အပိုင်း ၂၈
Viewers 26k

Part 28


သူမအတွက် အဝတ်အစားများလိုက်ဝယ်ပေးပြီး အတူတူ ထမင်းစားသည်မှာ ထူးထူးခြားခြားရှိမည်ဟု သူမ မထင်ပေ။ ထိုအရာအားလုံးကို ဝမ်ယုသည် ဝမ်ကျင်စန်းကြောင့် လုပ်သည်ကို သူမ နားလည်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက သူမနှင့် စေ့စပ်ထားသူ တစ်ယောက် မဟုတ်ပါလား….


သို့သော်လည်း ဖုန်းစခရင်ပေါ်မှ ဖုန်းနံပါတ်များကိုကြည့်ပြီး အနာဂါတ်တွင် သူမတို့တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိမှာကို စိုးရိမ်သွားမိသည်။


သူမတို့နှစ်ယောက်သည် ပါးစပ်အပြောဖြင့် စေ့စပ်ထားကြပြီး သူမနှင့် ထိုတွဲဘက်မရှိသည့် အမျိုးသားဇာတ်လိုက်ကြီးသည် တစ်ဦးနှင့်တစ်ဦးချိတ်ဆက်နေကြသည် မဟုတ်ပါလား….


‘’လူတွေက တော်တော်လေးလွန်ကြတာပဲ… ကြည့်စရာဘာရှိနေသေးလို့ ဆက်ကြည့်နေတာလဲ…’’ အနောက်မှ လူငယ်လေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။


ထိုအသံသည် လှောင်ပြောင်သံပါပြီး မကျေနပ်ဟန်ရှိသည်။


ချီကျန်းကျန်း သူမ အတွေးများကို ရုတ်သိမ်းလိုက်ပြီး လှည့်ကြည့်လိုက်ရာ ချီကျိုးချန်ကို တွေ့လိုက်သည်။


သူသည် ဂျာကင်အကျီနှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲသို့ထည့်ထားကာ ခေါင်းကို အနည်းငယ်မော့ထားပြီး မျက်နှာပေါ်တွင်လည်း မနာလိုမှုအပြည့်နှင့် သူမဆီသို့ လျောက်လာသည်။


ဒါ သူမ၏မောင်ငယ်လေးပင်… တကယ်ကိုပဲ စိတ်ရှုပ်စရာကောင်းသည်။


ချီကျန်းကျန်း သူမ မျက်လုံးကိုလှိမ့်လိုက်ပြီး ‘’ အဲ့ဒါ နင့်ကိစ္စလေ… အတန်းသွားမတက်ဘူးလား…’’


‘’ပိတ်ရက်လေ’’ ချီကျိုးချန် ပြန်ပြောလိုက်ပြီး ဝမ်ယွီကားထွက်သွားသည့် လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမကို သံသယဖြစ်စွာဖြင့်


 ‘’ နင် ဝမ်ယွီကို သဘောမကျဘူးမဟုတ်လား… အခုတော့ ဝမ်ရိရန်ကစပြီး ဝမ်ယွီအထိ …. ချီကျန်းကျန်း… နင့်အမြင်တွေ တော်တော်ဆိုးလာတာပဲ…’’


ချီကျန်းကျန်း မျက်လုံးကိုလှိမ့်လိုက်ပြီး ‘’ ငါ ဝမ်ယွီကော ဝမ်ရိရန်ကော မကြိုက်ဘူး… ကျေးဇူးပါ… ပြီးတော့ ဝမ်ယွီက ဝမ်ရိရန်ထက်ဆိုးတယ်ဆိုရင် နင့်အမြင်တွေမှားနေပြီ…’’


‘’ဟုတ်တာပေါ့… ဝမ်ယွီက အဲ့လောက်မှ…’’


ချီကျိုးချန် စကားကိုခဏရပ်လိုက်ပြီး ဝမ်ယွီအကြောင်းတွေးကာ ဆက်ပြောလိုက်သည်။


 ‘’ သူ့မျက်နှာလေးကလွဲလို့… ဝမ်ယွီက ဝမ်ရိရန်ထက် ကောင်းတာဘာမှမရှိဘူး’’


ဝမ်ယွီ သည် ကောင်းမွန်စွာကြီးပြင်းလာခဲ့ရသည်ဟု သူ မထင်သော်လည်း ချီကျန်းကျန်းမှ ရုတ်တရက်ပင် ဝမ်ယွီအား အလွန်ကောင်းမွန်သည့်သူတစ်ယောက်၊ အလွန်အစွမ်းထက်သည့်သူတစ်ယောက်ဟု တွေးထင်နေသည်။


အဲ့ဒါအတော်လေးထူးဆန်းတယ်… အရင်တုန်းက သူ့မျက်နှာက ကြည့်ကောင်းတယ်ဆိုတာ သူ ဘာလို့ သတိမထားမိခဲ့တာလဲ…


ချီကျိုးချန် စကားလုံးများကြောင့် ချီကျန်းကျန်းပြုံးလိုက်မိပြီး ‘’ ဟီးဟီး…’’


‘’ဟေး… ချီကျန်းကျန်း နင်စကားကို ကောင်းကောင်းပြောလို့မရဘူးလား…’’ ချီကျိုးချန် သူမကို မကျေမနပ်ကြည့်ပြီး ပြောလိုက်သည်။


ချီကျန်းကျန်း တစ်ယောက် ကားအက်စီးဒင့်ဖြစ်ပြီးကတည်းက အနည်းငယ်ပြောင်းလဲသွားသည်ဟု သူ သတိထားမိသည်။


သူတို့နှစ်ဦးသည် အရင်တုန်းက အဆင်မပြေခဲ့ကြပေ။ သူတို့နှစ်ယောက်တွေ့သည်နှင့် အမြဲလိုလို စကားများကြသည်။ ထိုသို့ စကားများတိုင်း ချီကျန်းကျန်းမှ သူ့ကိုမနိုင်ခဲ့ပေ။


သို့သော်လည်း ချီကျိုးချန်တစ်ယောက် ချီကျန်းကျန်းကို သဘောမကျခဲ့ပေ။ သူမသည် အမြဲလိုလို သူ့အား မနာလို မုန်းတီးမှုများဖြင့် ကြည့်နေခဲ့သောကြောင့်ဖြစ်သည်။


သူသည်လည်း ချီကျန်းကျန်း၏ မောင်တစ်ယောက် မဟုတ်ဟု ယုံကြည်မိခဲ့သည်။ ထို့ကြောင့် သူ့အတွက် သူမသည် တစ်စိမ်းတစ်ယောက်သာ…


သူမသည် တုံးအပြီး စိတ်အနှောက်အယှက်ပေးတတ်သည့်သူဖြစ်ပြီး သူ့အစ်မ မဖြစ်ထိုက်ဟု အမြဲတွေးခဲ့မိသည်။


ကားအက်စီးဒင့်ဖြစ်ပြီးနောက် ချီကျန်းကျန်း အနည်းငယ်ပြောင်းလဲသွားသည်။ သူမ မျက်ဝန်းထဲတွင် မည်သည့် မနာလိုမှု မုန်းတီးမှုများ မရှိတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏အကြည့်များသည် သူ့အား -


လူဆိုးလေးတစ်ယောက် ကိုကြည့်နေသကဲ့သို့ပင်….


ထိုအရာသည် ချီကျိုးချန်ကို ပို၍ပင် မကျေမနပ်ဖြစ်စေသည်။


‘’ နင် စကားကြီးစကားကျယ်တွေပြောမနေနဲ့ ချီကျိုးချန် … နင်သာ ကောင်းအောင်ပြော…’’ ချီကျန်းကျန်း မျက်လုံးလှိမ့်လိုက်ပြီး သူမခြေကိုဆန့်ကာ အိမ်ထဲသို့ပြန်ဝင်သွားတော့သည်။


ချီကျိုးချန်’’ အိုကေလေ… ငါတော့ နင့်ကိုပြောရမှာပျင်းလို့ မပြောတော့ဘူး… ညကျမှ အိမ်ကလူကြီးတွေ နင့်ကိုဘယ်လိုဆူမလဲဆိုတာ ကြည့်ကြတာပေါ့…’’


ချီကျန်းကျန်းဆက်လျောက်သွားပြီး စကားတစ်ခွန်းသာချန်ခဲ့လေသည်။


‘’ကောင်လေး… နင့်ရဲ့ အိမ်စာတွေကိုသာအရင်လုပ်စမ်းပါ… ငါ့ကိုစိတ်လာပူ မနေနဲ့…’’


ချီကျိုးချန် ‘’ ချီးပဲ…’’


ချီကျန်းကျန်း ချီအိမ်ထဲသို့ ဝင်လိုက်သည်။


ဒီတစ်ပါတ်ပိတ်ရက်တွင် ချီကျိုးချန်သည် အိမ်မှာရှိနေပြီး ချီယန်သည်လည်း ရှိနေလေသည်။


ပြောစရာမလိုအောင်ပင် တင်းရိကျွင်းသည့်လည်း အိမ်တွင်ရှိနေပြီး သူမ လှမ်းကြည့်လိုက်သော်လည်း အန်းချင်ယုကိုမူ မတွေ့ရပေ။


သူမ ဝင်လာသည်နှင့် တင်းရိကျွင်းသည် ချက်ချင်းပင် ပြောတော့သည်။ ‘’ ကျန်းကျန်း… ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ထွက်မပြေးနဲ့လေ… သမီးအဖေနဲ့ အမေ ဘယ်လိုဖြစ်ကျန်ခဲ့လဲဆိုတာကော သိရဲ့လား…’’


ချီကျန်းကျန်း ဖိနပ်ပြောင်းပြီး ဘာမှပြန်မပြောပေ။


ချီယန် ရှုံ့တွနေသော မျက်နှာဖြင့် ‘’ ချီကျန်းကျန်း မနေ့ညက ဘယ်မှာလဲ…’’


‘’ဟိုတယ်..’’


တင်းရိကျွင်းမျက်နှာသည် ချက်ချင်းမဲမှောင်သွားသည်။


‘’ချီကျန်းကျန်း’’ ချီယန် ဒေါသထွက်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။


တင်းရိကျွင်းရင်ဘတ်ကိုဖိလိုက်ပြီဂ သူမ မျက်နှာတွင် ဝမ်းနည်းရိပ်များပေါ်လာသည်။


‘’ ဘာဖြစ်တာလဲ…’’ ချီကျန်းကျန်း အနည်းငယ်မှင်တက်သွားသည်။ အိမ်က ထွက်ပြေးပြီးမှတော့ ဟိုတယ်မှာ မနေဘဲ ဘယ်မှာနေရမှာလဲ….


သူမ တစ်စုံတစ်ခုကိုတွေးလိုက်မိပြီး အကူအညီမဲ့စွာဖြင့် ချီယန်ကိုပြန်ပြောလိုက်သည်။


 ‘’ မနေ့ညက ဝမ်ယွီနဲ့မဟုတ်ဘူး… သူက ကျွန်မကို အဝတ်အစားဝယ်ဖို့လိုက်ပို့ပြီးတာနဲ့ ပြန်သွားတာ’’


တင်းရိကျွင်းမျက်နှာ အရုပ်ဆိုးလာသည်။ သူမ စိတ်မချမ်းသာစွာဖြင့်


 ‘’ ကျန်းကျန်း အမေတို့က သမီးရဲ့ စေ့စပ်ထားသူအဖြစ် ဝမ်ယွီကိုလျာထားပေမယ့်လည်း ဝမ်ယွီအကြောင်း သမီးလဲသိပါတယ်… အမေတို့ ကုမ္ပဏီနှစ်ခုကြားက အခြေအနေတွေ ငြိမ်သက်သွားတာနဲ့ အဲ့ဒီလက်ထပ်စာချုပ်ကို ဖျက်သိမ်းကြမှာလေ…’’


ချီယန် ပြန်ထိုင်လိုက်ပြီး လက်ထဲမှ ကော်ဖီခွက်ကို စားပွဲပေါ်သို့တင်လိုက်ကာ ‘’ တကယ်လို့ ဝမ်ယွီသာ အနာဂါတ်မှာ တိုးတက်ဖို့ဆန္ဒရှိပြီး သင့်လျော်တယ်ဆိုရင် သေသေချာချာပြန်စဉ်းစားသင့်တယ်.. ဒါပေမယ့် မနေ့ညက သူဘာလုပ်ခဲ့လဲ … သူက သမီးကိုဟိုတယ်ခေါ်သွားပြီး ချီမိသားစုကိုချည်နှောင်ဖို့ကြံစည်ခဲ့တယ်မဟုတ်လား… အဲ့ဒါကောင်းသလား..’’


‘’ သမီးက အတော်လေးနုံသေးတာပဲ… ဝမ်ယွီရဲ့ မကောင်းတဲ့အကြံကို မမြင်နိုင်သေးဘူး… ဝမ်မိသားစုက ရှေ့ဆက်သွားဖို့ ဝမ်ယုကို အသုံးချနေရုံပဲ…’’ တင်းရိကျွင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။


ချီကျန်းကျန်း ‘’ …. ‘’


သူမ အသက်ပြင်းပြင်းရှုကာ အလွန်လေးနက်စွာဖြင့် ‘’ သမီးမနေ့ညက ဝမ်ယွီနဲ့ တကယ်မရှိခဲ့ပါဘူး… မနေ့ညကတည်းတဲ့ဟိုတယ်ကလဲ ဝမ်စီစီ အိုင်ဒီကတ်နဲ့ဖွင့်ထားတာ… ဝမ်စီစီနဲ့ မနေ့ညက အတူတူအိပ်ခဲ့တာ… ဝမ်ယွီကို အမြဲတမ်း အထင်မလွဲပါနဲ့…’’


‘’ ချီကျန်းကျန်း … နင်ငါ့ကို လိမ်ရဲနေတာလား…’’ ချီယန် ပိုစိတ်ဆိုးလာကာ ဒေါသတကြီးဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။