အပိုင်း ၂၉
Viewers 26k

Part 29



ချီကျန်းကျန်း တစ်ချက်ကြည့်လိုက်ပြီး ‘’ သမီးမလိမ်ပါဘူး…’’


တင်းရိကျွင်း ‘’ ကျန်းကျန်း… သမီးက လိမ်ပြောနေတာပဲ… သမီးနဲ့ဝမ်စီစီကြား ဘယ်လိုလဲဆိုတာ အမေတို့မသိဘူးထင်နေတာလား… သမီးတို့နှစ်ယောက်က ရန်သူတွေပဲ… ယုံကြည်ရလောက်တဲ့ အကြောင်းပြချက်ကိုပဲ ပြောသင့်တယ်နော်…’’


ချီကျန်းကျန်း ‘’ ….. ‘’


သူမ မနေ့ညကအကြောင်းရှင်းပြရန် အစွမ်းကုန်ကြိုးစားလိုက်ရသည်။


ဒီမနက်တွင်… ဝမ်စီစီမှ သူမအတွက် အဝတ်အစားဖိုးလျော်ကြေးငွေ လွှဲပေးခဲ့သည်။


ဟိုတယ်မှ သူမနှင့်ဝမ်စီစီ အတူတကွထွက်လာသည်ကိုလည်း သက်သေပြနိုင်သည်။


‘’ တကယ်လို့ မယုံသေးဘူးဆိုရင် ဟိုတယ်မှာ သွားစစ်လို့ရတယ်… ဒါမှမဟုတ် ဝမ်စီစီနဲ့ ဝမ်ရိရန်ကိုပါ ခေါ်ပြီးမေးလို့ရတယ်’’


ချီကျန်းကျန်း သက်ပြင်းအသာချပြီး ဆက်ပြောလိုက်သည်။ ‘’ ဝမ်ယွီကို သဘောမကျမှန်း သမီးသိပါတယ်… ဒါပေမယ့် သူက အဲ့လိုလူမျိုးမဟုတ်ဘူး… ပြီးတော့ ဝမ်ယွီက အမေတို့ထင်သလို လက်လွတ်စပါယ်နေတဲ့သူမဟုတ်ပါဘူး… အမေတို့သူ့ကိုသဘောမကျဘူးဆိုရင် သူ့ကိုသွားမထိပါနဲ့… ‘’


တစ်နှစ်ကြာပြီးရင် ငါတို့ချီမိသားစုက သနားစရာကောင်းတဲ့အခြေအနေကို ရောက်သွားလိမ့်မယ်… ပြောရရင် ဝမ်မိသားစုထက်တောင် ဆိုးနေနိုင်သေးတယ်…


အဲ့ဒါက စိတ်ပျက်ဖို့ကောင်းလိုက်တာ….


ချီကျန်းကျန်း စိတ်ရင်းမှန်ဖြင့် ရှင်းပြရန်ကြိုးစားသော်လည်း ချီယန်နှင့် တင်းရိကျွင်းသည် နားလည်မှုလွဲသွားလေသည်။


တင်းရိကျွင်း ရုတ်တရက် ပြောလိုက်သည် ‘’ ကျန်းကျန်း… အမေ့ကိုပြောစမ်း… သမီးတကယ်ပဲ ဝမ်ယွီကို မကြိုက်ဘူး မဟုတ်လား…’’


သူမ လေးလေးနက်နက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ‘’…..’’


သူမ ပြန်မဖြေခင် ချီယန်မှ အေးစက်စွာဖြင့် ‘’ ထားလိုက်တော့… သမီးသူ့ကို တကယ်ကြိုက်တယ်ဆိုရင် သမီးတို့က အခု လက်ထပ်စာချုပ်ရှိတဲ့အတွက် အဆင်ပြေသွားနိုင်တယ်… ဝမ်ယွီဘက်က ကတိမပေးပေမယ့်လည်း နောက်ပိုင်းမိသားစုနှစ်ခုကြား ကောင်းတဲ့အရာပဲလေ… ဝမ်ယွီရဲ့ အနာဂတ်အတွက်တော့ သမီးမောင်လေးကို နည်းနည်းကူခိုင်းလိုက်ပေါ့…’’


မနေ့ညက ဝမ်ယွီ ချီကျန်းကျန်းနှင့် အတူရှိသည့်အကြောင်း တွေးရင်း ချီယန် စိတ်မဆိုးတော့ပေ။


ဝမ်ယွီ၏ အကျင့်စရိုက်ကို သူတို့ဘက်မှ လက်ခံ၍မရခြင်းပင်….


ခဏရပ်ပြီး ချီယန် ဆက်ပြောလိုက်သည်။ ‘’ တကယ်လို့ ဝမ်ရိရန်သာပြန်လာမယ်ဆိုရင် သူက သမီးအတွက် အသင့်တော်ဆုံးပဲ… ဒါပေမယ့် ဝမ်ရိရန်က သဘောမကျဘူး… ဒါကြောင့် သူ့နောက်လိုက်နေတာတွေကို သမီးဘက်က ရပ်လိုက်သင့်ပြီ…’’


သူတို့၏သမီး ဝမ်ရိရန်နှင့်ပတ်သတ်ပြီး ဘယ်လောက်တောင် ရူးသွပ်ခဲ့လဲဆိုသည်ကို သူတို့အားလုံးအသိပင်….


ကားအက်စီးဒင့်ဖြစ်ပြီးနောက် ချီကျန်းကျန်းမှ ဝမ်ရိရန်ကို မကြိုက်တော့ကြောင်းပြောသော်လည်း သူတို့အားလုံး မယုံပေ။


ချီကျန်းကျန်း ဝမ်ရိရန်ကို မကြိုက်တော့သည်မှ သူမဘက်မှ အလွန်စိတ်ဆိုးနေသောကြောင့်ဟု သူတို့ယုံကြည်နေကြသည်။


ချီကျန်းကျန်း ‘’ …. ‘’’ သူမ ပါးစပ်ဖွင့်လိုက်သော်လည်း မည်သို့ရှင်းပြရမည်မှန်း မသိတောပေ။


ချီကျန်းကျန်း အရာအားလုံးကိုသိနေပြီး ချီမိသားစုကို ပြောသည့်အခါ သူမသည် ဘဲတစ်ကောင်ကိုပြောနေရသကဲ့သို့ပင်။


ချီမိသားစုအမြင်တွင် ဝမ်ယွီသည် တန်ဖိုးမရှိသည့် အမှိုက်တစ်ခုသာသာပင်…


အန်းချင်ယုနှင့်ယှဉ်လျင် သူတို့သည် ချီကျန်းကျန်းကို ဝမ်ရိရန်နှင့်ပို၍ပင် လက်ထပ်စေလိုသော်လည်း ဝမ်ရိရန်ဘက်မှ ဆန္ဒမရှိလျင် သူတို့ဘက်မှလဲ ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် သူမသာ ဆန္ဒရှိလျင် ဝမ်ယွီနှင့်ဆိုလည်း အဆင်ပြေလေသည်။


ထိုအရာသည် ချီမိသားစုဘက်မှ သဘောထားဖြစ်သည်။


သို့သော်လည်း ချီကျန်းကျန်း အမြင်တွင် ချီမိသားစုအတွက် အကောင်းဆုံးနည်းလမ်းမှာ ဝမ်မိသားစုနှင့် မပတ်သတ်မိဖို့ပင်။ ထိုမှသာ ဝမ်ယွီဆိုသော မီးပုံထဲသို့ သူမတို့မိသားစု ခုန်မဆင်းမိမှာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဝမ်ယွီ အမုန်းဆုံးမှာ ဝမ်မိသားစုသာဖြစ်သည်။ ထို့ကြောင့် တစ်နှစ်အကြာတွင် ချီမိသားစုသည် အကျပ်အတည်းမှ ပုန်းရှောင်နေနိုင်လေသည်။ 


ချီယန်နှင့် တင်းရိကျွင်းသည် မူလကိုယ်၏မိဘများဖြစ်သည့်အချက်ကိုတွေးပြီး သူမ ခဏလောက်စဉ်းစားကာ...


 ‘’ ချီမိသားစုနဲ့ ဝမ်မိသားစုရဲ့ လုပ်ငန်း​သဘောတူညီချက် ကို အဖေတို့ဘက်က သေသေချာချာ စဉ်းစားနိုင်မယ်လို့ သမီးထင်ပါတယ်…’’


ချီယန် စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ ‘’ ချီကျန်းကျန်း… ကုမ္ပဏီကိစ္စတွေက နင်နဲ့မဆိုင်ပါဘူး… အခု နင်သာအိမ်မှာနေပြီး ဒုက္ခမပေးရင်သာ တော်ပါပြီ…’’


ပြောပြီးနောက် အချိန်ကိုတစ်ချက်ကြည့်ကာ ‘’ ငါ အလုပ်လုပ်ဖို့ရှိသေးလို့ သွားတော့မယ်’’


ချီကျန်းကျန်း ‘’ ….. ‘’


ချီမိသားစုမှ ချီကျိုးချန်သည် ငယ်သေးသည်။ ထို့ကြောင့် ချီကျန်းကျန်းတွင် ထိုအရာများအပေါ် စိတ်ဝင်စားမှုရှီမှာကို ချီယန် ကြောက်ရွံ့နေမိသည်။ အနာဂါတ်တွင် မိသားစု၏ ပိုင်ဆိုင်မှုများအတွက် ချီယန်တစ်ယောက် ချီကျန်းကျန်းကို စီးပွားရေးကိစ္စများနှင့် မထိတွေ့စေလိုပေ။


ချီဝမ် ကုမ္ပဏီနှစ်ခု၏ ကော်ပိုရေးရှင်းအတွက် ချီယန် အရင်ကတည်းက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရခြင်းဖြစ်သည်။ ကုမ္ပဏီနှစ်ခုလုံး၏ ဆောင်ရွက်မှုအားလုံးကို မြှုပ်နှံထားခြင်းဖြစ်ပြီး ယခုဆိုလျင် အတော်လေးတည်ငြိမ်နေပြီဖြစ်သည်။ ဒီအချိန်တွင် ချီယန် ထို စကားတစ်ခွန်းတည်းဖြင့် ရင်းနှီးမြှုပ်နှံမှုများအားလုံး ပြန်ထုတ်ရန်မှာ မဖြစ်နိုင်ပေ။


‘ဝမ်ယွီက ယွီတင်းရဲ့ ပိုင်ရှင်ဆိုတာ ပြောလိုက်သင့်လား’ ချီကျန်းကျန်း တွေးလိုက်မိသည်။


ချီကျန်းကျန်း ပြောသမျှကို ချီယန်ဘက်မှ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဝမ်ယွီဘက်မှ သူမကိုတစ်ချက်တည်းနှင့် တောက်ထုတ်ပစ်လိုက်နိုင်သည်။


ထို့အပြင့် ဝမ်ယွီသည် အင်အားအကြီးဆုံးလူစွမ်းကောင်းဖြစ်ပြီး ဝမ်နှင့်ချီမိသားစုသည် သူ၏လမ်းကြောင်းပေါ်မှ စမှတ်လေးတစ်ခုသာဖြစ်သည်။ ဝမ်ယွီ စီးပွားရေးလောကထဲတွင် ထင်ရှားစွာထွက်ပေါ်လာပြီးနောက် သူတို့အားလုံး တိုက်ရိုက်တိုက်ခိုက်ခံခဲ့ရသည်။


အရှေ့တွင် ချောက်ကမ်းပါးတစ်ခုရှိသည့်အတွက် ထိုထဲသို့ခုန်မချရန် မတားစီးနိုင်သည့်ခံစားချက်သည် သူမကို အတော်လေးအကူအညီမဲ့စေသည်။


ထို့အပြင့် သူမနှင့် ချီမိသားစုကြားတွင် မည်သည့်ခံစားချက်မျှမရှိသလို ယုံကြည်ချက်လည်း မရှိပေ။


ချီယန် ထွက်သွားပြီးနောက် ချီကျန်းကျန်း အားမရှိစွာဖြင့် ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။


ဘေးရှိ တင်းရိကျွင်းမှ သူမနားသို့ကပ်လာကာ လေသံနိမ့်ဖြင့်...


 ‘’ ကျန်းကျန်း… ဝမ်ယွီရဲ့ အနေအထားကို သမီးလဲသိတာပဲ… အနာဂါတ်မှ ဝမ်ယွီက ဘာမှရမှာမဟုတ်ဘူး ပြီးတော့ သူ့မှာလည်း ဘာအရည်အချင်းမှ မရှိဘူး… အမေတော့ သမီးကို မီးပုံထဲခုန်မချစေချင်ဘူး… ဒါကြောင့် သမီးဝမ်ယွီနဲ့ ဝေးဝေးမှာနေပြီး နောက်မှ တခြားတစ်ယောက်ယောက်ကို ရှာသင့်တယ်… အချိန်ကျရင် သမီးတို့ရဲ့လက်ထပ်စာချုပ်ကို အမေတို့ ဖျက်သိမ်းကြမယ်လေ…’’


အဆုံးတွင် သူမ သမီးလေးကို အနာဂတ်မှာ သင့်တော်တဲ့သူတစ်ယောက်နှင့် လက်ထပ်စေချင်မိသည်။ ဒါမှသာ ကျန်ရှိမည့် သူမ သမီးလေးဘဝ သာယာနိုင်မည်မဟုတ်ပါလား….


‘’အိုး…’’ ချီကျန်းကျန်း ရေရွတ်လိုက်သည်။


ချီကျန်းကျန်းဘက်မှ တုန့်ပြန်မှုကိုမြင်ပြီး တင်းရိကျွင်း အတော်လေးပျော်ရွှင်သွားသည်။ ခဏလောက် သူမတွေးလိုက်ပြီးနောက် မနေနိုင်စွာြဖင့်…. ‘’ ကျန်းကျန်း သမီးညီမဝမ်းကွဲ ကိစ္စကလေ….’’


အန်းချင်ယု အကြောင်းကြားလိုက်သည်နှင့် ချီကျန်းကျန်း မျက်ခွံများကိုဖွင့်လိုက်သည်။


‘’ သမီးတို့ ငယ်ငယ်ကတည်းက အဆင်မပြေကြခဲ့ကြဘူး… အခု သမီးလဲ ကြီးလာပြီဆိုတော့ ငယ်ငယ်တုန်းကလို အဓိပ္ပာယ်မရှိတဲ့အရာတွေ ဆက်မလုပ်သင့်တော့ဘူး…. ဝမ်ရိရန်က ချင်ယုကို သဘောကြပေမယ့် သမီးကို့တော့ သူကသဘောမကျဘူးလေ… အဲ့ဒီတော့ အနာဂတ်မှာ ချင်ယုက သူနဲ့လက်ထပ်လိုက်ရင် သမီးနဲ့ချင်ယုကြားထဲမှာ ကောင်းမွန်တဲ့ ဆက်ရေးရေးတွေရှိလာနိုင်တယ်… ပြီးတော့ သမီးတို့အချင်းချင်းလဲ ကူညီလို့ရတာပေါ့….’’


တင်းရိကျွင်း အနည်းငယ်ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်ပြီး ‘’ ဝမ်ရိရန်က ကုမ္ပဏီမှာအလုပ်ဝင်နှင့်နေပြီ… လွန်ခဲ့တဲ့နှစ်နှစ်လုံး ဝမ်မိသားစုက အရှိန်နဲ့တိုးတက်လာတယ်… သမီးမောင်လေးက ငယ်သေးတယ်… ကြည့်ရတာ ဝမ်မိသားစုက ချီမိသားစုကို ကျော်တက်သွားနိုင်တယ်…. ဒီ ကော်ပိုရေးရှင်းကလဲ ဝမ်မိသားစုပဲလုပ်သလိုဖြစ်နေတော့ အဲ့ဒါက အတော်လေး….’’


‘’အဲ့ဒီတော့…’’ 


ချီကျန်းကျန်း ရယ်မောရင်းပြောလိုက်သည်။