part 22
အန်းချင်ယု ဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။ သူမခေါင်းထဲ ဘာမှတွေးမရပဲ ဗလာကျင်းနေပေသည်။
ခဏကြာပြီးနောက် အခန်းထဲမှ ချီယန် ထွက်လာကာ စိတ်အေးသည့်လေသံဖြင့်
‘’ ကျန်းကျန်းက ဝမ်ယွီ ကားနဲ့လိုက်သွားတယ်’’
ချီကျန်းကျန်း ဘာမှမဖြစ်မှန်း သိသွားသည့် ချီကျိုးချန် တစ်ယောက် သမ်းဝေလိုက်ပြီး အိပ်ရန် သူ့အခန်းထဲသို့ ဝင်သွားသည်။
တင်းရိကျွင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချက်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
ထို့နောက် တဖက်ရှိနေသာ အန်းချင်ယုကို ရှုပ်ထွေးနေသည့် အကြည့်များဖြင့် သူမ ကြည့်လိုက်သည်။
‘’ အန်တီ… ‘’ အန်းချင်ယု ငိုပြန်သည်။
ခါတိုင်းကဲ့သို့ သူမကို တင်းရိကျွင်း မနှစ်သိမ့်ပေးတော့ပဲ မတ်တပ်ရပ်ကာ ရိုးရှင်းစွာဖြင့်ပြောလိုက်သည်။
‘’ အန်တီ အပေါ်ထပ်ကို သွားပြီး ကျန်းကျန်းဘယ်မှာလဲဆိုတာ သွားမေးလိုက်ဦးမယ်’’
ပြောပြီးနောက် အန်းချင်ယု ပြန်ပြောသည်ကို မစောင့်တော့ပဲ အလျင်အမြန် အပေါ်ထပ်သို့ တက်သွားသည်။
တင်းရိကျွင်း၏ နောက်ကျောကိုကြည့်ရင်း အန်းချင်ယု လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူမ မျက်ဝန်းထဲရှိ နာကျင်မှုနှင့် အပြစ်ကင်းစင်မှုတို့သည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
တင်းရိကျွင်းမှ သူမကို စတင်ပြီး သံသယဝင်နေသည်ကို သူမ သိလိုက်ပြီး ချီယန်မှလည်း သူမ အပေါ် မည်သည့်ခံစားချက်မှ မရှိတော့သည်ကို သိလိုက်သည်။
အကယ်၍ ဝမ်ရိရန်သာ သူမကို သဘောမကျဘူးဆိုရင် သူ့ကို လက်ထပ်နိုင်တော့မည်မဟုတ်ပေ။ ချီမိသားစုတွင် သူမအတွက် နေရာမရှိတော့မှာကို စိုးရိမ်လာမိသည်။
………….
မှာထားသော အမှာစာများ အမြန်ရောက်လာသည်။
ပူပူနွေးနွေး ခေါက်ဆွဲနှစ်ပန်းကန် စားပွဲပေါ်တွင်ရှိနေသည်။
ချီကျန်းကျန်း စိတ်လှုပ်ရှားစွာဖြင့်ဗူးကို အမြန်ဖွင့်လိုက်သည့်နောက် မွှေးကြိုင်သည့် ချဉ်စပ်အနံ့က အခန်းထဲတွင် လွှင့်ပျံလာသည်။
အရမ်းမွှေးတာပဲ…
ဒီညစာသည် သူမ ဒီကမ္ဘာသို့ကူးပြောင်းလာပြီးကတည်းက ပထမဆုံး စားရသော ပူပူနွေးနွေး ချဉ်စပ်ခေါက်ဆွဲ ဖြစ်သည်။
‘’ စားမှာလား မစားဘူးလား…’’ ချီကျန်းကျန်း ဝမ်စီစီကိုမေးလိုက်သည်။
ဝမ်စီစီ သူမကိုစိုက်ကြည့်လိုက်စဉ် ခေါက်ဆွဲပြုတ်၏ ပူပူစပ်စပ်အနံ့လေးက သူမ နှာခေါင်းထဲတိုးဝင်လာတော့သည်။
ထိုစကားကြားပြီးနောက် သူမ နှာခေါင်းရှုံလိုက်ကာ ‘’ ဘယ်လို အစားအစာမျိုးလဲဟ.. နံစော်နေတာပဲ… နင်က အကုန်စားနိုင်တာပဲနော် ချီကျန်းကျန်း .. နင်တော့ တကယ် ပိုပိုတော်လာတာပဲ… ကားအက်စီးဒင့် ဖြစ်ပြီးကတည်းက နင့်ဦးနှောက်ပျက်စီးသွားတာလား…’’
တီဗီထဲတွင် အမျိုးသားသရုပ်ဆောင်နှင့် အမျိုးသမီးသရုပ်ဆောင်တို့သည့် ချိုမြိန်နေကြပြီး အနံ့မွှေးကြိုင်သည့် ခေါက်ဆွဲတစ်ပွဲကို စားနေကြသည်။
ပါးစပ်ထဲတွင် ခေါက်ဆွဲအပြည့်နှင့် ချီကျန်းကျန်း မျက်လုံးများ တောက်ပသွားသည်။
‘အိုး… အရမ်းစားကောင်းတာပဲ… အရသာရှိလိုက်တာ…’
‘’အနံ့နဲ့တင်သေလို့ရတယ်… ဘယ်လို အစုတ်ပလုပ်စားစရာတွေလဲမသိဘူး.. ချီကျန်းကျန်း… နင်ကတော့ တကယ်ကိုပဲ…’’ ဝမ်စီစီ သူမ နားတွင် ထိုင်ရင်း ကျိန်ဆဲနေသော်လည်း တံတွေးများကို မျိုချနေသည်။
တကယ်တော့ သူမလည်း ဗိုက်ဆာနေပြီဖြစ်သည်။
ဝမ်စီစီ တစ်ယောက် အခုထိ ညစာမစားရသေးသည့်အတွက် ခေါက်ဆွဲပြုတ်ပူပူနွေးနွေး၏ အရသာမှာ သိပ်မကောင်းလောက်သော်လည်း လူအများကို သွားရည်ယိုအောင် လုပ်ဆောင်နိုင်လေသည်။
ဝမ်စီစီ၏ ကျိန်ဆဲသံသည် တဖြည်းဖြည်းတိုးလာပြီး တီဗီ ဒရာမာအသံအောက်တွင် ပျောက်ကွယ်သွားတော့သည်။
ထို့အပြင့် ချီကျန်းကျန်းသည် ခေါက်ဆွဲကို အရသာရှိစွာဖြင့် သူမ ရှေ့တွင်စားပြနေသောကြောင့် ဝမ်စီစီ ငေးကြည့်နေရင်းနှင့် တဖြေးဖြေး တံတွေးမျိုချနေမိသည်။
ထိုအချိန်တွင် သူမ ဖုန်းမြည်လာသည်။
ခေါ်ဆိုသူမှာ အန်းချင်ယု ဖြစ်သည်။
ဝမ်စီစီ စိတ်တိုတိုဖြင့် ဖြေလိုက်သည်။
ဝမ်စီစီသည် ဝမ်ကျင်စန်း၏တူမဖြစ်ပြီး ဝမ်ရိရန်လည်း သဘောကျသည်။ အဆုံးတွင် အန်းချင်ယုသည် ဝမ်မိသားစုကိုဝင်နိုင်ရန် ဝမ်စီစီကို ကျေနပ်အောင်လုပ်ရမည်ကိုသိလိုက်သည်။
ထို့ကြောင့် သူမ လေသံပျော့လေးဖြင့် ‘’ စီစီ… နင် အိမ်ကနေထွက်ပြေးသွားတယ်ဆို…’’
ချီကျန်းကျန်း ၏ ခေါက်ဆွဲပြုတ်ဆီမှာ ချဉ်စပ်အနံ့သည် သူမနှာခေါင်းထဲသို့ အလုအယက်တိုးဝှေ့နေသည့်အတွက် ခေါက်ဆွဲစားနေသော ချီကျန်းကျန်းကို သူမ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိပြီး ဘေးရှိ ဒုတိယမြောက် ပန်ကန်းလုံးကို တကယ်ပင်မျက်စိ မခွာနိုင်တော့ပေ။
ထို့ကြောင့် သူမတွင် အန်းချင်ယုကို ဂရုစိုက်ရန် အချိန်ရှိမနေတော့ပေ။
သူမ စိတ်တိုစွာဖြင့် ‘’ နင်က စိတ်ရှုပ်ဖို့ကောင်းလိုက်တာ… အိမ်ကထွက်ပြေးတဲ့လူဆီကို ဘာတွေလာမေးနေတာလဲ’’
ပြောပြီးနောက် ဖုန်းကိုဆောင့်ချလိုက်သည်။
တဖက်ရှိ အန်းချင်ယုသည် ထိတ်လန့်အံ့ဩစွာဖြင့် ဖုန်းကိုကြည့်နေပြီး ‘’ ….. ‘’
‘ ဝမ်စီစီ ဘာလို့များ ဒီလောက် စိတ်တိုနေရတာလဲ… ‘ ပုံမှန်ဆို သူမ ကို ကောင်းကောင်းဆက်ဆံနေကြဖြစ်သည်။
ဝမ်စီစီ ဖုန်းချပြီးနောက် သူမရှေ့တွင်ရှိသော သူမအတွက် စိတ်အနှောက်အယှက်အဖြစ်ရဆုံး ချီကျန်းကျန်းကို ဆက်လက် ဆူပူနေပြန်သည်။
ချီကျန်းကျန်း ဒုတိယပန်းကန်လုံးကို ယူလိုက်ပြီး တီဗီကိုကြည့်ကာ ပုံမှန်လေသံဖြင့် ‘’ နင်စားဦးမှာလား… နင်မစားရင် ငါစားလိုက်တော့မယ်နော်’’
ဆူပူနေသည့် ဝမ်စီစီ တစ်ယောက် စကားလုံးများပြောင်းလဲသွားကာ ‘’ နင် ဘာလို့သေမသွားတာလဲ…’’
ထို့နောက် သူမ ဒေါသတကြီးဖြင့် လမ်းလျောက်လာကာ ခေါက်ဆွဲပန်းကန်ကို ယူလိုက်လေသည်။
‘’အဲ့ဒါက ငါ့ပိုက်ဆံနဲ့ဝယ်ထားတာပဲ… ဘာလို့ မစားရမှာလဲ…’’
ပြောပြီးနောက် အဖုံးဖွင့်လိုက်သည်နှင့် မွှေးကြိုင်သော အနံ့သည် အခန်းထဲသို့ ဖုံးလွှမ်းသွားသည်။
ချီကျန်းကျန်းတစ်ယောက် ဝမ်စီစီကို လျစ်လျူရှုလိုက်သည်။
သိပ်မကြာခင် အခန်းထဲတွင်…
ခပ်လန်းလန်း ကောင်မလေးတစ်ယောက်သည် ဆက်လက်ဆူပူခြင်းမလုပ်နိုင်တော့ပဲ ခေါက်ဆွဲပြုတ်စားကာ ရေသောက်နေတော့သည်။
အပျင်းကြီးနေသည့် အမျိုးသမီးလေးတစ်ယောက်သည် သူ့ဘေးနားတွင်လှဲနေကာ တီဗီမှလာသော ဒရာမာကားကိုကြည့်နေပြီး အခန်းထဲတွင်လည်း ခေါက်ဆွဲပြုတ်အနံ့က သင်းပျံ့လို့နေသည်။
………..
‘’ ဝမ်ယွီ ဖုန်းမကိုင်ဘူး ‘’ ရှုဝေ ပြောလိုက်သည်။
ဝမ်ကျင်စမ်း စားပွဲကိုရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် ‘’ ချီကျန်းကျန်းကို ခေါ်သွားပြီးတာတောင်မှ စကားတခွန်းမှ မပြောဘူး.. ချီမိသားစုကို ငါဘယ်လိုရှင်းပြရမလဲ… ငါ သူ့ခြေထောက်ကိုရိုက်ချိုးပစ်ချင်လာပြီ’’
ရှုဝေ ‘’ ရှင်က ချီကျန်းကျန်း သေတာ ရှင်တာကို ဂရုစိုက်နေတာလား… သူမ အပြင်မှာသေသွားရင်တောင် ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူးလေ’’
‘’ မင်းဘာသိလို့လဲ…’’ ဝမ်ကျင်စန်း စိတ်မရှည်စွာဖြင့် မေးလိုက်သည် ‘’ စီစီကော ဖုန်းပြန်ဖြေလား…’’
ရှုဝေ ခေါင်းခါပြလိုက်သည်။
‘’ဒီ နှစ်ယောက်ကတော့…’’ ဝမ်ကျင်စန်း ဒေါသထွက်လာသည်။
ထိုအချိန်တွင် ရှုဝေ တစ်စုံတစ်ခုကို တွေးမိသွားပြီး ရုတ်တရက်ပြောလိုက်သည်။ ‘’ ယောကျာ်း… ဝမ်ယွီက ဖုန်းမဖြေတဲ့အပြင် ချီကျန်းကျန်းကို ခေါ်သွားပြီး အခုထိပြန်မလာသေးဘူးဆိုတော့ သူ တစ်ခုခုများ ….’’