံလိုက်ရသော ပေါလ်ကန်သည် သူ့ထိုင်ခုံကို ကိုင်ကာ အပြင်းအထန် ကန့်ကွက်လာခဲ့သည်။
"တရားသူကြီးမင်း! ကျေးဇူးပြုပြီး စာပါအကြောင်းအရာများကို ပြန်လည်သုံးသပ်ပေးပါ။ ဒါကသေချာပေါက် မမှန်နိုင်ဘူး။ လက်ရေးကို စိစစ်ဖို့လိုအပ်ပါတယ်!"
"ငါ နားလည်တယ်။ မင်းကို အမှုစစ်ဆေးပြီးတဲ့အခါကျ အချိန်ပေးမယ်"
သို့ပေမယ့် အဖြေက ထင်ရှားနေပြီဖြစ်သည်။ ဖယ်ဆန်က ရိုးရိုးရှင်းရှင်း ဝန်ခံခဲ့ပြီးဖြစ်နေသည်။
သက်သေများနှင့် ဝန်ခံချက်များ အားလုံးရှိသောကြောင့် တရားသူကြီးများအားလုံး စတင်ကာအကျဉ်းချုံး ဆွေးနွေးခဲ့ကြသည်။ အမှားအမှန်က ရှင်းနေတာမို့ အချိန်သိပ်မကြာလိုက်ပေ။
ခဏအကြာတွင် သက်ဆိုင်ရာဥပဒေများကို ရည်ညွှန်းပြီး တရားသူကြီးချုပ်က စီရင်ချက်ချလိုက်သည်။
"ဘယ်ရွန်ပဲလ်မြို့စားတင်သွင်းတဲ့အချက်တွေနဲ့ သက်သေအထောက်အထားတွေကြောင့် မြို့စားငယ် ဖယ်ဆန်ရိုဒရီယန်ကို ရွှေဒင်္ဂါးတစ်ထောင်ဒဏ်ရိုက်စေ"
"ရွှေဒင်္ဂါးတစ်ထောင်…!"
ပေါလ်ကန် ပင့်သက်ရှိုက်လိုက်မိသည်။ မြို့စားများအချင်းချင်းကြား တရားရင်ဆိုင်ရန်ပင်လျှင် ရွှေဒင်္ဂါးတစ်ထောင် ဒဏ်ငွေဆောင်ရသည်ကို မကြုံဖူးပေ။
သို့သော် သူ ထပ်ငြင်းခုံ၍မရတော့ချေ။ သခင်လေးဖယ်ဆန်၏ ပြင်းထန်ေသာရာဇ၀တ်မှုနှင့် သူ၏ မှားယွင်းသော ထွက်ဆိုချက်များကို ထည့်သွင်းစဉ်းစားပြီး ထောင်ဒဏ်မရိုက်ခဲ့သည့်အတွက် ကျေးဇူးတင်သင့်သည်။ သူ့အဆင့်အတန်းကို ထည့်တွက်ပါက ဒဏ်ငွေပေးရုံနဲ့ကြေအေးလိုက်ခြင်းမှာ သက်ညှာတာပင်ဖြစ်သည်။
စီရင်ချက်မှာမပြီးသေးဘဲ တရားသူကြီးချုပ်က ဆက်ပြောလာသည်။
"ရွှေဒင်္ဂါးတစ်ထောင်ထဲက ငါးရာကို အင်ပါယာပိုင်အဖြစ် သိမ်းယူမှာဖြစ်ပြီး ကျန်ငါးရာကို မတရားဆက်ဆံခြင်းခံခဲ့ရတဲ့ ဘယ်ရွန်ပဲလ်မိသားစုကို လျော်ကြေးအဖြစ် ပေးမှာ ဖြစ်ပါတယ်။ လေဒီလူနာပဲလ်ရဲ့ ကိုယ်ထိလက်ရောက်ကျုးလွန်မှုနဲ့ ပတ်သက်ပြီးတော့ သူမက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု ဖြစ်တယ်လို့ယူဆတာကြောင့် တရားသေလွတ်ပါတယ်"
"လေးစားအပ်ပါသော တရားသူကြီးမင်းရှင့်။ ကျွန်မတို့ဘက်က လျော်ကြေးငွေအတွက် တရားစွဲတာမဟုတ်ပါဘူး။ ဒါကြောင့် လျော်ကြေးငွေကို အင်ပါယာကို လှူဒါန်းပါမယ်။ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်တာနဲ့တင် အဖေရော ကျွန်မပါ ကျေနပ်ပါတယ်။နောက်များမှာလည်း အင်ပါယာကို ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်"
"…နားလည်ပါပြီ။ဒါဆိုရင် ဒဏ်ကြေးငွေအားလုံးကို အင်ပါယာဆီ ပေးဆောင်လိုက်ပါ"
လူနာသာ ထိုငွေကိုလက်ခံလိုက်ပါက ငွေကြေးအမြတ်အစွန်းအတွက် တရားစွဲခြင်းဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်လာမည်ဖြစ်သည်။ သို့ပေမယ့် လူနာသည် ထိုမျှများပြားလှသော ပမာဏကို ငြင်းဆန်ခဲ့သည့်အတွက်ကြောင့် သူတို့သည် ကျေးဇူးတင်နေကြသည်။
ကြားနာသူပရိသတ်များသည် စိတ်ဝင်စားစရာကောင်းလှသော စီရင်ချက်ကြောင့် တီးတိုးပြောဆိုကြတော့သည်။ ပေါလ်ကန်သည် သေလောက်အောင် ဖြူဖျော့နေပြီး ဒီထက်ပိုဆိုးသည့်အရာများ မရှိနိုင်တော့ဟု တွေးနေခဲ့သည်။
"ကန့်ကွက်ချင်တာမျိုးရှိရင် အယူခံဝင်လို့ရပါတယ်"
ဖယ်ဆန်၏စာကြောင့် အယူခံဝင်ရန် မဖြစ်နိုင်ဟု ထင်သော်လည်း တရားသူကြီးက တာဝန်အရပြောကြားလိုက်သည်...
ထို့နောက် အယူခံဝင်ခြင်းနှင့်ပတ်သက်၍ အကျဉ်းချုံးရှင်းပြပြီးနောက်တွင် တရားသူကြီးများသည် ထိုင်ခုံများမှ ထကာထွက်သွားခဲ့ကြသည်။ ရုံးချိန်းပြီးဆုံးသွားပြီဖြစ်သည်။
ထိုအခိုက်အတန့်ကိုစောင့်နေခဲ့သော ဖယ်ဆန် သည် ချက်ချင်းပင်ပြေးလာခဲ့ပြီး လူနာ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
TK Team