👾Chapter 132
အာဏာရှင်စနစ်။ အာဏာရှင်စနစ်က အောင်နိုင်ခြင်းပဲ”
ယခင် သူ လုအန်းဟယ်၏ အဆာပြေမုန့်များကို သူ့အား ပေးလိုက်ချိန်ကကဲ့သို့ပင်။
"ကိုယ် တောင်းပန်ပါတယ်" ထိုအချိန်တွင် သူ ရိုးသားစွာ တောင်းပန်ရမည်ကို သူ သိပေသည်။
"..." လင်းဟန် အမှန်တကယ် ဒေါသထွက်မနေခဲ့ပေ။ သူ ထိုစကားကို ကြားလိုက်ရချိန်တွင် အတွေးအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဟယ့်ယွင်ထင်က သူ့ကို နောက်တစ်ကြိမ် ကောက်ချီလိုက်ပြီး ယာဉ်မောင်းထိုင်ခုံပေါ်တွင် ဖိထားလေသည်။
လင်းဟန် မရုန်းခဲ့သော်လည်း အသံတိုးတိုးဖြင့် သူ့အယ်လ်ဖာ ထပ်ဖြည့်ပြောလာသော ကျန်စကားလုံးများကို ကြားလိုက်ရသည်။ "ကလေးလေး"
"... ..."
မစ္စတာလင်းက ခေါင်းကိုလှည့်ကာ သတ္တုမောင်းနှင်ခန်းနံရံကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်များ မြင့်တက်လာရုံသာမက သူ့မျက်လုံးများမှာလည်း ထိုစကားလုံးဖြင့် ပြည့်ဝပျော်ဝင်နေပြီး နူးညံ့သိမ်မွေ့မှု အနည်းငယ်သည်လည်း လျှံထွက်နေပေသည်။
ထို့ကြောင့် နောက်ဆုံးတွင် သူ ဟယ့်ယွင်ထင်ကို ကြည့်လိုက်သည်။
လင်းဟန် သူ့မျက်နှာကို ဘေးဘက်သို့လှည့်လိုက်ပြီး သူ့မျက်လုံးများမှာ နယ်စပ်ဒေသရှိ နက်ဗျူလာထက်ပင် ပိုမိုတောက်ပသော အလင်းရောင်ဖြင့် တောက်ပနေပေသည်။ ထို့နောက် ဟယ့်ယွင်ထင်၏ နှာသီးဖျားလေးကို နမ်းရန် ဖြည်းဖြည်းချင်း ရွေ့လာလေသည်။
"ခင်ဗျားက တော်တော်လေး အရည်အချင်းရှိတာပဲ" သူ အလွန်သင့်တော်သော မှတ်ချက်တစ်ခုကို ပေးလိုက်၏။
မောင်းနှင်ခန်းထဲရှိ အနံ့က လုံးဝ ပျောက်ကွယ်မသွားဘဲ စိတ်မကျေနပ်နိုင်ဖွယ် ပျင်းရိမှုကို ချန်ထားခဲ့ပေသည်။
လင်းဟန် မောင်းနှင်ခန်းကို မှီကာ ဆက်သွယ်ရေးကိရိယာကို ဖွင့်ပြီး နောက်ထပ် ဆက်လက်ဖြစ်လာမည့် အကြောင်းနှင့် ပတ်သက်၍ လုအန်းဟယ်နှင့် စကားပြောနေသော ဟယ့်ယွင်ထင်ကို ကြည့်လိုက်သည်။ ဟယ့်ယွင်ထင်က သူ့လက်ထဲတွင် ကိုင်ထားသော အာဟာရဖြည့်စွက်စာကို သောက်သုံးရန် သူ့အား ညွှန်ကြားနေသော်လည်း သူ အိပ်ငိုက်သလို ခံစားရကာ မသောက်ချင်ပေ။ လင်းဟန်မှာ ဤလေထုအငွေ့အသက်ထဲတွင် သေချာပေါက် အိပ်ပျော်လုနီးပါးဖြစ်နေသော်လည်း ဟယ့်ယွင်ထင်က ယခုအချိန်တွင် သူ့လက်အောက်ငယ်သားများနှင့် အခြေအနေအကြောင်းကို ဆက်သွယ်ပြောဆိုရာတွင် စိတ်အားထက်သန် တက်ကြွနေဆဲပင်။
အခြေခံအားဖြင့် အယ်လ်ဖာတစ်ယောက်က အိုမီဂါတစ်ယောက်နှင့် အမှန်တကယ် မတူညီပေ။ လင်းဟန် သူ့မျက်ခွံများကို ဖွင့်မထားနိုင်တော့ဘဲ မေးရိုးများ လျော့ကျလာပေသည်။ ဟယ့်ယွင်ထင် အဆုံးထိ မသွားခဲ့သည့်အတွက် သူ့နှလုံးသားထဲမှ စတင်ကျေးဇူးတင် ဝမ်းမြောက်မိသွားသည်။
သို့မဟုတ်ပါက ခံတပ် X တွင် သူတို့ လီဗာကိုကိုင်ကာ ထိန်းချုပ်ရန်ပင် ခွန်အားရှိလိမ့်မည် မဟုတ်ပေ။
၎င်းက နှောင်းနှေးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
လင်းဟန် အိပ်ပျော်မသွားမီ နောက်ဆုံးစက္ကန့်တွင် ထိုသို့တွေးလိုက်မိသည်။
ဟယ့်ယွင်ထင်နှင့် လုဟွိုက်ကိုယ်တိုင်မှလွဲ၍ လုအန်းဟယ်မှာ ဝမ်ယွီ၏ ကြယ်ခွဲအကြောင်းကို သိသော အခြေစိုက်စခန်းရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်တစ်ယောက်ပင်။
ယခုအချိန်တွင် လုအန်းဟယ်က သူ၏အဖွဲ့ခွဲကို ဝမ်ယွီ၏ကြယ်ခွဲထံသို့ ဦးဆောင်သွားခဲ့ပြီး အချိန်ခန့်မှန်းခြေအရ သူတို့ ခံတပ် X သို့ရောက်ရှိချိန်သည်နှင့် သူလည်း ကြယ်ခွဲသို့ ရောက်ရှိပေလိမ့်မည်။
ဟယ့်ယွင်ထင်က နောင်တွင် ဖြစ်လာမည့် အဆိုးဆုံး အနာဂတ်မြင်ဖြစ်စဉ်များကို စဉ်းစားသုံးသပ်ရန် ကြောက်ရွံ့မနေခဲ့ပေ။ အမှန်တရားကို မသိသည့်သူ အများအပြားက ဗိုလ်ချုပ်ကို အပြစ်တင်လာလိမ့်မည့်အကြောင်း သူ သိထားသော်လည်း ၎င်းက ဝမ်ယွီနှင့် ကြယ်ခွဲနှစ်ခုစလုံးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိကြောင်းကိုလည်း သိပေ၏။ သို့သော် လုဟွိုက်က ထိုခုန်မှတ်ကို ဖျက်စီးပစ်နိုင်သည့် ဖောက်ခွဲရေးပစ္စည်းများကို လုံလောက်စွာ ပြင်ဆင်ထားဆဲဖြစ်ပြီး သူ့ထံ အချိန်မရွေး သတင်းပေးပို့ရန် ညွှန်ကြားထားပေသည်။
တစ်စုံတစ်ရာ မှားယွင်းမှုအရိပ်အယောင်တစ်ခု ရှိလာသည်နှင့် တစ်ချိန်က ကျန်ရှိခဲ့သော ထိုနေရာကို လုံးဝ ရှင်းလင်းပစ်ရပေမည်။ ဟယ့်ယွင်ထင်က သတိကြီးလွန်းသည်ဟု ကုဟွိုက် ခံစားမိသော်လည်း သူ ကန့်ကွက်မှုမရှိဘဲ ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ခံတပ်နှင့် နီးကပ်လာသည်နှင့်အမျှ ဟယ့်ယွင်ထင် မက်ခါ၏ ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် အထပ်မြင့် အဆောက်အအုံများမဆိုထားနှင့် လေထုအလယ်တွင် တည်ဆောက်ထားသည့် ပျံသန်းရေးလမ်းကြောင်းများ၊ ထူထပ်သော အဆောက်အအုံများ သို့မဟုတ် ဆင်းသက်ရန် စောင့်ဆိုင်းနေသည့် လေယာဉ်များလည်း မရှိပေ။ ထို့အပြင် အခြေခံလူတန်းစားရပ်ကွက်များတွင် တစ်ခုနှင့်တစ်ခု ထပ်နေသော ထိုအိမ်ဟောင်းများကိုပင် မတွေ့ရတော့ပေ။
ခံတပ်က အလွန်မြင့်မားပြီး ဟင်းလင်းပြင်နေရာတွင် တည်ဆောက်ထားပြီး ၎င်း၏အဓိကကိုယ်ထည်ကို ကြီးမားသော စက်ဝိုင်းခြမ်းနှစ်ခုဖြင့် ဝန်းရံထားသည်။ အလယ်ပိုင်းမှာ စွမ်းအင်သိုလှောင်ရုံဖြစ်ပြီး နယ်စပ်ဒေသ ခုန်မှတ်ထက် အဆပေါင်းရာနှင့်ချီသည့် စွမ်းအင်များကို သယ်ဆောင်ထားသည်။ M2742 က အင်ပါယာ၏ အမာကြောဆုံးသော သံမဏိချပ်ဝတ်ဖြစ်လျှင် ဤခံတပ်က ထိုထက် အဆပေါင်း ဆယ်ဆ ပိုပြီးမာကြောပေ၏။
သီအိုရီအရ မက်ခါက စတင်မြင့်တက်လာပြီး ပိုမြင့်လာလေလေ လေက ပိုပြီပါးလာလေလေပင်။
ကမ္ဘာမြေခေတ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ပြင်းထန်သော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် လူသားများက တိုးတက်ပြောင်းလဲလာခဲ့သော်လည်း ခံတပ်ကဲ့သို့ အလွန်မြင့်မားသောနေရာများတွင် လူသားများက ဇာ့ဂ်မဖားထက် သာလွန်ခြင်းမရှိပေ။ ၎င်းအခြေအနေအတွက် မက်ခါ သို့မဟုတ် ကြယ်သင်္ဘော၏ အပဘင်ဘက်သို့ ခြေလှမ်းတစ်ဝက်မျှပင် ထွက်ခွာခွင့်မပြုပေ။
ယခုအခါ ပတ်ဝန်းကျင်လေစီးဆင်းမှု အခြေအနေ အပြောင်းအလဲကို တွေ့မြင်နိုင်သော်လည်း ပင်မကိုယ်ထည်နှင့် ပိုမိုနီးကပ်လာရန် အချိန်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။ ဟယ့်ယွင်ထင် အိပ်ပျော်နေသော လူငယ်လေးကို ခဏမျှ စိုက်ကြည့်နေခဲ့သည်။
လင်းဟန် မောင်းနှင်သူထိုင်ခုံကို မှီလျှက် အိပ်ပျော်နေသော်လည်း ထိုင်ခုံမှာ အလွန်နူးညံ့မှုမရှိဘဲ သူ့ကိုယ်ဟန်အနေအထားမှာလည်း အလွန်အဆင်ပြေသည့်ပုံမပေါ်ပေ။ သူ့မျက်နှာပေါ်ရှိ နီမြန်းမှုမှာ မှိန်ဖျော့သွားပြီး နူးညံ့ညင်သာစွာ အသက်ရှူနေကာ မောင်းနှင်ခန်းအတွင်းရှိ မည်သူကိုမျှ နှောင့်ယှက်မဖြစ်စေပေ။ သူ့ဘေးနားတွင် စောင်သေးသေးလေးဖြင့် ထုပ်ထားသော အခြားအကောင်ပေါက်လေးတစ်ကောင်ရှိကာ ခန္ဓါကိုယ်တစ်ခုလုံးကို သေးငယ်သည့် အနက်ရောင် ဘောလုံးလေးအဖြစ်သို့ ကျုံ့ထားပြီး တိတ်ဆိတ်စွာ အိပ်မောကျနေသည်။
သူ ဗွီပရိုတွန်ဂြိုဟ်ပေါ်၌ရှိနေစဉ် အဝေးရှိ ဗွီဒီယိုမှတစ်ဆင့် သူ့အားမြင်ခဲ့ရပုံကို ဟယ့်ယွင်ထင် သတိရမိသည်။
ထိုအချိန်က သူ အလင်းနှစ်ပေါင်းများစွာကို ကျော်ဖြတ်ပြီး အိပ်ပျော်နေသော လူငယ်လေး၏ ပျော့ပျောင်းသည့် ဆံနွယ်စလေးများကို ထိတွေ့ချင်ပြီး သူ၏ပူလောင်နေသော အတွေးများကို နှစ်သိမ့်ဖြေဖျောက်ရန် တောင့်တခဲ့ရသော်လည်း ယခုအခါ ထိုသူမှာ သူ့ရှေ့တွင် ငြိမ်သက်စွာ လှဲလျောင်းနေချိန်တွင်မူ စစ်ပွဲမတိုင်ခင် သူ၏အချစ်ဆုံးကလေး အိပ်စက်နေခြင်းအား အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အနည်းငယ်တိုးတိုးလေးသာ အသက်ရှူရဲပေသည်။
ဟယ့်ယွင်ထင် ခပ်ဝေးဝေးသို့ နေရာရွှေ့လိုက်ပြီး သူ့အသံကိုတိုးကာ ချိတ်ဆက်မှုကို နှိပ်လိုက်သည်။
လင်းဟန်ကို သွားကြိုရန် ဟယ့်ယွင်ထင် မစောင့်နိုင်သောကြောင့် သူ အနည်းငယ် စောနေပြီး ကျန်သူများမှာ ကြယ်သင်္ဘောတစ်ခုဖြင့် အတူတကွ ရောက်ရှိလာခဲ့ကြသည်။ မကြာသေးမီက ဗွီပရိုတွန်ဂြိုဟ်ပေါ်ရှိ မစ်ရှင်ကို မအောင်မြင်ဘဲ ပြန်လာခဲ့သည့် အကြီးဆုံးကြယ်သင်္ဘောပင်ဖြစ်၏။ သို့သော်လည်း ယခုအခါတွင် ၎င်းက အကြီးမားဆုံးဖိအားကို သယ်ဆောင်ရင်း အမြင့်ဆုံးနေရာသို့ ရောင်ရှိလာခဲ့ပေသည်။
—
ပတ်ဝန်းကျင်ရှိ လေစီးကြောင်းပြောင်းလဲမှုနှင့် တဖြည်းဖြည်း မြင့်တက်လာသော မက်ခါ၏ဟိန်းသံကြောင့် လင်းဟန် နိုးလာခဲ့သည်။ သူ အိပ်မက်ပင်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး သူ့ခန္ဓါကိုယ်တစ်ခုလုံး အငြိမ်းချမ်းဆုံး အပြာရောင်ပင်လယ်ကြီးထဲသို့ သက်သောင့်သက်သာ နစ်မြုပ်သွားသကဲ့သို့ပင်။ သူ နိုးလာချိန်တွင် သူ့အား ကျောခိုင်းပြီး လုအန်းဟယ်နှင့် အေးအေးဆေးဆေး စကားပြောနေသည့် ဟယ့်ယွင်ထင်ကို တွေ့လိုက်ရသည်။
အရာအားလုံး အဆင်သင့်ဖြစ်နေပြီ လုအန်းဟယ် ဆိုသော်လည်း ယခုအကြိမ်တွင် ပြောင်းလဲမှုအရွေ့မှာ အလွန်ကြီးမားပေ၏။ အင်ပါယာနှင့် ဇာ့ဂ်များသာမက ကြယ်တာရာကမ္ဘာရှိ အခြားမသက်ဆိုင်သော ဂလက်ဆီများစွာသည်လည်း စတင်လှုပ်ရှားရန် မိုက်ရူးရဲဆန်လာကြပေလိမ့်မည်။
ပါပါရယ်ဂလက်စီ၏ ခေါင်းဆောင်က အရင်က ဇာ့ဂ်များကို အမြစ်ပြတ်မတိုက်ဘဲ ကင်းလွတ်ခွင့်ပေးခြင်းက အချိန်ဆွဲခြင်းမျှသာဖြစ်ပြီး နောင်တစ်ချိန်တွင် သေချာပေါက် ဆက်လက်တိုက်ခိုက်ရမည့်ကိစ္စဖြစ်ကာ ယခုအချိန်တွင် ကြီးမားသော တန်ပြန်တိုက်ခိုက်မှု ဖြစ်လာတော့မည် ဖြစ်ကြောင်း အင်ပါယာကို ပွင့်ပွင့်လင်းလင်း အပြစ်တင်ပြောဆိုခဲ့သည်။
လင်းဟန် ဟယ့်ယွင်ထင်၏ အသံကို ကြားလိုက်ရပြီး "ခံတပ် X ကနေစပြီး အင်ပါယာမှာမနေထိုင်တဲ့ ဘယ်သတ္တဝါကိုမှ ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူး။ ဒီမှာရှိနေတဲ့ လက်နက်တွေနဲ့ တပ်အင်အားတွေက ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး”
လုအန်းဟယ် ချက်ချင်းပြန်ဖြေလိုက်၏။ "ဒီတစ်ခါတော့ ကြယ်သင်္ဘောရဲ့လက်နက်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ တစ်ခုပဲ… အဝေးက ဖက်ဒရယ်အုပ်စုက ဒါကို အာဏာရှင်စနစ်ရဲ့ တန်ဖိုးလို့ လှောင်ပြောင်ပြောဆိုကြလိမ့်မယ်”
“ဖက်ဒရယ်အုပ်စုကို မေ့ထားပြီး သူတို့ အဓိကနယ်မြေရဲ့တံခါးကို ခေါက်ဝံ့တဲ့အချိန်ထိ စောင့်နေလိုက်”
အေးစက်စက် တောက်ပနေသော မောင်းနှင်ခန်းမှတစ်ဆင့် လင်းဟန် ဟယ့်ယွင်ထင်၏ နောက်ကျောပြင်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ ဟယ့်ယွင်ထင်မှာ စစ်ပွဲအတွက် ကြိုတပ်ဖြန့်မှုကို လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တိုင်းကို ထည့်သွင်းနေရာချထားရပေမည်။
ဟယ့်ယွင်ထင် လုအန်းဟယ့်ကို နောက်ဆုံးတစ်ခုပြောလိုက်သည်။ "အင်ပါယာကကော၊ တခြားကြယ်တာရာစနစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ"
ဟိုးအရင် သူဖတ်ဖူးခဲ့သည့် စာအုပ်များကို ပြန်သတိရမိပြီး သမိုင်းတွင်တည်ရှိခဲ့သည့် ခေတ်ပေါင်းများစွာအတွင်း ရက်စက်ကြမ်းကြုတ်သည့် ဘုရင်များ၊ ပဒေသရာဇ် ဧကရာဇ်များစွာအပြင် တိုးတက်လာသော သီးသန့်လူတန်းစားတစ်ရပ်နှင့်အတူ အမျိုးမျိုးသော အစိတ်အပိုင်းများစွာပါဝင်သည့် အုပ်ချုပ်မှုစနစ်များကိုလည်း မွေးဖွားပေးခဲ့သည်ဟု ဆိုပေ၏။
“ခံတပ်ကနေစပြီး မင်းသွားတဲ့နေရာတိုင်းက အင်ပါယာရဲ့ နယ်မြေပဲ။ အာဏာရှင်စနစ်။ အာဏာရှင်စနစ်က အောင်နိုင်ခြင်းပဲ”
သမိုင်းစာအုပ်တွင် ဆိုထားသလိုမျိုး လူသားများ၏ ခံစားချက်ကို နားမလည်သည့် အေးစက်သော အာဏာရှင်ဘုရင်တစ်ပါးကဲ့သို့ပင်။
နောက်တစ်စက္ကန့်တွင် ဟယ့်ယွင်ထင် လှည့်ကြည့်လာသည်ကို လင်းဟန် တွေ့လိုက်ရသည်။ သူ နိုးလာသည်ကို သတိပြုမိပြီး အရင်က ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် တစ်ခါမျှမမြင်တွေ့ခဲ့ဖူးသော အပြုံးရိပ်လေးတစ်ခုနှင့်အတူ ဟယ့်ယွင်ထင်၏ နှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း တွေးတက်သွားလေသည်။ သူ့အာဏာရှင်က သူ့မျက်နှာကို နမ်းရန်လျှောက်လာကာ အေးစက်နေသော သူ့ဆံစလေးများက သူ့ပါးပြင်ကိုပွတ်တိုက်သွားပြီး နားရွက်နားသို့ကပ်ကာ ပြောလာလေသည်။
"ကလေးလေး ကိုယ်တို့ တိုက်ခိုက်ရတော့မယ်"
👾